ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၉/၁၅ စာ. ၁၆-၂၁
  • ယေဟောဝါသည် ကျွန်ုပ်တို့ထံမှမတန်တဆတောင်းဆိုပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ကျွန်ုပ်တို့ထံမှမတန်တဆတောင်းဆိုပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတိတ်ကာလကယေဟောဝါတောင်းဆိုတော်မူခဲ့သည့်အရာ
  • ဣသရေလလူမျိုးအားပေးသည့်ယေဟောဝါ၏ပညတ်တရား
  • ယေဟောဝါ၏ပညတ်တရားသည်ဝန်ထုပ်ဝန်ပိုးဖြစ်သလော
  • ယေဟောဝါအမှန်တကယ်တောင်းဆိုသည့်အရာ
  • မများလွန်းပေ
  • ဗိုလ်ချုပ်ကြီးနဲ့ မိန်းကလေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အစပိုင်းမှာ ခေါင်းမာပေမယ့် နောက်တော့ နာခံခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သူသည် ကူညီလိုစိတ်ရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ရဲစွမ်းသတ္တိရှိရှိပြောဆိုခဲ့သော မိန်းမငယ်လေးတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၉/၁၅ စာ. ၁၆-၂၁

ယေဟောဝါသည် ကျွန်ုပ်တို့ထံမှမတန်တဆတောင်းဆိုပါသလော

“တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါးအဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။”—မိက္ခာ ၆:၈။

၁။ ယေဟောဝါ၏အမှုတော်ကို အချို့မဆောင်ကြသည့်အကြောင်းကား အဘယ်အရာဖြစ်နိုင်သနည်း။

ယေဟောဝါသည် မိမိလူမျိုးတော်ထံမှ တစ်စုံတစ်ခုကို တောင်းဆိုတော်မူသည်။ သို့သော် အထက်ပါ မိက္ခာပရောဖက်ပြုချက်မှကိုးကားထားသည့်စကားများကို ဖတ်ရှုပြီးနောက် ဘုရားသခင့်တောင်းဆိုတော်မူချက်များသည် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း သင်ကောင်းစွာမှတ်ချက်ချပေမည်။ သို့တိုင် လူအများသည် ကျွန်ုပ်တို့၏မြင့်မြတ်သောဖန်ဆင်းရှင်၏အမှုတော်ကို မဆောင်ကြ၊ ကိုယ်တော်ထံ တစ်ချိန်ကအမှုဆောင်ခဲ့သူအချို့သည်လည်း ဆက်မလုပ်ကိုင်ကြတော့ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ မတန်တဆတောင်းဆိုသည်ဟုယူမှတ်ကြ၍ဖြစ်သည်။ မှန်၏လော။ သို့မဟုတ် ယေဟောဝါ၏တောင်းဆိုမှုအပေါ် လူတစ်ဦး၏စိတ်ထားမမှန်ကန်၍လော။ သမိုင်းဝင်မှတ်တမ်းတစ်ခုက ဤကိစ္စကို ထိုးထွင်းသိမြင်စေသည်။

၂။ နေမန်ကား မည်သူနည်း၊ ယေဟောဝါ၏ပရောဖက်က သူ့ကိုအဘယ်အရာပြုရန် တောင်းဆိုခဲ့သနည်း။

၂ ဆီးရီးယားစစ်ဦးစီးချုပ်နေမန်သည် နူနာရောဂါစွဲကပ်နေသည်၊ သို့သော် သူ့အားကုသပေးနိုင်မည့် ယေဟောဝါ၏ပရောဖက်တစ်ပါး ဣသရေလနိုင်ငံတွင်ရှိကြောင်း သူ့အား အသိပေးသည်။ သို့ဖြင့် နေမန်နှင့် သူ၏နောက်လိုက်ဗိုလ်ပါတို့သည် ဣသရေလနိုင်ငံသို့ခရီးနှင်ကြရာ နောက်ဆုံးတွင် ဘုရားသခင်၏ပရောဖက် ဧလိရှဲအိမ်သို့ရောက်သွားကြသည်။ ဧလိရှဲသည် နာမည်ကြီးဧည့်သည်တော်ကို ခရီးဦးကြိုပြုဖို့ အိမ်မှထွက်လာမည့်အစား အစေခံတစ်ယောက်ကိုစေလွှတ်ကာ နေမန်အား ဤသို့ပြောစေသည်– “သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်။”—၄ ဓမ္မရာဇဝင် ၅:၁၀။

၃။ နေမန်သည် ယေဟောဝါတောင်းဆိုသည့်အရာကိုပြုရန် အစပိုင်းတွင် အဘယ်ကြောင့်ငြင်းဆန်သနည်း။

၃ နေမန်သည် ဘုရားသခင့်ပရောဖက်မှာကြားသည့် တောင်းဆိုချက်အတိုင်းသာပြုလုပ်မည်ဆိုလျှင် ရွံရှာဖွယ်ကောင်းသောရောဂါဆိုး ပျောက်ကင်းသွားမည်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် သူ့ထံမှ မတန်တဆတောင်းဆိုနေခြင်းလော။ မများပေ။ သို့တိုင် နေမန်သည် ယေဟောဝါတောင်းဆိုထားသည့်အရာကို လုပ်မည်မဟုတ်။ “ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက် သာ၍ကောင်းသည်မဟုတ်လော” ဟုငြင်းဆိုလေသည်။ “ထိုမြစ်၌ငါရေချိုး၍ မသန့်ရှင်းရသလော” ဟုအမျက်ထွက်၍ပြန်သွားလေသည်။—၄ ဓမ္မရာဇဝင် ၅:၁၂။

