ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁၅ စာ. ၁၉-၂၄
  • လမ်းခရီးကို ယေဟောဝါပြင်ဆင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လမ်းခရီးကို ယေဟောဝါပြင်ဆင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခက်ခဲသောတာဝန်တစ်ခု
  • ဘာသာရေးပတ်ဝန်းကျင်အခြေအနေ
  • ဥပဒေ၏အကျိုးကျေးဇူးများ
  • ငြိမ်းချမ်းပြီး အလျှော့ပေးလိုက်လျောသည့်ကာလများ
  • နည်းပညာ၏ကဏ္ဍ
  • “ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်း” အတွက် လူမျိုးတွေကို အသင့်ပြင်ပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “လူမျိုးအပေါင်းတို့အား သက်သေဖြစ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခရစ်ယာန်ဘာသာတရားစစ် အောင်မြင်နေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁၅ စာ. ၁၉-၂၄

လမ်းခရီးကို ယေဟောဝါပြင်ဆင်

“[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို . . . ဟောရလိမ့်မည်။”—မဿဲ ၂၄:၁၄။

၁။ ပထမနှင့် ၂၀ ရာစုတွင်ပြုလုပ်ခဲ့သော ဟောပြောခြင်းလုပ်ငန်းက အဘယ်အရာကို ဖြစ်မြောက်စေခဲ့သနည်း။

ယေဟောဝါသည် မေတ္တာရှင်ဘုရားသခင်ဖြစ်တော်မူသောကြောင့် ကိုယ်တော့်အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်]တရားကိုသိစေ” ရန်ဖြစ်သည်။ (၁ တိမောသေ ၂:၄) ယင်းကြောင့် အပြည်ပြည်ဆိုင်ရာဟောပြောခြင်းနှင့် သွန်သင်ခြင်းကင်ပိန်းတစ်ခု လိုအပ်လာသည်။ ပထမရာစုတွင် ဤဟောပြောခြင်းသည် ခရစ်ယာန်အသင်းတော်ကို “[အမှန်] တရား၏အမှီတံကဲ . . . [အမှန်] တရား၏တည်ရာ” ဖြစ်စေခဲ့သည်။ (၁ တိမောသေ ၃:၁၅) ၎င်းနောက် အမှန်တရားအလင်း မှေးမှိန်သွားခဲ့သည့် တာရှည်သောအယူဖောက်ပြန်ခြင်းကာလဖြစ်ပေါ်ခဲ့သည်။ မကြာသေးမီကာလ ‘ဆုံးခန်းကာလ’ အတွင်း ‘စစ်မှန်သောအသိပညာ’ တစ်ဖန်ပေါများလာကာ သန်းနှင့်ချီသောလူတို့အတွက် သမ္မာကျမ်းစာအခြေပြုသည့် ထာဝရကယ်တင်ခြင်းမျှော်လင့်ချက်ရရှိစေခဲ့ပြီ။—ဒံယေလ ၁၂:၄၊ ကဘ။

၂။ ဟောပြောခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ယေဟောဝါသည် အဘယ်အရာပြုခဲ့သနည်း။

၂ ဘုရားသခင့်ရည်ရွယ်ချက်ကိုပျက်ပြားစေရန် စာတန်မလျှော့တမ်းကြိုးပမ်းနေသည့်ကြားမှ ပထမနှင့် ၂၀ ရာစုတို့တွင် ဟောပြောခြင်းလုပ်ငန်းသည် အံ့မခန်းအောင်မြင်ခဲ့သည်။ ယင်းက ဟေရှာယ၏ပရောဖက်ပြုချက်ကို သတိရစေ၏။ ဘီ.စီ.အီး. ခြောက်ရာစုတွင် ယုဒပြည်သို့ ဂျူးပြည်နှင်ခံများပြန်လာခြင်းနှင့်စပ်လျဉ်း၍ ဟေရှာယက ဤသို့ရေးခဲ့သည်– “ချိုင့်ရှိသမျှကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှကိုဖြိုရမည်။ မိုမောက်ရာကို လွင်ပြင်၊ ကြမ်းတမ်းရာကို ညီညာရာဖြစ်စေရမည်။” (ဟေရှာယ ၄၀:၄၊ သမ္မာ) ယေဟောဝါသည် ပထမနှင့် ၂၀ ရာစု၏ ဟောပြောခြင်းကင်ပိန်းကြီးများအတွက် လမ်းခရီးကိုလည်း ပြင်ဆင်၍ချောမောစေခဲ့သည်။

၃။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်များကို အဘယ်နည်းများဖြင့် ဖြစ်မြောက်စေသနည်း။

