ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၉/၁ စာ. ၂၆-၃၀
  • ယေဟောဝါသည် မိမိအား သစ္စာစောင့်သိသူများကို အစဉ်ဆုချ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် မိမိအား သစ္စာစောင့်သိသူများကို အစဉ်ဆုချ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစောပိုင်းမိသားစုဘဝ
  • ယေဟောဝါကို သိကျွမ်းလာခြင်း
  • ကျွန်တော်တို့အတွက် ကြီးမားသောအပြောင်းအလဲ
  • တေးဂီတပိုများလာ!
  • ၁၉၆၆ သီချင်းစာအုပ်ကို အသံသွင်းခြင်း
  • နောက်ထပ်ဆုကျေးဇူးများ
  • “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကျွန်တော့်ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်၏အလိုတော် ဆောင်ရာ၌ ပျော်မွေ့ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးရှာခြင်း—လုံခြုံပြီး ပျော်ရွှင်သောအသက်တာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • မှန်ကန်သောရွေးချယ်မှုက အသက်တာတစ်လျှောက် ကောင်းချီးရစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၉/၁ စာ. ၂၆-၃၀

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါသည် မိမိအား သစ္စာစောင့်သိသူများကို အစဉ်ဆုချ

ဗာရ်နန် ဒါန်ကမ် ပြောပြသည်

ညနေနှောင်းပိုင်းအဆာပြေစားပြီးတာနဲ့ ခါတိုင်းလိုပဲ စီးကရက်တစ်လိပ်ကို ကျွန်တော် မီးညှိလိုက်တယ်။ ပြီးတော့ ကျွန်တော့်ဇနီးအိုက်လီန်ကို “ဒီညစည်းဝေး ဘယ်လိုလဲ” ဆိုပြီးမေးခဲ့တယ်။

သူက ခဏရပ်တန့်ပြီး “ခန့်အပ်လွှာအသစ်တွေ ဖတ်ပြတယ်၊ ရှင့်နာမည်လည်းပါတယ်။ ရှင့်ကို အသံပိုင်းအမှုထမ်းဆိုပြီး ခန့်ထားတယ်။ ‘အဆိုပါခန့်အပ်ခံစ မည်သည့်ညီအစ်ကိုမဆိုသည် ဆေးရွက်ကြီးမှီဝဲမည်ဆိုလျှင် တာဝန်ကိုလက်မခံနိုင်ဟု အသင်းမထံစာရေးရန် တာဝန်ရှိသည်’ ဆိုတဲ့ နောက်ဆုံးစာကြောင်းကို ဖတ်ပြခဲ့တယ်” ဆိုပြီးပြောပြခဲ့တယ်။a “ဪ! ဒီလိုကိုး” ဆိုပြီး ကျွန်တော် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချခဲ့တယ်။

ကျွန်တော်အံကြိတ်လိုက်ပြီး အဲဒီဆေးလိပ်ကို ဘေးနားကဆေးလိပ်ပြာခွက်ထဲ ထိုးချေပစ်ခဲ့တယ်။ “ဒီအလုပ်အတွက် ကျွန်တော့်ကို ဘာဖြစ်လို့ရွေးရတာလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဘာတာဝန်ကိုမှ မငြင်းခဲ့ဖူးဘူး၊ အခုမှငြင်းဖို့လည်း မရည်ရွယ်ဘူး။” နောက် ဘယ်တော့မှဆေးလိပ်မသောက်တော့ဘူးဆိုပြီး ကျွန်တော်သန္နိဋ္ဌာန်ချခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်က ခရစ်ယာန်တစ်ယောက်အနေနဲ့ရော၊ တေးဂီတသမားတစ်ယောက်အနေနဲ့ရော ကျွန်တော့်ဘဝကို အင်မတန်လွှမ်းမိုးခဲ့ပါတယ်။ ကျွန်တော် သန္နိဋ္ဌာန်ချဖို့အကြောင်းပေါ်စေတဲ့ အဖြစ်အပျက်အချို့ကို ပြောပြပါရစေ။

အစောပိုင်းမိသားစုဘဝ

သားလေးယောက်နဲ့ သမီးနှစ်ယောက်ရှိတဲ့မိသားစုကို ကျွေးမွေးခဲ့တဲ့ ချစ်စရာကောင်းပြီး အလုပ်ကြိုးစားကြတဲ့ ကျွန်တော့်မိဘ ဗာရ်နန်နဲ့လိုက်လာတို့ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ကျွန်တော့်ကို ၁၉၁၄၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ ကနေဒါ၊ တိုရွန်တိုမြို့မှာ မွေးခဲ့တယ်။ ကျွန်တော်အောက်က ယော့ခ်၊ သူ့နောက်မှာ အိုလန်ဒို၊ ဒဂလပ်စ်၊ အိုက်လီန်နဲ့ ကော်ရယ်လ်တို့မွေးခဲ့တယ်။ ကျွန်တော့်အသက်ကိုးနှစ်အရွယ်မှာ အမေက ကျွန်တော့်ကို တယောတစ်လက်ပေးပြီး ဟယ်ရစ္စဂီတကျောင်းမှာ ဂီတသင်တန်းတက်ခိုင်းခဲ့တယ်။ စီးပွားရေးမပြေလည်ပေမဲ့ လမ်းစရိတ်နဲ့ကျောင်းလခပေးဖို့ အမေနဲ့အဖေဟာ နည်းအမျိုးမျိုးကြိုးစားရှာကြံခဲ့တယ်။ နောက်ပိုင်းမှာ ဂီတသဘောတရားနဲ့စည်းဝါးအလိုက်ကို တိုရွန်တိုမြို့က တော်ဝင်ဂီတသိပ္ပံကျောင်းမှာသင်ခဲ့ပြီး အသက် ၁၂ နှစ်မှာ မြို့လယ်ခေါင်က နာမည်ကြီးဂီတအဆောက်အအုံ မာဆီခန်းမမှာ တစ်ကိုယ်တော်ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ ကျွန်တော်အနိုင်ရခဲ့ပြီး မိကျောင်းသရေအိတ်နဲ့ အရမ်းလှတဲ့တယောတစ်လက် ဆုရခဲ့တယ်။

