မေတ္တာ၏ထူးကဲကောင်းမွန်သော လမ်းစဉ်ကိုသင်ယူခြင်း
ကိုဆိုဗို၊ လက်ဘနွန်နှင့် အိုင်ယာလန်။ မကြာသေးမီနှစ်များအတွင်း ဤအမည်များကို သတင်းစာများ၌တွေ့ရလေ့ရှိ၏။ လူတို့၏စိတ်တွင် သွေးထွက်သံယိုမှု၊ ဗုံးပေါက်ကွဲမှုနှင့် သတ်ဖြတ်မှုများကိုမြင်ယောင်စေသည်။ ဘာသာရေး၊ လူမျိုးရေး၊ လူမျိုးစု သို့မဟုတ် အခြားကွဲပြားမှုတို့ကြောင့်အကြမ်းဖက်မှုများဖြစ်ခြင်းသည် အသစ်အဆန်းမဟုတ်သည်မှာအမှန်။ အမှန်ဆိုလျှင် သမိုင်းစာမျက်နှာတွင် ၎င်းတို့နှင့်ပြည့်နေပြီး မရေတွက်နိုင်သည့်ဆင်းရဲခြင်းအမျိုးမျိုးကို လူတို့တွေ့ကြုံခံစားခဲ့ကြရပြီ။
သမိုင်းတစ်လျှောက် စစ်ကိုမြင်တွေ့ခဲ့ကြရာ စစ်ဟူသည် အမှန်ပင်ရှောင်လွှဲ၍မရသောအရာဖြစ်ပြီး လူတို့သည် သဘာဝအလျောက် တစ်ဦးကိုတစ်ဦးမုန်းမည်သာဖြစ်သည်ဟု လူအများကောက်ချက်ချကြသည်။ သို့သော် ထိုသို့သောရှုမြင်ပုံများသည် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာ၏သွန်သင်ချက်များနှင့် လုံးဝဆန့်ကျင်၏။ ကျမ်းစာက “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုအတိအလင်းဖော်ပြထား၏။ (၁ ယောဟန် ၄:၈) လူသားတို့ တစ်ဦးကိုတစ်ဦးချစ်ရန် ဖန်ဆင်းရှင်အလိုရှိသည်မှာ ရှင်းပါသည်။
သမ္မာကျမ်းစာက လူသည် ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံခဲ့ရကြောင်းကိုလည်းဖော်ပြ၏။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ယင်းက လူသည် ဘုရားသခင့်အရည်အချင်းများ၊ အဓိကအားဖြင့် မေတ္တာကို ရောင်ပြန်ဟပ်နိုင်သည့်အစွမ်း ပေးအပ်ခံရသည်ဟုဆိုလိုသည်။ သို့ဖြစ်လျှင် သမိုင်းတစ်လျှောက် လူသည် တစ်ဦးကိုတစ်ဦးမေတ္တာပြရာတွင် အဘယ်ကြောင့်ဤမျှဆိုးရွားစွာ ပျက်ကွက်ခဲ့ကြရသနည်း။ သမ္မာကျမ်းစာက ထိုးထွင်းသိမြင်မှုပေးပြန်သည်။ ပထမလူသားမောင်နှံ၊ အာဒံနှင့်ဧဝတို့သည် ဘုရားသခင်အားပုန်ကန်၍ အပြစ်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်။ အကျိုးဆက်အနေနှင့် သူတို့၏သားစဉ်မြေးဆက်တို့သည် အပြစ်နှင့်မစုံလင်မှုကို အမွေခံခဲ့ကြရသည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ” ဟုရောမ ၃:၂၃ ကရှင်းပြသည်။ မေတ္တာဟူသော ဘုရားသခင်ပေးစွမ်းရည်မှာ ကျွန်ုပ်တို့အမွေခံရသည့်အပြစ်နှင့် မစုံလင်မှုတို့ကြောင့်ပျက်ယွင်းသွားခဲ့သည်။ ယင်းက လူသားတို့သည် တစ်ဦးကိုတစ်ဦးချစ်နိုင်တော့သည်မဟုတ်ဟု ဆိုလိုပါသလော။ လူလူချင်း သင့်တင့်၊ ချစ်ခင်သည့် ပေါင်းသင်းဆက်ဆံရေးအမြဲရှိနိုင်ရန် အဘယ်မျှော်လင့်ချက်ရှိသနည်း။
ဘုရားသခင်အားချစ်ရန် ကျွန်ုပ်တို့သင်ယူရမည်
