ဘုရားသခင့် ပရောဖက်ပြုချက် စကားတော်သည် အနာဂတ် မျှော်လင့်ချက်ပေး
ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သန့်ရှင်းသောသမ္မာကျမ်းစာကြောင့် စစ်မှန်သောခရစ်ယာန်များသည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ အပြုသဘောတို့ဖြင့် အနာဂတ်ကိုရှုမျှော်ကြသည်။ ယေဟောဝါဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးတွင် လုံခြုံစွာဖြင့် နက်ဖြန်နေ့ကို သူတို့စောင့်မျှော်ကြ၏။ “ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီး၏ အဖွင့်ဟောပြောချက်ကရှင်းပြသကဲ့သို့ ယေဟောဝါသက်သေများသည် ကျမ်းစာပရောဖက်ပြုချက်ကို နှစ်ချီ၍ စိတ်အားထက်သန်စွာ လေ့လာခဲ့ကြပြီ။ ထို့ကြောင့် ဤစည်းဝေးကြီးများတွင် ယေဟောဝါသည် မိမိ၏လူများအတွက် အဘယ်အရာကိုတင်ဆက်ရန် စီစဉ်ခဲ့သနည်း။ တက်ရောက်သူအားလုံးက ကျမ်းစာများအဆင်သင့်ကိုင်ထားကြ၍ သိလိုစိတ်ထက်သန်လျက်ရှိခဲ့ကြသည်။ စည်းဝေးကြီးတစ်ရက်စီအတွက် အဓိကအချက်ကို သီးခြားခေါင်းစဉ်ငယ်အဖြစ် ဖော်ပြခဲ့သည်။
ပထမနေ့–ဘုရားသခင့်စကားတော်အလင်းတွင် လျှောက်လှမ်းနေခြင်း
“ဘုရားသခင့်စကားတော်သည် ကျွန်ုပ်တို့ကိုဦးဆောင်ခဲ့” ဟောပြောချက်က ယေဟောဝါ၏လူမျိုးသည် ညမှောင်မိုက်သည့်အချိန်တွင် ခရီးတစ်ခုစတင်သည့် လူတစ်ဦးနှင့်တူသည်ဟု ရှင်းပြခဲ့သည်။ နေထွက်လာသည့်အခါ သူသည် အရိပ်များကိုမြင်ရသော်လည်း နေသည် မိမိခေါင်းပေါ်တိုက်ရိုက်ထွန်းလင်းသည့်အခါ အသေးစိတ်ရှင်းလင်းစွာမြင်ရလေသည်။ နယပုံပြင် ၄:၁၈ တွင် ကြိုပြောထားသကဲ့သို့ ယေဟောဝါ၏လူများသည် ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်မှ တောက်ပသော အမှန်တရားအလင်းရောင်အောက်တွင် သူတို့၏လမ်းခရီးကို ရှင်းလင်းစွာမြင်ရကြပြီ။ ဝိညာဉ်ရေးမှောင်မိုက်တွင် ထိမိလဲသူများဖြစ်ကြရန် စွန့်ပစ်မခံကြရပါ။
“ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်လော့” အဓိကဟောပြောချက်က ယေဟောဝါကို မျှော်ကိုးအားထားသူများဖြစ်သည့် နားဆင်နေကြသူများသည် မေရှိယအတုအယောင်၊ ပရောဖက်အမှားများ၏ နောက်သို့လိုက်ကြသူများ ကြုံတွေ့ခဲ့ကြရသည့် စိတ်ပျက်မှုနှင့် စိတ်ဓာတ်ကျမှုကို မခံရကြောင်း သတိပေးခံကြရ၏။ ၎င်းအစား စစ်မှန်သောမေရှိယ၊ ယေရှုခရစ်၏ခန့်အပ်လွှာ အထောက်အထားများမူကား မြောက်မြားလှသည်တကား! ဥပမာ၊ ယေရှု၏အံ့ဖွယ်ကိုယ်ယောင်ပြောင်းလဲခြင်းက ဘုရားသခင့်နိုင်ငံတော်၏နန်းထိုင်ဘုရင်အဖြစ် ကြိုတင်မြင်ကွင်းတစ်ခုကို ဖော်ပြခြင်းဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် နိုင်ငံတော်အာဏာရရှိကတည်းက ယေရှုသည် ၂ ပေတရု ၁:၁၉ တွင်တင်ပြထားသည့် “ကြယ်နီ” လည်းဖြစ်သည်။ ဟောပြောသူက “မေရှိယဆိုင်ရာကြယ်နီအဖြစ် ကိုယ်တော်ဟာ နာခံမှုရှိတဲ့လူသားအားလုံးအတွက် နေ့သစ်တစ်နေ့ ဒါမှမဟုတ် ခေတ်ကာလအသစ်တစ်ခုကို ကြေညာပေးတယ်” ဟုဆိုခဲ့သည်။
မွန်းလွဲပိုင်းအစီအစဉ်အစတွင် “အလင်းဆောင်သူများအဖြစ် ထွန်းလင်းခြင်း” ဟောပြောချက်က “အလင်း၏သားကဲ့သို့ကျင့်နေကြ” ရန် တမန်တော်ပေါလု၏ဆုံးမစကားပါသော ဧဖက် ၅:၈ ကို အကျယ်တဝင့်ဖော်ပြခဲ့သည်။ ခရစ်ယာန်များသည် အခြားသူများကို ဘုရားသခင့်နှုတ်မြွက်စကားတော် ဝေငှရုံမျှသာမဟုတ်ဘဲ ယေရှုကိုတုပသည့်အနေဖြင့် သမ္မာကျမ်းစာကို သူတို့၏ဘဝအသက်တာတွင် ကျင့်သုံးခြင်းအားဖြင့်လည်း အလင်းဆောင်သူများဖြစ်ကြသည်။
ဤကဲ့သို့အလင်းဆောင်သူတစ်ဦးဖြစ်ကြရန် “ဘုရားသခင့်စကားတော်ကိုဖတ်ရှုခြင်းတွင် ပျော်မွေ့” ရမည်။ ဤအကြောင်းကို အခန်းဆက် အပိုင်းသုံးပိုင်းဖြင့် အကျယ်တဝင့်တင်ပြဟောပြောခဲ့သည်။ သမ္မာကျမ်းစာသည် “လူသားတွေကို ဘုရားသခင်ပေးသမျှအထဲမှာ အကောင်းဆုံးလက်ဆောင်ဖြစ်တယ်” ဟုပြောခဲ့သူ အေဘရာဟမ် လင်ကွန်း၏စကားကိုကိုးကားပြီးနောက် ဦးဆုံးဟောပြောသူက ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို လေးမြတ်တန်ဖိုးထားမှုနှင့်ပတ်သက်ပြီး ပရိသတ်၏ဖတ်ရှုခြင်းအလေ့အထက အဘယ်အရာကိုတင်ပြသနည်း ဟုမေးခဲ့သည်။ သမ္မာကျမ်းစာကို ဂရုတစိုက်ဖတ်ရှုရန်၊ ကျမ်းစာမှတ်တမ်းများကို စိတ်တွင်မြင်ယောင်ရန် အချိန်ယူဖို့နှင့် အချက်အလက်အသစ်များကို သိနှင့်ပြီးသောအရာများနှင့်ဆက်စပ်ရန် နားဆင်နေသူများ အားပေးခံခဲ့ရသည်။
