“ဘုရားသခင်၌ချဉ်းကပ်ကြလော့”
“ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။”—ယာကုပ် ၄:၈။
၁၊ ၂။ (က) လူတို့သည် အဘယ်သို့ဆိုတတ်ကြသနည်း။ (ခ) ယာကုပ်မည်သို့တိုက်တွန်းခဲ့သနည်း၊ ယင်းကို အဘယ်ကြောင့်လိုအပ်ခဲ့သနည်း။
“ဘုရားသခင်သည် ငါတို့နှင့်အတူရှိ၏။” ဤစာသားသည် နိုင်ငံတော်အထိမ်းအမှတ်များနှင့် စစ်ဝတ်စုံများကိုပင် တန်ဆာဆင်ခဲ့ပြီ။ ယခုခေတ် ငွေစက္ကူနှင့် အကြွေစေ့အများအပြားပေါ်တွင် “ဘုရားသခင်ကို ငါတို့ကိုးစား၏” ဟုရေးသားထားသည်။ ဘုရားသခင်နှင့်မိမိတို့ ရင်းနှီးသောဆက်ဆံရေးရှိသည်ဟု လူတို့ဆိုတတ်ကြသည်။ သို့သော် ထိုသို့သောဆက်ဆံရေး အမှန်ရှိခြင်းဟူသည် အပြောနှင့် ဆောင်ပုဒ်များပြရုံမျှထက်မကလိုကြောင်း သင်သဘောတူသည်မဟုတ်လော။
၂ ဘုရားသခင်နှင့် ဆက်ဆံရေးရှိနိုင်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ သို့ရာတွင် ကြိုးပမ်းအားထုတ်မှုလိုသည်။ ပထမရာစု ဝိညာဉ်တော်ဖွားခရစ်ယာန်အချို့ပင်လျှင် ယေဟောဝါဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးကို ခိုင်မြဲစေဖို့လိုအပ်ခဲ့သည်။ ခရစ်ယာန်ကြီးကြပ်မှူးယာကုပ်သည် ဇာတိသဘောများရှိခြင်း၊ ဝိညာဉ်ရေးစင်ကြယ်မှုမရှိခြင်းတို့နှင့်စပ်လျဉ်း၍ အချို့သူတို့ကို သတိပေးခဲ့ရသည်။ ထိုသို့ဆုံးမစဉ် “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟုထိရောက်စွာ သူတိုက်တွန်းပြောဆိုခဲ့သည်။ (ယာကုပ် ၄:၁-၁၂) ‘ချဉ်းကပ်ပါ’ ဟုဆိုရာတွင် ယာကုပ် အဘယ်ရာကိုဆိုလိုသနည်း။
၃၊ ၄။ (က) “ဘုရားသခင်၌ချဉ်းကပ်ကြလော့” ဟူသောအသုံးအနှုန်းက ယာကုပ်၏ပထမရာစု စာရှုသူအချို့အား အဘယ်အရာကိုပြန်သတိရစေခဲ့သနည်း။ (ခ) ဘုရားသခင်ထံချဉ်းကပ်နိုင်ကြောင်းကို အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
၃ ယာကုပ်သည် မိမိ၏စာရှုသူများ ရင်းနှီးပြီးသားဖြစ်မည့်အသုံးအနှုန်းတစ်ခုကို အသုံးပြုခဲ့သည်။ ယဇ်ပုရောဟိတ်များသည် လူမျိုးတော်ကိုယ်စား ယေဟောဝါထံ မည်သို့ “ချဉ်းကပ်” ရမည်ကို မောရှေပညတ်တွင် ညွှန်ကြားထားသည်။ (ထွက်မြောက်ရာ ၁၉:၂၂) သို့ဖြင့် ယေဟောဝါထံချဉ်းကပ်ခြင်းသည် ပေါ့သေးသေးကိစ္စမဟုတ်ကြောင်း ယာကုပ်၏စာရှုသူများ ပြန်သတိရကြပေမည်။ ယေဟောဝါသည် စကြဝဠာတွင် ဂုဏ်အသရေအကြီးမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူ၏။