မည်သို့ပင်ဖြစ်စေကာမူ လူသားသည် မေတ္တာပြနိုင်စွမ်းရှိဆဲဖြစ်ကြောင်း ယေဟောဝါဘုရားသခင်သိတော်မူ၏။ ထို့အတွက်ကြောင့် မိမိ၏နှစ်သက်မှုရလိုသူတိုင်း အစွမ်းကုန်မေတ္တာပြရန် ကိုယ်တော်တောင်းဆိုခြင်းဖြစ်သည်။ ဣသရေလလူမျိုးအားပေးခဲ့သည့်ပညတ်တွင် အကြီးမြတ်ဆုံးပညတ်ကိုဖော်ပြဖို့ မေးလျှောက်ခံရသည့်အခါ ဘုရားသခင့်သားတော်ယေရှုခရစ်သည် ဤတောင်းဆိုချက်ကိုပေါ်လွင်စေခဲ့သည်။ ကိုယ်တော်ကဤသို့ဆိုခဲ့သည်– “‘သင်၏ဘုရားသခင် ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့၊’ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။” ထို့နောက်ဤသို့ထပ်ဆင့်ပြောခဲ့သည်– “ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့်သဘောတူ၏။ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း။”—မဿဲ ၂၂:၃၇-၄၀။
သို့ရာတွင် မမြင်ရသူတစ်ဦးကိုချစ်ဖို့ အလွန်ခက်သည်ဟုလူအများယူမှတ်ကြပြီး ယေဟောဝါဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်သောကြောင့် ကိုယ်တော်အား ကျွန်ုပ်တို့လူသားများ မမြင်နိုင်ကြပါ။ (ယောဟန် ၄:၂၄) သို့သော် ကျွန်ုပ်တို့အကျိုးအတွက် ဘုရားသခင်ဖန်ဆင်းထားသည့် ကောင်းမြတ်ရာများစွာပေါ် ကျွန်ုပ်တို့အားလုံးမှီခိုနေကြရသည်ဖြစ်ရာ ကျွန်ုပ်တို့သည် နေ့စဉ်နေ့တိုင်း ယင်းတို့၏အကျိုးကို ခံစားနေကြရသည်။ ယင်းကို တမန်တော်ပေါလုက ဤသို့ထောက်ပြခဲ့သည်– “သင်တို့အားကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကိုသီးစေတတ်သော ဥတုကိုပေးတော်မူသောအားဖြင့်၊ [ဘုရားသခင်] ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ။”—တမန်တော် ၁၄:၁၇။
ဖန်ဆင်းရှင်၏ပြင်ဆင်ပေးမှုမှ လူတိုင်းပင် တစ်နည်းနည်းဖြင့် အကျိုးရယူကြသော်လည်း ကိုယ်တော်အားကျေးဇူးတင်သူ သို့မဟုတ် ကျေးဇူးတင်ကြောင်းပြောဖို့လှုံ့ဆော်ခံရသူနည်းသည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုလုပ်ထားသည့် ကောင်းမြတ်ရာအားလုံးကို ရေတွက်ကာ ကိုယ်တော်ပြုသမျှတွင်ရှိသော အံ့ဖွယ်အရည်အချင်းများကို ဆင်ခြင်သုံးသပ်ဖို့လိုသည်။ ထိုသို့ပြုခြင်းက ကျွန်ုပ်တို့၏ကြီးမြတ်သောဖန်ဆင်းရှင်၏ အံ့ဖွယ်ဉာဏ်ပညာနှင့် တန်ခိုးတော်ကို သိမြင်စေသင့်သည်။ (ဟေရှာယ ၄၅:၁၈) ထို့ထက်ကား ကိုယ်တော်သည် မေတ္တာရှင်ဘုရားသခင်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ကိုအသက်ပေးရုံမက အသက်ကိုမွေ့လျော်ခံစားနိုင်ဖို့လည်း ဖန်တီးထားကြောင်း သိမြင်ရန်ထောက်ကူပေးသင့်သည်။