အတော်ကြာတဲ့အခါ စန္ဒရားနဲ့တယောကြီးကိုလည်း တီးတတ်ဖို့သင်ခဲ့တယ်။ သောကြာနဲ့စနေနေ့ ညနေပိုင်းမှာ အသေးစားပါတီပွဲတွေနဲ့ ကျောင်းသားကပွဲတွေမှာ ကျွန်တော်တို့အဖွဲ့က တစ်ခါတလေတီးခတ်ပေးခဲ့ကြရတယ်။ အဲဒီကပွဲတစ်ခုမှာ အိုက်လီန်နဲ့ ကျွန်တော်ပထမဆုံးတွေ့ဆုံခဲ့တာ။ အထက်တန်းကျောင်းတက်တဲ့ နောက်ဆုံးနှစ်မှာ မြို့အနှံ့ပဲ သံစုံတီးဝိုင်းအတော်များများမှာ ကျွန်တော်ပါဝင်တီးခတ်ခဲ့တယ်။ ကျောင်းပြီးတဲ့နောက်မှာ ဖာဒီ မော်ရေးတီးဝိုင်းမှာ ပါဝင်တီးခတ်ဖို့ ဖိတ်ခေါ်ခံရပြီး ၁၉၄၃ ခုနှစ်အထိ လခကောင်းကောင်းရခဲ့တယ်။

ယေဟောဝါကို သိကျွမ်းလာခြင်း

ပထမကမ္ဘာစစ်မဖြစ်ခင်လေးမှာ ကျွန်တော့်မိဘတွေက ကျမ်းစာအမှန်တရားကို ဦးဆုံးသိရှိခဲ့တယ်၊ အဲဒီအချိန်က အဖေဟာ တိုရွန်တိုမြို့ ကုန်ပဒေသာစတိုးဆိုင်တစ်ဆိုင်မှာ ပြတင်းပေါက်ခင်းကျင်းအလှဆင်တဲ့အလုပ်လုပ်ခဲ့တယ်။ ထမင်းစားခန်းမှာ ကျမ်းစာကျောင်းသားတွေ (နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေလို့ လူသိများလာသူတွေ) ဖြစ်တဲ့ အလုပ်သမားနှစ်ဦး စကားပြောဆိုနေကြတာကို အဖေနားထောင်လေ့ရှိပြီး ညနေပိုင်း အိမ်ပြန်ရောက်တဲ့အခါ အမေ့ကို သူကြားခဲ့တာတွေ ပြန်ပြောပြခဲ့တယ်။ နောက်နှစ်အနည်းငယ်အကြာ ၁၉၂၇ ခုနှစ်မှာ ကျမ်းစာကျောင်းသားတွေက တိုရွန်တိုမြို့၊ ကနေဒါအမျိုးသားပြဇာတ်ရုံကြီးမှာ စည်းဝေးကြီးကျင်းပခဲ့တယ်။ ကွင်းရဲ့အနောက်ပေါက်ကနေ နှစ်ကွက်လောက်ဝေးတဲ့ ကျွန်တော်တို့အိမ်မှာ ယူ.အက်စ်.အေ. အိုဟိုင်အိုကလူ ၂၅ ယောက်တည်းခိုခဲ့တယ်။

အဲဒီနောက် ကျမ်းစာကျောင်းသားတစ်ယောက်ဖြစ်တဲ့ အေဒါ ဘလက်စိုးက အမေ့ဆီမကြာခဏလာလည်ပြီး နောက်ဆုံးထုတ်စာပေတွေ ထားခဲ့ပေးတယ်။ တစ်နေ့ကြတော့ သူကဒီလိုပြောခဲ့တယ်– “မစ္စစ်ဒါန်ကမ်၊ ရှင့်ကို ကျွန်မတို့စာပေတွေပေးတာ အတော်ကြာပြီ။ ဖတ်ရဲ့လား။” အမေဟာ ကလေးခြောက်ယောက်ရဲ့တာဝန်ယူခဲ့ရပေမဲ့ အဲဒီမဂ္ဂဇင်းတွေကို စဖတ်မယ်လို့ သန္နိဋ္ဌာန်ချပြီးကတည်းက မပြတ်ဖတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီစာပေတွေကို စိတ်မဝင်စားခဲ့ဘူး။ ကျောင်းပြီးဖို့ကြိုးစားနေပြီး ဂီတကိုပဲစိတ်ဝင်စားနေတာ။

၁၉၃၅၊ ဇွန်လမှာ အိုက်လီန်နဲ့ကျွန်တော် အင်္ဂလီကန်ချာ့ချ်မှာ လက်ထပ်ခဲ့တယ်။ အသက် ၁၃ နှစ်မှာ ယူနိုက်တက်ချာ့ချ်ကနေ ကျွန်တော်နုတ်ထွက်ပြီးကတည်းက အခြားဘယ်ဘာသာရေးအသင်းထဲမှမဝင်ခဲ့ဘူး; ဒါကြောင့် ကျွန်တော်ဟာ သက်သေခံမဟုတ်သေးပေမဲ့လည်း ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ လက်ထပ်မှတ်တမ်းစာအုပ်မှာ လက်မှတ်ထိုးခဲ့တယ်။