အခန်းဆက်ဟောပြောချက်၏ နောက်တစ်ပိုင်းက “ကြေခဲသောအစာ” ကို ကျေညက်စေလိုလျှင် သာမန်ကာလျှံကာသာဖတ်ရှုခြင်းမဟုတ်သော လေ့လာမှုပြုလုပ်ဖို့လိုအပ်ကြောင်း အလေးအနက်ဖော်ပြခဲ့သည်။ (ဟေဗြဲ ၅:၁၃၊ ၁၄) ဣသရေလယဇ်ပုရောဟိတ် ဧဇရပြုခဲ့သကဲ့သို့ ကြိုတင်၍ ‘ကျွန်ုပ်တို့၏နှလုံးများကိုပြင်ဆင်’ ပါက လေ့လာမှုသည် အထူးတည်ဆောက်မှုဖြစ်ကြောင်း ဟောပြောသူက ပြောခဲ့သည်။ (ဧဇရ ၇:၁၀၊ ကဘ) သို့သော် လေ့လာမှုသည် အဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။ အကြောင်းမှာ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးနှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျမ်းစာလေ့လာရန် စိတ်ပိုင်းဆိုင်ရာပဲ့ပြင်မှုနှင့် ကြိုးစားအားထုတ်မှုရှိဖို့လိုသော်လည်း ၎င်းသည် တန်ဖိုးထားမွေ့လျော်စရာ၊ လန်းဆန်းမှုပေးသည့်အရာဖြစ်သင့်သည်။ အဓိပ္ပာယ်ပြည့်ဝသည့် လေ့လာမှုပြုဖို့အတွက် မည်သို့အချိန်ရမည်နည်း။ အရေးမကြီးသည့် လုပ်ဆောင်မှုများမှ ‘ကာလအချိန်ကိုဝယ်ကြ’ ခြင်းအားဖြင့်ရရှိနိုင်ကြောင်း အခန်းဆက်ဟောပြောချက်၏ နောက်ဆုံးဟောပြောသူက တင်ပြခဲ့သည်။ (ဧဖက် ၅:၁၆၊ ကဘ) မှန်ပါသည်၊ အချိန်ကိုရှာတွေ့ရန် အဓိကနည်းမှာ ကျွန်ုပ်တို့ရရှိထားသည့်အချိန်ကို အကောင်းဆုံးနည်းဖြင့် အသုံးပြုခြင်းဖြစ်သည်။
“ပင်ပန်းနွမ်းနယ်သူကို ဘုရားသခင်သည် ခွန်အားရှိစေ” ဟောပြောချက်က ယနေ့ လူအများသည် ပင်ပန်းနွမ်းနယ်လျက်ရှိကြကြောင်း အသိအမှတ်ပြုခဲ့သည်။ ခရစ်ယာန်ဓမ္မအမှုအတွက် ကျွန်ုပ်တို့မှာ “သာမန်ထက်ထူးကဲသော တန်ခိုး” ရှိရန် “မောသောသူတို့အား ခွန်အားကိုပေးတော်မူ” သောယေဟောဝါကို ကျွန်ုပ်တို့ကိုးစားရန်လိုသည်။ (၂ ကောရိန္သု ၄:၇၊ ကဘ; ဟေရှာယ ၄၀:၂၉) ခွန်အားဖြစ်စေသည့်အကူအညီများတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်၊ ဆုတောင်းခြင်း၊ ခရစ်ယာန်အစည်းအဝေးများ၊ ခရစ်ယာန်ဓမ္မအမှုတွင်ပုံမှန်ပါဝင်ခြင်း၊ ခရစ်ယာန်ကြီးကြပ်မှူးများနှင့် အခြားသူများ၏သစ္စာရှိပုံနမူနာများ ပါဝင်သည်။ “ကာလအချိန်ကိုထောက်လျက် သွန်သင်သူအဖြစ်သို့ရောက်ကြလော့” ခေါင်းစဉ်က ခရစ်ယာန်များသည် ဟောပြောသူများအပြင် သွန်သင်သူများဖြစ်ရန်နှင့် “သွန်သင်မှုနည်းပညာ” တိုးတက်ရန်အတွက် အလွန်ကြိုးစားအားထုတ်ရန်လိုကြောင်း ပေါ်လွင်စေခဲ့သည်။—၂ တိမောသေ ၄:၂၊ ကဘ။
“ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သူများ အောင်မြင်မည်မဟုတ်” ဟူသော ထိုနေ့၏နောက်ဆုံးဟောပြောချက်တွင် မကြာသေးမီက အချို့နိုင်ငံများရှိ ယေဟောဝါသက်သေများကို အန္တရာယ်ဂိုဏ်းတစ်ခုဟု ထင်မှတ်စေရန် လွဲမှားစွာပြုလုပ်ခဲ့ကြကြောင်း တင်ပြထားသည်။ သို့သော် ဟေရှာယ ၅၄:၁၇ တွင် ဤသို့ပြောထားသောကြောင့် ကျွန်ုပ်တို့ မကြောက်ရွံ့သင့်ပါ– “‘သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကိုတရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ကျွန်တို့သည် ထိုသို့သောအမွေကိုခံရ၍ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြလိမ့်မည်’ ဟုထာဝရဘုရားမိန့်တော်မူ၏။”
ဒုတိယနေ့–ပရောဖက်ပြုချက် ကျမ်းစာစောင်များမှတစ်ဆင့် သိရှိစေရာများ
ထိုနေ့၏နေ့စဉ်ကျမ်းချက်ကို ဆွေးနွေးပြီးနောက် စည်းဝေးကြီးတက်ရောက်သူများသည် “အလင်းဆောင်သူများအဖြစ် ယေဟောဝါကိုဂုဏ်တင်ခြင်း” ခေါင်းစဉ်ရှိ စည်းဝေးကြီး၏ဒုတိယအခန်းဆက် ဟောပြောချက်ကို ကြားနာပျော်မွေ့ခဲ့ကြရသည်။ ပထမဟောပြောချက်က ခရစ်ယာန်တစ်ဦး၏ ရည်မှန်းချက်ပန်းတိုင်မှာ နေရာတိုင်းတွင် ဟောပြောခြင်းအားဖြင့် ယေဟောဝါကို ဂုဏ်တင်ရန်ဖြစ်ကြောင်း တင်ပြခဲ့သည်။ နောက်ဟောပြောချက်က တုံ့ပြန်သူများကို ဘုရားသခင့်အဖွဲ့အစည်းသို့ လမ်းညွှန်ပေးရန်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ မည်သို့အားဖြင့်နည်း။ အပတ်စဉ်ကျမ်းစာမသင်မီ သို့မဟုတ် သင်ပြီးနောက်ပိုင်း၌ အဖွဲ့အစည်းလည်ပတ်ဆောင်ရွက်ပုံကိုတင်ပြရန် ငါးမိနစ် သို့မဟုတ် ဆယ်မိနစ်အချိန်ယူခြင်းအားဖြင့်ဖြစ်သည်။ ဤအခန်းဆက်တင်ပြမှု၏ တတိယဟောပြောချက်က အကျင့်ကောင်းများဖြင့် ဘုရားသခင်ကိုဂုဏ်တင်ရန်လိုအပ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။
“ယေဟောဝါ၏သတိပေးနှိုးဆော်ချက်များကို လွန်စွာနှစ်သက်လော့” ဟောပြောချက်ဖြင့် ဆာလံ ၁၁၉ မှရွေးချယ်ထားသောအခန်းငယ်များကို ခြုံငုံတင်ပြခဲ့သည်။ ကျွန်ုပ်တို့သည် မေ့လျော့တတ်ကြသောကြောင့် သတိပေးနှိုးဆော်ပေးရန် အမှန်ပင်လိုအပ်သည်။ သို့ဖြစ်သောကြောင့် ဆာလံဆရာပြုခဲ့သကဲ့သို့ ယေဟောဝါ၏ သတိပေးနှိုးဆော်ချက်များကို နှစ်သက်မြတ်နိုးစိတ်ရှိစေရန် အလွန်အရေးကြီးသည်တကား!
