အပေါကလစ်ကြောက်စိတ်အဘယ်ကြောင့်ရှိရသနည်း
“ခရစ်ယာန်ရှိရင်းစွဲဝါဒီများက လူ့အဖွဲ့အစည်း [တစ်နည်းနည်း] ပြိုကွဲတော့မည်ဟု ဆယ်စုနှစ်ချီ၍ ကြိုဟောလာခဲ့ပြီ” ဟုဘာသာရေးစာရေးဆရာ ဒေမီယန်သောမ်စင်က တိုင်းမ်မဂ္ဂဇင်း၌ဖော်ပြခဲ့သည်။ “ယခု ဤသူတို့အံ့သြကြသည်မှာ ၎င်းအဖြစ်အပျက်များကို တစ်ကြိမ်က သရော်ခဲ့ကြသူ ကွန်ပျူတာပရိုဂရမ်ရေးဆွဲသူများ၊ စီးပွားရေးခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများပင် အလေးအနက်ထားကြရုံမက သူတို့ကိုယ်တိုင်သတင်းဖြန့်နေကြခြင်းဖြစ်သည်။” သက္ကရာဇ် ၂၀၀၀ တွင် ကွန်ပျူတာချွတ်ယွင်းမှုဖြစ်မည်ဟု ကမ္ဘာချီစိုးရိမ်ကြောက်ရွံ့မှုကြောင့် “လူအစုအဝေးလိုက် အထိတ်တလန့်ဖြစ်မည့်၊ . . . အစာရေစာဆူပူမှုများဖြစ်မည့်၊ မိုးမျှော်တိုက်များကိုလေယာဉ်များဝင်တိုက်မည့်” ဘေးများကျရောက်မည်ဟု ကြောက်ရွံ့ခဲ့ကြသည့် “အနှစ်တစ်ထောင်သမားများဖြစ်မည်ဟု မထင်ရသူ လောကရေးသက်သက်သမားများသည် စိတ်ပြောင်းလဲလာကြောင်း” သူအခိုင်အမာပြောဆိုသည်။
“အပေါကလစ်” အဖွဲ့များဟုအခေါ်ခံရလေ့ရှိသော ဘာသာရေးအုပ်စုငယ်အသီးသီး၏ စိတ်အနှောင့်အယှက်ဖြစ်စရာ လုပ်ငန်းများကလည်း ထိုစိုးရိမ်ပူပန်မှုကို ထပ်ဆင့်တိုးပွားစေသည်။ ၁၉၉၉ ဇန်နဝါရီလတွင် “ယေရုရှလင်မြို့နှင့် အပေါကလစ်ဆိုင်ရာအချက်ပေးဥသြသံများ” အမည်ရှိဆောင်းပါး၌ ပြင်သစ်နေ့စဉ်သတင်းစာ လာဖေဂါရိုကဤသို့ဆိုသည်– “‘အနှစ်တစ်ထောင်သမား’ တစ်ရာကျော်တို့သည် သံလွင်တောင်ပေါ် သို့မဟုတ် သံလွင်တောင်အနီးတွင် ပါရိုစီယာ သို့မဟုတ် အပေါကလစ်ကိုစောင့်မျှော်လျက်ရှိကြောင်း [အစ္စရေး] လုံခြုံရေးအဖွဲ့ကခန့်မှန်းသည်။”
၁၉၉၈ ခုနှစ်ဗြိတဲန်နစ်ကာစွယ်စုံကျမ်းတွင် “ကမ္ဘာပျက်မည်ဆိုသောဂိုဏ်းများ” အကြောင်း ထူးခြားသည့်မှတ်တမ်းတစ်ခုပါရှိသည်။ ဖော်ပြထားသည့်ဂိုဏ်းများတွင် ကောင်းကင်တံခါး၊ ပြည်သူ့ဗိမာန်တော်၊ ဆိုလာဗိမာန်သာသနာ့ဘောင်နှင့် ၁၉၉၅ ခုတွင် တိုကျိုမြို့ရှိ မြေအောက်မီးရထားလမ်း၌ လူ ၁၂ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိစေခဲ့သော သေစေနိုင်သည့်အဆိပ်ဓာတ်ငွေ့နှင့် တိုက်ခိုက်ရန်စီစဉ်ခဲ့သည့် အုမ်ရှင်ရီကျို (ထိပ်တန်းအမှန်တရား) စသည့် သေကြောင်းကြံဂိုဏ်းများပါဝင်သည်။ ဤမှတ်တမ်းကိုအတိုချုပ်ဖော်ပြရာ၌ ရှီကာဂိုတက္ကသိုလ်မှ ဘာသာရေးပါမောက္ခ မာတင် အီး. မာတီကဤသို့ရေးသားခဲ့သည်– “သက္ကရာဇ် ၂၀၀၀ သို့ပြက္ခဒိန်စာမျက်နှာကိုလှန်လိုက်ခြင်းသည် လှုံ့ဆော်မှုဖြစ်ပြီး ပရောဖက်ပြုချက်နှင့် လှုပ်ရှားမှုအမျိုးမျိုးကို ကျိန်းသေလှုံ့ဆော်ပေးပေလိမ့်မည်။ အချို့မှာ အန္တရာယ်ပြုလာနိုင်သည်။ ထိုအချိန်သည် မိမိနှင့်မဆိုင်သလိုနေရန် မသင့်သည့်အချိန်ဖြစ်လိမ့်မည်။”
အပေါကလစ်ကြောက်စိတ်၏သမိုင်း
အပေါကလစ် သို့မဟုတ် ဗျာဒိတ်ကျမ်းသည် စီ.အီး. ပထမရာစုအဆုံးပိုင်း၌ ရေးသားခဲ့သော သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်၏အမည်ဖြစ်သည်။ ဤစာစောင်၏ပရောဖက်ပြုချက်ဆိုင်ရာသဘောနှင့် အဆင့်မြင့်ပုံဆောင်စကားတို့ကြောင့် “အပေါကလစ်ဆိုင်ရာ” ဟူသောနာမဝိသေသနကို ဗျာဒိတ်ကျမ်းစာစောင်ကိုမရေးမီ ကြာမြင့်စွာကတည်းက ရေးသားခဲ့သောစာပေတစ်မျိုးနှင့်ပတ်သက်၍ အသုံးပြုလာလေသည်။ ဤစာပေ၏ ဒဏ္ဍာရီဆိုင်ရာသင်္ကေတများဖြင့် ပုံဖော်ခြင်းသည် ရှေးခေတ်ပါးရှားနှင့် ထိုခေတ်မတိုင်မီကတည်းက စတင်ခဲ့သည်။ ထို့ကြောင့် ဂျူးစွယ်စုံကျမ်းက “ဤ [ဂျူးတို့၏ အပေါကလစ်ဆိုင်ရာ] စာပေတွင်ပါသော ဒဏ္ဍာရီနှင့်ဆိုင်သောအချက်အများစုမှာ ဗာဗုလုန်အမှတ်လက္ခဏာများ ထူးခြားစွာထင်ရှားကြောင်း” ဖော်ပြသည်။
ဂျူးအပေါကလစ်ဆိုင်ရာစာပေသည် ဘီ.စီ.အီး. ဒုတိယရာစု၏အစမှ စီ.အီး. ဒုတိယရာစုအကုန်ပိုင်းအထိ ပွားများခဲ့သည်။ ၎င်းတို့ကိုရေးသားရသည့်အကြောင်းရင်းကို ကျမ်းပညာရှင်တစ်ဦးက ဤသို့ရှင်းပြခဲ့သည်– “ဂျူးတို့သည် ခေတ်နှစ်ခေတ်အဖြစ် အချိန်ကိုခွဲခြားတင်ပြခဲ့ကြသည်။ လုံးဝဆိုးသွမ်းသော . . . ယခုလက်ရှိခေတ်ရှိ၏။ ထို့ကြောင့် ဂျူးများသည် အစီအစဉ်စနစ်၏အဆုံးကို စောင့်မျှော်ခဲ့ကြသည်။ လုံးဝကောင်းမွန်မည့် ငြိမ်သက်ခြင်း၊ သာယာဝပြောခြင်းနှင့် ဖြောင့်မတ်ခြင်း . . . တို့ရှိမည့် ဘုရားသခင်၏ရွှေခေတ်၊ ရောက်ရှိလာမည့်ခေတ်ရှိသည်။ ဤလက်ရှိခေတ်သည် ရောက်ရှိလာမည့်ခေတ် မည်သို့ဖြစ်လာနိုင်မည်နည်း။ လူ့အေဂျင်စီဖြင့် အဘယ်နည်းဖြင့်မျှ ပြောင်းလဲနိုင်မည်မဟုတ်ဟု ဂျူးတို့ယုံကြည်ကြသောကြောင့် ဘုရားသခင်တိုက်ရိုက်ကြားဝင်ဆောင်ရွက်ပေးရန် မျှော်လင့်ခဲ့ကြသည်။ . . . ဘုရားသခင်ကြွလာမည့်နေ့ကို သခင်အရှင်၏နေ့ ဟုခေါ်ဆိုကြပြီး ခေတ်သစ်မွေးဖွားခြင်းဝေဒနာဖြစ်မည့် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းနှင့်တရားစီရင်ရာအချိန်ဖြစ်ရလိမ့်မည်။ အပေါကလစ်ဆိုင်ရာစာပေအားလုံးသည် ဤအဖြစ်အပျက်များနှင့်သက်ဆိုင်သည်။”