နောက်ပိုင်းမှာ ကျွန်တော်တို့သားသမီးယူပြီး မိဘကောင်းတွေဖြစ်ဖို့ ရည်ရွယ်ထားကြတယ်။ ဒါကြောင့် ဓမ္မသစ်ကျမ်းကို ကျွန်တော်တို့အတူတူစဖတ်ခဲ့ကြတယ်။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်ကောင်းရှိပေမဲ့ တခြားကိစ္စတွေက နှောင့်ယှက်ခဲ့တယ်။ နောက်တစ်ခေါက် ထပ်ကြိုးစားဖတ်ကြပေမဲ့လည်း ဒီအတိုင်းပဲ။ ဒါနဲ့ပဲ ၁၉၃၅ ခုနှစ်ခရစ္စမတ်မှာ ဘုရားသခင်၏စောင်းတော် ဆိုတဲ့ စာအုပ်ကိုလက်ဆောင်ရခဲ့တယ်။ ကျွန်တော့်ဇနီးက “အလိုလေး၊ ရှင့်အမေပို့လိုက်တဲ့ ခရစ္စမတ်လက်ဆောင်က ထူးခြားလိုက်တာ” တဲ့။ ဒါပေမဲ့ ကျွန်တော်အလုပ်သွားတော့ အဲဒီစာအုပ်ကို သူစဖတ်ပြီး ဖတ်သမျှကို သဘောကျခဲ့တယ်။ အဲဒီအကြောင်း ကျွန်တော်ဘာမှမသိတာ အတော်ကြာတယ်။ ကလေးယူဖို့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေက အကောင်အထည်ပေါ်မလာဘူး။ ၁၉၃၇၊ ဖေဖော်ဝါရီ ၁ ရက်မှာ မွေးခဲ့တဲ့သမီးလေး အသက်မရှင်ခဲ့ဘူး။ ကျွန်တော်တို့ အကြီးအကျယ်ဝမ်းနည်းခဲ့ရတယ်!

အဲဒီအချိန်မှာ ကျွန်တော့်မိသားစုက ဟောပြောခြင်းလုပ်ငန်းမှာ တက်တက်ကြွကြွပါဝင်နေကြပြီ၊ ဘုရားသခင့်နိုင်ငံတော်ကြေညာသူဖြစ်တဲ့ မိသားစုထဲမှာ အဖေတစ်ယောက်ပဲ နှစ်သိမ့်မှု (အခု နိုးလော့!) မဂ္ဂဇင်းကို နှစ်စဉ်ကြေးမဝေငှရသေးတာကို ကျွန်တော်သိခဲ့ရတယ်။ ဒါက အဲဒီလအတွက် လယ်ကွင်းအမှုဆောင်ပန်းတိုင်လေ။ အသင်းမရဲ့စာပေတွေကို ကျွန်တော်မဖတ်သေးပေမဲ့ အဖေ့ကိုသနားလို့ “ကောင်းပြီအဖေ၊ ကျွန်တော့်အတွက် ငွေသွင်းပေးပါ; အဖေလည်း တခြားသူတွေနဲ့တူလာမယ်” လို့ကျွန်တော်ပြောခဲ့တယ်။ နွေရာသီလည်းရောက်ရော၊ သံစုံတီးဝိုင်းဟာ အပန်းဖြေစခန်းမှာ တီးခတ်ဖို့ မြို့ပြင်ကိုပြောင်းရွှေ့ခဲ့တယ်။ စာတိုက်ကတစ်ဆင့် နှစ်သိမ့်မှုရောက်လာတယ်။ ဆောင်းဦးရာသီမှာကျတော့ သံစုံတီးဝိုင်းဟာ တိုရွန်တိုမြို့ကို ပြန်ပြောင်းခဲ့တယ်။ မဂ္ဂဇင်းတွေက ကျွန်တော်တို့ရဲ့လိပ်စာအသစ်ဆီ ရောက်လာခဲ့ပေမဲ့ အဲဒီထဲကတစ်ခုရဲ့ စက္ကူပတ်ကိုတောင် မခွာကြည့်ရသေးဘူး။

ခရစ္စမတ်အားလပ်ရက်တစ်ရက်မှာ ပုံနေတဲ့မဂ္ဂဇင်းတွေကိုကြည့်ပြီး ဒီအတွက် ပိုက်ဆံပေးထားတာ အနည်းဆုံးတော့ ဒီထဲမှာဘာတွေပါသလဲဆိုတာသိရအောင် တချို့တလေကို ဖတ်ကြည့်သင့်တယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်ဖွင့်လိုက်တဲ့ ဦးဆုံးမဂ္ဂဇင်းက ကျွန်တော့်ကို ကြက်သီးဖြန်းကနဲထစေခဲ့တယ်။ အဲဒီအချိန်ကာလရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ အကျင့်ပျက်ပြားမှုကို ဖော်ထုတ်ထားတယ်။ ကျွန်တော့်ရဲ့ဂီတသမားချင်းတွေကို ဖတ်ခဲ့ရတဲ့အကြောင်းတွေ စပြောပြခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ပြောနေတာမှန်မမှန် စောဒကတက်ခဲ့ကြလို့ သူတို့ကိုချေပဖို့ ကျွန်တော်ဆက်ဖတ်နေရတယ်။ ယေဟောဝါအကြောင်းကို အမှတ်မထင် ကျွန်တော်သက်သေခံနေပါရော။ အဲဒီကတည်းက “သစ္စာနှင့်သတိပညာရှိသောကျွန်” ရဲ့တကယ်ကောင်းတဲ့ကျမ်းစာစာပေတွေကို ကျွန်တော်အဆက်မပြတ်ဖတ်ခဲ့တယ်။—မဿဲ ၂၄:၄၅၊ သမ။

တစ်ပတ်လုံး ကျွန်တော်အလုပ်များနေပေမဲ့ မကြာခင်မှာပဲ တနင်္ဂနွေစည်းဝေးတွေကို အိုက်လီန်နဲ့အတူ တက်ခဲ့တယ်။ ၁၉၃၈ ခုနှစ် တနင်္ဂနွေတစ်ရက်မှာ စည်းဝေးကိုရောက်တဲ့အခါ အသက်ကြီးညီအစ်မနှစ်ယောက်က ကျွန်တော်တို့ကိုကြိုဆိုပြီး တစ်ယောက်က ဒီလိုပြောခဲ့တယ်– “ညီအစ်ကိုငယ်၊ ယေဟောဝါဘက်မှာ ရပ်တည်နေပြီလား။ မကြာခင် အာမဂေဒုန်ရောက်တော့မယ် သိတယ်မဟုတ်လား!” ယေဟောဝါဟာ တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကို ကျွန်တော်သိပြီး ဒီအဖွဲ့အစည်းဟာ ကိုယ်တော်ရဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာလည်း ကျွန်တော်ယုံကြည်စိတ်ချတယ်။ ဒီအဖွဲ့ဝင်ဖြစ်ချင်လို့ ၁၉၃၈၊ အောက်တိုဘာ ၁၅ ရက်မှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ နောက်ခြောက်လလောက်မှာ အိုက်လီန် နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော့်မိသားစုတစ်စုလုံးဟာ ယေဟောဝါရဲ့ဆက်ကပ်အပ်နှံကျေးကျွန်တွေ ဖြစ်လာကြတယ်ဆိုတာကို ကျွန်တော်ပြောပြရတာ ဝမ်းသာတယ်။