ထို့နောက် အထူးပေါ်လွင်ချက်တစ်ခု—“ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်ခြင်းက နှစ်ခြင်းသို့ပို့ဆောင်” ခေါင်းစဉ်ရှိ နှစ်ခြင်းဟောပြောချက်—ကိုတင်ပြခဲ့သည်။ နှစ်ခြင်းခံမည့်သူများသည် နှစ်ခြင်းခံရုံမျှဖြင့်သာမဟုတ်ဘဲ ခရစ်တော်၏ခြေရာကို နီးကပ်စွာလိုက်လျှောက်ခြင်းအားဖြင့် ကိုယ်တော်ကိုတုပကြောင်း သတိပေးခံခဲ့ကြရသည်။ (၁ ပေတရု ၂:၂၁) ဝိညာဉ်တော်ဘိသိက်ခံ ယေရှု၏တပည့်တော်များနှင့်အတူ အမှုဆောင်ရန် “အခြားသိုး” များကိုစုသိမ်းမည်ဟု ယောဟန် ၁၀:၁၆ တွင် ကိုယ်တော်ကြိုပြောခဲ့သည့်စကားပြည့်စုံခြင်းတွင် ပါဝင်ခွင့်ရခြင်းသည် ထိုလူသစ်များအတွက် အခွင့်ထူးတစ်ခုပါတကား!
မွန်းလွဲပိုင်းအစီအစဉ်အစတွင် “ဝိညာဉ်တော် အဘယ်သို့မိန့်တော်မူသည်ကို ကြားပါ” ဟောပြောချက်က ယေဟောဝါ၏ဝိညာဉ်တော်သည် သမ္မာကျမ်းစာ၊ ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ နှင့် ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်မှတစ်ဆင့် ကျွန်ုပ်တို့ကိုမိန့်တော်မူနေကြောင်း ရှင်းပြခဲ့သည်။ (မဿဲ ၂၄:၄၅) ထို့ကြောင့် ခရစ်ယာန်များသည် ဘုရားသခင့်စိတ်တော်နှင့်တွေ့ဖို့ မည်သို့ပြုရမည်ကိုသိနိုင်ရန် ကောင်းကင်မှပကတိအသံကြားရန် မလိုပါ။ “ဘုရားရေးရာ ဆည်းကပ်ဝတ်ပြုခြင်းနှင့်ညီသည့် သွန်သင်ချက်ကို ခိုင်မြဲစွာစွဲကိုင်ခြင်း” ဆွေးနွေးခန်းတွင် ခရစ်ယာန်များသည် ဤလောကတွင်ပျံ့နှံ့နေသော အကျင့်ပျက်ပြားစေသည့် အယူအဆများကို မစူးစမ်းရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ ထိန်းချုပ်မှုမရှိသော စူးစမ်းလိုစိတ်က အယူဖောက်ပြန်သူများနှင့် စာတန်၏အခြားကိုယ်စားလှယ်များ ပြုစုထားသည့် ဘေးဖြစ်စေသည့်သတင်းအချက်အလက်များကို စိတ်ဝင်စားသွားစေနိုင်သည်။ ကျမ်းစာကိုပုံမှန်ဖတ်ရှုခြင်းအပြင် ကင်းမျှော်စင်နှင့် နိုးလော့! တွင်ပါသော ဆောင်းပါးအားလုံးကိုဖတ်ရှုခြင်းသည် သာ၍ကောင်းလှပါသည်တကား!