၃ သို့ဖြင့် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတိုးပွားဖို့ မြေကြီးပေါ်ရှိဖြစ်ရပ်တိုင်းကို ယေဟောဝါတိုက်ရိုက်သြဇာညောင်းသည်ဟု မဆိုလိုပါ; ဖြစ်ပျက်လာမည့် ဖြစ်ရပ်မှန်သမျှကိုအတိအကျသိရှိရန် ယေဟောဝါသည် မိမိ၏ဉာဏ်အမြော်အမြင်ကို အသုံးပြုသည်ဟုလည်း မဆိုလိုပါ။ ကိုယ်တော်သည် အနာဂတ်ဖြစ်ရပ်များကို ကြိုတင်သိမြင်ပြီး အကောင်အထည်ဖော်နိုင်စွမ်းရှိသည်မှာ မှန်၏။ (ဟေရှာယ ၄၆:၉-၁၁) သို့သော် ဖြစ်ပျက်လာလေသမျှကို ကိုယ်တော်တန်ပြန်နိုင်စွမ်းလည်းရှိသည်။ သိုးစုကို မည်သို့ညွှန်ကြားပြီး မည်သို့ကာကွယ်ရမည်ကိုသိသော အတွေ့အကြုံရှိသည့်သိုးထိန်းတစ်ဦးကဲ့သို့ ယေဟောဝါသည် မိမိလူတို့ကိုလမ်းညွှန်၏။ ကိုယ်တော်သည် သူတို့ကိုကယ်တင်ခြင်းရရန် ပို့ဆောင်ပေးခဲ့၍ သူတို့၏ဝိညာဉ်ရေးကိုကာကွယ်ပေးကာ ကမ္ဘာတစ်ဝန်း အောင်မြင်လျက်ရှိသည့် သတင်းကောင်းဟောပြောခြင်းကိုတိုးတက်စေမည့် အခြေအနေများနှင့် အဖြစ်အပျက်များကို အခွင့်အရေးယူဆောင်ရွက်ဖို့ လှုံ့ဆော်ပေးလျက်ရှိသည်။—ဆာလံ ၂၃:၁-၄။

ခက်ခဲသောတာဝန်တစ်ခု

၄၊ ၅။ သတင်းကောင်းဟောပြောခြင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ခုဖြစ်သနည်း။

၄ နောဧလက်ထက်၌ သင်္ဘောဆောက်လုပ်ခဲ့ခြင်းကဲ့သို့ ပထမရာစုနှင့် မျက်မှောက်ခေတ်အချိန်တို့တွင်ပါ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းသည်စီမံချက်ကြီးတစ်ခုဖြစ်သည်။ မည်သည့်သတင်းကိုမဆို လူခပ်သိမ်းထံရောက်ရှိစေရမည့်တာဝန်သည် ခက်ခဲပါသည်။ ဤတာဝန်မှာမူ အထူးစိန်ခေါ်ချက်တစ်ခုဖြစ်သည်။ ပထမရာစု၌ တပည့်တော်များ၏အရေအတွက်သည် အတော်နည်းခဲ့၏။ သူတို့၏ခေါင်းဆောင်ယေရှုသည် ပုန်ကန်ရန်လှုံ့ဆော်သူတစ်ဦးအဖြစ် စီရင်ခံခဲ့ရ၏။ ဂျူးဘာသာရေးသည် အခြေတကျဖြစ်နေပေပြီ။ ယေရုရှလင်မြို့ကြီးတွင် ကြီးကျယ်ခမ်းနားသောဗိမာန်တော်တစ်ခုတည်ရှိနေ၏။ မြေထဲပင်လယ်ဒေသရှိ ဂျူးမဟုတ်သည့်ဘာသာရေးများသည်လည်း ဗိမာန်တော်များ၊ ယဇ်ပုရောဟိတ်အဖွဲ့များနှင့် အခြေတကျရှိနေ၏။ အလားတူစွာ ၁၉၁၄ ၌ ‘ဆုံးခန်းကာလ’ စတင်ခဲ့စဉ် ဘိသိက်ခံခရစ်ယာန်များအရေအတွက်နည်းခဲ့ပြီး ဘုရားသခင်အားဝတ်ပြုသည်ဟု ကြွေးကြော်သည့်အခြားသောဘာသာဝင်များမူ များပြားခဲ့သည်။—ဒံယေလ ၁၂:၉။

၅ ယေရှုက မိမိ၏နောက်လိုက်များသည် နှိပ်စက်ညှဉ်းပန်းခြင်းခံရကြလိမ့်မည်ဟု သတိပေးခဲ့သည်။ ကိုယ်တော်က ဤသို့ဆိုခဲ့သည်– “လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကိုမုန်းကြလိမ့်မည်။” (မဿဲ ၂၄:၉) အဆိုပါပြဿနာများအပြင် အထူးသဖြင့် ‘နောက်ဆုံးကာလ’ ၌ခရစ်ယာန်များသည် “ခဲယဉ်းသောကာလ” တွင် မိမိတို့အသက်ရှင်နေကြကြောင်း သိကြရပါလိမ့်မည်။ (၂ တိမောသေ ၃:၁) လုပ်ငန်းပမာဏ၊ ကျိန်းသေခံရမည့်နှိပ်စက်ညှဉ်းပန်းမှုနှင့် အချိန်ကာလ၏ခဲယဉ်းမှုတို့သည် ဟောပြောခြင်းလုပ်ငန်းကို စိန်ခေါ်ချက်နှင့် ခက်ခဲမှုဖြစ်စေခဲ့သည်။ ကြီးမားသောယုံကြည်ခြင်း လိုအပ်ခဲ့ပြီ။

၆။ ယေဟောဝါသည် မိမိလူတို့အောင်မြင်မည်ဟု အဘယ်အာမခံချက်ပေးခဲ့သနည်း။

၆ အခက်အခဲများရှိမည်ဖြစ်ကြောင်း ယေဟောဝါသိသော်လည်း ထိုလုပ်ငန်းကို မည်သည့်အရာကမှ ရပ်တန့်စေနိုင်လိမ့်မည်မဟုတ်ကြောင်းကိုလည်းသိတော်မူ၏။ အောင်မြင်မှုကို ပထမနှင့် ၂၀ ရာစုတို့၌ ထူးထူးခြားခြားပြည့်စုံနေသော အများသိပရောဖက်ပြုချက်တစ်ခုတွင် ကြိုတင်မိန့်ဆိုခဲ့သည်– “[ဘုရားသခင့်]နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။”—မဿဲ ၂၄:၁၄။