၄၊ ၅။ (က) နေမန်၏နာခံမှုဆုလာဘ်ကား အဘယ်နည်း၊ ယင်းဆုရရှိပြီးနောက် သူအဘယ်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ကျွန်ုပ်တို့ယခုအဘယ်အရာကို သုံးသပ်ကြမည်နည်း။

၄ အမှန်အားဖြင့် နေမန်၏အခက်အခဲကား အဘယ်နည်း။ တောင်းဆိုချက်သည် မဖြည့်ဆည်းပေးနိုင်လောက်အောင် ခက်ခဲလွန်း၍မဟုတ်ပေ။ နေမန်၏ကျွန်များက လိမ္မာပါးနပ်စွာဖြင့် ဤသို့လျှောက်သည်– “ခက်သောအမှုကိုပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည်မဟုတ်လော။ ‘ရေချိုး၍သာ သန့်ရှင်းခြင်းသို့ရောက်လော့’ ဟု စီရင်လျှင် အဘယ်မျှလောက် သာ၍ပြုတော်မူသင့်ပါသည်တကား။” (၄ ဓမ္မရာဇဝင် ၅:၁၃) အခက်အခဲမှာ နေမန်၏စိတ်ထားဖြစ်သည်။ သိက္ခာရှိရှိဖြင့်ပြုမူဆက်ဆံခံရသင့်သော်လည်း ဤသို့မခံရသည့်အပြင် အကျိုးမရှိ၊ နိမ့်ကျသည်ဟု သူယူမှတ်ပုံရှိသည့်အမှုကိုပြုလုပ်ရန် တောင်းဆိုခံရသည်ဟု သူခံစားခဲ့ရသည်။ သို့သော် နေမန်သည် မိမိကျွန်တို့၏လိမ္မာပါးနပ်သော အကြံဉာဏ်ကို လိုက်နာကာ ယောဒန်မြစ်တွင် ခုနစ်ကြိမ်နှစ်လိုက်သည်။ “သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ရောက်” သွားသောအခါ သူမည်မျှပျော်သွားမည်ကို တွေးမြင်ကြည့်ပါလေ! ထိုအခါ ကျေးဇူးအထူးတင်ခဲ့၏။ ထို့အပြင် ဤအချိန်မှစ၍ ယေဟောဝါမှတစ်ပါး အခြားမည်သည့်ဘုရားကိုမျှ မိမိမဝတ်ပြုတော့ပါဟု နေမန်ကြွေးကြော်ခဲ့လေသည်။—၄ ဓမ္မရာဇဝင် ၅:၁၄-၁၇။

၅ လူ့သမိုင်းတစ်လျှောက်တွင် စည်းမျဉ်းအမျိုးမျိုးကိုလိုက်နာရန် လူတို့ကို ယေဟောဝါတောင်းဆိုခဲ့သည်။ ဤစည်းမျဉ်းအချို့ကို သုံးသပ်ကြည့်ဖို့ သင့်အားဖိတ်ခေါ်ပါသည်။ သုံးသပ်ရင်း အဆိုပါစည်းမျဉ်းများကို သင့်ထံမှယေဟောဝါတောင်းဆိုမည်ဆိုလျှင် သင်မည်သို့တုံ့ပြန်ခဲ့မည်နည်းဟု ကိုယ့်ကိုယ်ကိုမေးပါ။ နောက်ပိုင်းတွင် ယနေ့ကျွန်ုပ်တို့ထံမှ ယေဟောဝါအဘယ်အရာတောင်းဆိုသည်ကို ဆန်းစစ်လေ့လာကြမည်။

အတိတ်ကာလကယေဟောဝါတောင်းဆိုတော်မူခဲ့သည့်အရာ

၆။ ကနဦးလူသားမောင်နှံသည် အဘယ်အရာကိုပြုရန် တောင်းဆိုခံရသနည်း၊ အဆိုပါညွှန်ကြားချက်များကို သင် မည်သို့တုံ့ပြန်ခဲ့မည်နည်း။

၆ ယေဟောဝါသည် ကနဦးလူသားမောင်နှံ အာဒံနှင့်ဧဝတို့အား သားသမီးမွေးဖွားရန်၊ ကမ္ဘာကို နိုင်နင်းရန်နှင့် တိရစ္ဆာန်များကို အုပ်စိုးရန် မိန့်မှာတော်မူသည်။ ထိုဇနီးမောင်နှံတို့သည် ကျယ်ဝန်းသည့် ဥယျာဉ်ကဲ့သို့သောစံအိမ်တွင် နေထိုင်ရသည့် ကောင်းချီးပေးခြင်းခံခဲ့ကြရသည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၉-၁၅) သို့ရာတွင် တားမြစ်ချက်တစ်ခုရှိသည်။ ဧဒင်ဥယျာဉ်အတွင်းရှိ သီးပင်များစွာထဲမှ တစ်ပင်၏အသီးကို သူတို့စားခွင့်မရှိကြပါ။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) မများလွန်းသောတောင်းဆိုမှုမဟုတ်ပေလော။ အပြည့်အဝကျန်းကျန်းမာမာနှင့် ထာဝစဉ်အသက်ရှင်နိုင်သည့်အလားအလာနှင့်အတူ ဤတာဝန်ကို ထမ်းဆောင်နေရခြင်းသည် သင့်အတွက် ပျော်ရွှင်စရာဖြစ်မည်မဟုတ်ပေလော။ ဥယျာဉ်တွင် ဖြားယောင်းသွေးဆောင်သူတစ်ဦး ပေါ်လာသော်လည်း သူ၏တင်ပြချက်ကို သင်ငြင်းလိုက်မည်မဟုတ်ပေလော။ ထို့ပြင် ဤတားမြစ်ချက်လေးတစ်ခုကို ယေဟောဝါထုတ်ဆင့်ပိုင်ခွင့်ရှိသည်ဟု သင်လက်ခံမည်မဟုတ်ပေလော။—ကမ္ဘာဦး ၃:၁-၅။