၄ အခြားတစ်ဖက်တွင်မူ ကျမ်းပညာရှင်တစ်ဦးဖော်ပြသည့်အတိုင်း “[ယာကုပ် ၄:၈ မှ] ဤတိုက်တွန်းချက်သည် အမှန်ပင် အပြုသဘောဆောင်သည်။” ယေဟောဝါသည် မိမိထံချဉ်းကပ်ဖို့ မစုံလင်သူလူသားများကို မေတ္တာနှင့်အစဉ် ခေါ်ဖိတ်တော်မူကြောင်း ယာကုပ်သိထားပါသည်။ (၂ ရာဇဝင်ချုပ် ၁၅:၂) ယေဟောဝါထံချဉ်းကပ်ရန်လမ်းကို ယေရှု၏ရွေးနုတ်ဖိုးက သာ၍အပြည့်အဝဖွင့်ပေးခဲ့သည်။ (ဧဖက် ၃:၁၁၊ ၁၂) ယနေ့ ယေဟောဝါထံချဉ်းကပ်သည့်လမ်းကို သန်းပေါင်းများစွာသောသူတို့အဖို့ ဖွင့်ပေးထားပြီ! သို့သော် ဤအခွင့်ထူးကို ကျွန်ုပ်တို့မည်သို့ အခွင့်ကောင်းယူနိုင်မည်နည်း။ ယေဟောဝါဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်သော နည်းသုံးနည်းကို အကျဉ်းချုပ်သုံးသပ်ကြည့်ကြမည်။
ဘုရားသခင်နှင့်ဆိုင်သော ‘အသိပညာကို ဆည်းပူး’ လျက်နေလော့
၅၊ ၆။ ဘုရားသခင်နှင့်ဆိုင်သော ‘အသိပညာကို ဆည်းပူးနေခြင်း’ ၌ အဘယ်အရာအကျုံးဝင်ကြောင်း လူငယ်ရှမွေလ၏ပုံဥပမာက မည်သို့ဖော်ပြသနည်း။
၅ ယောဟန် ၁၇:၃ အရ ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ် [“နှင့်ဆိုင်သောအသိပညာ၊” ကဘ] ကိုလည်းကောင်း သိကျွမ်း [“ဆည်းပူးနေ၊” ကဘ] ခြင်းတည်း” ဟုမိန့်တော်မူခဲ့သည်။ ဘုရားသခင်နှင့်ဆိုင်သော ‘အသိပညာကို ဆည်းပူးနေခြင်း’ ဟုဆိုရာ၌ ယေရှုအဘယ်အရာကိုဆိုလိုသနည်း။ မူရင်းဂရိကျမ်း၌အသုံးပြုထားသော စကားလုံး၏အဓိပ္ပာယ်သည် အခြားသူတစ်ဦးနှင့် ရင်းနှီးသိကျွမ်းစေနိုင်သော အဖြစ်သို့ပင်ရောက်စေနိုင်သည့် ဆက်လက်ပြုလုပ်နေရသည့် လုပ်ငန်းစဉ်တစ်ခုနှင့်ပတ်သက်ကြောင်း ပညာရှင်အတော်များများ သတိပြုမိကြသည်။
၆ ယေရှုလက်ထက်တွင် ဘုရားသခင်နှင့်ရင်းနှီးသိကျွမ်းလာခြင်းသည် အယူအဆသစ်တစ်ခုမဟုတ်ပါ။ ဥပမာအားဖြင့် ရှမွေလသည် လုလင်ငယ်လေးဘဝတွင် “[ယေဟောဝါ] ကိုမသိသေး” ဟု ဟေဗြဲကျမ်းစောင်များ၌ ကျွန်ုပ်တို့ဖတ်ရသည်။ (၁ ဓမ္မရာဇဝင် ၃:၇) ယင်းကြောင့် ရှမွေလသည် ဘုရားသခင်အကြောင်း မသိလှဟုဆိုလိုသလော။ မဟုတ်ပါ။ သူ၏မိဘနှင့် ယဇ်ပုရောဟိတ်များက သူ့ကို အတော်အတန်သွန်သင်ပေးခဲ့ပေမည်။ သို့သော် ထိုအခန်းငယ်၌အသုံးပြုထားသော ဟေဗြဲစကားလုံးက “အရင်းနှီးဆုံး အသိအကျွမ်းနှင့်ပတ်သက်၍ အသုံးပြု” နိုင်ကြောင်း