၇။ ပထမရာစုတွင် ဟောပြောခြင်းလုပ်ငန်းသည် အဘယ်မျှကျယ်ပြန့်ခဲ့သနည်း။

၇ ယုံကြည်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်အပြည့်ဖြင့် ပထမရာစုရှိ ဘုရားသခင့်ကျေးကျွန်များသည် သူတို့၏တာဝန်ကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြသည်။ ယေဟောဝါသည် သူတို့နှင့်အတူရှိကြောင်းသက်သေထူခဲ့သဖြင့် သူတို့မျှော်လင့်ထားသည်ထက်ပို၍ အောင်မြင်မှုရရှိခဲ့ကြသည်။ ယေရှုသေဆုံးပြီး ၂၇ နှစ်ခန့်အကြာ ကောလောသဲမြို့သားများထံ ပေါလုစာရေးခဲ့ချိန်တွင် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” သတင်းကောင်းဟောပြောခဲ့ပြီဟု ဆိုနိုင်ခဲ့သည်။ (ကောလောသဲ ၁:၂၃) ထိုနည်းတူ ၂၀ ရာစုအဆုံးပိုင်းတွင် သတင်းကောင်းကို နိုင်ငံဒေသ ၂၃၃ တွင်ဟောပြောလျက်ရှိသည်။

၈။ လူများစွာသည် အဘယ်အခြေအနေများအောက်တွင် သတင်းကောင်းကိုလက်ခံခဲ့ကြသနည်း။ ဥပမာပေးပါ။

၈ မကြာမီဆယ်စုနှစ်များအတွင်း သန်းနှင့်ချီသောလူတို့သည် သတင်းကောင်းကိုခံယူခဲ့ကြပြီ။ များစွာသောသူတို့သည် မနှစ်မြို့ဖွယ်အခြေအနေများ—စစ်မှု၊ ပိတ်ပင်မှုနှင့် ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းမှုကာလ—၌ ခံယူခဲ့ကြခြင်းဖြစ်သည်။ ပထမရာစု၌လည်း ထိုသို့ပင်ဖြစ်ခဲ့သည်။ အခါသမယတစ်ခု၌ ပေါလုနှင့် သိလတို့သည် ကြိမ်လုံးများဖြင့် ရက်ရက်စက်စက်အရိုက်ခံခဲ့ကြရပြီး ထောင်ထဲလှောင်ထားခြင်းခံခဲ့ကြရ၏။ တပည့်ဖြစ်စေရန် မနှစ်လိုဖွယ် အခြေအနေပါတကား! သို့တိုင် ယေဟောဝါသည် တပည့်ဖြစ်စေရန် ထိုအခြေအနေကိုပင် အသုံးပြုခဲ့၏။ ပေါလုနှင့် သိလတို့လွတ်မြောက်ခဲ့ကြပြီးနောက် ထောင်မှူးနှင့် သူ၏မိသားစုသည် ယုံကြည်သူများဖြစ်လာခဲ့ကြသည်။ (တမန်တော် ၁၆:၁၉-၃၃) သတင်းကောင်းကို ဆန့်ကျင်သူတို့သည် မတားဆီးနိုင်ကြောင်း အဆိုပါအတွေ့အကြုံများကဖော်ပြသည်။ (ဟေရှာယ ၅၄:၁၇) သို့တိုင် ခရစ်ယာန်သမိုင်းသည် မလျှော့တမ်းအတိုက်အခံနှင့် နှိပ်စက်ညှဉ်းပန်းမှုသက်သက်သာ မဟုတ်ခဲ့ချေ။ ပထမနှင့် ၂၀ ရာစုတို့တွင် သတင်းကောင်းကို အောင်မြင်စွာဟောပြောစေသည့် နှစ်လိုဖွယ်အဖြစ်အပျက်အချို့ကို ယခုသုံးသပ်ကြည့်ကြစို့။

ဘာသာရေးပတ်ဝန်းကျင်အခြေအနေ

၉၊ ၁၀။ ယေဟောဝါသည် ပထမနှင့် ၂၀ ရာစု၌ သတင်းကောင်းဟောပြောခြင်းအတွက် မည်သို့မျှော်လင့်ချက်ကိုဖန်တီးခဲ့သနည်း။

၉ ကမ္ဘာချီဟောပြောခြင်းကင်ပိန်းများ၏အချိန်ကို သုံးသပ်ကြည့်ပါ။ ပထမရာစုတွင် အနေအထားနှင့်စပ်လျဉ်း၍မူ ဒံယေလ ၉:၂၄-၂၇ တွင်တွေ့ရသော သီတင်းနှစ် ၇၀ ပရောဖက်ပြုချက်သည် မေရှိယပေါ်ပေါက်သည့်နှစ်—စီ.အီး. ၂၉—ကိုအတိအကျဖော်ပြခဲ့သည်။ ပထမရာစုဂျူးများသည် ဖြစ်ရပ်များ၏အချိန်အတိအကျကို သဘောမပေါက်ခဲ့ကြသော်လည်း သူတို့သည် မေရှိယကို စောင့်မျှော်နေကြသည်။ (လုကာ ၃:၁၅) ပြင်သစ်မေနူအယ်လ် ဘီဘလိခ်က ဤသို့ဖော်ပြသည်– “ဒံယေလဖော်ပြခဲ့သည့် သီတင်းနှစ်ခုနစ်ဆယ်သည် နီးကပ်လျက်ရှိကြောင်းလူတို့သိကြ၏; ဘုရားသခင့်နိုင်ငံတော်နီးပြီဟု နှစ်ခြင်းဆရာယောဟန်ကြေညာနေခြင်းကို မည်သူမျှမအံ့သြခဲ့ကြချေ။”