၇။ (က) အဘယ်တာဝန်ကို နောဧရရှိခဲ့သနည်း၊ အဘယ်အတိုက်အခံပြုမှုကို သူကြုံခဲ့ရသနည်း။ (ခ) ယေဟောဝါသည် နောဧထံမှတောင်းဆိုခဲ့သည့်အရာနှင့်ပတ်သက်၍ သင်မည်သို့ရှုမြင်သနည်း။

၇ နောက်ပိုင်း၌ ယေဟောဝါသည် ကမ္ဘာချီရေလွှမ်းမိုးဘေးမှလွတ်စေရန် နောဧအားသင်္ဘောတစ်စင်း ဆောက်ခိုင်းတော်မူခဲ့သည်။ သင်္ဘော၏အရွယ်အစားကြီးမားမှုကိုထောက်ရှုလျှင် ထိုအလုပ်သည် မလွယ်ကူလှသည့်အပြင် လှောင်ပြောင်သရော်မှုနှင့် ရန်လိုမှုများကြားတွင် လုပ်ဆောင်ရဖို့အကြောင်းများသည်။ သို့တိုင် တိရစ္ဆာန်များစွာကိုမဆိုထားနှင့် မိမိ၏မိသားစုကိုကယ်တင်နိုင်ခြင်းသည်ပင် နောဧအတွက် အခွင့်ထူးတစ်ရပ်ပေ! (ကမ္ဘာဦး ၆:၁-၈၊ ၁၄-၁၆; ဟေဗြဲ ၁၁:၇; ၂ ပေတရု ၂:၅) သင်သည် ဤကဲ့သို့သောတာဝန်တစ်ခုပေးအပ်ခံရလျှင် ယင်းကိုကျေပွန်စွာ အပြင်းအထန်ကြိုးစားလုပ်ကိုင်ပါမည်လော။ သို့မဟုတ် ယေဟောဝါသည် သင့်ထံမှ မတန်တဆတောင်းဆိုနေသည်ဟု ကောက်ချက်ချမည်လော။

၈။ အာဗြဟံသည် အဘယ်အရာကိုပြုရန် တောင်းဆိုခံခဲ့ရသနည်း၊ သူ၏လိုက်နာမှုရလဒ်က အဘယ်အရာကိုဖော်ပြသနည်း။

၈ ဘုရားသခင်သည် အာဗြဟံအား အလွန်ခက်သည့်အလုပ်တစ်ခုကို လုပ်ရန် တောင်းဆိုခဲ့သည်၊ သူ့အား ဤသို့မိန့်တော်မူသည်– “သင်သည်အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇာက်ကိုယူ၍၊ မောရိပြည်သို့သွားလော့။ ငါပြလတ္တံ့သောတောင်ပေါ်မှာ၊ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့။” (ကမ္ဘာဦး ၂၂:၂) ထိုအချိန်က သားသမီးမရှိသေးသောဣဇာက်သည် သားမြေးများရလာမည်ဟု ယေဟောဝါကတိပေးထားရာ ဣဇာက်အား အသက်ပြန်ရှင်စေနိုင်သည့် ဘုရားသခင့်စွမ်းရည်အပေါ် အာဗြဟံ၏ယုံကြည်မှု စမ်းသပ်ခံခဲ့ရသည်။ ဣဇာက်ကို ပူဇော်ရန်အာဗြဟံကြိုးစားလုပ်ဆောင်နေသည့်အချိန်တွင် ဘုရားသခင်သည် ထိုလူငယ်လေးကို အကာအကွယ်ပေးခဲ့သည်။ ယင်းအဖြစ်အပျက်က ဘုရားသခင်သည် မိမိ၏သားတော်ရင်းကို လူသားတို့အတွက် ပေးဆက်ကာ နောက်ပိုင်း၌ သူ့အားရှင်ပြန်ထမြောက်စေမည်ဖြစ်ကြောင်းတင်ပြသည်။—ကမ္ဘာဦး ၁၇:၁၉; ၂၂:၉-၁၈; ယောဟန် ၃:၁၆; တမန်တော် ၂:၂၃၊ ၂၄၊ ၂၉-၃၂; ဟေဗြဲ ၁၁:၁၇-၁၉။

