ကင်းမျှော်စင်ပညာရေးဌာနကိုဆက်ကပ်အပ်နှံခြင်း—ယေဟောဝါအဖို့ပွဲခံခြင်း
ရှေးခေတ်ကတည်းကပင် ပျော်ရွှင်ဖွယ်ရာပွဲတော်များသည် မှန်သောဝတ်ပြုရေး၏တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့သည်။ ရှေးဣသရေလနိုင်ငံတွင် ကျင်းပခဲ့သောပွဲတော်အချို့မှာ ရက်ချီကြာပြီး ယေဟောဝါအားဝတ်ပြုကြသူ ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ ရှောလမုန်၏ဗိမာန်တော်ဖွင့်ပွဲသည် ခုနစ်ရက်ကြာပြီး ၎င်းနောက် တစ်ပတ်တာကြာသည့်သကေနေပွဲကို ဆက်ခံခဲ့သည်။ ယင်းက ဣသရေလလူတို့နှင့် ယေဟောဝါဆက်ဆံခဲ့သည့် အံ့ဖွယ်နည်းများကို သူတို့ပြန်ပြောင်းသုံးသပ်ခွင့်ရစေသည်။ ထို့နောက်သူတို့သည် “ထာဝရဘုရား . . . ပြုတော်မူသမျှသောကျေးဇူးတော်ကြောင့်၊ ဝမ်းမြောက်ရွှင်လန်းလျက်” အိမ်သို့ပြန်သွားကြ၏။—၃ ဓမ္မရာဇဝင် ၈:၆၆။
၁၉၉၉၊ မေ ၁၇-၂၂ တွင်၊ ယူ.အက်စ်.အေ. နယူးယောက်မြို့၊ ပက်တာစင်ရှိ ကင်းမျှော်စင်ပညာရေးဌာန၌ အဖြစ်အပျက်က ဝမ်းမြောက်ဖွယ်ကောင်းသော ရှေးခေတ်ထိုပွဲတော်များကို ဧည့်သည်များအားပြန်သတိရစေခဲ့သည်။ ယင်းကား ကမ္ဘာချီကျမ်းစာပညာရေးလုပ်ငန်းကို တိုးမြှင့်ရန်ရည်ရွယ်သည့် အဆောက်အဦ ၂၈ ခုကို အပ်နှံခြင်းပေါ်အာရုံစူးစိုက်စေသည့် တစ်ပတ်ကြာအထူးလုပ်ဆောင်မှုဖြစ်သည်။ ထိုအမှတ်ရဖွယ်အပတ်အတွင်း ဘရွတ်ကလင်၊ ဝေါလ်ကီးလ်နှင့်ပက်တာစင်ရှိ ဌာနချုပ်အမှုထမ်းအဖွဲ့ဝင် ၅,၄၀၀ တို့သည် ပက်တာစင်အဆောက်အဦများကို ကျယ်ကျယ်ပြန့်ပြန့်လှည့်လည်ကြည့်ရှုရန် အစီအစဉ်များပြုလုပ်ခဲ့သည်။ ဧည့်သည်စုစုပေါင်းအနည်းဆုံး ၈,၁၀၀ တွင် ပညာရေးဌာနဆောက်လုပ်စဉ် ပါဝင်ခဲ့ကြသော ယခင်အဖွဲ့ဝင်လုပ်သား ၅၀၀ ကျော်၊ ကင်းမျှော်စင်အသင်းဌာနခွဲ ၂၃ ခုမှကိုယ်စားလှယ်များနှင့် အနီးတစ်ဝိုက်ရှိအသင်းတော်များမှ အခြားသူတို့ပါဝင်သည်။
လှည့်လည်ပြသမှုများက ပညာပေး
ပညာပေးဌာနကို ဧည့်သည်များအကျွမ်းတဝင်ရှိစေရန် အထူးပြသမှုများ၊ ပညာပေးဗီဒီယိုတင်ဆက်မှုများနှင့် ကိုယ်တိုင်လှည့်လည်ကြည့်ရှုမှုများကို စီစဉ်ပေးခဲ့သည်။ ဧည့်ခန်းမကြီးတွင် ယေရှုမြေကြီးပေါ်အမှုဆောင်ချိန်အတွင်း ယေရုရှလင်မြို့၌တည်ရှိခဲ့သော ဗိမာန်တော်ပုံတူတစ်ခုက ဧည့်သည်များကို