ကျမ်းပညာရှင်တစ်ဦးကဆိုသည်။ နောက်ပိုင်းတွင် ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် အမှုထမ်းချိန်၌ ကိုယ်တော်အားသိကျွမ်းလာသကဲ့သို့ ရှမွေလသည် ယေဟောဝါကို တရင်းတနှီးမသိကျွမ်းသေးချေ။ ရှမွေလသည် ကြီးပြင်းလာသည်နှင့်အမျှ ယေဟောဝါအား အမှန်တကယ်သိကျွမ်းလာပြီး ကိုယ်တော်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိခဲ့သည်။—၁ ဓမ္မရာဇဝင် ၃:၁၉၊ ၂၀။
၇၊ ၈။ (က) သမ္မာကျမ်းစာ၏နက်နဲသော သွန်သင်ချက်များကြောင့် အဘယ်ကြောင့်တွန့်ဆုတ်စရာအကြောင်းမရှိသနည်း။ (ခ) ကျွန်ုပ်တို့လေ့လာသင့်သော ဘုရားသခင့်နှုတ်မြွက်စကားတော်၏ နက်နဲသောအမှန်တရားအချို့ကား အဘယ်နည်း။
၇ အသင်သည် ယေဟောဝါနှင့် တရင်းတနှီးသိကျွမ်းလာဖို့ ကိုယ်တော်နှင့်ဆိုင်သော အသိပညာကို ဆည်းပူးလေ့လာနေပါသလော။ ထိုသို့ပြုရန် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်အစာကို “အလွန်လိုချင်သောစိတ်ရှိ” ဖို့လိုသည်။ (၁ ပေတရု ၂:၃) အခြေခံသွန်သင်ချက်များကို သိထားရုံမျှနှင့် မကျေနပ်ပါနှင့်။ သမ္မာကျမ်းစာ၏ နက်နဲသောသွန်သင်ချက်အချို့ကို ဆည်းပူးစုဆောင်းဖို့ ကြိုးစားပါ။ (ဟေဗြဲ ၅:၁၂-၁၄) ၎င်းသွန်သင်ချက်များကို နားလည်ရအလွန်ခက်ခဲသည်ဟုယူမှတ်ပြီး သင်ယူရန် တွန့်ဆုတ်နေပါသလော။ ထိုသို့ဖြစ်နေလျှင် ယေဟောဝါသည် ‘မဟာသွန်သင်ပေးရှင်’ ဖြစ်ကြောင်း သတိရပါ။ (ဟေရှာယ ၃၀:၂၀) နက်နဲသောအမှန်တရားများကို မစုံလင်သောလူသားများအား မည်သို့သိရှိစေရမည်ကို ကိုယ်တော်သိတော်မူ၏။ ထို့အပြင် ကိုယ်တော်သွန်သင်ပေးနေသောအရာကို သင်သိရှိနားလည်ရန် သင်၏ စိတ်ရင်းမှန်သောကြိုးပမ်းမှုများကို ကိုယ်တော်ကောင်းချီးပေးနိုင်ပါသည်။—ဆာလံ ၂၅:၄။
၈ “ဘုရားသခင်၏နက်နဲသောအရာ” အချို့ကို အသင်သိမသိဆန်းစစ်ကြည့်ပါလေ။ (၁ ကောရိန္သု ၂:၁၀) ၎င်းတို့သည် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများဆွေးနွေးငြင်းခုံကြသည့် ငြီးငွေ့ဖွယ် အကြောင်းအရာများမဟုတ်ပါ။ ၎င်းတို့ကား ကျွန်ုပ်တို့၏မေတ္တာပြည့်ဝသောဖခင်၏ စိတ်နှလုံးကို ထိုးထွင်းသိမြင်စေသည့် ဆက်စပ်ဆီလျော်မှုရှိသော အယူဝါဒများဖြစ်သည်။ ဥပမာအားဖြင့် ရွေးနုတ်ဖိုး၊ ‘မြင့်မြတ်သောနက်နဲရာ၊’ လူမျိုးတော်ကိုကောင်းချီးပေးရန်နှင့် ရည်ရွယ်တော်မူချက်များ ပြည့်စုံစေရန် ယေဟောဝါအသုံးပြုခဲ့သော ပဋိညာဉ်အမျိုးမျိုး စသည်တို့နှင့် အလားတူအကြောင်းအရာများစွာတို့သည် ကိုယ်ပိုင်ရှာဖွေလေ့လာရန်အတွက် နှစ်လိုဖွယ်ကောင်းပြီး လေ့လာရကျိုးနပ်သော အချက်အလက်များဖြစ်သည်။—၁ ကောရိန္သု ၂:၇။