သာဓကအနေနှင့် ဘုရားသခင်ဖန်ဆင်းထားသော မြေကြီးပေါ်ရှိ မျိုးပေါင်းစုံလှသည့် လှပသောပန်းများကို စဉ်းစားကြည့်ပါ။ ၎င်းတို့ကို တွေ့မြင်နိုင်စွမ်းနှင့် ယင်းတို့၏အလှအပမှ စိတ်ကြည်နူးမှုရရှိနိုင်စွမ်းတို့ကိုလည်း ကိုယ်တော်ပေးထားခြင်းသည် တကယ်ဝမ်းသာစရာပင်! အလားတူ ဘုရားသခင်သည် အာဟာရရှိသော အစာရေစာအမျိုးမျိုးကိုလည်း ပေးထားသည်။ အစာ၏အရသာခံစားနိုင်ဖို့ ရသာရုံကိုဖန်ဆင်းထားခြင်းကလည်း အမြော်အမြင်ရှိလှသည်တကား! ဘုရားသခင်သည် ကျွန်ုပ်တို့ကိုအမှန်ချစ်၍ ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်ဖို့ရည်စူးထားကြောင်း ၎င်းတို့သည် ထင်ရှားသည့်အထောက်အထားများမဟုတ်ပေလော။—ဆာလံ ၁၄၅:၁၆၊ ၁၇; ဟေရှာယ ၄၂:၅၊ ၈။
ဖန်ဆင်းရှင်သည် “သဘာဝတရားစာစောင်” မှတစ်ဆင့် မိမိကိုယ်ကိုထင်ရှားပြသည့်အပြင် မိမိ၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာမှတစ်ဆင့်လည်း မိမိသည် မည်သို့သောဘုရားသခင်ဖြစ်ကြောင်း ဖော်ပြတော်မူ၏။ အတိတ်တွင် ယေဟောဝါဘုရားသခင်ပြုတော်မူခဲ့သည့် မေတ္တာပါသောလုပ်ရပ်များစွာနှင့် မဝေးတော့သည့်အနာဂတ်တွင် လူသားတို့အတွက်ပြုတော်မူမည့် ကတိထားရာကောင်းချီး အများအပြားကို သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ထွက်မြောက်ရာ ၃:၁၇; ဆာလံ ၇၂:၆-၁၆; ဗျာဒိတ် ၂၁:၄၊ ၅) အရေးအကြီးဆုံးမှာ လူသားများအပေါ် ဘုရားသခင်၏ အကြီးမားဆုံးမေတ္တာတင်ပြနည်း—အပြစ်နှင့်သေခြင်းချုပ်နှောင်မှုမှ ကျွန်ုပ်တို့လွတ်မြောက်နိုင်ဖို့ မိမိ၏တစ်ပါးတည်းသောသားတော်ကို ကယ်တင်ရှင်အဖြစ်ပေးခြင်း—ကို သမ္မာကျမ်းစာကထုတ်ဖော်ပြသည်။ (ရောမ ၅:၈) အမှန်ဆိုလျှင် မေတ္တာရှိဖန်ဆင်းရှင်အကြောင်းလေ့လာလေလေ ကျွန်ုပ်တို့၏နှလုံးသားမှ ကိုယ်တော်အားချစ်မြတ်နိုးရန် လှုံ့ဆော်ခံရလေလေဖြစ်သည်။
ကျွန်ုပ်တို့၏လူသားချင်းကိုချစ်ရန်သင်ယူခြင်း
ယေရှုဖော်ပြခဲ့သကဲ့သို့ပင် မေတ္တာရှင်ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ ချစ်သည့်အပြင် ကျွန်ုပ်တို့အိမ်နီးချင်းများကိုလည်း ကိုယ်နှင့်အမျှချစ်သင့်သည်။ အမှန်ဆိုလျှင် ဘုရားသခင်အားချစ်သည့်မေတ္တာက လူသားချင်းကိုချစ်ဖို့ တာဝန်ရှိစေသည်။ တမန်တော်ယောဟန်က ဤသို့ရှင်းပြခဲ့သည်– “ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။” ထို့အပြင် သူကဤသို့အလေးအနက်ဖော်ပြခဲ့သည်– “တစ်စုံတစ်ယောက်သောသူက၊ ‘ငါသည် ဘုရားသခင်ကိုချစ်၏’ ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင်၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ်၏။ မိမိမြင်ရသောမိမိညီအစ်ကိုကိုမချစ်လျှင်၊ မမြင်သေးသောဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း။ ဘုရားသခင်ကိုချစ်သောသူသည် မိမိညီအစ်ကိုကိုချစ်ရမည်ဟူသောပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ၌ခံရကြပြီ။”—၁ ယောဟန် ၄:၁၁၊ ၂၀၊ ၂၁။