၉။ ယေဟောဝါသည် အာဗြဟံထံမှ အဘယ်ကြောင့်မတန်တဆတောင်းဆိုနေခြင်းမဟုတ်သနည်း။

၉ ယေဟောဝါဘုရားသခင်သည် အာဗြဟံထံမှ မတန်တဆတောင်းဆိုနေသည်ဟု အချို့ယူမှတ်ပေမည်။ သို့သော် ဤသို့ဖြစ်သလော။ သေသူကို ရှင်ပြန်ထမြောက်ပေးနိုင်သည့် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က မိမိအားနာခံမှုရှိရန်တောင်းဆိုရာတွင် ကျွန်ုပ်တို့အခိုက်အတန့် သေခြင်း၌အိပ်ပျော်သင့်သည်ဆိုလျှင်ပင် အမှန်ပင် ကိုယ်တော်မေတ္တာမဲ့ရာကျသလော။ ယေရှုခရစ်နှင့် ကိုယ်တော်၏ကနဦးနောက်တော်လိုက်များသည် ထိုသို့မယူမှတ်ခဲ့ကြပေ။ သူတို့သည် ဘုရားသခင့်အလိုတော်ဆောင်နိုင်ရန် ရိုက်ပုတ်နှိပ်စက်မှုကိုမက သေခြင်းကိုပင်ခံရန် အသင့်ရှိခဲ့ကြသည်။ (ယောဟန် ၁၀:၁၁၊ ၁၇၊ ၁၈; တမန်တော် ၅:၄၀-၄၂; ၂၁:၁၃) အခြေအနေအရလိုအပ်လာလျှင် သင်သည် ထပ်တူပြုရန် အသင့်ရှိသလော။ မိမိ၏လူမျိုးတော်ဖြစ်ရန်သဘောတူသူများထံမှ ယေဟောဝါ တောင်းဆိုသည့်အရာတချို့ကို သုံးသပ်ကြည့်ပါ။

ဣသရေလလူမျိုးအားပေးသည့်ယေဟောဝါ၏ပညတ်တရား

၁၀။ ယေဟောဝါတောင်းဆိုသမျှပြုပါမည်ဟု မည်သူတို့ကတိပေးခဲ့သနည်း၊ ကိုယ်တော်သည် သူတို့ကို အဘယ်အရာပေးခဲ့သနည်း။

၁၀ အာဗြဟံ၏သား ဣဇာက်နှင့် မြေးယာကုပ် ခေါ် ဣသရေလမှဆင်းသက်လာသည့် သူ၏မျိုးဆက်သည် ဣသရေလလူမျိုးဖြစ်လာလေသည်။ ယေဟောဝါသည် ဣသရေလလူမျိုးကို အီဂျစ်ပြည်တွင် ကျွန်ဘဝမှ ကယ်လွှတ်ပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၃၂:၂၈; ၄၆:၁-၃; ၂ ဓမ္မရာဇဝင် ၇:၂၃၊ ၂၄) ယင်းနောက်များမကြာမီ သူတို့ထံမှ ဘုရားသခင်တောင်းဆိုသမျှကိုပြုပါမည်ဟု ကတိပြုခဲ့ကြသည်။ သူတို့ကဤသို့ဆိုသည်– “ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည်ပြုပါမည်။” (ထွက်မြောက်ရာ ၁၉:၈) ကိုယ်တော်၏အုပ်စိုးမှုခံလိုသည့် ဣသရေလလူမျိုးတို့၏ဆန္ဒနှင့်အညီ ယေဟောဝါသည် ဤလူမျိုးကို ပညတ်တော် ၁၀ ပါးအပါအဝင် ပညတ်ပေါင်း ၆၀၀ ကျော်ကို ပြဋ္ဌာန်းပေးခဲ့သည်။ သို့နှင့် မောရှေမှတစ်ဆင့်ပေးသော ဘုရားသခင့်ဤပညတ်များသည် ပညတ်တရားဟူ၍ ရိုးရိုးလေးသိရှိလာကြသည်။—ဧဇရ ၇:၆; လုကာ ၁၀:၂၅-၂၇; ယောဟန် ၁:၁၇။

၁၁။ ပညတ်တရား၏ရည်ရွယ်ချက်တစ်ခုကား အဘယ်နည်း၊ ယင်းကိုဖြစ်မြောက်အောင်မြင်စေသည့် စည်းမျဉ်းအချို့ကားအဘယ်နည်း။

၁၁ ပညတ်တရား၏ရည်ရွယ်ချက်တစ်ခုမှာ လိင်ဆိုင်ရာကိုယ်ကျင့်တရား၊ အရောင်းအဝယ်စီးပွားလုပ်ငန်းများနှင့် သားသမီးပြုစုစောင့်ရှောက်ရေးကဲ့သို့သောကိစ္စရပ်များအတွက်အကျိုးရှိသောစည်းမျဉ်းများချမှတ်ပေးခြင်းဖြင့် ဣသရေလလူမျိုးကို အကာအကွယ်ပေးရန်ဖြစ်သည်။ (ထွက်မြောက်ရာ ၂၀:၁၄; ဝတ်ပြုရာ ၁၈:၆-၁၈၊ ၂၂-၂၄; ၁၉:၃၅၊ ၃၆; တရားဟောရာ ၆:၆-၉) လူသားအချင်းချင်းကိုလည်းကောင်း၊ သူတစ်ပါး၏တိရစ္ဆာန်ကိုလည်းကောင်း မည်သို့ပြုကျင့်ရမည်နှင့်ပတ်သက်၍ စည်းကမ်းများထုတ်ဆင့်ထားသည်။ (ဝတ်ပြုရာ ၁၉:၁၈; တရားဟောရာ ၂၂:၄၊ ၁၀) နှစ်စဉ်ကျင်းပမြဲပွဲတော်များနှင့် ဝတ်ပြုရန် အတူတကွစုရုံးပွဲများနှင့်သက်ဆိုင်သည့်တောင်းဆိုချက်များက ထိုလူမျိုးကို ဝိညာဉ်ရေးဘက်တွင် အကာအကွယ်ပေးခဲ့သည်။—ဝတ်ပြုရာ ၂၃:၁-၄၃; တရားဟောရာ ၃၁:၁၀-၁၃။