၁၀ မျက်မှောက်ခေတ်အခြေအနေကောမည်သို့နည်း။ ကြီးကျယ်ခမ်းနားသောဖြစ်ရပ်တစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ကိုယ်တော်ရောက်ရှိခြင်း၏အစကိုဖော်ပြသည့် ကောင်းကင်၌ ယေရှုနန်းတက်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၁၉၁၄ တွင်ဖြစ်ပျက်ခဲ့ကြောင်း သမ္မာကျမ်းစာပရောဖက်ပြုချက်က ဖော်ပြသည်။ (ဒံယေလ ၄:၁၃-၁၇) ထိုသို့ဖြစ်ပျက်ရန်မျှော်လင့်နေကြခြင်းသည်လည်း မျက်မှောက်ခေတ်ရှိ ဘာသာရေးကိုင်းရှိုင်းသောလူတချို့ကို မျှော်လင့်တကြီးဖြစ်စေခဲ့သည်။ ၎င်းမျှော်လင့်ချက်ကို ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော်ရောက်ရှိခြင်း၏ရှေ့ပြေးနိမိတ်ကို ၁၈၇၉ ခုနှစ်တွင်စတင်ထုတ်ဝေခဲ့ကြသည့် စိတ်ရိုးမှန်သောကျမ်းစာကျောင်းသားများတွင်လည်း တွေ့ရှိခဲ့ရသည်။ သို့ဖြင့် ပထမရာစုနှင့် မျက်မှောက်ခေတ်တွင်ပင် ဘာသာရေးမျှော်လင့်ချက်များသည် သတင်းကောင်းဟောပြောခြင်းအတွက် ပတ်ဝန်းကျင်အခြေအနေကိုပြင်ဆင်ပေးခဲ့သည်။a

၁၁။ သတင်းကောင်းဟောပြောခြင်းကို ထောက်ကူရန် အဘယ်ဘာသာရေးအုတ်မြစ်များကို ချခဲ့သနည်း။

၁၁ ထိုခေတ်နှစ်ခုစလုံးရှိ ခရစ်ယာန်များ၏လုပ်ငန်းကို အထောက်အကူပြုသည့် အခြားအကြောင်းတစ်ခုမှာ လူများစွာသည် မြင့်မြတ်သောကျမ်းစောင်များနှင့်အကျွမ်းတဝင်ရှိခြင်းဖြစ်သည်။ ပထမရာစုတွင် ပတ်ဝန်းကျင်ရှိ လူမျိုးခြားနိုင်ငံများတစ်လျှောက် ဂျူးရပ်ကွက်များပြန့်ကျဲနေသည်ကို တွေ့ရှိခဲ့ရ၏။ ထိုရပ်ကွက်များတွင် ကျမ်းစာဖတ်ရှုဆွေးနွေးဖို့ မှန်မှန်စည်းဝေးသည့် တရားဇရပ်များရှိခဲ့သည်။ သို့ဖြင့် အစောပိုင်းခရစ်ယာန်များသည် လူတို့သိထားနှင့်သည့် ဘာသာရေးအသိပညာကိုအခြေခံပြီး ထပ်ဆင့်သင်ကြားပေးနိုင်ခဲ့ကြသည်။ (တမန်တော် ၈:၂၈-၃၆; ၁၇:၁၊ ၇) ကျွန်ုပ်တို့ခေတ်အစောပိုင်းတွင် ယေဟောဝါ၏လူတို့သည် နိုင်ငံဒေသများစွာ၌ အလားတူပတ်ဝန်းကျင်အခြေအနေကို တွေ့ကြုံခဲ့ကြရသည်။ သမ္မာကျမ်းစာကို ခရစ်ယာန်ဘောင်လောကတွင် အထူးသဖြင့် ပရိုတက်စတင့်နိုင်ငံဒေသများတွင် များစွာရရှိနိုင်ခဲ့သည်။ ၎င်းကို ချာ့ချ်များစွာတွင် ဖတ်ရှုခဲ့ကြသည်; သန်းချီသူတို့တွင် ကျမ်းစာရှိခဲ့ကြသည်။ လူတို့လက်ထဲ ကျမ်းစာရှိနှင့်သော်လည်း သူတို့၏ကိုယ်ပိုင်ကျမ်းစာကို နားလည်နိုင်ကြဖို့အကူအညီလိုအပ်နေကြသည်။