သမ္မာကျမ်းစာကြိုပြောထားသည့်အတိုင်း လူအများစုသည် ငါသာပဓာနသဘောထားကိုတင်ပြကြရာ “ကိုယ်ကိုကိုယ်ချစ်သောသူ” များသည့်ကမ္ဘာတွင် ယနေ့ ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ (၂ တိမောသေ ၃:၂) ထို့ကြောင့် မေတ္တာ၏ထူးကဲကောင်းမွန်သောလမ်းစဉ်ကို ကျွန်ုပ်တို့သင်ယူလိုလျှင် လူအများလိုက်ကြသည့် တစ်ကိုယ်ကောင်းလမ်းစဉ်ကိုလိုက်မည့်အစား စိတ်ကိုပြောင်းလဲကာ မေတ္တာရှိဖန်ဆင်းရှင်အားတုပဖို့ ကြိုးစားအားထုတ်ရမည်။ (ရောမ ၁၂:၂; ဧဖက် ၅:၁) ဘုရားသခင်သည် “ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသူတို့” ကိုပင် “ကျေးဇူးပြုတော်မူ” ပြီး “ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အတွက် ဤမျှပြောင်မြောက်သောစံနမူနာကို ချမှတ်ထားသောကြောင့် အားလုံးကိုကြင်နာ၍ ကူညီပေးဖို့ ကြိုးစားသင့်သည်။ ထိုသို့ပြုခြင်းဖြင့် ‘မေတ္တာရှင်ကောင်းကင်ခမည်းတော်၏ သားများ’ ဖြစ်ကြောင်း ကျွန်ုပ်တို့သက်သေထူနိုင်မည်။—လုကာ ၆:၃၅; မဿဲ ၅:၄၅။
တစ်ခါတစ်ရံ ယင်းသို့သောမေတ္တာပါသည့်လုပ်ရပ်များသည် စစ်မှန်သောဘုရားသခင်ကိုဝတ်ပြုသူများဖြစ်လာဖို့ လူတို့ကိုကူညီပေးရာ၌ အကျိုးဖြစ်ထွန်းသည်။ နှစ်အနည်းငယ်အကြာက ယေဟောဝါသက်သေအိမ်ထောင်ရှင်မတစ်ဦးသည် သူ၏အိမ်နီးချင်းအား ကျမ်းစာသတင်းဝေမျှဖို့ကြိုးစားခဲ့သော်လည်း ပစ်ပစ်ခါခါငြင်းပယ်ခံခဲ့ရသည်။ သို့ရာတွင် တုံ့ပြန်မှုကြောင့် သူစိတ်ဓာတ်မကျခဲ့ပါ။ ယင်းအစား အိမ်နီးချင်းကို ဆက်၍ကြင်နာမှုပြကာ အကူအညီပေးဖို့ကြိုးစားခဲ့သည်။ တစ်ကြိမ်တွင် သူ၏အိမ်နီးချင်းအိမ်ပြောင်းရွှေ့ရာတွင် ကူညီပေးခဲ့သည်။ နောက်တစ်ကြိမ်တွင် ထိုအိမ်နီးချင်း၏ဆွေမျိုးများကို လေဆိပ်၌သွားကြိုရန် အိမ်နီးချင်းနှင့်အဖော်တစ်ဦးလိုက်သွားဖို့ စီစဉ်ပေးခဲ့သည်။ မကြာမီ ထိုအိမ်နီးချင်းသည် ကျမ်းစာသင်အံမှုကိုလက်ခံခဲ့ပြီး လင်ယောက်ျားက အလွန်ပြင်းထန်စွာအတိုက်အခံပြုသည့်ကြားမှ နောက်ဆုံးတွင် ဇွဲရှိသောခရစ်ယာန်တစ်ဦးဖြစ်လာလေသည်။ မှန်ပါသည်၊ မေတ္တာပါသောထိုလုပ်ရပ်များက ထာဝရကောင်းချီးများရဖို့အတွက် အုတ်မြစ်ချပေးရာရောက်ခဲ့သည်။