ချက်ချင်းအာရုံဆွဲဆောင်ခဲ့သည်။ အခြားပြသမှုများက ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ အစောပိုင်းသမိုင်း၊ သမိုင်းဝင်စည်းဝေးကြီးများ၊ အသင်းတော်အစည်းအဝေးများ၊ ယခုအခါ အပတ်စဉ် သန်းပေါင်းများစွာကျင်းပနေကြသော မျက်မှောက်ခေတ် အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ် တိုးတက်လာပုံနှင့် ယေရှု၏မိန့်မှာချက်ကိုနာခံလျက် ၎င်းလုပ်ဆောင်မှုများအတွက် လမ်းပွင့်နေဖို့ တရားရေးဌာန၏ဆောင်ရွက်ချက်များကို ပေါ်လွင်စေသည်။—မဿဲ ၂၈:၁၉၊ ၂၀။
အပ်နှံပွဲအတွင်း လှည့်လည်ကြည့်ရှုသူတို့သည် ထိုင်ခုံ ၁,၇၀၀ ကောင်းကောင်းဆံ့သည့် ကပ်လျက်ရှိသောခန်းမတွင် “အာဏာတန်ခိုးအားဖြင့်မဟုတ်—ငါ့ဝိညာဉ်အားဖြင့်ဖြစ်၏!” အမည်ရှိ ၃၃ မိနစ်ကြာသော ဗီဒီယိုတင်ဆက်မှုကိုရှုစားခဲ့ကြရသည်။ ဤဗီဒီယိုက ကင်းမျှော်စင်ပညာရေးဌာန မည်သို့ဖြစ်ပေါ်လာကြောင်း တင်ပြသည်။ ဤ ၁၅ နှစ်ကြာစီမံကိန်းကို အောင်မြင်စွာအပြီးသတ်နိုင်ရန် ကြိုးပမ်းမှုများအပေါ် ယေဟောဝါ၏လမ်းညွှန်မှုနှင့် ကောင်းချီးများကို ခံစားခဲ့ကြရကြောင်း ရှင်းလင်းစွာဖော်ပြသည့်ဖြစ်ရပ်များကို လူတွေ့မေးမြန်းခန်းများက ဖော်ပြသည်။ ဆောက်လုပ်ရေးတွင် ထောင်ပေါင်းများစွာ ပါဝင်ကြသည်။ ၁၉၉၄ ခုနှစ်တွင် လုပ်ငန်းခွင်၌ အချိန်ပြည့်စေတနာ့ဝန်ထမ်း ၃၅၀၊ ယာယီလုပ်သား ၁၁၃ ဦးနှင့် နေ့စဉ်ပြင်ပမှလာရောက်ကူညီပေးသူ ၆၃ ဦးအပါအဝင် လုပ်သား ၅၂၆ ဦးရှိခဲ့သည်။ များစွာသောသူတို့မူ အလှူငွေဖြင့်ထောက်ကူပေးခဲ့ကြသည်။ သူတို့အားလုံးက ထိုစီမံကိန်းသည် ယေဟောဝါ၏ဝိညာဉ်တော်မပါဘဲ အဘယ်နည်းဖြင့်မျှ ဖြစ်နိုင်မည်မဟုတ်ကြောင်း သိရှိကြသည်။—ဇာခရိ ၄:၆။
ပညာရေးဌာန၏လုပ်ငန်းသည် အဓိကအားဖြင့် မြင့်မြတ်သောသွန်သင်ခြင်းကို မြှင့်တင်ခြင်းဖြစ်ကြောင်း လှည့်လည်ကြည့်ရှုသူများ တွေ့မြင်နိုင်ကြသည်။ ကျောင်းအဆောက်အဦ၏ပထမထပ်ရှိ ဂိလဒ်ကျောင်းအဝင်ပေါက်တွင် ကျောင်း၏ကြွယ်ဝသောဝိညာဉ်ရေးရာအမွေနှင့် သမိုင်းကြောင်းကို ထင်ရှားစွာဖော်ပြထားသည်။ ဂိလဒ်ကျောင်းသည် နယူးယောက်၊ တောင်လဲန်စင်းရှိ ယင်း၏မူလကျောင်းဝင်းတွင် ပထမဆုံးသင်တန်းစခဲ့သည့် ၁၉၄၃ ကတည်းက [ခရစ်ယာန်]သာသနာပြုဖို့အတွက် ကျောင်းသား ၇,၀၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပြီ။ ကျောင်းအဆောက်အဦ၏ ဒုတိယအထပ်တွင် ဌာနခွဲကော်မတီဝင်များနှင့် နယ်လှည့်ကြီးကြပ်မှူးများအတွက် ကျောင်းသင်တန်းမြင်ကွင်းများကို ပြသထားသည်။ ၎င်းကိုစတင်ခဲ့သည့် ၁၉၉၅ နိုဝင်ဘာလမှစ၍ ဌာနခွဲကျောင်းသည် ၁၀၆ နိုင်ငံမှ ဌာနခွဲကော်မတီဝင် ၃၆၀ တို့ကို ထပ်ဆင့်ညွှန်ကြားချက်ပေးခဲ့ပြီ။
လှည့်လည်ကြည့်ရှုကြရာတွင် နေရာအများ၌ ရုပ်ပုံပြသမှုထက်မက တွေ့မြင်နိုင်ကြောင်း ဧည့်သည်များ ချက်ချင်းသဘောပေါက်လာကြသည်။ ဌာနအသီးသီးသို့ သူတို့ဝင်ရောက်ပြီး ရုံးခန်းများနှင့် အခြားအလုပ်ဌာနများကိုလည်ပတ်၍ ပြုလုပ်နေကြသည့်လုပ်ငန်းကို စေ့စေ့စပ်စပ်ကြည့်ရှုနိုင်ခဲ့သည်။ လှည့်လည်ကြည့်ရှုရာတွင် အထူးခြားဆုံးမှာ အသံ/ဗီဒီယိုလုပ်ငန်းအဆောက်အဦဖြစ်သည်။ ကျမ်းစာပညာပေးခြင်းကို မြှင့်တင်ရန် တကယ်ကောင်းသည့် အကူအညီအထောက်အပံ့ပစ္စည်းများကို ထိုတွင် အသုံးပြုနေသည်တကား! မှတ်သားဖွယ်အကြောင်းစုံပြသမှုများနှင့် ဗီဒီယိုအပိုင်းတိုစီးရီးများအားဖြင့် မည်သို့အသံသွင်းပြီး ဗီဒီယိုများကို မည်သို့ပြင်ဆင်ကြောင်း ဧည့်သည်များကိုနားလည်စေခဲ့သည်။ ဇာတ်ကွက်အဆင်အယင်ပစ္စည်းများနှင့် အဝတ်အစားများပြင်ဆင်မှုအတွက် သုတေသနမည်မျှပြုခဲ့ကြရကြောင်းကို သူတို့သိရှိခဲ့ကြသည်။ ဇာတ်စင်များကို အကုန်အကျအနည်းငယ်ဖြင့်သာ ပြင်ဆင်သော်လည်း အသေးစိတ်အချက်အလက်များကို မည်သို့အထူးဂရုပြုဆင်ယင်ကြသည်ကို သူတို့တွေ့ခဲ့ကြရသည်။ ရှုစားနေကြသည့် မြင်ကွင်းထဲ တကယ်ရောက်နေသည်ဟု လူတို့ခံစားစေရန် တေးဂီတကို မည်သို့အသုံးပြုကြောင်း သူတို့တွေ့မြင်ခဲ့ကြရသည်။ ၁၉၉၀ ကတည်းက အသင်းမသည် ကျမ်းစာ အကြောင်းအရာအမျိုးမျိုးကို အသားပေးသော ဗီဒီယိုခွေဆယ်ခွေကို ၄၁ ဘာသာဖြင့် ထုတ်ဝေခဲ့သည့်အပြင် အမေရိကန်လက်ဟန်ခြေဟန်စကားအသုံးပြုသူတို့အတွက် အခြားဗီဒီယိုခွေများကိုပါ ထုတ်ဝေခဲ့သည်။