ဥပဒေ၏အကျိုးကျေးဇူးများ

၁၂။ ပထမရာစုတွင် ရောမဥပဒေသည် အဘယ်နည်းဖြင့် အကာအကွယ်ပေးလေ့ရှိခဲ့သနည်း။

၁၂ ခရစ်ယာန်ဟောပြောခြင်းလုပ်ငန်းသည် အစိုးရဥပဒေ၏အကျိုးကို ခံစားခဲ့ရလေ့ရှိသည်။ ရောမအင်ပါယာသည် ပထမရာစုလောကကိုစိုးမိုးခဲ့ပြီး ၎င်း၏ဥပဒေသများသည် နေ့စဉ်အသက်တာအပေါ် များစွာသြဇာလွှမ်းခဲ့သည်။ ထိုဥပဒေများသည် အကာအကွယ်ပေးခဲ့ပြီး အစောပိုင်းခရစ်ယာန်များပါ ၎င်းတို့မှ အကျိုးခံစားခဲ့ကြရသည်။ ဥပမာ၊ ရောမဥပဒေအတိုင်း ပေါလုအယူခံဝင်ခဲ့ခြင်းကြောင့် ထောင်မှလွှတ်ခဲ့ပြီး ကြိမ်ဒဏ်ကိုလည်း မခံခဲ့ရချေ။ (တမန်တော် ၁၆:၃၇-၃၉; ၂၂:၂၅၊ ၂၉) ရောမတရားရေးစနစ်ကို ကိုးကားတင်ပြခဲ့ခြင်းဖြင့် ဧဖက်မြို့တွင် ဒေါသူပုန်ထနေသောလူအုပ်ကို တိတ်ဆိတ်သွားစေခဲ့သည်။ (တမန်တော် ၁၉:၃၅-၄၁) တစ်ခါက ပေါလုသည် ရောမနိုင်ငံသားဖြစ်သောကြောင့် ယေရုရှလင်မြို့တွင် အကြမ်းဖက်မှုဘေးမှ လွတ်မြောက်ခဲ့သည်။ (တမန်တော် ၂၃:၂၇) နောက်တစ်ဖန် ရောမဥပဒေက ကဲသာရှေ့မှောက် သူ၏ယုံကြည်ချက်ကိုထုချေခွင့်ရရှိစေခဲ့သည်။ (တမန်တော် ၂၅:၁၁) နိုင်လိုမင်းထက်အုပ်စိုးသည့် ကဲသာတချို့ရှိခဲ့သော်လည်း ပထမရာစုဥပဒေများသည် “ဧဝံဂေလိတရားဘက်၌သက်သေခံ၍ ထိုတရားကိုတည်စေ” ခွင့်ရလေ့ရှိခဲ့သည်။—ဖိလိပ္ပိ ၁:၇။

၁၃။ ကျွန်ုပ်တို့ခေတ်တွင် ဟောပြောခြင်းလုပ်ငန်းသည် ဥပဒေမှ မည်သို့အကျိုးခံစားရလေ့ရှိခဲ့ပြီနည်း။

၁၃ ယနေ့ နိုင်ငံများစွာ၌ အလားတူဖြစ်ပျက်လျက်ရှိသည်။ “မတရားသောအကြံကို မင်း၏အခွင့်နှင့်ပြုစု” မည့်သူတို့ ရှိခဲ့ကြသော်လည်း နိုင်ငံအများစုပြုစုထားသောဥပဒေများသည် ဘာသာရေးလွတ်လပ်မှုကို အခြေခံလူ့အခွင့်အရေးတစ်ခုအဖြစ် ယူမှတ်ထားသည်။ (ဆာလံ ၉၄:၂၀) ယေဟောဝါသက်သေများသည် လူမှုရေးစနစ်ကိုဆန့်ကျင်သူများမဟုတ်ကြောင်း အသိအမှတ်ပြုကြကာ အစိုးရများစွာသည် တရားဝင်အသိအမှတ်ပြုခဲ့သည်။ သက်သေခံများ၏ ပုံနှိပ်ထုတ်ဝေရေးကို များစွာပြုလုပ်ခဲ့သည့် ယူနိုက်တက်စတိတ်၌ တည်ရှိဆဲဥပဒေများကြောင့် ကင်းမျှော်စင်မဂ္ဂဇင်းကို နှစ်ပေါင်း ၁၂၀ လုံးလုံးမပြတ်တမ်းထုတ်ဝေပြီး ကမ္ဘာတစ်ဝန်းဖတ်ရှုနိုင်ခဲ့ကြပြီ။

ငြိမ်းချမ်းပြီး အလျှော့ပေးလိုက်လျောသည့်ကာလများ

၁၄၊ ၁၅။ လူမှုရေးတည်ငြိမ်မှု အတော်အသင့်ရှိခြင်းသည် ပထမရာစုတွင် ဟောပြောခြင်းလုပ်ငန်းကို မည်သို့အကျိုးပြုခဲ့ပြီနည်း။

၁၄ ဟောပြောခြင်းလုပ်ငန်းသည် ငြိမ်းချမ်းသောကာလများကြောင့်လည်း အကျိုးဖြစ်ထွန်းခဲ့ပြီ။ ယေရှုက ‘တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုကြမည့်’ အချိန်များရှိမည်ဖြစ်သော်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကို အရှိန်အဟုန်ပြင်းစွာ ဟောပြောနိုင်မည့် ငြိမ်းချမ်းသောကြားကာလများရှိမည်ဖြစ်ကြောင်း တိကျစွာကြိုတင်မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၇) ပထမရာစုခရစ်ယာန်များသည် ပက်စ်ရိုမာနာ သို့မဟုတ် ငြိမ်းချမ်းသောရောမလက်အောက် အသက်ရှင်နေထိုင်ခဲ့ကြသည်။ သမိုင်းဆရာတစ်ဦးက ဤသို့ရေးခဲ့သည်– “ရောမနိုင်ငံသည် မြေထဲပင်လယ်ဒေသရှိလူတို့ကို လုံးဝအောင်နိုင်ခဲ့ရာ မပြတ်တမ်းစစ်ဖြစ်ခဲ့သောခေတ်ကာလများကို အဆုံးတိုင်စေခဲ့သည်။” ဤငြိမ်သက်မှုကြောင့် အစောပိုင်းခရစ်ယာန်များသည် ရောမလောကတစ်လျှောက် လုံခြုံစွာသွားလာခွင့်ရရှိခဲ့သည်။