ဘုရားသခင့်လူမျိုးတော်နဲ့ ပေါင်းသင်းရတာ တကယ်အားရကျေနပ်တယ်! မကြာခင် သူတို့အထဲမှာနေရတာ ကျွန်တော်သက်သောင့်သက်သာရှိလာတယ်။ စည်းဝေးမတက်နိုင်တဲ့အခါ စည်းဝေးမှာဘာဖြစ်တယ်ဆိုတာကို ကျွန်တော် အမြဲတမ်းသိချင်ခဲ့တယ်။ အစမှာဖော်ပြခဲ့တဲ့ တစ်ညနေခင်းရဲ့အဖြစ်အပျက်က ယေဟောဝါအမှုတော်ကို ကျွန်တော်ထမ်းဆောင်ခြင်းဟာ အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့အတွက် ကြီးမားသောအပြောင်းအလဲ

၁၉၄၃၊ မေ ၁ ရက်မှာ ကျွန်တော်တို့အတွက် နောက်ထပ်ထူးခြားတဲ့ပြုပြင်မှုတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ကျွန်တော်တို့အတွက် ပထမဆုံးစည်းဝေးကြီး၊ ကမ္ဘာသစ်သီအိုကရက်တစ်စည်းဝေးကြီးကို အိုဟိုင်အို၊ ကလီဗ်လန်မြို့မှာ ၁၉၄၂၊ စက်တင်ဘာလမှာ တက်ရောက်ခဲ့ကြတယ်။ အဲဒီမှာ အဆုံးမမြင်နိုင်တဲ့ ကြောက်စရာကမ္ဘာစစ်ဖြစ်နေတဲ့ကြား အဲဒီတုန်းက ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ညီအစ်ကိုနောရ်က အာရုံကိုဖမ်းစားခဲ့တဲ့ “ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော” ဆိုတဲ့လူထုဟောပြောချက်ကို ရဲရဲရင့်ရင့်ဟောတာကို ကျွန်တော်တို့ကြားခဲ့ရတယ်။ စစ်ပြီးနောက် ငြိမ်းချမ်းတဲ့ကာလမှာ ဟောပြောခြင်းလုပ်ငန်းကို အကြီးအကျယ်ဆောင်ရွက်လိမ့်မယ်လို့ ဗျာဒိတ်အခန်းကြီး ၁၇ ကိုကိုးကားပြီး ဟောသွားတာ ကျွန်တော်တို့ကောင်းကောင်းမှတ်မိသေးတယ်။

အဲဒီအရင် ညီအစ်ကိုနောရ်ဟောတဲ့ “ယေဖသနှင့် သူ၏သစ္စာကတိ” ကကျွန်တော်တို့အတွက် တကယ်ထိရောက်ခဲ့တယ်။ ဒါပြီးတော့ ရှေ့ဆောင်လုပ်ကြဖို့ ဖိတ်ခေါ်တယ်! အိုက်လီန်နဲ့ကျွန်တော်က အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး (အဲဒီတုန်းက တခြားသူအတော်များများနဲ့အတူ) “ဒါကျွန်တော်တို့အတွက်ပဲ” ဆိုပြီး တစ်သံတည်းပြောခဲ့ကြတယ်။ ပိုပြီးအရေးကြီးတဲ့လုပ်ငန်းကိုလုပ်ကိုင်ဖို့ ချက်ချင်းပဲစီစဉ်လိုက်တယ်။

၁၉၄၀၊ ဇူလိုင် ၄ ရက်နေ့ကတည်းက ကနေဒါမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ရှေ့ဆောင်စလုပ်တဲ့ ၁၉၄၃၊ မေ ၁ ရက်မှာ ယေဟောဝါအကြောင်း သက်သေခံဖို့၊ အသင်းမစာပေတွေကို ဝေငှဖို့ ပိတ်ပင်ထားတုန်းပဲ။ ခရစ်ယာန်တွေအနေနဲ့အမှုဆောင်ဖို့ ကိုယ်ပိုင်ဂျိမ်းဘုရင်ဘာသာပြန်ကျမ်းကိုပဲ ကျွန်တော်တို့ယူသွားခဲ့ကြရတယ်။ ကျွန်တော်တို့ ပထမဦးဆုံးရှေ့ဆောင်တာဝန်ကျတဲ့ အွန်တဲရီးယိုပြည်နယ်၊ ပဲရီဆောင်းမြို့ကိုရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့နဲ့အတူ လယ်ကွင်းမှာအမှုဆောင်ဖို့ အတွေ့အကြုံရှိတဲ့ရှေ့ဆောင် စတူးဝပ် မဲန်ကို ဌာနခွဲရုံးက လွှတ်လိုက်တယ်။ တကယ်မေတ္တာပါတဲ့ အစီအစဉ်ပဲ! ညီအစ်ကိုမဲန်ဟာ ချစ်စရာကောင်းတဲ့အပြုအမူနဲ့ ပြုံးလွယ်တဲ့သူဖြစ်တယ်။ သူ့ဆီက ကျွန်တော်တို့အတော်တတ်သိလာကြပြီး ပျော်ကြရတယ်။ အသင်းမက ကျွန်တော်တို့ကို ဟမ်မီလ်တန်မြို့ကို တာဝန်ပြန်ချတဲ့အခါ ကျမ်းစာသင်အံမှုအတော်များများကျင်းပနေခဲ့ကြစဉ်ဖြစ်တယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်အသက်လွန်နေပေမဲ့ စစ်မှုထမ်းဖို့ အမိန့်စာရောက်လာတယ်။ စစ်တပ်ထဲဝင်ဖို့ ငြင်းခဲ့လို့ ၁၉၄၃၊ ဒီဇင်ဘာ ၃၁ ရက်မှာ ကျွန်တော်အဖမ်းခံခဲ့ရတယ်။ တရားရုံး ထုံးစံအတိုင်း လုပ်ဆောင်ပြီးတော့ စစ်မှုမထမ်းသူများစခန်းမှာ ၁၉၄၅၊ ဩဂုတ်လအထိ အကျဉ်းချခံခဲ့ရတယ်။