လည်ပတ်ကြည့်ရှုသူ များစွာတို့သည် ကွန်ပျူတာသင်တန်းနှင့် ပံ့ပိုးမှုပေးသည့် ဓာတ်ပုံခန်း၊ ပန်းချီဌာန၊ သတင်းဌာန၊ အသင်းတော် ၁၁,၂၄၂ ခုနှင့် နယ်လှည့်ကြီးကြပ်မှူး ၅၇၂ ဦးတို့၏လုပ်ဆောင်မှုကို ကြီးကြပ်ပေးသည့် ဝန်ဆောင်ဌာနနှင့် နှစ်စဉ်မေးမြန်းစာ ၁၄,၀၀၀ ခန့်ကိုဖြေဆိုရသည့် စာပေးစာယူဌာနများသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထိုစာများကိုမပို့မီ စေ့စေ့စပ်စပ်ရှာဖွေလေ့လာ ဖြေဆိုကြရသည့်အပြင် ကြီးလေးသောပြဿနာများကို ဖြေရှင်းဖို့ကြိုးစားနေကြကြောင်းထင်ရှားသည့် စာရေးမေးမြန်းသူတို့၏အကျိုးကို အမှန်တကယ်လိုလားကြောင်းတွေ့မြင်ခဲ့ကြရ၍ သူတို့စွဲမှတ်သွားကြသည်။
လှည့်လည်ကြည့်ရှုကြသူတသီတတန်းကြီးသည် ဘာသာပြန်ဝန်ဆောင်ဌာနကို လည်ပတ်ကြည့်ရှုခဲ့ကြသည်။ လွန်ခဲ့သောငါးနှစ်အတွင်း အသင်းမထုတ်ဝေသည့် ကျမ်းစာစာပေ ၁၀၂ ဘာသာထပ်တိုးလာကြောင်းသိကြရသည့်အတွက် သူတို့အံ့အားသင့်ခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေ ၈၀ ရာခိုင်နှုန်းခန့်သည် အသင်းမစာပေများကို အင်္ဂလိပ်ဘာသာစကားမဟုတ်ဘဲ အခြားဘာသာစကားများဖြင့်ဖတ်ရှုကြသည်။ သူတို့၏လိုအပ်ရာကိုဖြည့်ဆည်းပေးရန် စေတနာ့ဝန်ထမ်း ၁,၇၀၀ ကျော်တို့သည် နိုင်ငံ ၁၀၀ တွင်ဘာသာပြန်နယ်ပယ်၌ အမှုထမ်းနေကြသည်။ အမေရိကန်၊ ဥရောပ၊ အာရှနှင့် အာဖရိကဘာသာစကားများဖြင့် ကင်းမျှော်စင် ကိုပြသထားသည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုထုတ်ဝေပြီးသည့် ၃၁ ဘာသာဖြင့်ကျမ်းစာများကို ဧည့်သည်များတွေ့မြင်ခဲ့သည်။ ယခုအခါ ကင်းမျှော်စင်စာပေများကို ၃၃၂ ဘာသာဖြင့်ရရှိနိုင်ပြီး ကျွန်ုပ်တို့ထံမှဘုရားသခင်အဘယ်အရာ တောင်းဆိုတော်မူသနည်းဘရိုရှာကို ၂၁၉ ဘာသာဖြင့်ထုတ်ဝေပြီးကြောင်း သူတို့သိခဲ့ကြရသည်။
တရားရေးဌာနသို့ လည်ပတ်ကြည့်ရှုသူတို့သည် တရားရေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းတွင် အာရုံစိုက်ရသောနယ်ပယ်အသီးသီးကို တွေ့မြင်ခဲ့ကြရသည်။ ဗီဒီယိုတစ်ခွေတွင် သက်သေခံရှေ့နေတစ်ဦးက သွေးသွင်းခြင်းနှင့်ပတ်သက်သောအမှုတစ်ခု၌ တကယ့်တရားရုံးတွင် လျှောက်လဲတင်ပြနေသည့်မြင်ကွင်းကို သူတို့တွေ့ခဲ့ကြရသည်။ လူသိရှင်ကြား သတင်းကောင်းဟောပြောဖို့ လမ်းပွင့်နေစေရန် အဘယ်အရာများပြုခဲ့ရကြောင်းကိုလည်း သူတို့သိရှိခဲ့ကြရသည်။ (ဖိလိပ္ပိ ၁:၇) ယူ.အက်စ်.အေ. နယူးဂျာစီ၊ အိုရယ်ဒဲလ်ရပ်ကွက်တွင် တစ်အိမ်မှတစ်အိမ် အမှုဆောင်လိုသူ ယေဟောဝါသက်သေများမှာ ခွင့်ပြုချက်နှင့် တံဆိပ်ရင်ထိုးရှိရန်လိုသည်ဟူသော ထိုရပ်ကွက်၏ဥပဒေကိုပြုပြင်ပြောင်းလဲရန် ဤနှစ် မတ်လတွင် ပြည်နယ်တရားရေးလွှတ်တော်ရုံးချုပ်မှ ချမှတ်စီရင်ခဲ့ခြင်းကို သူတို့အားအာရုံစိုက်စေခဲ့သည်။