အမှန်အတိုင်းဝန်ခံရလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်မေတ္တာရှိခြင်းမှာ ကျွန်ုပ်တို့၌ချီးမွမ်းဖွယ်အရည်အချင်း များလှ၍မဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် ကျွန်ုပ်တို့၌အပြစ်အနာအဆာများနှင့် ချွတ်ယွင်းချက်များစွာရှိလျက်ပင် ချစ်တော်မူခြင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် ကျွန်ုပ်တို့လည်း ထိုနည်းထပ်တူ လူသားချင်းတို့၌ ချွတ်ယွင်းမှုများရှိလျက်ပင် သူတို့ကိုချစ်ဖို့သင်ယူသင့်သည်။ အခြားသူတို့၏ အပြစ်အနာအဆာများကို ရှာကြည့်နေမည့်အစား သူတို့၏ကောင်းသောအရည်အချင်းများကို သိမြင်၍တန်ဖိုးထားတတ်ဖို့ မိမိကိုယ်ကိုလေ့ကျင့်ပေးမည်ဆိုလျှင် သူတို့ကိုချစ်ဖို့လွယ်ကူလာကြောင်း တွေ့ရလိမ့်မည်။ ထိုအခါ သူတို့အပေါ်ထားသည့်မေတ္တာသည် မူကြောင့်ချစ်ခြင်းထက်ပင် သာလွန်သွားနိုင်ပြီး ရင်းနှီးသောမိတ်ဆွေများအချင်းချင်းရှိ နွေးထွေးသည့်ချစ်ခင်ကြင်နာမှုပင် ပါဝင်ပေမည်။
သင့်မေတ္တာကိုတိုးပွားစေပါ
ချစ်ခြင်းနှင့်ခင်မင်ရင်းနှီးမှုကို ပြုစုပျိုးထောင်ပေးဖို့လို၍ ထိုသို့ပြုရန် မရှိမဖြစ်လိုအပ်သည်မှာ စိတ်ရင်းမှန်ခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းတို့ဖြစ်သည်။ အချို့က သူတို့မိတ်ဖွဲ့လိုသူတို့၏ မျက်နှာသာရဖို့အတွက် မိမိတို့၏အားနည်းချက်များကိုဖုံးဝှက်ဖို့ကြိုးစားကြသည်။ သို့ရာတွင် ထိုသို့ပြုလုပ်ခြင်းသည် ထင်သလိုမဖြစ်လာတတ်ပါ။ အကြောင်းမှာ တဖြည်းဖြည်းနှင့် အဖြစ်မှန်ပေါ်လာသည့်အခါ ထိုမရိုးသားမှုကို လူတို့ရွံမုန်းကြလိမ့်မည်။ ထို့ကြောင့် နိုင်နင်းရန်ကြိုးစားနေသော အားနည်းချက်များ ကျွန်ုပ်တို့တွင်ရှိသည့်တိုင် မိမိအရှိအတိုင်းလူတို့ကိုသိမြင်စေဖို့ မကြောက်သင့်ပါ။ ယင်းက သူတို့နှင့်မိတ်ဆွေဖြစ်ဖို့ ထောက်ကူပေမည်။
သာဓကအနေနှင့်၊ အရှေ့အစွန်အဖျား၌ရှိသော အသင်းတော်တစ်ခုမှ သက်ကြီးရွယ်အိုသက်သေခံညီအစ်မတစ်ဦးသည် ပညာမတတ်ပါ။ သို့တိုင် ယင်းကိုဖုံးကွယ်ဖို့ တစ်ခါမျှမကြိုးစားခဲ့ချေ။ ဥပမာ၊ ၁၉၁၄ ခုနှစ်တွင် တစ်ပါးအမျိုးသားကာလကုန်ဆုံးသည်ကို အခြားသူတို့အား ကျမ်းစာပရောဖက်ပြုချက်များနှင့်သမိုင်းဖြင့် သက်သေမထူပြနိုင်ကြောင်း သူက ပွင့်ပွင့်လင်းလင်းဝန်ခံခဲ့သည်။a သို့ရာတွင် အမှုဆောင်ခြင်းတွင်ဇွဲရှိခြင်း၊ ညီအစ်ကိုများကိုမေတ္တာရှိ၍ ရက်ရောခြင်းတို့၌ အလွန်ပုံသက်သေကောင်းသောကြောင့် အသင်းတော်၏အဖိုးတန်ရတနာဟု သူ့ကို ချစ်စနိုးခေါ်ခဲ့ကြသည်။