၉၊ ၁၀။ (က) မာန်မာနသည် အဘယ်ကြောင့်အန္တရာယ်ရှိသနည်း၊ ယင်းကို အဘယ်အရာက ရှောင်ကြဉ်စေမည်နည်း။ (ခ) ယေဟောဝါနှင့်ဆိုင်သော အသိပညာနှင့်ပတ်သက်လာလျှင် ကျွန်ုပ်တို့ အဘယ်ကြောင့်နှိမ့်ချမှုရှိဖို့လိုသနည်း။
၉ သာ၍နက်နဲသော ဝိညာဉ်ရေးအမှန်တရားကို တိုးသိနားလည်လာသည့်အခါ အသိပညာရှိခြင်းနှင့် ဒွန်တွဲလာနိုင်သော မာန်မာနစိတ်၏အန္တရာယ်ကိုသတိပြုပါ။ (၁ ကောရိန္သု ၈:၁) မာန်မာနစိတ်သည် ဘုရားသခင်ထံတော်မှ လူတို့ကိုစိမ်းကားစေနိုင်သောကြောင့် အန္တရာယ်ရှိ၏။ (သု. ၁၆:၅; ယာကုပ် ၄:၆) မည်သူမျှ ကိုယ့်အသိပညာကို ဝါကြွားစရာအကြောင်းမရှိကြောင်း သတိရပါ။ သာဓကအနေနှင့်၊ လူသားတို့၏ များမကြာမီက သိပ္ပံပညာဆိုင်ရာတိုးတက်မှုများကို အကဲဖြတ်သောစာအုပ်တစ်အုပ်၏ ဤနိဒါန်းစကားကို သုံးသပ်ကြည့်ပါ– “ကျွန်ုပ်တို့သိရှိလာလေလေ ကျွန်ုပ်တို့ဘာမျှမသိကြောင်း ဝန်ခံရလေလေဖြစ်သည်။ . . . လေ့လာရဦးမည့်အရာများကိုထောက်ရှုလျှင် ကျွန်ုပ်တို့လေ့လာသိရှိခဲ့ရာတို့သည် မဆိုစလောက်သာရှိသေးသည်။” ဤသို့သောစိတ်နှိမ့်ချမှုသည် တစ်မူထူး၍ နှစ်သက်ဖွယ်ဖြစ်သည်။ ယေဟောဝါဘုရားသခင်နှင့်ဆိုင်သော အသိပညာဖြစ်သည့် အကြီးမားဆုံးအသိပညာထုကြီးနှင့်ပတ်သက်လျှင်မူ နှိမ့်ချဖို့အကြောင်းရင်း ရှိပါသည်။ အဘယ်ကြောင့်နည်း။
၁၀ ယေဟောဝါနှင့်ပတ်သက်သော ကျမ်းစာဖော်ပြချက်အချို့ကို သတိပြုမှတ်သားပါ။ ‘ကိုယ်တော်၏အကြံအစည်တော်လည်း အလွန်နက်လှပါ၏။’ (ဆာလံ ၉၂:၅) ‘ယေဟောဝါ၏ နားလည်တတ်ကျွမ်းခြင်းကို တွက်၍မကုန်နိုင်ပါ။’ (ဆာလံ ၁၄၇:၅) “[ယေဟောဝါ] သည် . . . စစ်၍မကုန်နိုင်သော ဉာဏ်နှင့်ပြည့်စုံတော်မူ[၏။]” (ဟေရှာယ ၄၀:၂၈) “ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။” (ရောမ ၁၁:၃၃) ယေဟောဝါအကြောင်း ကျွန်ုပ်တို့ ဘယ်သောအခါမျှ အကုန်အစင်သိရှိနိုင်ကြမည်မဟုတ်ကြောင်း ထင်ရှားပါသည်။ (ဒေ. ၃:၁၁) အံ့ဖွယ်ရာများစွာကို ကျွန်ုပ်တို့အား ကိုယ်တော်သွန်သင်ပေးတော်မူခဲ့ပြီ၊ သို့တိုင် ကျွန်ုပ်တို့သင်ယူရဦးမည့် အကြောင်းအရာအမြောက်အမြား အစဉ်ရှိနေပါလိမ့်မည်။ အဆိုပါရှာဖွေလေ့လာမှုသည် ကျွန်ုပ်တို့ကိုပီတိဖြစ်စေသည်မက အမှန်ပင်စိတ်နှိမ့်ချစေသည်မဟုတ်လော။ သို့ဖြစ်၍ ကျွန်ုပ်တို့သင်ယူကြစဉ် တတ်သိလာသောအသိပညာကို ယေဟောဝါထံသို့ချဉ်းကပ်ဖို့ အခြေခံအကြောင်းနှင့် သူတစ်ပါးအားလည်း ထိုသို့ပြုစေရန် အသုံးပြုပါ၊ မိမိတို့ကိုယ်ကိုချီးမြှင့်ဖို့ ဘယ်သောအခါမျှ မဖြစ်ပါစေနှင့်။—မဿဲ ၂၃:၁၂; လုကာ ၉:၄၈။
ယေဟောဝါအား ချစ်ကြောင်း ဖော်ပြလော့
၁၁၊ ၁၂။ (က) ကျွန်ုပ်တို့ဆည်းပူးထားသော ယေဟောဝါနှင့်ပတ်သက်သည့် အသိပညာသည် ကျွန်ုပ်တို့ကို မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။ (ခ) ဘုရားသခင်အား လူတစ်ဦးအမှန်ချစ်မချစ် အဘယ်အရာက အဆုံးအဖြတ်ပေးသနည်း။
၁၁ တမန်တော်ပေါလုသည် အသိပညာနှင့် ချစ်ခြင်းမေတ္တာကို သင့်လျော်စွာဆက်စပ်ဖော်ပြခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “ငါသည် အဘယ်သို့ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊ မေတ္တာ . . . တိုးပွား . . . မည်အကြောင်းကို . . . ငါဆုတောင်း . . . ၏။” (ဖိလိပ္ပိ ၁:၉၊ ၁၀) ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်များဆိုင်ရာ အဖိုးတန်အမှန်တရားရှိရှိသမျှသည် ကျွန်ုပ်တို့ကို မာန်မာနထောင်လွှားသွားစေမည့်အစား ကောင်းကင်ခမည်းတော်အား ပိုမိုချစ်မြတ်နိုးလာစေသင့်သည်။
၁၂ ဘုရားသခင်အား ချစ်မြတ်နိုးပါသည်ဟုဆိုကြသူအများသည် အမှန်တွင် မဟုတ်ကြပါ။ သူတို့နှလုံးတွင် ဖြစ်ပေါ်သော ပြင်းပြသည့်ခံစားချက်များသည် အရိုးခံစိတ်ဖြင့် ဖြစ်ကောင်းဖြစ်ပေမည်။ ထိုသို့ခံစားခြင်းသည် ကောင်းပေ၏၊ အထူးသဖြင့် တိကျမှန်ကန်သောအသိပညာနှင့်အညီဖြစ်လျှင် ချီးကျူးစရာပင်ကောင်း၏။ သို့သော် ယင်းသို့ခံစားရရုံဖြင့် ဘုရားသခင်အား အမှန်ချစ်မြတ်နိုးသည်ဟုမဆိုနိုင်သေးချေ။ အဘယ်ကြောင့်မဆိုနိုင်သနည်း။ ၎င်းမေတ္တာအကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသည်ကို သတိပြုပါ– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။” (၁ ယောဟန် ၅:၃) သို့ဖြစ်၍ နာခံမှုရှိသောလုပ်ရပ်များတင်ပြမှသာ ယေဟောဝါအား အမှန်ချစ်ကြောင်းထင်ရှားသည်။