“ကျန်းခံ့ရေးတရားစကားပုံစံကို စွဲကိုင်ထားလော့” ခေါင်းစဉ်ရှိ နောက်ဟောပြောချက်သည် အမှန်တရား၏ကျမ်းစကား “ပုံစံ” သို့မဟုတ် မဏ္ဍိုင်ကို ကောင်းစွာသိရှိနားလည်ရန်အရေးကြီးကြောင်း အလေးပေးဖော်ပြခဲ့သည်။ (၂ တိမောသေ ၁:၁၃၊ ကဘ) ထိုပုံစံကို မြဲမြဲကိုင်စွဲထားခြင်းသည် ဘုရားရေးရာဆည်းကပ်ဝတ်ပြုမှုရှိခြင်းသာမက အမှန်တရားနှင့်မညီသောအရာများကို ခွဲခြားသိမြင်နိုင်ခြင်း၏ အဓိကအချက်ဖြစ်သည်။
နှစ်သက်ဖွယ်ရာအဖြစ် ယေဟောဝါ၏ ရှုမြင်ခံရခြင်းကို မြင်ယောင်ကြည့်ပါ။ အမှန်ဂုဏ်ယူစရာပါတကား! ဟဂ္ဂဲ၏ပရောဖက်ပြုချက်ကိုအခြေခံသည့် “‘နှစ်သက်ဖွယ်ရာများ’ ယေဟောဝါ၏အိမ်တော်ကိုဖြည့်နေ” ဟောပြောချက်က “လူအုပ်ကြီး” ဝင်သူတစ်ဦးစီသည် ယေဟောဝါအဖို့ အမှန်နှစ်သက်ဖွယ်ရာဖြစ်ကြောင်း နားဆင်နေသူများကို စိတ်ချစေခဲ့သောကြောင့် တကယ်အားရစရာဖြစ်ပေသည်။ (ဗျာဒိတ် ၇:၉) ထို့ကြောင့် လာမည့် ‘ကြီးစွာသောဆင်းရဲခြင်း’ အတွင်း လူမျိုးအပေါင်းကို နောက်ဆုံး ‘လှုပ်ခါခြင်း’ ပြုချိန်တွင် ယေဟောဝါသည် သူတို့ကို အသက်ချမ်းသာပေးမည်ဖြစ်သည်။ (ဟဂ္ဂဲ ၂:၇၊ ၂၁၊ ၂၂; မဿဲ ၁၄:၂၁) သို့ရာတွင် ဤအတောအတွင်းတွင် ယေဟောဝါ၏လူမျိုးသည် “ပရောဖက်ပြုချက်ကျမ်းစောင်များက သတိနှင့်စောင့်နေရန် ကျွန်ုပ်တို့ကို နိုးကြားစေ” ဟောပြောချက်တွင် ရှင်းပြထားသကဲ့သို့ ဝိညာဉ်ရေးအရ စောင့်နေကြရမည်ဖြစ်သည်။ ဟောပြောသူသည် ယေရှု၏ဤစကားကို ကိုးကားခဲ့သည်– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” (မဿဲ ၂၄:၄၂) ဝိညာဉ်ရေးအရ နိုးနိုးကြားကြားရှိခြင်းကို မည်သို့ထိန်းသိမ်းထားကြမည်နည်း။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေခြင်း၊ မခြားမလပ်ဆုတောင်းခြင်းနှင့် ယေဟောဝါ၏နေ့ကြီးကို မျှော်လင့်နေခြင်းအားဖြင့်ဖြစ်သည်။
ထိုနေ့၏နောက်ဆုံးဟောပြောချက်၏ခေါင်းစဉ်မှာ “ဆုံးခန်းကာလတွင် ပရောဖက်ပြုချက်စကားတော်” ဖြစ်သည်။ ၎င်းကို လာမည့်နှစ်များစွာတိုင် သတိရနေကြပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဟောပြောသူက စာအုပ်အသစ်—ဒံယေလပရောဖက်ပြုချက်ကို အာရုံစူးစိုက်လော့! ကိုထုတ်ဝေကြောင်း ကြေညာပေးခဲ့၍ဖြစ်သည်။ “လှပတဲ့ရုပ်ပုံတွေပါတဲ့ စာမျက်နှာ ၃၂၀ ရှိတဲ့ဒီစာအုပ်မှာ ဒံယေလကျမ်းရဲ့အစိတ်အပိုင်းတိုင်းပါဝင်တယ်” ဟုဟောပြောသူကပြောခဲ့သည်။ ယေဟောဝါသည် မိမိ၏ပရောဖက်ပြုချက်စကားတော်အပေါ် အလင်းထွန်းလင်းပေးသည့် ယုံကြည်ခြင်းခိုင်ခံ့စေသော သက်သေသာဓကပါတကား!