ထောင်ကထွက်လာပြီးနောက် အိုက်လီန်နဲ့ကျွန်တော်ဟာ အွန်တဲရီးယိုပြည်နယ်၊ ကွန်ဝေါလ်မြို့မှာ ရှေ့ဆောင်တာဝန် ချက်ချင်းရခဲ့တယ်။ မကြာခင်မှာပဲ အသင်းမရဲ့တရားရေးဌာနကပေးတဲ့ အထူးရဲမိန့်တာဝန်နဲ့ ကွီဘက်ပြည်နယ်ကို ပြောင်းရတယ်။ အဲဒါကတော့ ကွီဘက်မှာ ဒူပလဲစစ်ကြီးစိုးတဲ့ခေတ်အတွင်း၊ ယေဟောဝါသက်သေတွေကို ပြင်းပြင်းထန်ထန်အထူးညှဉ်းပန်းခဲ့တဲ့အချိန်မှာဖြစ်တယ်။ ပတ်စဉ်ပဲ တရားရုံးလေးခုကိုသွားပြီး ညီအစ်ကိုတွေကိုကူညီပေးခဲ့ရတယ်။ အဲဒီအချိန်က စိတ်လှုပ်ရှားစရာကောင်းပြီး ယုံကြည်ခြင်းခိုင်ခံ့စေခဲ့တဲ့အချိန်ပဲ။

၁၉၄၆ ခုနှစ် ကလီဗ်လန်စည်းဝေးကြီးပြီးတဲ့နောက်မှာ ကျွန်တော်တို့ဇနီးမောင်နှံဟာ ကမ်းရိုးတန်းတစ်ခုကနေတစ်ခု သွားခဲ့ရတဲ့ တိုက်နယ်နဲ့ခရိုင်လုပ်ငန်းတာဝန်တွေရခဲ့တယ်။ ပြောင်းလဲမှုတွေ မြန်ဆန်လွန်းလှတယ်။ ၁၉၄၈ ခုနှစ်မှာ ၁၁ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကို တက်ရောက်ဖို့ ကျွန်တော်တို့ဖိတ်ခေါ်ခံခဲ့ရတယ်။ သင်တန်းနည်းပြ အဲလ်ဘတ် ရှရိုးဒါ၊ မက်ခ်စ်ဝဲလ် ဖရန်ဒ်တို့နဲ့ ကျွန်တော်တို့ သင်တန်းတက်တဲ့ ၁၀၈ ယောက်ထဲမှာဘိသိက်ခံအယောက် ၄၀ ပါဝင်ခဲ့တယ်။ ယေဟောဝါရဲ့ရှေ့မီနောက်မီကျေးကျွန် ဒီလောက်များများနဲ့ပေါင်းခဲ့ရတာဟာ တကယ်အကျိုးကြီးမားတဲ့တွေ့ကြုံမှုတစ်ခုပဲ!

တစ်နေ့ကျတော့ ဘရွတ်ကလင်ကနေ ကျွန်တော်တို့ဆီ ညီအစ်ကိုနောရ်ရောက်လာတယ်။ ဂျပန်ဘာသာစကားသင်ယူဖို့ စေတနာ့ဝန်ထမ်း ၂၅ ယောက်လိုတယ်လို့ သူပြောခဲ့တယ်။ ၁၀၈ ယောက်စလုံးက သင်ယူဖို့အသင့်ပဲ! ဒါနဲ့ ဥက္ကဋ္ဌကရွေးချယ်ခဲ့ပါတယ်။ အဲဒီရွေးချယ်မှုကို ယေဟောဝါလမ်းညွှန်ပေးခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ဂျပန်မှာလုပ်ငန်းစဖွင့်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ ၂၅ ယောက်ထဲက အများဟာ အခုထိ သူတို့တာဝန်ကျရာနေရာမှာ—အသက်ကြီးနေကြပေမဲ့—အမှုထမ်းဆောင်နေကြတုန်းပဲ။ လွိုက်နဲ့မဲလ်ဘာဘယ်ရီတို့လို အချို့သူတွေကို အခြားတာဝန်တွေထမ်းဖို့ ပြောင်းရွှေ့ခဲ့ကြတယ်။ လွိုက်ဟာ သူဆုံးတဲ့ ပြီးခဲ့တဲ့နှစ်အထိ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တယ်။ ယေဟောဝါပေးသနားတဲ့ဆုကျေးဇူးကို သူတို့ရခဲ့ကြလို့ သူတို့အားလုံးနဲ့အတူ ကျွန်တော်တို့ဝမ်းသာပါတယ်။

ကျောင်းဆင်းတဲ့နေ့ရောက်တော့ ဂျမေကာမှာ ကျွန်တော်တို့တာဝန်ရခဲ့ကြတယ်။ ဒါပေမဲ့ ကွီဘက်မှာ တရားရုံးရက်ချိန်းတွေ မပြီးပြတ်သေးတဲ့အတွက် ကနေဒါကိုပြန်လာဖို့ ကျွန်တော်တို့ကိုညွှန်ကြားခဲ့တယ်။

တေးဂီတပိုများလာ!