အပေါကလစ်ကြောက်စိတ်သည်အကြောင်းခိုင်လုံပါသလော
ဗျာဒိတ်ကျမ်းက “တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး” သို့မဟုတ် အာမဂေဒုန်အကြောင်းပြော၏၊ ထိုအချိန်တွင် ဆိုးသွမ်းသူများ ဖျက်ဆီးခံရမည်ဖြစ်ပြီး အနှစ်တစ်ထောင်ကာလ (တစ်ခါတစ်ရံ အနှစ်တစ်ထောင်ဟုခေါ်) ရောက်လာမည်၊ ထိုအတောအတွင်း စာတန်သည် တွင်းနက်ကြီးထဲချပစ်ခံရ၍ ခရစ်တော်သည် လူသားတို့ကို တရားစီရင်တော်မူလိမ့်မည်ဖြစ်သည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၂၀:၁-၄) အလယ်ခေတ်တွင် . . . “စိန့်” ဩဂတ်စတင်းက အနှစ်တစ်ထောင်သည် ယေရှုမွေးဖွားချိန်၌စတင်ခဲ့၍ နောက်ဆုံးတရားစီရင်ခြင်း လိုက်လာမည်ဟုဖော်ပြခဲ့သောကြောင့် အချို့က ဤပရောဖက်ပြုချက်များကို နားလည်လွဲမှားခဲ့ကြသည်။ ဩဂတ်စတင်းသည် အချိန်အပိုင်းအခြားကို ထည့်မစဉ်းစားဟန်ရှိသော်လည်း အနှစ် ၁၀၀၀ နီးကပ်လာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုများလာလေသည်။ သမိုင်းပညာရှင်များသည် အလယ်ခေတ်၌ ဤအပေါကလစ်ကြောက်စိတ် အဘယ်အထိပျံ့နှံ့ခဲ့သည်နှင့်ပတ်သက်၍ သဘောကွဲလွဲခဲ့ကြသည်။ မည်မျှပင်ပျံ့နှံ့ခဲ့စေကာမူ အကြောင်းမခိုင်လုံကြောင်း အမှန်ထင်ရှားလာ၏။
အလားတူ ယနေ့လည်း သက္ကရာဇ် ၂၀၀၀ သို့မဟုတ် ၂၀၀၁ တွင် ကြောက်မက်ဖွယ်အပေါကလစ်ရောက်လာလိမ့်မည်ဟု ဘာသာရေးနှင့် လောကရေးအရ စိုးရိမ်ကြောက်ရွံ့မှုများရှိနေသည်။ သို့သော် ဤကြောက်ရွံ့မှုများသည် အကြောင်းခိုင်လုံပါသလော။ ဗျာဒိတ်ကျမ်း သို့မဟုတ် အပေါကလစ်၌ ပါသောသတင်းသည် ကြောက်လန့်စရာလော၊ သို့မဟုတ် စောင့်မျှော်စရာလော။ ကျေးဇူးပြု၍ဆက်ဖတ်ကြည့်ပါလေ။
[စာမျက်နှာ ပါ ပုံစာ4]
အလယ်ခေတ်မှ အပေါကလစ်ဆိုင်ရာ ကြောက်ရွံ့ မှုများသည်အကြောင်းမခိုင်လုံကြောင်းတွေ့ ရှိခဲ့ရ
[Credit Line]
© Cliché Bibliothèque Nationale de France, Paris
[Picture Credit Line on page 3]
Maya/Sipa Press