တတိယနေ့–ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်သည် မည်သည့်အခါမျှမပျက်ကွက်
စည်းဝေးကြီး၏နောက်ဆုံးနေ့ကို “ချိန်းချက်သောအချိန်အတွက် ပရောဖက်ပြုချက်စကားတော်များ” အခန်းဆက်ဟောပြောချက်ဖြင့် စတင်ခဲ့သည်။ ဟောပြောချက်သုံးခုက ယေဟောဝါ၏အဆုံးစီရင်ချက်များနှင့်ပတ်သက်သော ပရောဖက်ဟဗက္ကုတ်၏ ကြေညာချက်သုံးခုကို စိစစ်တင်ပြခဲ့သည်။ ပထမဟောပြောချက်မှာ ထင်ရာစိုင်းသောယုဒလူမျိုးအပေါ် စီရင်ချက်ဖြစ်ပြီး ဒုတိယမှာ ဖိစီးနှိပ်စက်သောဗာဗုလုန်အပေါ်ဖြစ်သည်။ မပြည့်စုံသေးသော နောက်ဆုံးစီရင်ချက်မှာ လူဆိုးအားလုံးအပေါ် ကျရောက်လုနီးသည့် ပျက်စီးခြင်းနှင့် သက်ဆိုင်သည်။ အခန်းဆက်ဟောပြောချက်ကိုဟောသည့် နောက်ဆုံးညီအစ်ကိုက အာမဂေဒုန်အကြောင်းကိုပြောပြီး “ယေဟောဝါဟာ မိမိရဲ့ကြီးမားတဲ့တန်ခိုးတော်ကို အပြည့်အဝအသုံးပြုတဲ့အခါ တကယ်ပဲအံ့သြထိတ်လန့်စရာကောင်းလိမ့်မယ်” ဟုပြောခြင်းဖြင့် နားဆင်နေသူများကို ဘုရားရေးရာကြောက်ရွံ့မှု အတော်အတန်ရှိစေခဲ့သည်။
“ကျွန်ုပ်တို့၏ [ဝိညာဉ်ရေး] အမွေအနှစ်ကို တန်ဖိုးထားလေးစားခြင်း” သည် စည်းဝေးကြီးတွင်တင်ဆက်သည့် ကျမ်းစာပြဇာတ်၏ ခေါင်းစဉ်ဖြစ်သည်။ စိတ်နှလုံးကိုထိုးဖောက်စစ်ဆေးစေသည့် ဤပြဇာတ်သည် ဝိညာဉ်ရေးရာအပေါ် ယာကုပ်နှင့် ဧသောတို့၏ သဘောထားများကို နှိုင်းယှဉ်ပြခဲ့သည်။ ဧသောသည် မိမိ၏ဝိညာဉ်ရေးအမွေအနှစ်ကို မခန့်မညားပြုခဲ့သဖြင့် ယင်းကိုအလွန့်အလွန်တန်ဖိုးထားသော ယာကုပ်အားပေးခဲ့သည်။ “ကျွန်တော်တို့ကို ယေဟောဝါ ဘာ [ဝိညာဉ်ရေးအမွေအနှစ်] တွေကိုပေးကမ်းခဲ့သလဲ” ဟုစည်းဝေးကြီးတက်ရောက်သူများ အမေးခံခဲ့ကြရသည်။ “ကိုယ်တော်ရဲ့ နှုတ်မြွက်စကားတော်အမှန်တရားဖြစ်တဲ့ ကျမ်းစာ; ထာဝရအသက်မျှော်လင့်ချက်; ပြီးတော့ နိုင်ငံတော်သတင်းကောင်း ကြွေးကြော်သူများအနေနှင့် ကိုယ်တော့်ကို ကိုယ်စားပြုခွင့် ဂုဏ်အသရေတို့ပါပဲ” ဟုဟောပြောသူက အဖြေပေးခဲ့သည်။
နောက်ဟောပြောချက်၏ခေါင်းစဉ်မှာ “ကျွန်ုပ်တို့၏အဖိုးထိုက်အမွေအနှစ် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း” ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏လုပ်ငန်းတော်နှင့် ဝိညာဉ်ရေးရာအခွင့်ထူးများကို ကိုယ်ရေးကိုယ်တာ သို့မဟုတ် ရုပ်ပစ္စည်းအကျိုးစီးပွားများထက် ဦးစားထားခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမွေအနှစ်အပေါ် သဘောထားမှန် တင်ပြကြသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် အာဒံ၊ ဧသောနှင့် သစ္စာမဲ့ဣသရေလလူများနှင့် လုံးဝကွဲပြားလျက် ကျွန်ုပ်တို့၏ဘဝကို ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးအပေါ် တည်ဆောက်ကြသည်။