ရှေ့ဆောင်လုပ်ငန်းအတွက် တေးဂီတကို ကျွန်တော်စွန့်ခဲ့ပေမဲ့ တေးဂီတက ကျွန်တော့်ကို စွန့်ပုံမရဘူး။ နောက်တစ်နှစ်မှာ အသင်းမရဲ့ဥက္ကဋ္ဌနေသန် နောရ်နဲ့ သူ့ရဲ့အတွင်းရေးမှူးမီလ်တင် ဟင်ရှယ်လ်တို့က တိုရွန်တိုမြို့၊ မေပဲလ် လီဖ် ဂါဒဲန်စ်ကို ရောက်လာခဲ့တယ်။ အဲဒီမှာ ညီအစ်ကိုနောရ်ဟောခဲ့တဲ့ “သင်ထင်သည်ထက်နောက်ကျနေ” ဆိုတဲ့လူထုဟောပြောချက်က လူတွေကိုအတော်ထိတ်လန့်သွားစေခဲ့တယ်။ အဲဒီစည်းဝေးကြီးမှာ သံစုံတီးဝိုင်းကို ဦးဆောင်ဖို့ ပထမဦးဆုံးအကြိမ် ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရတယ်။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းသီချင်းစာအုပ် (၁၉၄၄) ကနေ လူကြိုက်များတဲ့သီချင်းတချို့ကို ဝေါ့ဇ်တီးလုံးအလိုက်နဲ့ တီးခတ်ပေးခဲ့တယ်။ ညီအစ်ကိုတွေ ကြိုက်ပုံရတယ်။ စနေနေ့မွန်းလွဲပိုင်းအစီအစဉ်ပြီးတဲ့အခါ တနင်္ဂနွေနေ့အတွက် ကျွန်တော်တို့စီစဉ်ထားတာကို လေ့ကျင့်ကြတယ်။ ကွင်းကိုဖြတ်ပြီး ကျွန်တော်တို့ဘက် ညီအစ်ကိုဟင်ရှယ်လ်လာနေတာကို ဖျတ်ခနဲမြင်လိုက်တဲ့အတွက် သူ့ကိုသွားကြိုဖို့ သံစုံတီးဝိုင်းကိုရပ်လိုက်တယ်။ သူက “ဒီသံစုံတီးဝိုင်းမှာ ဂီတသမား ဘယ်နှစ်ယောက်ရှိသလဲ” ဆိုပြီးမေးခဲ့တယ်။ “လူစုံမယ်ဆိုရင် ၃၅ ယောက်လောက်ရှိပါတယ်” ဆိုပြီး ကျွန်တော်ဖြေခဲ့တယ်။ “နောက်နွေရာသီကျရင် နယူးယောက်မှာ အဲဒီထက်နှစ်ဆရှိလိမ့်မယ်” ဆိုပြီး သူပြောခဲ့တယ်။

ဒါပေမဲ့ နွေရာသီမတိုင်ခင်မှာပဲ ဘရွတ်ကလင်ကို ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပထမတော့ ကျွန်တော်နဲ့အတူ အိုက်လီန် မလိုက်လာနိုင်ခဲ့ဘူး။ ၁၂၄ ကိုလံဘီယာ ဟိုက်စ်အဆောက်အအုံသစ်က မပြီးသေးတဲ့အတွက် လက်ဟောင်းအဆောက်အအုံရဲ့ အခန်းကျဉ်းလေးထဲမှာ ဘိသိက်ခံ ကောင်းကင်အတန်းအစားညီအစ်ကိုနှစ်ဦး—အသက်ကြီးသူညီအစ်ကိုပေးန်နဲ့ အခုမှ ပထမဦးဆုံးတွေ့ဆုံရတဲ့ ကားလ် ကလိုင်း—တို့နဲ့အတူ နေခဲ့ရတယ်။ ကျဉ်းကျုတ်ခဲ့ပါသလား။ ဟုတ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အတော့်ကိုစိတ်တူသဘောတူဖြစ်ခဲ့ကြတယ်။ အသက်ကြီးတဲ့ညီအစ်ကိုတွေက စိတ်ရှည်ပြီး သည်းခံခဲ့ကြတယ်။ ကျွန်တော်ကလည်း သူတို့ကိုမနှောင့်ယှက်မိဖို့ ကြိုးစားခဲ့တယ်! ဘုရားသခင့်ဝိညာဉ်တော် စွမ်းဆောင်နိုင်တာနဲ့ပတ်သက်လို့ တန်ဖိုးရှိသင်ခန်းစာရခဲ့တယ်။ ညီအစ်ကိုကလိုင်းနဲ့တွေ့ဆုံပြီး သူနဲ့အတူ အလုပ်လုပ်ခဲ့ရတာဟာ တကယ်ကောင်းချီးပဲ! သူဟာ အမြဲကြင်နာသနားပြီး ကူညီပေးတတ်တယ်။ ကျွန်တော်တို့အတူတူ အလုပ်လုပ်နိုင်ကြပြီး ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့တာ အနှစ် ၅၀ ကျော်ပြီ။

၁၉၅၀၊ ၁၉၅၃၊ ၁၉၅၅၊ ၁၉၅၈ ခုနှစ်တွေက ရန်ကီးအားကစားကွင်းမှာကျင်းပခဲ့တဲ့ စည်းဝေးကြီးတွေမှာ တေးဂီတဘက် ပံ့ပိုးခွင့်ရတဲ့အပြင် ကယ်လီဖိုးနီးယားပြည်နယ်၊ ပက်စာဒီနာမြို့ ရိုစ်ဘိုလ်မှာကျင်းပခဲ့တဲ့ ၁၉၆၃ ခုနှစ်ကစည်းဝေးကြီးမှာလည်း အဲလ်ကယ်ဗီလင်နဲ့တွဲပြီး သံစုံတီးဝိုင်းတာဝန်တွေကို ထမ်းဆောင်ခွင့်ရခဲ့တယ်။ ရန်ကီးအားကစားကွင်းမှာကျင်းပခဲ့တဲ့ ၁၉၅၃ ခုနှစ်စည်းဝေးကြီးအတွင်း လူထုဟောပြောပွဲမစခင် တေးဂီတအစီအစဉ်ကို တင်ဆက်ခဲ့ကြရတယ်။ အဲရစ်ခ် ဖရော့စ်က သူကိုယ်တိုင်သီကုံးရေးစပ်ထားတဲ့ “အသင်သက်သေများ ရှေ့သို့ချီ!” သီချင်းကို တစ်ကိုယ်တော်အဆိုကျော်အဖြစ် ကျွန်တော်တို့သံစုံတီးဝိုင်းနဲ့တွဲပြီးသီဆိုဖို့ အီးဒစ်သ် ရှီမီယောနီခ် (နောက်ပိုင်းမှာ ဝီဂန့်) ကိုမိတ်ဆက်ပေးခဲ့တယ်။ အဲဒီနောက် အာဖရိကညီအစ်ကို၊ ညီအစ်မတွေရဲ့ သာယာနာပျော်ဖွယ်အသံတွေကို ပထမဦးဆုံးအကြိမ်ကြားခဲ့ကြရတဲ့အခါ ကျွန်တော်တို့ပီတိဖြစ်ခဲ့ရတယ်။ ခရစ်ယာန်သာသနာပြုဖြစ်သူ ဟယ်ရီအာရ်နာတ်က ကျွန်တော်တို့နားထောင်ဖို့အတွက် မြောက်ပိုင်းရိုဒီးရှား (အခု ဇမ်ဘီယာ) ကနေ တိတ်ခွေတစ်ခွေ ယူခဲ့ပေးတယ်။ အားကစားကွင်းတစ်ခုလုံးကို ဒီသီချင်းသံ လွှမ်းမိုးသွားခဲ့တယ်။