အချို့သောယဉ်ကျေးမှုများတွင် ချစ်ခင်ကြင်နာကြောင်း ပွင့်ပွင့်လင်းလင်းတင်ပြခြင်းကို နှာခေါင်းရှုံ့တတ်ကြသည်; အခြားသူများနှင့်ဆက်ဆံရာတွင် ယဉ်ကျေးသည့်ထုံးစံကိုပြသရန် သင်ကြားခံရကြသည်။ ရည်ရည်မွန်မွန်ရှိပြီး စာနာထောက်ထားဖို့အမြဲကောင်းသော်လည်း ယဉ်ကျေးသိမ်မွေ့မှုကြောင့် ကျွန်ုပ်တို့၏ခံစားချက်ကို မျိုသိပ်ထားခြင်း သို့မဟုတ် မဖော်ပြဘဲနေခြင်း မပြုသင့်ပါ။ ယေဟောဝါသည် မိမိရွေးချယ်ထားသော လူမျိုးတော် ဣသရေလလူမျိုးအား “အကယ်စင်စစ် ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏” ဟုဆိုကာ သူ၏ချစ်ခင်ကြင်နာမှုကိုဖော်ပြဖို့ မရှက်ခဲ့ပါ။ (ယေရမိ ၃၁:၃) အလားတူ တမန်တော်ပေါလုသည် သက်သာလောနိတ်မြို့ရှိ ယုံကြည်သူချင်းများကိုဤသို့ဆိုခဲ့သည်– “သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကိုချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက ကိုယ်အသက်ကိုပင်ပေးချင်သော စေတနာစိတ်ရှိကြ၏။” (၁ သက်သာလောနိတ် ၂:၈) ထို့ကြောင့် လူသားချင်းတို့ကို အမှန်ချစ်ခင်ကြင်နာတတ်ဖို့ ကြိုးစားကြရာတွင် ခံစားချက်များကို မျိုသိပ်ထားမည့်အစား ပင်ကိုအတိုင်းဖော်ပြခြင်းသည် ကျမ်းစာသွန်သင်ချက်နှင့်ပိုကိုက်ညီသည်။
ဆက်လက်ကြိုးပမ်းဖို့လိုအပ်
အခြားသူများကိုမေတ္တာရှိ၍ ၎င်းကိုပြသဖို့သင်ယူခြင်းသည် အစဉ်အမြဲပြုရမည့်အလုပ်ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် အလွန်ကြိုးစားဖို့လိုသည်။ အကြောင်းမှာ ကိုယ်တိုင်၏မစုံလင်မှုများကို နိုင်နင်းရန်နှင့် မေတ္တာမဲ့သောဤလောက၏ ပြင်းထန်သောသြဇာကိုလည်း တွန်းလှန်ဖို့ ကြိုးစားကြရသောကြောင့်ဖြစ်သည်။ သို့သော် ဤသို့ပြုခြင်းမှရရှိသော ကြွယ်ဝသည့်ကောင်းချီးများက တကယ်ပြုလုပ်ရကျိုးနပ်စေသည်။—မဿဲ ၂၄:၁၂။
မစုံလင်သောဤလောကတွင်ပင် ကျွန်ုပ်တို့သည် လူသားချင်းတို့နှင့်ဆက်ဆံရေးတိုးတက်နိုင်ပြီး ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများကို ပျော်ရွှင်မှု၊ ငြိမ်သက်မှုနှင့် ကျေနပ်မှုတို့ကိုရစေနိုင်သည်။ ဤသို့ကြိုးပမ်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်ထိုက်သူများဖြစ်ကြောင်း သက်သေထူနိုင်ကြသည်။ အရေးအကြီးဆုံးကား၊ မေတ္တာ၏ထူးကဲကောင်းမွန်သောလမ်းစဉ်ကို သင်ယူကြခြင်းဖြင့် ယခုရော ထာဝစဉ်ပါ မေတ္တာရှိသောဖန်ဆင်းရှင်၏ မျက်နှာသာနှင့်ကောင်းချီးများကို ရရှိနိုင်ကြပေမည်!
[အောက်ခြေမှတ်ချက်များ]
a အသေးစိတ်ကို ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၁၃၂-၅ ရှု။
[စာမျက်နှာ ၁၀ ပါ ပုံစာ]
ကြင်နာသည့်လုပ်ရပ်များဖြင့်ခရစ်ယာန်မေတ္တာပြသနိုင်
[Picture Credit Line on page 8]
UN PHOTO 186226/M. Grafman