သမ္မာကျမ်းစာကို အဘယ်ကြောင့်လေ့လာကြသနည်း
ဘီလ်သည် ငယ်ရွယ်သည်၊ အားကစားထူးချွန်သည်၊ ပညာတတ်သည်၊ ငွေကြေးကြွယ်ဝပြည့်စုံသည်။ သို့တိုင် သူမကျေနပ်နိုင်ချေ။ သူ့ဘဝမှာ ရည်ရွယ်ချက်မရှိသောကြောင့် အလွန့်အလွန်စိတ်သောကရောက်ခဲ့ရသည်။ ဘဝရည်ရွယ်ချက်ကို သူကြိုးစားရှာဖွေရန် ဘာသာအမျိုးမျိုးကို လေ့လာဆန်းစစ်ခဲ့သည်၊ သို့သော် သူရှာဖွေနေသည့်အရာကို မရရှိခဲ့ချေ။ ၁၉၉၁ ခုနှစ်တွင် ယေဟောဝါသက်သေတစ်ဦးနှင့် သူတွေ့ဆုံခဲ့သည်၊ ထိုသူက ဘဝအဓိပ္ပာယ်အကြောင်း သမ္မာကျမ်းစာပြောဆိုရာများကို ဆွေးနွေးတင်ပြထားသည့် စာအုပ်တစ်အုပ်ကို သူ့အားပေးခဲ့သည်။ ထိုအကြောင်းအရာကိုသာမက အခြားအကြောင်းများကိုပါ ဘီလ်သိရှိလာနိုင်ရန် ကျမ်းစာသင်အံမှုစီစဉ်ခဲ့သည်။
ဘီလ် ဤသို့ပြန်ပြောပြသည်– “ကျွန်တော်တို့ ပထမအကြိမ်သင်အံမှုလုပ်ကြတယ်၊ ကျမ်းစာကို မကြာခဏကိုးကားတဲ့အတွက် ကျွန်တော်ရှာနေတာ ဒါပဲလို့ သိလိုက်တယ်။ ကျမ်းစာထဲမှာပါတဲ့အဖြေတွေဟာ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ လေ့လာမှုပြီးပြီးချင်း တောင်ပေါ်ကိုကားမောင်းတက်သွားပြီး ထရပ်ကားပေါ်ကဆင်းတာနဲ့ ပျော်လွန်းလို့ အကျယ်ကြီးအော်ပစ်လိုက်တယ်။ ကျွန်တော့်မေးခွန်းတွေရဲ့အဖြေကို အခုမှသိလာရတဲ့အတွက် ကျေနပ်အားရမိတယ်။”
ကျမ်းစာအမှန်တရားကိုတွေ့ရှိသူတိုင်း အားရဝမ်းသာစွာနှင့် ဤသို့အော်ဟစ်ကြွေးကြော်ခဲ့မည်မဟုတ်သည်မှာ မှန်ပါသည်။ သို့တိုင် ဘဝ၏အရေးပါသောမေးခွန်းများ၏အဖြေများကို သိရခြင်းသည် လူများစွာအတွက် ရွှင်လန်းဝမ်းမြောက်စရာဖြစ်သည်။ သူတို့သည် ယေရှု၏ဥပမာထဲမှ လယ်၌ဝှက်ထားသောဘဏ္ဍာကိုတွေ့သူကဲ့သို့ ခံစားကြရသည်။ ယေရှုဤသို့မိန့်တော်မူသည်– “ဝမ်းမြောက်သောစိတ်နှင့်သွားပြီးလျှင် မိမိ၌ရှိသမျှကိုရောင်း၍ ထိုလယ်ကိုဝယ်လေ၏။”—မဿဲ ၁၃:၄၄၊ သမ္မာ။
အဓိပ္ပာယ်ပြည့်ဝသောဘဝအသက်တာအတွက် သော့ချက်
ဘဝ၏ရည်ရွယ်ချက်ကားအဘယ်နည်းဟူသည့် အခြေခံကျသောမေးခွန်းကို ဘီလ်ဆင်ခြင်သုံးသပ်ခဲ့သည်။ အတွေးအခေါ်ပညာရှင်များ၊ ကျမ်းပညာရှင်များနှင့် သိပ္ပံပညာရှင်များသည် ထိုမေးခွန်း၏အဖြေကိုရရန် နှစ်ပေါင်းထောင်နှင့်ချီ၍ ကြိုးစားခဲ့ကြသည်။ ယင်း၏အဖြေရရန် ကြိုးပမ်းခဲ့ကြသူများသည် မရေမတွက်နိုင်သောစာအုပ်များကို ရေးသားခဲ့ကြပြီ။ သူတို့၏ကြိုးပမ်းမှုများသည် အချည်းနှီးဖြစ်ခဲ့ပြီး အများစုက ထိုမေးခွန်းကို အဖြေမပေးနိုင်ဟု ကောက်ချက်ချခဲ့ကြပြီ။ သို့သော် အဖြေရှိပါသည်။ ယင်းသည် လေးနက်သော်လည်း နားလည်ရန်မခက်ခဲပါ။ သမ္မာကျမ်းစာတွင် ယင်းကို ရှင်းလင်းဖော်ပြထားသည်။ ဤသည်ကား ပျော်ရွှင်၍ အဓိပ္ပာယ်ပြည့်ဝသောဘဝ၏ သော့ချက်ဖြစ်၏– ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်နှင့် လျောက်ပတ်သောဆက်ဆံရေး ရှိရမည်။ ယင်းကို ကျွန်ုပ်တို့မည်သို့ရရှိနိုင်မည်နည်း။