၁၉၆၆ သီချင်းစာအုပ်ကို အသံသွင်းခြင်း

“တေးသီချင်းကို စိတ်နှလုံးပါလျက် ကျူးဧသီဆိုခြင်း” ပန်းနုရောင်ပလတ်စတစ်အဖုံးနဲ့ သီချင်းစာအုပ်ကို မှတ်မိကြပါသလား။ အဲဒါကို နောက်ဆုံးလက်စသတ်ပြီးခါနီးမှာ ညီအစ်ကိုနောရ်က “ဓာတ်ပြားတွေထုတ်ကြမယ်။ ဒါကြောင့် တယောအနည်းငယ်၊ ပလွေတစ်စုံလောက်နဲ့ပဲ သံစုံတီးဝိုင်းအဖွဲ့ငယ်တစ်ခုဖွဲ့စေချင်တယ်။ ဘယ်သူမှဝင့်ကြွားကြေညာ ‘ခရာမှုတ်’ တာမလုပ်စေချင်ဘူး!” ဆိုပြီးပြောခဲ့တယ်။ ဗေသလက ဘုရားသခင့်နိုင်ငံတော်ခန်းမကို ကျွန်တော်တို့ရဲ့ စတူဒီယိုအနေနဲ့အသုံးပြုနိုင်ပေမဲ့ အခက်အခဲအနည်းငယ်ရှိတယ်။ ခန်းဆီးမရှိတဲ့နံရံတွေ၊ ကြွေပြားကပ်ကြမ်းခင်းတွေနဲ့ သတ္တုခေါက်ကုလားထိုင်တွေကြောင့် ပဲ့တင်သံထပ်မှာကို ဘယ်လိုလုပ်မလဲ။ ဒီအသံပြဿနာကို ဘယ်သူဖြေရှင်းပေးနိုင်မလဲ။ တစ်ယောက်က “တောမီ မစ်ချယ်လ်! အေဘီစီကွန်ရက်စတူဒီယိုမှာ သူအလုပ်လုပ်တယ်” တဲ့။ ဒါနဲ့ပဲ ညီအစ်ကိုမစ်ချယ်လ်နဲ့ အဆက်အသွယ်ရတဲ့အခါ သူက ဝမ်းသာအားရနဲ့ ကူညီပေးခဲ့တယ်။

အသံသွင်းဖို့ ပထမစနေနေ့မနက်ပိုင်းမှာ လူစုကြပြီး ဂီတသမားတွေကို မိတ်ဆက်ပေးတဲ့အခါ ညီအစ်ကိုတစ်ယောက်ဆီမှာ သံစုံပြွန်ခရာအိတ်ပါလာတယ်။ “ဝင့်ကြွားကြေညာ ‘ခရာမှုတ်’ တာမလုပ်စေချင်ဘူး!” ဆိုတဲ့ညီအစ်ကိုနောရ်သတိပေးစကားကို ကျွန်တော်မှတ်မိလိုက်တယ်။ အခု ဘယ်လိုလုပ်မလဲ။ အဲဒီညီအစ်ကိုက သူ့ရဲ့သံစုံပြွန်ခရာကို အိတ်ထဲကနေဆွဲထုတ်၊ တပ်ဆင်ပြီးတော့ အစမ်းမှုတ်တာကို ကျွန်တော်စောင့်ကြည့်ခဲ့တယ်။ အဲဒီညီအစ်ကိုကတော့ တောမ် မစ်ချယ်လ်ပဲ၊ သူ့ရဲ့ပထမတီးလုံးတွေက နားထောင်လို့တကယ်ကောင်းတယ်။ သံစုံပြွန်ခရာကို တယောသံနဲ့တူအောင် သူမှုတ်ခဲ့တယ်! ‘ဒီညီအစ်ကိုပါရမယ်’ လို့ကျွန်တော်စဉ်းစားမိတယ်! ညီအစ်ကိုနောရ်လည်း မငြင်းဆိုခဲ့ဘူး။

အဲဒီသံစုံတီးဝိုင်းမှာ ပါဝင်သူတွေဟာ တော်တဲ့ဂီတသမားအုပ်စုဖြစ်ပြီး ချစ်ဖွယ်ညီအစ်ကို၊ ညီအစ်မတွေလည်းဖြစ်ကြတဲ့ ဂီတသမားအုပ်စုဖြစ်တယ်။ ဆက်ဆံရခက်တဲ့သူတွေ မရှိခဲ့ဘူး! အသံသွင်းတဲ့အလုပ်က ပင်ပန်းပေမဲ့ တစ်ယောက်မှ မညည်းညူခဲ့ကြဘူး။ အသံသွင်းပြီးသွားတဲ့အခါ မျက်ရည်ကျခဲ့ကြတယ်; ပါဝင်ခဲ့ကြတဲ့သူတွေစပ်ကြား အားကြီးတဲ့ရင်းနှီးတွယ်တာမှုဆက်ရှိနေကြတယ်။ ကျွန်တော်တို့အားလုံး ဒီအခွင့်ထူးမှာ ပါဝင်ခဲ့ရတာပျော်ကြပြီး ယေဟောဝါအကူအညီနဲ့ အလုပ်ပြီးစီးသွားတယ်။