ဧည့်သည်များတွေ့မြင်ရာများမှာ ဤမျှသာမဟုတ်ပါ။ အခြားဌာနများအပြင် ကွန်ကရစ်တုံးအလုပ်ရုံရှိ ဆောက်လုပ်ရေးပြသမှုများကို သူတို့လေ့လာကြည့်ရှုခဲ့ကြပြီး ရေဆိုးကိုပြန်လည်သန့်စင်စေသည့်အဆောက်အဦများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေသွက်ဖြစ်စေသည့်အဆောက်အဦနှင့် ပြုပြင်ထိန်းသိမ်းရေးဌာနအသီးသီးကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ယင်းကား တစ်သက်တွင်တစ်ခါသာရသည့်အခွင့်ထူးဖြစ်သည်။
အပ်နှံပွဲအစီအစဉ်ကမြင့်မြတ်သောပညာရေးကို အလေးပေးဖော်ပြ
တကယ့်အပ်နှံပွဲအစီအစဉ်ကို မေ ၁၉၊ ဗုဒ္ဓဟူးနေ့ညနေ ၄:၀၀ နာရီ၌စတင်ကျင်းပခဲ့သည်။ ပျော်ရွှင်သည့်လူအုပ် ၆,၉၂၉ ဦးတွင် ဌာနချုပ်အမှုထမ်းအဖွဲ့ဝင်များ၊ အသင်းမဧည့်သည်များနှင့် အီလက်ထရွန်နစ်စနစ်ဖြင့် ဆက်သွယ်ထားသည့် ကနေဒါဌာနခွဲမှ ၃၇၂ ဦးပါဝင်သည်။
ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌ မီလ်တင် ဂျီ. ဟင်ရှယ်လ်၏ လှိုက်လှဲသောကြိုဆိုစကားသည် ပရိသတ်အတွက်အမှန်နှစ်သက်စရာဖြစ်ခဲ့သည်။ ထို့နောက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အခမ်းအနားသဘာပတိ သီအိုဒေါရ်ဂျဲရက်စ်က ဝီလျံ မဲလင်ဖန့်တ်ကိုမိတ်ဆက်ပေးသည်။ “ဆောက်လုပ်ရေးအစီအစဉ်၏ပေါ်လွင်ချက်များ” ကိုတင်ဆက်ရာ၌ သူသည် ကင်းမျှော်စင်ပညာရေးဌာန တိုးတက်လာသည့်အခြေအနေ၊ ဒီဇိုင်းနှင့် ဆောက်လုပ်ရေးတွင် အရေးကြီးကဏ္ဍများမှပါဝင်ခဲ့ကြသူ ညီအစ်ကိုသုံးဦးကို လူတွေ့မေးမြန်းခဲ့သည်။ ဆောက်လုပ်စဉ်နှစ်များအတွင်း ထိုစီမံကိန်း၌ပါဝင်ရန် မိမိတို့ကိုယ်ပိုင်စရိတ်ဖြင့်လာရောက်ကူညီသူ ယာယီလုပ်သား ၈,၇၀၀ ကျော်ရှိခဲ့ကြောင်း လူတွေ့မေးမြန်းခန်းများ၌ဖော်ပြခဲ့သည်။ မြင့်မြတ်သောသွန်သင်ခြင်းကြောင့် ဖြစ်ပေါ်လာသော စည်းလုံးမှုနှင့်ရက်ရောမှုကိုထင်ရှားစေသည့် တကယ်ကောင်းသောသာဓကပါတကား!