၁၂။ ပညတ်တရား၏အဓိကရည်ရွယ်ချက်ကား အဘယ်နည်း။

၁၂ ပညတ်တရား၏အဓိကရည်ရွယ်ချက်ကို တမန်တော်ပေါလုက ဤသို့မှတ်သားဖော်ပြသည်– “ကတိတော်ကိုခံသောအမျိုးအနွယ် [ခရစ်တော်] မလာမီ လွန်ကျူးခြင်းများကြောင့် ထိုတရားကိုထပ်၍ပေးတော်မူ၏။” (ဂလာတိ ၃:၁၉၊ သမ္မာ) ဣသရေလလူမျိုးသည် မစုံလင်ကြောင်း ပညတ်တရားက သတိပေးသည်။ သို့ဖြစ်၍ သူတို့၏အပြစ်များကို ကွင်းလုံးကျွတ်လွှတ်ပေးနိုင်မည့် စုံလင်သောယဇ်တစ်ခုလိုအပ်နေသည်မှာ ကျိုးကြောင်းဆီလျော်လှပေသည်။ (ဟေဗြဲ ၁၀:၁-၄) ထို့ကြောင့် ပညတ်တရား၏ရည်ရွယ်ချက်မှာ လူမျိုးတော်သည် မေရှိယခေါ် ခရစ်တော်ဖြစ်သော ယေရှုအား လက်ခံစေရန် ပြင်ဆင်ပေးခြင်းဖြစ်သည်။ ပေါလုကဤသို့ရေးသားခဲ့သည်– “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။”—ဂလာတိ ၃:၂၄။

ယေဟောဝါ၏ပညတ်တရားသည်ဝန်ထုပ်ဝန်ပိုးဖြစ်သလော

၁၃။ (က) မစုံလင်သောလူသားတို့သည် ပညတ်တရားကို အဘယ်သို့ယူမှတ်ကြသနည်း၊ အဘယ်ကြောင့်နည်း။ (ခ) ပညတ်တရားသည် အမှန်ပင် ဝန်ထုပ်ဝန်ပိုးဖြစ်သလော။

၁၃ ပညတ်တရားသည် “သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်း” ရှိသော်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်သည်ဟု အများက ယူမှတ်ကြသည်။ (ရောမ ၇:၁၂) ပညတ်တရားသည် ဟာကွက်မရှိစုံလင်သောကြောင့် ဣသရေလလူတို့သည် ယင်း၏မြင့်မားသောစံနှုန်းကို လိုက်၍မမီနိုင်ခဲ့ကြပေ။ (ဆာလံ ၁၉:၇) ထို့ကြောင့် တမန်တော်ပေတရုက ယင်းသည် “ငါတို့နှင့်ငါတို့ဘိုးဘေးများ မထမ်းနိုင်သောထမ်းပိုး” အဖြစ်သမုတ်ခဲ့သည်။ (တမန်တော် ၁၅:၁၀) အမှန်မှာ ပညတ်တရားကိုယ်နှိုက်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်သည့်အပြင် ယင်းကိုနာခံခြင်းဖြင့် လူတို့အကျိုးရသည်။

၁၄။ ပညတ်တရားသည် ဣသရေလလူတို့အတွက် အလွန်အကျိုးရှိရည်ရွယ်ချက်တစ်ခုဖြစ်ခဲ့ကြောင်းဖော်ပြသည့် ဥပမာအနည်းငယ်ကားအဘယ်နည်း။

၁၄ ဥပမာ၊ ပညတ်တရားအောက်တွင် သူခိုးတစ်ယောက်သည် ထောင်ချမခံရဘဲ မိမိခိုးယူခဲ့သည့်အရာ၏တန်ဖိုးနှစ်ဆ သို့မဟုတ် ယင်းထက်မကပေးလျော်ရန် အလုပ်လုပ်ခဲ့ရသည်။ ထို့ကြောင့် အခိုးခံရသူလည်း ဆုံးရှုံးမှုမဖြစ်စေသည်သာမက အလုပ်ကြိုးစားသောပြည်သူများအနေဖြင့်လည်း အကျဉ်းထောင်စနစ်ကို ထောက်ပံ့ရန်တာဝန်ကြီးတစ်ခုရှိမနေတော့ပါ။ (ထွက်မြောက်ရာ ၂၂:၁၊ ၃၊ ၄၊ ၇) အန္တရာယ်မကင်းသောအစားအစာများကို မစားရန်တားမြစ်ထားသည်။ ဝက်သားသည် ကောင်းကောင်းကျက်အောင်မချက်ထားလျှင် သန်ကောင်ရောဂါရစေနိုင်ပြီး ယုန်သားသည် တူလာရီးမီးယားရောဂါရစေနိုင်သည်။ (ဝတ်ပြုရာ ၁၁:၄-၁၂) အလားတူစွာ ပညတ်တရားသည် အသေကောင်များကို မကိုင်တွယ်ရန် တားမြစ်ထားကာ အကာအကွယ်ပေးသည်။ တစ်စုံတစ်ယောက်သည် အလောင်းတစ်ခုကို တို့ထိမိလျှင် ခန္ဓာကိုယ်ကိုသာမက အဝတ်အစားများကိုပါ ဆေးကြောသန့်စင်ပစ်ရန် တောင်းဆိုထားသည်။ (ဝတ်ပြုရာ ၁၁:၃၁-၃၆; တောလည်ရာ ၁၉:၁၁-၂၂) မစင်ကို မြေမြှုပ်ပစ်ခြင်းဖြင့် ပြည်သူများတွင် ရောဂါပိုးပျံ့နှံ့မှုကို အကာအကွယ်ပေးသည်၊ ရောဂါပိုးများရှိသည်ကို မကြာသေးမီက ရာစုနှစ်များကျမှသာ သိပ္ပံပညာရှင်များတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။—တရားဟောရာ ၂၃:၁၃။