နောက်ထပ်ဆုကျေးဇူးများ

နှစ်တွေကုန်လွန်ခဲ့ပေမဲ့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်တော်ဆက်ပါဝင်နေတုန်းပဲ။ တိုက်နယ်နဲ့ခရိုင်လုပ်ငန်းမှာ ၂၈ နှစ်တိုင် တာဝန်များထမ်းဆောင်ခဲ့ရပြီး အဲဒီလုပ်ငန်းတိုင်းဟာ ပျော်စရာကောင်းခဲ့တယ်။ အဲဒီနောက် အွန်တဲရီးယိုပြည်နယ်၊ နော့ရ်ဗာလ်စည်းဝေးခန်းမကို ငါးနှစ် စောင့်ရှောက်ကြည့်ရှုခဲ့ရတယ်။ စနေ၊ တနင်္ဂနွေအပတ်တိုင်း တိုက်နယ်စည်းဝေးရှိတဲ့အပြင် နိုင်ငံခြားဘာသာစကားနဲ့ ခရိုင်စည်းဝေးကြီးတွေ အမြဲကျင်းပနေတဲ့အတွက် အိုက်လီန်နဲ့ကျွန်တော့်မှာ အလုပ်အမြဲရှိခဲ့ကြတယ်။ ဟော့လ်တဲန်ဟီလ်စ်မှာ အသင်းမရဲ့အနာဂတ်ဌာနခွဲကို ဆောက်လုပ်ဖို့အစီအစဉ်ရှိလို့ ၁၉၇၉/၈၀ ခုနှစ်မှာ ဗိသုကာတွေနဲ့အင်ဂျင်နီယာတွေက စည်းဝေးခန်းမ အဆောက်အဦတွေကိုအသုံးပြုခဲ့ကြတယ်။ စည်းဝေးခန်းမမှာ အလုပ်ပြီးသွားတဲ့နောက် ၁၉၈၂ ကနေ ၁၉၈၄ ခုနှစ်အထိ ဘရွတ်ကလင်မှာ တေးဂီတလုပ်ငန်းနဲ့ပတ်သက်ပြီး နောက်ထပ်တာဝန်ရခဲ့တယ်။

ကျွန်တော်တို့ရဲ့ ၅၉ ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်ပွဲပြီးနောက် ခုနစ်ရက်အကြာ ၁၉၉၄၊ ဇွန် ၁၇ ရက်မှာ ကျွန်တော့်ချစ်ဇနီးကွယ်လွန်ခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် ရှေ့ဆောင်လုပ်ငန်းမှာ ၅၁ နှစ်အတူတူပါဝင်ခဲ့ကြတာ။

ဘဝအတွေ့အကြုံတွေကို ပြန်ပြောင်းသုံးသပ်ကြည့်တဲ့အခါ သမ္မာကျမ်းစာဟာ တန်ဖိုးမဖြတ်နိုင်တဲ့လမ်းညွှန်ဖြစ်ခဲ့တာကို ကျွန်တော်စွဲမှတ်မိတယ်။ တစ်ခါတလေ အိုက်လီန်ရဲ့ကိုယ်ပိုင်ကျမ်းစာကို ကျွန်တော်အသုံးပြုတဲ့အခါ သူ့နှလုံးကိုထိမိစေခဲ့တာတွေကို ရေးမှတ်ထားတာ—သူမှတ်ထားတဲ့ အခန်းငယ်တွေ၊ ဝေါဟာရတွေနဲ့ စကားလုံးတစ်လုံးစီ—ကနေ အားရကျေနပ်မှုရရှိတယ်။ အိုက်လီန်လိုပဲ ကျွန်တော့်မှာလည်း ကျွန်တော့်အတွက် အထူးအဓိပ္ပာယ်ရှိတဲ့ ကျမ်းစာပိုဒ်တွေရှိတယ်။ တစ်ခုကတော့ “ယေရုရှလင်၊ သင့်ကို ငါမေ့လျှင် ဘယ်တော့မှစောင်းမတီးနိုင်ပါစေနှင့်! အပျော်ရွှင်ဆုံးအချိန်တွင် သင့်ကို ငါသတိမရလျှင် ဘယ်တော့မှသီချင်းမဆိုနိုင်ပါစေနှင့်!” ဆိုတဲ့ ဆာလံ ၁၃၇ ကယေဟောဝါဆီတောင်းတဲ့ လှပတင့်တယ်တဲ့ဆုတောင်းချက်ကိုဖော်ပြထားတဲ့ ကျမ်းပိုဒ်ပဲ။ (ဆာလံ ၁၃၇:၅၊ ၆၊ ယနေ့ အင်္ဂလိပ်ဘာသာပြန်ကျမ်း) တေးဂီတကို မြတ်နိုးပေမဲ့ ကျွန်တော့်ကိုပျော်ရွှင်မှုအပေးဆုံးကတော့ အပြည့်အဝအားရကျေနပ်စရာကောင်းတဲ့ဘဝဆုကိုပေးခဲ့တဲ့ ယေဟောဝါရဲ့အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်ရခြင်းပါပဲ။

[အောက်ခြေမှတ်ချက်များ]

a ၁၉၇၃၊ ဇွန် ၁ ရက် ကင်းမျှော်စင်တွင် ထိုအချိန်မှစ၍ နောက်ပိုင်း၌ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းမခံမီ ဆေးလိပ်သောက်ခြင်းကို ရပ်ပစ်ရန် အဘယ်ကြောင့်လိုအပ်ကြောင်းကို ရှင်းပြခဲ့သည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၁၉၄၇ ခုနှစ်တွင် အိုက်လီန်နှင့်အတူ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

အစောပိုင်းအချိန်က အသံသွင်းခြင်းဆိုင်ရာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