ထို့နောက် “ကမ္ဘာချီအတိုင်းအတာဖြင့် မြင့်မြတ်သောပညာရေး” အမည်ရှိအခန်းဆက်ဟောပြောချက်ကိုကြားခဲ့ကြရသည်။ ၎င်းကို အုပ်ချုပ်ရေးအဖွဲ့ဝင်လေးဦးက ဟောပြောသည်။ ဂျွန် အီး. ဘားရ်က မြင့်မြတ်သောပညာရေးသည် “ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်းရှိ” ရန်ခရစ်ယာန်များအား တိုက်တွန်းသည့် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာတွင်အခြေပြုကြောင်း အလေးပေးဖော်ပြခဲ့သည်။ (ကောလောသဲ ၁:၁၁) ဒယ်နီယယ် ဆစ်ဒလစ်ခ်က မြင့်မြတ်သောပညာရေးသည် ခရစ်ယာန်အသင်းတော်၏ဦးခေါင်း ယေရှုခရစ်မှ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဝင်သူတိုင်းအထိ သီအိုကရက်တစ်နည်းလမ်းအရ ဖွဲ့စည်းထားပုံကို ဆွေးနွေးတင်ပြခဲ့သည်။ (၁ ကောရိန္သု ၁၂:၁၂-၂၇) ဂဲရစ်လော့ရှ်နှင့် ကယ်ရီဘာဘာတို့တင်ပြခဲ့ကြသော နောက်ဆုံးအခန်းဆက်ဟောပြောချက်နှစ်ခုက မြင့်မြတ်သောပညာရေးသည် အမှုဆောင်များကို အရပ်ရပ်ရှိလူတို့ထံရောက်ရှိစေပြီး ဘုရားသခင့်လမ်းခရီးတော်၌ သူတို့ပါလျှောက်လှမ်းနိုင်စေရန် သွန်သင်ပေးဖို့ အရည်အချင်းရှိစေကြောင်းတင်ပြသည်။—ဟေရှာယ ၂:၁-၄; ၂ ကောရိန္သု ၃:၅။
ဤပညာရေးဌာနရှိ ကျောင်းအသီးသီးကို ပရိသတ်အကျွမ်းတဝင်ဖြစ်ဖို့ နည်းပြဆရာများအပြင် လုပ်ငန်းစဉ်တွင်ပါဝင်ကြသူများကို ဖိတ်ခေါ်မေးမြန်း ဆွေးနွေးခဲ့သည်။ မြင့်မြတ်သောပညာပေးအစီအစဉ်ကို ကမ္ဘာချီအတိုင်းအတာဖြင့် ဆောင်ရွက်ရာတွင် ကျောင်းတစ်ခုစီပါဝင်သည့်ကဏ္ဍကိုဖော်ပြခဲ့သည်။ ဂိလဒ်ကျောင်းသည် ကျမ်းစာအစောင်တိုင်းကိုလေ့လာခြင်း၊ ယေဟောဝါလူမျိုးတော်၏ မျက်မှောက်ခေတ်သမိုင်းနှင့် သာသနာပြုလုပ်ငန်းအတွက် ပြင်ဆင်မှုများပေါ် အာရုံစူးစိုက်စေကြောင်းဖော်ပြခဲ့သည်။ ဌာနခွဲကျောင်းသည် ဌာနခွဲကော်မတီဝင်များ လုပ်ဆောင်ကြရသည့်ကဏ္ဍများစွာကို အံ့ဖွယ်ကောင်းလောက်အောင် သဘောပေါက်စေသည့် သင်တန်းတစ်ခုဖြစ်သည်။ နယ်လှည့်ကြီးကြပ်မှူးများအတွက် သင်တန်းကျောင်းကိုမူ နယ်လှည့်ညီအစ်ကိုများ၏လိုအပ်ရာများကို ဖြည့်ဆည်းပေးဖို့သာမက အသင်းတော်များကို အထူးအကျိုးပြုမည့် ဝိညာဉ်ရေးရာအကူအညီများပေးရန် သူတို့ကိုပြင်ဆင်ပေးဖို့အတွက် စီစဉ်ထားခြင်းဖြစ်သည်။