၁၅။ အဘယ်အရာသည် ဣသရေလလူများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ကြောင်း ထင်ရှားသနည်း။

၁၅ ပညတ်တရားသည် လူမျိုးတော်ထံမှ မတန်တဆမတောင်းဆိုပါ။ သို့သော် ပညတ်တရားကို အနက်ဖွင့်ရန်တာဝန်ယူထားသူတို့နှင့်ပတ်သက်၍မူ ထပ်တူမဆိုနိုင်ပေ။ သူတို့ထုတ်ပြန်သည့် စည်းကမ်းများနှင့်ပတ်သက်ပြီး ဂျိမ်းစ်ဟေစတင် တည်းဖြတ်သည့် ကျမ်းစာအဘိဓာန် ကဤသို့မှတ်ချက်ချထားသည်– “ကျမ်းစာပါပညတ်ချက်တိုင်းကို စည်းမျဉ်းအသေးအဖွဲများစွာဖြင့် ဆက်စပ်ထားသည်။ . . . သို့ဖြင့်တွေး၍ရနိုင်သောအမှုကိစ္စမှန်သမျှကို ပညတ်တရား၏နယ်ပယ်အောက် ထည့်သွင်းဖို့ကြိုးစားကာ ကရုဏာတရားကင်းမဲ့သောကျိုးကြောင်းဆက်စပ်မှုပြုပြီး လူ့အကျင့်အကြံတစ်ရပ်လုံးကို လက်တွေ့လုပ်ရသည့်တင်းကျပ်သောနည်းစနစ်ဖြင့် ဥပဒေပြဋ္ဌာန်းပေးရန်ကြိုးစားသည်။ . . . ကောင်းမကောင်းကိုသိသည့်စိတ်၏စေ့ဆော်မှုမှာ လှောင်ပိတ်ချုပ်ထားခြင်းခံရသည်; မြင့်မြတ်သောစကားတော်၏ ရှင်သန်သောအစွမ်းမှာ ၎င်းပြင်ပ စည်းကမ်းမြောက်မြားစွာအောက် မူလအစွမ်းပြယ်ကာ နစ်မြုပ်နေသည်။”

၁၆။ ဘာသာရေးခေါင်းဆောင်တို့၏ ဝန်ထုပ်ဝန်ပိုးဖြစ်စေသော စည်းကမ်းများနှင့်ထုံးတမ်းများအကြောင်း ယေရှု မည်သို့မိန့်ဆိုခဲ့သနည်း။

၁၆ ယေရှုခရစ်သည် စည်းကမ်းမြောက်မြားစွာကို ထုတ်ပြန်သည့် ဘာသာရေးခေါင်းဆောင်များကို ရှုတ်ချကာ ဤသို့မိန့်ဆိုသည်– “အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာတင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှမရွှေ့လိုကြ။” (မဿဲ ၂၃:၂၊ ၄) အကြီးအကျယ်ဆေးကြောသန့်စင်ခြင်းအပါအဝင် ဝန်လေးစေသည့် လူ့စည်းကမ်းများနှင့် ထုံးတမ်းများသည် ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို အချည်းနှီး’ ဖြစ်စေကြောင်း ကိုယ်တော်ထောက်ပြခဲ့သည်။ (မာကု ၇:၁-၁၃၊ သမ္မာ; မဿဲ ၂၃:၁၃၊ ၂၄-၂၆) သို့သော် ယေရှု ဤကမ္ဘာပေါ်မလာမီကပင် ဣသရေလနိုင်ငံရှိ ဘာသာရေးခေါင်းဆောင်များသည် ယေဟောဝါအမှန်တကယ်တောင်းဆိုသည့်အရာကို တလွဲဖော်ပြခဲ့ကြသည်။

ယေဟောဝါအမှန်တကယ်တောင်းဆိုသည့်အရာ

၁၇။ ယေဟောဝါသည် သစ္စာမဲ့ဣသရေလလူတို့၏ မီးရှို့ရာယဇ်များကို အဘယ်ကြောင့် မနှစ်သက်သနည်း။