ဘုရားသခင်ထံချဉ်းကပ်ခြင်းနှင့်ပတ်သက်၍ ဆန့်ကျင်ဘက်ဖြစ်ပုံရှိသည့် အသွင်အပြင်နှစ်ခုရှိသည်။ ကိုယ်တော့်ထံချဉ်းကပ်သူများသည် ကိုယ်တော်အား ကြောက်ရွံ့ရိုသေပြီး ချစ်မြတ်နိုးကြ၏။ ထိုအချက်ကိုထောက်ခံသည့် ကျမ်းချက်နှစ်ချက်ကို သုံးသပ်ကြည့်ကြစို့။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ပညာရှိဘုရင်ရှောလမုန်သည် လူသားတို့အကြောင်း အသေအချာလေ့လာခဲ့ပြီးနောက် သူ၏တွေ့ရှိချက်များကို အာစရိယကျမ်းတွင် မှတ်တမ်းတင်ခဲ့သည်။ သူ၏ရှုမြင်ချက်များကို အကျဉ်းချုပ်၍ ဤသို့ရေးသားခဲ့သည်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေ. ၁၂:၁၃) ရာစုနှစ်များစွာကုန်လွန်ပြီးနောက် မောရှေကိုပေးခဲ့သောပညတ်တော်တို့တွင် အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု မေးခဲ့သောအခါ ယေရှုဤသို့ဖြေကြားတော်မူသည်– “သင်၏ဘုရားသခင် ထာဝရဘုရား[သခင်]ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့။” (မဿဲ ၂၂:၃၇) ဘုရားသခင်ကို ကြောက်ရွံ့ပြီး ချစ်ရမည်ဟူသည့်အချက်သည် ထူးဆန်းနေဟန်ရှိပါသလော။ ကြောက်ရွံ့ခြင်းနှင့်ချစ်ခြင်း၏အရေးပါမှုနှင့် ဘုရားသခင်နှင့်ကျေနပ်ဖွယ်ဆက်ဆံရေးရှိစေရန် ယင်းတို့မည်သို့ပူးပေါင်းလုပ်ဆောင်သည်ကို သုံးသပ်ကြည့်ကြစို့။
ဘုရားသခင်အားကြောက်ရွံ့ခြင်း၏ ဆိုလိုရင်း
ကျွန်ုပ်တို့သည် ဘုရားသခင်လက်ခံနိုင်ဖွယ်နည်းဖြင့် ကိုယ်တော်အားကိုးကွယ်ရန် ကြောက်ရွံ့ရိုသေခြင်းသည် အဓိကကျသည်။ သမ္မာကျမ်းစာ၌ ဤသို့ဆိုသည်– “ထာဝရဘုရား[သခင်]ကို ကြောက်ရွံ့ရိုသေခြင်းသည် ပညာ၏အစမူလဖြစ်၏။” (ဆာလံ ၁၁၁:၁၀၊ သမ္မာ) တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကိုလျောက်ပတ်စွာဝတ်ပြုနိုင်မည်အကြောင်း ကျေးဇူးတော်ကိုစွဲလမ်းကြကုန်အံ့။” (ဟေဗြဲ ၁၂:၂၈) အလားတူစွာ တမန်တော်ယောဟန်မြင်ရသည့် အဆင်းအာရုံတွင် ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသော ကောင်းကင်တမန်တစ်ပါးက “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့” ဟူသည့်စကားဖြင့် သတင်းကောင်းကြေညာခြင်းကို အစပြုခဲ့သည်။—ဗျာဒိတ် ၁၄:၆၊ ၇။