နှစ်လိုဖွယ်အစီအစဉ်ကိုနိဂုံးချုပ်ရန် အုပ်ချုပ်ရေးအဖွဲ့ဝင် လွိုက်ဘယ်ရီက “ကျွန်ုပ်တို့၏ကြီးမြတ်သောဖန်ဆင်းရှင်နှင့်အတူဆောက်လုပ်ခြင်း” အကြောင်းဖြစ်သည့် အပ်နှံပွဲဟောပြောချက်ကိုပေးခဲ့သည်။ ဖန်ဆင်းရှင်ယေဟောဝါသည် မိမိ၏ဖန်ဆင်းရာအားလုံးကို နှစ်သက်တော်မူပြီး ကိုယ်တော်နှင့်အတူဝမ်းမြောက်ရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်ကြောင်း သူထောက်ပြခဲ့သည်။ (ဟေရှာယ ၆၅:၁၈) “အလုံးစုံတို့ကိုတည်ဆောက်သောသူကား၊ ဘုရားသခင်” ဖြစ်သောကြောင့် ဤအဆောက်အဦအတွက် အဓိကဂုဏ်တင်ခံထိုက်သူမှာ ယေဟောဝါဘုရားသခင်ဖြစ်သည်။ (ဟေဗြဲ ၃:၄) ထိုသို့ပြောဆိုပြီးနောက် ဟောပြောသူသည် ကင်းမျှော်စင်ပညာပေးဌာနကို ကျွန်ုပ်တို့၏ကြီးမြတ်သောဖန်ဆင်းရှင် ယေဟောဝါအားအပ်နှံရန် လှိုက်လှဲစွာဆုတောင်းခဲ့သည်။a
တက်ရောက်ခဲ့ကြသူများသည် ပွဲခံချိန်တစ်ပတ်လုံးကို အမှတ်တရဖြစ်ကြမည်မှာ သံသယရှိစရာမလိုပါ။ ကင်းမျှော်စင်ပညာရေးဌာနကို လည်ပတ်ကြည့်ရှုရန်စီစဉ်ပါ။ ထိုသို့လည်ပတ်ကြည့်ရှုခြင်းသည် ကျွန်ုပ်တို့၏မေတ္တာရှိသောဖန်ဆင်းရှင်အား ပိုမိုသိကျွမ်းရန်နှင့် ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများအတိုင်းနေထိုင်ရန် သင်ကြိုးစားရာတွင် တကယ်အားရှိစရာဖြစ်မည်မှာ သေချာသည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၉၊ ဇူလိုင် ၂ ရက်နေ့တွင် ညီအစ်ကိုဘယ်ရီသည် သူ၏မြေကြီးအသက်တာကို သစ္စာရှိစွာကုန်ဆုံးခဲ့သည်။ ၁၉၉၉၊ အောက်တိုဘာ ၁၊ ကင်းမျှော်စင်စာမျက်နှာ ၁၆ ရှု။
[စာမျက်နှာ ၁၀ ပါ ပုံစာ]
ပြည့်ကျပ်လျက်ရှိသောခန်းမနှင့် ထမင်းစားခန်းရှိပြည့်လျှံသောပရိသတ်
[စာမျက်နှာ ၁၀ ပါ ပုံစာ]
လှည့်လည်ကြည့်ရှုမှုများမှာအထူးပျော်ရွှင်ဖွယ်အစီအစဉ်တစ်ခုဖြစ်ခဲ့