၁၇ ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါက ဤသို့မိန့်ကြားခဲ့သည်– “မီးရှို့၍ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသောတိရစ္ဆာန်တို့၏ဆီဥနှင့်ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ်တို့၏အသွေးကို ငါမနှစ်သက်။” (ဟေရှာယ ၁:၁၀၊ ၁၁) ပညတ်တရားတွင် ကိုယ်တော်တိုင်တောင်းဆိုထားသည့် ယဇ်များကို ဘုရားသခင်အဘယ်ကြောင့်မနှစ်သက်ရသနည်း။ (ဝတ်ပြုရာ ၁:၁–၄:၃၅) ထိုလူမျိုးသည် ကိုယ်တော်အား မရိုမသေပြုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူတို့ဤသို့မှာကြားခံရကြသည်– “ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြလော့။ သင်တို့ဒုစရိုက် [မကောင်းမှု] များကို ငါ့မျက်မှောက်မှပယ်ရှားကြလော့။ မကောင်းသောအကျင့်ကိုဖြတ်ကြလော့။ ကောင်းသောအကျင့်ကိုကျင့်အံ့သောငှာသင်ကြလော့။ တရားသဖြင့်ပြုခြင်းငှာ ရှာကြံကြလော့။ ကောက်သောအရာကိုဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဖို့ တရားသဖြင့်စီရင်ကြလော့။ မုဆိုးမတို့၏အမှုကိုစောင့်ကြလော့။” (ဟေရှာယ ၁:၁၆၊ ၁၇) မိမိ၏ကျေးကျွန်များထံမှ ယေဟောဝါ အဘယ်ရာလိုချင်သည်ကို ယင်းက ကောင်းစွာနားလည်သဘောပေါက်စေသည်မဟုတ်လော။

၁၈။ ယေဟောဝါသည် ဣသရေလလူများထံမှ အမှန်အားဖြင့် အဘယ်အရာတောင်းဆိုသနည်း။

၁၈ ဘုရားသခင်အမှန်တကယ်အဘယ်အရာလိုချင်သည်ကို ယေရှုပြသခဲ့သည်။ ဤမေးခွန်းကိုအမေးခံရချိန်တွင် ကိုယ်တော်ပြသခဲ့သည်– “ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်း။” ယေရှုက ဤသို့ဖြေကြားတော်မူသည်– “‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့်ချစ်လော့’ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။” (မဿဲ ၂၂:၃၆-၄၀; ဝတ်ပြုရာ ၁၉:၁၈; တရားဟောရာ ၆:၄-၆) ပရောဖက်မောရှေကလည်း ဤသို့မေးသောအခါ ထပ်တူအချက်ကိုဖော်ပြခဲ့သည်– “သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊ သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတစ်ပါး၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် အဘယ်အမှုကိုတောင်းတော်မူသနည်း။”—တရားဟောရာ ၁၀:၁၂၊ ၁၃; ၁၅:၇၊ ၈။

၁၉။ ဣသရေလလူတို့သည် သန့်ရှင်းစင်ကြယ်သည်ဟု အထင်ခံရရန် မည်သို့ကြိုးစားခဲ့သနည်း၊ သို့သော် သူတို့ကို ယေဟောဝါမည်သို့မိန့်ဆိုသနည်း။

၁၉ ဣသရေလလူတို့သည် အမှားပြုလျက်နှင့် သန့်ရှင်းစင်ကြယ်သည်ဟု အထင်ခံလိုကြသည်။ ပညတ်တရားက နှစ်စဉ်အပြစ်ဖြေရာနေ့တွင်သာ အစာရှောင်ဖို့တောင်းဆိုသော်လည်း မကြာခဏအစာရှောင်ကြလေသည်။ (ဝတ်ပြုရာ ၁၆:၃၀၊ ၃၁) သို့သော် ယေဟောဝါသည် သူတို့ကို ဤသို့ပြစ်တင်ကြိမ်းမောင်းခဲ့သည်– “ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား၊ မတရားသောအချည်အနှောင်ကိုချွတ်ခြင်း၊ လေးသောဝန်ကိုချခြင်း၊ ညှဉ်းဆဲခံရသောသူကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကိုချိုးခြင်းမဟုတ်လော။ မွတ်သိပ်သောသူကိုအစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကိုကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကိုမရှောင်ဘဲ နေခြင်းမဟုတ်လော။”—ဟေရှာယ ၅၈:၃-၇။

၂၀။ ယေရှုသည် ဘာသာရေးအရေခြုံများကို အဘယ်အတွက်အပြစ်တင်ကြိမ်းမောင်းခဲ့သနည်း။

၂၀ ကိုယ့်ကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သော ထိုဣသရေလလူတို့တွင် ဘာသာရေးအရေခြုံများနှင့်ပတ်သက်၍ ယေရှုမိန့်တော်မူခဲ့သည့် ဤပြဿနာရှိနေသည်– “ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကိုကျင့်ရမည်။” (မဿဲ ၂၃:၂၃; ဝတ်ပြုရာ ၂၇:၃၀) ယေရှု၏စကားများက ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ အမှန်အားဖြင့် အဘယ်အရာလိုချင်သည်ကို ကောင်းစွာသဘောပေါက်စေသည်မဟုတ်လော။

၂၁။ ယေဟောဝါသည် ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုသည်၊ မတောင်းဆိုသည်နှင့်ပတ်သက်၍ ပရောဖက်မိက္ခာက မည်သို့အကျဉ်းချုံးတင်ပြခဲ့သနည်း။