၁၅ ရောမအင်ပါယာသည် ယင်း၏ခွန်အားကြီးသည့်လက်အောက်တွင် လူတို့ကိုစည်းလုံးစေဖို့ကြိုးပမ်းခဲ့သည်။ ဤပေါ်လစီသည် ခရီးသွားလာရေး၊ အလျှော့ပေးလိုက်လျောရေး၊ အယူအဆဖလှယ်ရေးတို့ကိုသာမက အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုများအသင်းအပင်းသဘောထားရှိဖို့လည်း အားပေးခဲ့သည်။ ယဉ်ကျေးမှုလမ်းမပေါ်ဝယ်စာအုပ်က ဤသို့ဖော်ပြသည်– “[ရောမ] အင်ပါယာ၏စည်းလုံးမှုသည် [ခရစ်ယာန်ဟောပြောခြင်း] လယ်ကွင်းအတွက် အခွင့်သာစေခဲ့သည်။ လူမျိုးရေးအတားအဆီးများ ပြိုကွဲပျက်စီးကုန်ပြီ။ ရောမနိုင်ငံသားတစ်ဦးသည် ကမ္ဘာ့နိုင်ငံသားတစ်ဦးဖြစ်ခဲ့သည်။ . . . ထို့အပြင် စကြဝဠာနိုင်ငံသားဖြစ်ခြင်းအယူကို တိုးပွားစေခဲ့သည့်နိုင်ငံတစ်နိုင်ငံတွင် လူ့ညီအစ်ကိုအသင်းအပင်းအကြောင်းသွန်သင်သော ဘာသာရေးကို သဘောပေါက်နားလည်နိုင်သည်။—တမန်တော် ၁၀:၃၄၊ ၃၅; ၁ ပေတရု ၂:၁၇ နှိုင်းယှဉ်။

၁၆၊ ၁၇။ မျက်မှောက်ခေတ်တွင် ငြိမ်းချမ်းရေးတိုးပွားဖို့ အဘယ်အရာကလှုံ့ဆော်သနည်း။ လူများစွာသည် အဘယ်ဆုံးဖြတ်ချက်ကိုချခဲ့ကြသနည်း။

၁၆ ကျွန်ုပ်တို့ခေတ်၌ကော။ ဤ ၂၀ ရာစုတွင် သေကျေပျက်စီးမှုအများဆုံးစစ်များဖြစ်ခဲ့ပြီး အချို့နိုင်ငံများတွင် ဒေသလိုက်စစ်ပွဲများ ဖြစ်လျက်ရှိသည်။ (ဗျာဒိတ် ၆:၄) သို့တိုင် ငြိမ်းချမ်းသည့်ကာလများလည်း ရှိခဲ့ပါသည်။ ကမ္ဘာ့အာဏာစက်ကြီးများသည် အချင်းချင်းကိုအနှစ် ၅၀ ထက်မကမီးကုန်ယမ်းကုန် စစ်မတိုက်ဘဲနေခဲ့ကြပြီ။ ဤအခြေအနေကြောင့် ထိုနိုင်ငံများတွင် သတင်းကောင်းဟောပြောရန် အကြီးအကျယ်အထောက်အကူရခဲ့သည်။

၁၇ ၂၀ ရာစုစစ်ဆင်နွှဲမှု၏ ကြောက်မက်ဖွယ်ရာများသည် လူများစွာတို့အား ကမ္ဘာ့အစိုးရတစ်ခုလိုအပ်မှုကို အသိအမှတ်ပြုစေခဲ့ပြီ။ ကမ္ဘာစစ်ကိုကြောက်ရွံ့မှုက နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် ကုလသမဂ္ဂတို့ကိုဖွဲ့ဖို့ အကြောင်းပေါ်စေခဲ့သည်။ (ဗျာဒိတ် ၁၃:၁၄) ထိုအဖွဲ့နှစ်ခုစလုံးကြွေးကြော်ထားသည့်ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေးကို တိုးပွားစေရန်ဖြစ်သည်။ ထိုသို့ဖြစ်ဖို့လိုကြောင်း အသိအမှတ်ပြုသူများသည် စစ်မှန်ပြီးတည်မြဲသော ငြိမ်းချမ်းရေးကိုဆောင်ကြဉ်းပေးမည့် ကမ္ဘာ့အစိုးရ—ဘုရားသခင့်နိုင်ငံတော်—သတင်းကောင်းကို လိုလိုလားလားလက်ခံလေ့ရှိကြသည်။

၁၈။ ဘာသာရေးနှင့်ပတ်သက်သော အဘယ်သဘောထားသည် ဟောပြောခြင်းလုပ်ငန်းကို အခွင့်သာစေခဲ့သနည်း။