၁၃။ ယေဟောဝါအားချစ်ကြောင်းကို ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းက မည်သို့တင်ပြစေမည်နည်း။
၁၃ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းက ယေဟောဝါအား နာခံမှုရှိစေလိမ့်မည်။ ယေဟောဝါအား အလွန်စိုးရွံ့ပြီး ရိုသေလေးစားခြင်းသည် ကိုယ်တော်နှင့်ဆိုင်သောအသိပညာကို ဆည်းပူးခြင်း၊ အတိုင်းအဆမဲ့သော ကိုယ်တော်၏သန့်ရှင်းမှု၊ ဂုဏ်အသရေတော်၊ တန်ခိုးတော်၊ တရားမျှတမှု၊ ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာအကြောင်းသိရှိလာခြင်းမှ ဖြစ်ပေါ်လာသည်။ ကိုယ်တော်ထံချဉ်းကပ်ရာ၌ ထိုသို့သောကြောက်ရွံ့မှုသည် အလွန်အရေးပါ၏။ အမှန်မှာ ဆာလံ ၂၅:၁၄ က “ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့် . . . ရှိကြ၏” ဟုဆိုသည်ကို ဂရုပြုပါ။ ထို့ကြောင့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသော ကောင်းကင်ခမည်းတော်၏စိတ်တော် ထိခိုက်မည်ကိုစိုးရိမ်လျှင် ကိုယ်တော့်ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်ကြပါသည်။ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းက နယပုံပြင် ၃:၆ ၌ပါသော ဤပညာရှိအကြံပေးချက်ကို လိုက်နာစေပါလိမ့်မည်– “သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” ယင်းက အဘယ်အရာကိုဆိုလိုသနည်း။
၁၄၊ ၁၅။ (က) နေ့စဉ်အသက်တာတွင် အဘယ်ဆုံးဖြတ်ချက်အချို့ချရန် အကြောင်းပေါ်သနည်း။ (ခ) ကျွန်ုပ်တို့၏ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်း ထင်ရှားစေသည့်နည်းဖြင့် မည်သို့ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သနည်း။
၁၄ သင်သည် နေ့စဉ်နှင့်အမျှ ဆုံးဖြတ်ချက်ကြီး ငယ်ချရ၏။ ဥပမာ၊ သင်၏လုပ်ဖော်ဆောင်ဖက်များ၊ ကျောင်းနေဖက်များ၊ အိမ်နီးချင်းများနှင့် အဘယ်စကားမျိုးကို စကားလက်ဆုံပြောဆိုမည်နည်း။ (လုကာ ၆:၄၅) သင်ပြုလုပ်ရမည့် လုပ်ငန်းတာဝန်များကို ကြိုးစားပမ်းစားလုပ်ဆောင်မည်လော၊ သို့မဟုတ် ပြီးစလွယ် ရှာကြံလုပ်ကိုင်မည်လော။ (ကောလောသဲ ၃:၂၃) ယေဟောဝါအား မချစ်သူများနှင့် ပိုမိုရင်းနှီးဖို့ကြိုးစားမည်လော၊ သို့မဟုတ် ဝိညာဉ်ရေးစိတ်ထားရှိသူများနှင့် ဆက်ဆံရေးကောင်းဖို့ သင်ကြိုးစားမည်လော။ (သု. ၁၃:၂၀) ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးတက်စေဖို့ အနည်းအကျဉ်းပင်ဖြစ်ပါစေ သင်အဘယ်အရာလုပ်ဆောင်မည်နည်း။ (မဿဲ ၆:၃၃) ဤတွင်ဖော်ပြထားသော ကျမ်းစာမူများက သင်၏နေ့စဉ်ဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးနေပါက သင်သည် “သွားလေရာရာ၌” ယေဟောဝါကို အမှန်မျက်မှောက်ပြုကြောင်း ထင်ရှားသည်။
၁၅ တစ်နည်းအားဖြင့်ဆိုလျှင် ကျွန်ုပ်တို့ဆုံးဖြတ်ချက်ချတိုင်း ‘ငါ့ကို ယေဟောဝါဘာလုပ်စေချင်သလဲ။ ဘယ်လမ်းစဉ်ကို ကိုယ်တော်အနှစ်သက်ဆုံးဖြစ်မလဲ’ ဟု တွေးတောဆင်ခြင်သင့်သည်။ (သု. ၂၇:၁၁) ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းကို ဤသို့ပြသခြင်းသည် ယေဟောဝါအားချစ်ကြောင်းဖော်ပြသည့် အကောင်းဆုံးနည်းဖြစ်သည်။ ဘုရားသခင်ရေးရာကြောက်ရွံ့ခြင်းက ဝိညာဉ်ရေး၊ ကိုယ်ကျင့်တရားနှင့် ရုပ်ပိုင်းအရ ကိုယ့်ကိုယ်ကိုသန့်ရှင်းစင်ကြယ်စွာ ရှိစေပါလိမ့်မည်။ “ဘုရားသခင်၌ချဉ်းကပ်” ဖို့ ခရစ်ယာန်များကိုတိုက်တွန်းသည့် ၎င်းအခန်းငယ်၌ပင် ယာကုပ်က “အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့” ဟုတိုက်တွန်းထားကြောင်း သတိရပါ။—ယာကုပ် ၄:၈။
၁၆။ ယေဟောဝါအားပေးဆက်ခြင်းဖြင့် အဘယ်အရာကို ဘယ်သောအခါမျှ မဖြစ်စေနိုင်သနည်း၊ သို့သော် ယင်းသို့ပြုရာ၌ အဘယ်အရာကို အစဉ်ဖြစ်မြောက်စေနိုင်သနည်း။
၁၆ အမှန်မှာ ယေဟောဝါအား ချစ်မြတ်နိုးကြောင်းတင်ပြရာတွင် မကောင်းမှုကိုရှောင်ကြဉ်ခြင်းထက်မက ပါဝင်သည်။ ချစ်ခြင်းမေတ္တာက ဟုတ်ရာမှန်ရာကိုပြုလုပ်ဖို့လည်း လှုံ့ဆော်ပေးသည်။ ဥပမာ၊ ယေဟောဝါ၏အလွန်ရက်ရောသောသဘောကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်ကြသနည်း။ ယာကုပ်ဤသို့ရေးသားခဲ့သည်– “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှလာကြ၏။” (ယာကုပ် ၁:၁၇) မှန်ပါသည်၊ ယေဟောဝါအား ကျွန်ုပ်တို့၏ပိုင်ဆိုင်ရာများကို ပေးဆက်သောအခါ ကိုယ်တော်အား ကျွန်ုပ်တို့ကြွယ်ဝချမ်းသာစေသည်မဟုတ်ပါ။ ရှိရှိသမျှအရာအားလုံးကို ကိုယ်တော်ပိုင်ဆိုင်တော်မူ၏။ (ဆာလံ ၅၀:၁၂) ယေဟောဝါအား ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားကိုပေးဆက်သည့်အခါ ကိုယ်တော်မပြည့်မီနိုင်ရာကို ကျွန်ုပ်တို့ဖြည့်ဆည်းပေးနေခြင်းလည်းမဟုတ်ပါ။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကျွန်ုပ်တို့မဟောပြောဘဲနေလျှင်ပင် ကျောက်ခဲများကို