၂၁ ယေဟောဝါသည် ကျွန်ုပ်တို့ထံမှအဘယ်အရာတောင်းဆိုသည်၊ မတောင်းဆိုသည်ကိုရှင်းပြရန် ဘုရားသခင့်ပရောဖက်မိက္ခာက ဤသို့မေးသည်– “ငါသည်ထာဝရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သကာပါလျက်ချဉ်းကပ်၍၊ အမြင့်ဆုံးသောဘုရားသခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သောနွားသငယ်တို့ကိုဆောင်လျက် ချဉ်းကပ်ရမည်လော။ ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကိုအားရနှစ်သက်တော်မူမည်လော။ ငါ့လွန်ကျူးခြင်းအတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ဝိညာဉ်၏အပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော။ အချင်းလူ၊ ကောင်းသောလမ်းကိုပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာ ကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။”—မိက္ခာ ၆:၆-၈။

၂၂။ ယေဟောဝါသည် ပညတ်တရားအောက်ရှိသူတို့ထံမှ အထူးသဖြင့် အဘယ်အရာအလိုရှိသနည်း။

၂၂ သို့ဆိုလျှင် ယေဟောဝါသည် ပညတ်တရားအောက်တွင်ရှိသူများထံမှ အဘယ်အရာကို အထူးတောင်းဆိုသနည်း။ ယေဟောဝါဘုရားသခင်အား သူတို့အမှန် ချစ်ကြရန်ဖြစ်သည်။ ထို့အပြင် တမန်တော်ပေါလုက ဤသို့ဆိုသည်– “‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသောပညတ်တရားကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။” (ဂလာတိ ၅:၁၄) အလားတူစွာ ရောမမြို့ရှိခရစ်ယာန်များအား ပေါလုက ဤသို့မှာကြားသည်– “သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကို ပြည့်စုံစွာစောင့်ရှောက်လေပြီ။ . . . ချစ်ခြင်းမေတ္တာသည် ပညတ်တရားပြည့်စုံရာဖြစ်သတည်း။”—ရောမ ၁၃:၈-၁၀၊ သမ္မာ။

မများလွန်းပေ

၂၃၊ ၂၄။ (က) ယေဟောဝါတောင်းဆိုသမျှကိုလုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် မည်သည့်အခါမျှမများလွန်းသနည်း။ (ခ) နောက်ထပ်အဘယ်အကြောင်းကို သုံးသပ်ကြမည်နည်း။

၂၃ ယေဟောဝါသည် အလွန်မေတ္တာပြည့်ဝပြီး ဉာဏ်အမြော်အမြင်ကြီးကာ ကရုဏာထားတတ်သော ဘုရားသခင်ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့စိတ်စွဲမှတ်မသွားပေလော။ ကိုယ်တော်၏တစ်ပါးတည်းသောသားတော် ယေရှုခရစ်သည် ဘုရားသခင်၏မေတ္တာတော်ကို အထင်အရှားပြရန်၊ လူတို့ကို ယေဟောဝါမည်မျှမြတ်နိုးကြောင်း သိစေရန် ကမ္ဘာပေါ်သို့လာခဲ့သည်။ ဘုရားသခင့်မေတ္တာတော်ကို သရုပ်ဖော်ပြရန် ယေရှုသည် နိမ့်ကျသောစာငှက်များနှင့်စပ်လျဉ်း၍ ဤသို့မိန့်ဆိုသည်– “သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။” ထို့ကြောင့် “မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏” ဟုကိုယ်တော်နိဂုံးချုပ်ခဲ့သည်။ (မဿဲ ၁၀:၂၉-၃၁) ဤမျှမေတ္တာတရားကြီးမားလှသည့်ဘုရားသခင်က ကျွန်ုပ်တို့ထံမှတောင်းဆိုသမျှကိုပြုလုပ်ဖို့ရန် များလွန်းသည်ဟု ဘယ်သောအခါမျှမယူမှတ်သင့်ပေ!

၂၄ သို့သော် ယေဟောဝါသည် ယနေ့ကျွန်ုပ်တို့ထံမှ အဘယ်အရာကိုတောင်းဆိုတော်မူသနည်း။ ဘုရားသခင်သည် မတန်တဆတောင်းဆိုသည်ဟု အချို့အဘယ်ကြောင့်ထင်ကြသနည်း။ ဤမေးခွန်းများကို ဆန်းစစ်သုံးသပ်ခြင်းဖြင့် ယေဟောဝါတောင်းဆိုသမျှကိုလုပ်ဆောင်ခြင်းသည် အဘယ်ကြောင့်အခွင့်ထူးကြီးတစ်ရပ်ဖြစ်ရကြောင်း တွေ့ရှိနိုင်မည်ဖြစ်သည်။

သင်ဖြေနိုင်သလော

◻ အချို့သူတို့သည် ယေဟောဝါ၏အမှုတော်ကို အဘယ်ကြောင့်မထမ်းလိုကြသနည်း။

◻ ယေဟောဝါ၏တောင်းဆိုချက်များသည် နှစ်များတစ်လျှောက် မည်သို့ပြောင်းလဲခဲ့သနည်း။

◻ ပညတ်တရားက အဘယ်ရည်ရွယ်ချက်များကို ဖြစ်မြောက်စေခဲ့သနည်း။

◻ ကျွန်ုပ်တို့ထံမှ ယေဟောဝါတောင်းဆိုသည့်အရာသည် အဘယ်ကြောင့်မများလွန်းသနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အကြီးအကျယ်ဆေးကြောသန့် ရှင်းရေးကဲ့သို့သောလူတို့ထုတ်ပြန်သည့်စည်းကမ်းများသည် ဝတ်ပြုရေးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