“ခပ်သိမ်းသောအရာတို့ကို အသစ်ပြုလုပ်ခြင်း—တင်ကူးဟောခဲ့သည့်အတိုင်း” လူထုဟောပြောချက်ဖြင့် “ကောင်းကင်သစ်” နှင့် “မြေကြီးသစ်” တို့နှင့်ပတ်သက်သော အဓိကပရောဖက်ပြုချက်လေးခုကို တစ်စုတစ်ပေါင်းတည်းဖော်ပြခဲ့သည်။ (ဟေရှာယ ၆၅:၁၇-၂၅; ၆၆:၂၂-၂၄; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၁၊ ၃-၅) ဘီ.စီ.အီး. ၅၃၇ တွင် မိမိ၏ပြည်တော်ပြန်လူမျိုးအပေါ် ပြည့်စုံခဲ့သည်ထက် ဤပရောဖက်ပြုချက်များ၏ သာ၍ကြီးမားသောပြည့်စုံချက်တစ်ခုကို ယေဟောဝါရည်ရွယ်ခဲ့ကြောင်း ထင်ရှားသည်။ မှန်ပါသည်၊ ကိုယ်တော်သည် မိမိ၏နိုင်ငံတော်အစိုးရ (“ကောင်းကင်သစ်”) နှင့် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော ကမ္ဘာချီပရဒိသုတွင်နေထိုင်မည့် နိုင်ငံတော်လက်အောက်ခံမြေကြီးသားများ (“မြေကြီးသစ်”) ကိုရည်စူးခဲ့ခြင်းဖြစ်သည်။
စည်းဝေးကြီးကို စိတ်အားတက်ကြွ၊ လှုံ့ဆော်မှုဖြင့် နိဂုံးချုပ်စေသောဟောပြောချက်မှာ “ဘုရားသခင့်စကားတော်လမ်းညွှန်သည့်အတိုင်း ကျွန်ုပ်တို့၏မျှော်လင့်ရာများ” ဖြစ်သည်။ ယင်းက ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းပြီးစီးရန် “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်” ကြောင်း တက်ရောက်သူအားလုံးကို သတိပေးနှိုးဆော်ခဲ့သည်။ (၁ ကောရိန္သု ၇:၂၉) မှန်ပါသည်၊ ကျွန်ုပ်တို့သည် စာတန်နှင့် သူ၏ဆိုးသွမ်းသည့်အစီအစဉ်တစ်ခုလုံးအပေါ် ယေဟောဝါ၏စီရင်ချက် ပြည့်စုံရန်အချိန်၏တံခါးဝတွင် ကျွန်ုပ်တို့ရပ်နေရကြသည်။ ကျွန်ုပ်တို့၏သဘောထားသည် ဤသို့သီကုံးခဲ့သူ ဆာလံဆရာကဲ့သို့ဖြစ်ပါလေစေ– “ငါတို့၏ဝိညာဉ်သည် ထာဝရဘုရားကို မျှော်လင့်လျက်နေ၏။ ထိုဘုရားသည် ငါတို့ကိုမစသောသူ၊ ကွယ်ကာသောသူဖြစ်တော်မူ၏။” (ဆာလံ ၃၃:၂၀) ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ပေါ်တွင် အခြေပြု၍ မျှော်လင့်သူတို့အဖို့ အလွန်ထူးမြတ်သည့် အလားအလာရှိပါသည်တကား!
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
လှုံ့ဆော်မှုဖြစ်စေသောပြဇာတ်က ယေဟောဝါကျေးကျွန်များ၏ ဝိညာဉ်ရေးအမွေအနှစ်ကို လေးမြတ်တန်ဖိုးထားစိတ် တိုးပွားများပြားစေ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်သူများစွာတို့သည် နှစ်ခြင်းခံခဲ့ကြ