အဓိပ္ပာယ်ပြည့်ဝသောဘဝအတွက် အလွန်အရေးပါသည့် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် တုန်လှုပ်ထိတ်လန့်သောကြောက်ရွံ့ခြင်းမျိုးနှင့် မတူချေ။ ရက်စက်ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ကောင်းသောရာဇဝတ်သားတစ်ဦး၏ ခြိမ်းခြောက်မှုကိုခံရလျှင် ကျွန်ုပ်တို့ ထိတ်လန့်ကြောက်ရွံ့ကြပေမည်။ သို့သော် ဘုရားသခင်ကိုကြောက်ရွံ့ခြင်း သို့မဟုတ် ဘုရားသခင့်ရေးရာကြောက်ရွံ့မှုသည် ဖန်ဆင်းရှင်အား စိုးရွံ့ရိုသေခြင်းဖြစ်၏။ ၎င်းပြင် ဘုရားသခင်သည် မနာခံသောလူသားများကို အပြစ်ပေးရန် တန်ခိုးအာဏာရှိသော တရားသူကြီးချုပ်နှင့် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်သောကြောင့် ကိုယ်တော်မနှစ်သက်ရာပြုမိမည်ကိုစိုးရွံ့သော တော်မှန်စွာကြောက်ရွံ့ခြင်းလည်းဖြစ်သည်။
ကြောက်ရွံ့ခြင်းနှင့် ချစ်ခြင်း ပူးပေါင်းလုပ်ဆောင်
သို့သော်လည်း ယေဟောဝါသည် ကိုယ်တော်၏အတိုင်းဆမဲ့တန်ခိုးတော်ကို စိုးရွံ့သောကြောင့်သာ ကိုယ်တော့်အမှုတော်ဆောင်ခြင်းကို မလိုလားချေ။ ယေဟောဝါသည် ထူးခြားထင်ရှားစွာ မေတ္တာကြီးမားသောအရှင် ဘုရားသခင်ဖြစ်တော်မူ၏။ တမန်တော်ယောဟန်သည် ဤသို့ရေးသားရန် လှုံ့ဆော်ခံခဲ့ရသည်– “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” (၁ ယောဟန် ၄:၈) ယေဟောဝါဘုရားသခင်သည် လူသားများကို အလွန်ချစ်မြတ်နိုးစွာ ဆက်ဆံတော်မူခဲ့ရာ လူသားများသည် ကိုယ်တော်အားချစ်မြတ်နိုးစွာ ပြန်ဆက်ဆံရန် အလိုရှိတော်မူ၏။ သို့ရာတွင် ထိုသို့သောချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းသည် မည်သို့သဟဇာတဖြစ်နိုင်မည်နည်း။ အမှန်မှာ ယင်းတို့နှစ်ခုသည် ဆက်စပ်လျက်ရှိသည်။ ဆာလံဆရာ ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့် . . . ရှိကြ၏။”—ဆာလံ ၂၅:၁၄။
ခွန်အားဗလကြီး၍ ပညာသတိရှိသော ဖခင်တစ်ဦးအား ကလေးငယ်တစ်ယောက်ထားရှိသည့် ရိုသေလေးစားမှုနှင့် စိုးရွံ့မှုကို စဉ်းစားကြည့်ပါ။ တစ်ချိန်တည်းတွင် ထိုကလေးငယ်သည် ဖခင်၏မေတ္တာကို တုံ့ပြန်ပေလိမ့်မည်။ ကလေးငယ်သည် ဖခင်ကို ယုံကြည်အားထားကာ သူ့လမ်းညွှန်မှုကိုမျှော်ကိုး၍ ထိုလမ်းညွှန်မှုသည် အကျိုးဖြစ်ထွန်းမည်ဟု ယုံကြည်စိတ်ချပေလိမ့်မည်။ အလားတူစွာ ကျွန်ုပ်တို့သည် ယေဟောဝါအား ချစ်မြတ်နိုး၍ကြောက်ရွံ့ရိုသေလျှင် ကိုယ်တော့်လမ်းညွှန်မှုကိုခံယူကြမည်ဖြစ်ရာ ယင်းက အကျိုးပေးပေလိမ့်မည်။ ဣသရေလလူများနှင့်ပတ်သက်၍ ယေဟောဝါမိန့်တော်မူရာကို သတိပြုပါ– “သူတို့နှင့်သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း ငါ့ကိုကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံကြပါစေသော။”—တရားဟောရာ ၅:၂၉။