၁၈ ခရစ်ယာန်များသည် ရံဖန်ရံခါရက်ရက်စက်စက် နှိပ်စက်ခံခဲ့ကြရသော်လည်း ပထမနှင့် ၂၀ ရာစုတို့တွင် ဘာသာရေးကိုအလျှော့ပေးလိုက်လျောခဲ့ချိန်များရှိခဲ့ပြီ။ (ယောဟန် ၁၅:၂၀; တမန်တော် ၉:၃၁) ရောမများသည် သူတို့အောင်ပွဲခံခဲ့သည့် လူမျိုးတို့၏ဘုရားများနှင့် ဘုရားမများကိုလွတ်လွတ်လပ်လပ်လက်ခံပြီး လိုက်လျောပြုလုပ်ခဲ့ကြသည်။ ပါမောက္ခ ရော့ဒနီ စတာ့ခ်က ဤသို့ရေးခဲ့သည်– “အမေရိကန်တော်လှန်ရေးပြီးနောက်မှတွေ့ရှိရသည့် ဘာသာရေးလွတ်လပ်မှုကို ရောမနိုင်ငံသည် အဘက်ဘက်တွင် အတော်အတန်ခွင့်ပြုခဲ့သည်။” မျက်မှောက်ခေတ်တွင် နိုင်ငံများစွာရှိလူတို့သည် အခြားသူများ၏ထင်မြင်ယူဆချက်များကို ပို၍နားထောင်လာခဲ့ကြပြီဖြစ်ရာ ရလဒ်အနေနှင့် ယေဟောဝါသက်သေများယူဆောင်လာသည့် ကျမ်းစာသတင်းကို လိုလိုလားလားနားထောင်လာခဲ့ကြပြီဖြစ်သည်။

နည်းပညာ၏ကဏ္ဍ

၁၉။ အစောပိုင်းခရစ်ယာန်များသည် ကိုဒခ်စ်ကို မည်သို့အသုံးပြုခဲ့ကြသနည်း။

၁၉ နောက်ဆုံးအနေနှင့် ယေဟောဝါသည် မိမိ၏လူတို့ကို နည်းပညာတိုးတက်မှုများမှ အကျိုးခံစားရရန် မည်သို့ကူညီပေးခဲ့ပုံကို သုံးသပ်ကြည့်ပါ။ အစောပိုင်း ခရစ်ယာန်များသည် နည်းပညာတိုးတက်မှုမြန်ဆန်သည့်ခေတ်တွင် မနေထိုင်ခဲ့ကြသော်လည်း သူတို့အသုံးပြုခဲ့သောတိုးတက်မှုတစ်ခုမှာ ကိုဒခ်စ် သို့မဟုတ် စာမျက်နှာများပါသည့်စာအုပ်ဖြစ်သည်။ လေးလံ၍ဝန်ကျယ်သော စာလိပ်အစား ကိုဒခ်စ်ကိုအသုံးပြုကြလေ၏။ ကိုဒခ်စ်ပေါက်ဖွားမှုစာအုပ်က ဤသို့ဖော်ပြသည်– “လောကစာပေတွင် စာလိပ်အစား ကိုဒခ်စ်ကိုအသုံးပြုလာကြခြင်းသည် နှေးကွေးပြီး တစ်စချင်းစီဖြစ်ခဲ့သော်လည်း ကိုဒခ်စ်ကို ခရစ်ယာန်များလက်ခံမှုသည် ချက်ချင်းပျံ့နှံ့သွားခဲ့ဟန်ရှိသည်။” ယင်းကိုးကားချက်က ဤသို့လည်းဆိုသည်– “ဒုတိယရာစုတွင် လည်း ခရစ်ယာန်များ ကိုဒခ်စ်ကိုအသုံးပြုခဲ့ခြင်းသည် အလွန်ပျံ့နှံ့နေသဖြင့် အေ.ဒီ. ၁၀၀ မတိုင်မီကတည်းက စတင်အသုံးပြုခြင်းဖြစ်ရမည်။” စာလိပ်ထက် ကိုဒခ်စ်အသုံးပြုရန်ပိုလွယ်ကူ၏။ ကျမ်းချက်များကို ပို၍လျင်မြန်စွာရှာတွေ့စေသည်။ ယင်းက ပေါလုနည်းတူ ကျမ်းချက်များကို ရှင်းပြရုံသာမက “ကျမ်းစာကိုအမှီပြု၍” သွန်သင်ပေးကြသော အစောပိုင်းခရစ်ယာန်များအတွက် အမှန်အကူအညီဖြစ်ခဲ့သည်။—တမန်တော် ၁၇:၂၊ ၃၊ ကဘ။

၂၀။ ဘုရားသခင့်လူတို့သည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတွင် ခေတ်သစ်နည်းပညာကို မည်သို့အသုံးပြုခဲ့ကြသနည်း။ အဘယ်ကြောင့်နည်း။