မှန်ပါသည်၊ ဘုရားသခင့်ရေးရာကြောက်ရွံ့ခြင်းသည် အချုပ်အနှောင်မဖြစ်ဘဲ လွတ်လပ်စေသည်၊ ဝမ်းမနည်းစေဘဲ ရွှင်လန်းစေနိုင်သည်။ ယေရှုအကြောင်း ဟေရှာယက ဤသို့ပရောဖက်ပြုခဲ့သည်– “ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်။” (ဟေရှာယ ၁၁:၃) ထို့ပြင် ဆာလံဆရာ ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားကိုကြောက်ရွံ့၍ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် [“ပျော်ရွှင်၊” ကဘ] ၏။”—ဆာလံ ၁၁၂:၁။
ရှင်းနေသည်မှာ၊ ဘုရားသခင်ကိုမသိလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်အားကြောက်ရွံ့ခြင်း၊ ချစ်ခြင်း ရှိနိုင်မည်မဟုတ်ပေ။ ယင်းကြောင့် သမ္မာကျမ်းစာကိုလေ့လာခြင်းသည် အလွန်အရေးကြီး၏။ ထိုကဲ့သို့လေ့လာမှုက ဘုရားသခင့်ဂုဏ်ရည်တော်ကို သိနားလည်စေ၍ ကိုယ်တော့်ညွှန်ကြားချက်ကို လိုက်လျှောက်ခြင်းသည် ဉာဏ်ပညာရှိကြောင်း သဘောပေါက်လာစေသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ပို၍နီးစပ်လာလေ ကိုယ်တော့်အလိုတော်ကို ဆောင်ရွက်လိုစိတ်များလာလေဖြစ်ပြီး ကိုယ်တော့်ပညတ်တော်များသည် ကျွန်ုပ်တို့ကိုအကျိုးပြုမည်ဖြစ်ကြောင်းသိထားကာ ၎င်းတို့ကို လိုက်လျှောက်ရန် လှုံ့ဆော်ခံရကြသည်။—၁ ယောဟန် ၅:၃။
မိမိသည် ဘဝလမ်းမှန်ပေါ်ရောက်ရှိနေသည်ကို သိရခြင်းမှာ ရွှင်လန်းဖွယ်ဖြစ်သည်။ အစပိုင်း၌ဖော်ပြခဲ့သောဘီလ်သည် ထိုသို့ပင်ဖြစ်သည်။ မကြာမီက သူဤသို့ပြောပြသည်– “ကျွန်တော်ကျမ်းစာစပြီးလေ့လာချိန်ကနေ ဖြတ်သန်းခဲ့တဲ့ကိုးနှစ်အတွင်း ယေဟောဝါနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးဟာ အရမ်းတိုးတက်လာတယ်။ အစပိုင်းမှာ ကျွန်တော်ခံစားခဲ့ရတဲ့ ရွှင်လန်းမှုဟာ တကယ့်ကိုပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝလမ်းစဉ်တစ်ခုဖြစ်လာခဲ့တယ်။ ဘဝကို အပြုသဘောနဲ့ ကျွန်တော်အမြဲတမ်းရှုမြင်တယ်။ ကျွန်တော့်ရဲ့နေ့ရက်တွေဟာ အပျော်အပါးကို ရည်ရွယ်ချက်မဲ့ ရှာတာနဲ့မဟုတ်ဘဲ အဓိပ္ပာယ်ရှိတဲ့အလုပ်တွေနဲ့ပြည့်နေတယ်။ ယေဟောဝါဟာ ကျွန်တော့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာပြီ၊ ကျွန်တော့်အတွက်အကောင်းဆုံးအကျိုးကို ကိုယ်တော်တကယ်စိတ်ဝင်စားတယ်ဆိုတာလည်း ကျွန်တော်သိတယ်။”
ယေဟောဝါအားသိကျွမ်းခြင်းပညာကို မိမိတို့အသက်တာတွင် လက်တွေ့ကျင့်သုံးသူများအတွက် ယင်းက ပျော်ရွှင်မှုနှင့် အကျိုးကျေးဇူးများ မည်သို့ရရှိစေကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ကြမည်။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
ဘုရားသခင်ထံချဉ်းကပ်ခြင်း ဟူသည် ကိုယ်တော်အား ချစ်မြတ်နိုးပြီး ကြောက်ရွံ့ခြင်းကိုဆိုလို
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ယေရှုသည် ယေဟောဝါအားကြောက်ရွံ့ ခြင်း၌ အားရရွှင်လန်းခဲ့