၂၀ ကျွန်ုပ်တို့ရာစုတွင် နည်းပညာတိုးတက်မှုသည် အံ့မခန်းဖြစ်ခဲ့ပြီ။ ထုတ်လုပ်မှုနှုန်းမြန်သည့် ပုံနှိပ်စက်များသည် ကျမ်းစာစာပေများကို ဘာသာစကားများစွာဖြင့် တစ်ပြိုင်တည်းထုတ်ဝေစေနိုင်ခဲ့ပြီ။ ခေတ်သစ်နည်းပညာသည် ကျမ်းစာဘာသာပြန်ခြင်းလုပ်ငန်းကို တိုးတက်လျင်မြန်စေခဲ့ပြီ။ ထရပ်ကားများ၊ ရထားများ၊ သင်္ဘောများနှင့် လေယာဉ်များဖြင့် ကျမ်းစာစာပေကို ကမ္ဘာအနှံ့လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်ခဲ့ပြီ။ တယ်လီဖုန်းများနှင့် ဖက်စ်များဖြင့်ချက်ချင်းဆက်သွယ်နိုင်ခဲ့ပြီ။ ကိုယ်တော့် ဝိညာဉ်တော်အားဖြင့် ယေဟောဝါသည် ကမ္ဘာတစ်ဝန်း သတင်းကောင်းပိုမိုပျံ့နှံ့စေဖို့ ထိုနည်းပညာများကိုလက်တွေ့အသုံးချရန် မိမိ၏ကျေးကျွန်များကိုလှုံ့ဆော်ခဲ့သည်။ သူတို့သည် ဤလောကရှိနောက်ဆုံးပေါ်မှန်သမျှကို သိရှိအသုံးပြုလိုသည့်ဆန္ဒဖြင့် အဆိုပါတိုးတက်မှုများကို အသုံးပြုနေကြခြင်းမဟုတ်ပါ။ ယင်းအစား သူတို့စိတ်အဝင်စားဆုံးအရာမှာ သူတို့၏ဟောပြောခြင်းတာဝန်ကို အထိရောက်ဆုံးလုပ်ဆောင်စေနိုင်မည့်အရာဖြစ်သည်။

၂၁။ အဘယ်အရာကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သနည်း။

၂၁ “[ဘုရားသခင့်]နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်” ဟုယေရှုကြိုတင်မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၁၄) အစောပိုင်းခရစ်ယာန်များသည် ထိုပရောဖက်ပြုချက်၏ပြည့်စုံမှုကို မြင်တွေ့ခဲ့ကြရသကဲ့သို့ ယနေ့ကျွန်ုပ်တို့သည် ကြီးမားသောအတိုင်းအတာအထိ ထပ်တူတွေ့မြင်ကြရသည်။ ဤလုပ်ငန်းသည် ကြီးမားပြီးခက်ခဲသော်လည်း အချိန်သင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ၊ ဥပဒေများနှင့် သဘောထားများ ပြောင်းလဲနေသည့်ကြား၊ စစ်ရေးကာလနှင့် ငြိမ်းချမ်းရေးကာလအတွင်း၊ နည်းပညာတိုးတက်မှုအားလုံးကြားတွင် သတင်းကောင်းကိုဟောပြောခဲ့ကြပြီး ဟောပြောနေလျက်ရှိသည်။ ယင်းက ယေဟောဝါ၏ဉာဏ်ပညာနှင့် အံ့ဖွယ်အမြော်အမြင်ရှိမှုကို မအံ့သြစေပေလော။ ယေဟောဝါ၏အချိန်ဇယားနှင့်အံဝင်ခွင်ကျ ဟောပြောခြင်းလုပ်ငန်း ပြီးစီးလိမ့်မည်ဖြစ်ကြောင်းနှင့် ဖြောင့်မတ်သူများကောင်းချီးခံစားရဖို့အတွက် ကိုယ်တော့်မေတ္တာပါသောရည်ရွယ်ချက် ပြီးမြောက်အောင်မြင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့လုံးဝစိတ်ချနိုင်ကြသည်။ သူတို့သည် မြေကြီးကိုပိုင်ဆိုင်ကြပြီး ထာဝစဉ်နေထိုင်ကြရပါလိမ့်မည်။ (ဆာလံ ၃၇:၂၉; ဟဗက္ကုတ် ၂:၃) ယေဟောဝါ၏ရည်ရွယ်ချက်နှင့်အညီ ကျွန်ုပ်တို့အသက်ရှင်ကြမည်ဆိုလျှင် ထိုသူများအလယ်တွင် ကျွန်ုပ်တို့ပါဝင်ကြပါလိမ့်မည်။—၁ တိမောသေ ၄:၁၆။

[အောက်ခြေမှတ်ချက်များ]

a ယင်းမေရှိယဆိုင်ရာပရောဖက်ပြုချက်နှစ်ခု၏ ထပ်ဆင့်ရှင်းလင်းချက်အတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသော ထာဝရအသက်ရစေသောအသိပညာစာအုပ်စာမျက်နှာ ၃၆၊ ၉၇ နှင့် ၉၈-၁၀၇ တို့ကိုရှု။

ပြန်လည်သုံးသပ်ရန်အချက်များ

◻ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းသည် အဘယ်ကြောင့်စိန်ခေါ်ချက်တစ်ခုဖြစ်ရသနည်း။

◻ ခရစ်ယာန်များ၏လုပ်ငန်းသည် အစိုးရအစီအစဉ်များနှင့် လူမှုရေးတည်ငြိမ်မှုအတော်အသင့်ရှိခြင်းတို့မှ အဘယ်နည်းများဖြင့် အကျိုးခံစားခဲ့ပြီနည်း။

◻ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါကောင်းချီးပေးနေခြင်းက အဘယ်အနာဂတ်ဖြစ်ရပ်များကို စိတ်ချစေသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