ကိုယ်တော်ကြွေးကြော်စေနိုင်တော်မူ၏! သို့ဆိုလျှင် ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာ၊ အချိန်နှင့် ခွန်အားတို့ကို ယေဟောဝါအား အဘယ်ကြောင့်ပေးဆက်ကြရသနည်း။ အရေးအကြီးဆုံးမှာ ထိုသို့ပြုခြင်းဖြင့် ကျွန်ုပ်တို့သည် စိတ်နှလုံးအကြွင်းမဲ့၊ ကျွန်ုပ်တို့၏စိုးလ်နှင့် ခွန်အားရှိသမျှဖြင့် ကိုယ်တော်အားချစ်ကြောင်း တင်ပြရာရောက်သောကြောင့်ပင်။—မာကု ၁၂:၂၉၊ ၃၀။
၁၇။ ယေဟောဝါအား ရွှင်ပျသောစိတ်နှင့်ပေးကမ်းရန် အဘယ်အရာက ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးနိုင်သနည်း။
၁၇ “စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ” သောကြောင့် ယေဟောဝါကို ကျွန်ုပ်တို့ပေးဆက်သောအခါ ဝမ်းမြောက်ဝမ်းသာပေးသင့်သည်။ (၂ ကောရိန္သု ၉:၇) တရားဟောရာ ၁၆:၁၇ ၌မှတ်တမ်းတင်ထားသော ဤမူက ရွှင်ပျသောစိတ်ဖြင့် ပေးကမ်းစေနိုင်သည်– “သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့် လူအသီးသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။” ကျွန်ုပ်တို့ကို ယေဟောဝါမည်မျှရက်ရောခဲ့ကြောင်း စေ့စေ့သုံးသပ်ကြည့်သောအခါ ကိုယ်တော်အား ရက်ရက်ရောရောပေးလိုစိတ် ပေါ်ပေါက်စေသည်။ ဤသို့ပေးကမ်းခြင်းသည် ကိုယ်တော့်စိတ်တော်ကို ပျော်ရွှင်စေသည်၊ ချစ်မြတ်နိုးရသောသားငယ်၊ သမီးငယ်၏လက်ဆောင်လေးသည် မိဘစိတ်ကို ပျော်ရွှင်ကြည်နူးစေသကဲ့သို့ဖြစ်၏။ ကျွန်ုပ်တို့၏မေတ္တာကို ဤသို့ဖော်ပြခြင်းဖြင့် ယေဟောဝါထံသို့ ချဉ်းကပ်ရာ၌ အထောက်အကူပြုပါလိမ့်မည်။
ဆုတောင်းခြင်းအားဖြင့် ရင်းနှီးမှုရှိစေပါ
၁၈။ ကျွန်ုပ်တို့ဆုတောင်းချက်များ၏ အရည်အသွေး မည်သို့တိုးတက်စေနိုင်ကြောင်းကို အဘယ်ကြောင့်သုံးသပ်သင့်သနည်း။
၁၈ နှစ်ကိုယ်ကြား ဘုရားသခင်ထံဆုတောင်းချိန်များသည် ကျွန်ုပ်တို့အတွက် အဖိုးမဖြတ်နိုင်သောအခွင့်ထူးဖြစ်သည်၊ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် တရင်းတနှီး၊ အတွင်းစကားများ ကြားလျှောက်ပြောဆိုခွင့် ရရှိစေသည့်အချိန်များဖြစ်သည်။ (ဖိလိပ္ပိ ၄:၆) ဆုတောင်းခြင်းသည် ဘုရားသခင်ထံချဉ်းကပ်ရန် အရေးပါသောနည်းလမ်းဖြစ်သောကြောင့် ကျွန်ုပ်တို့ဆုတောင်းချက်များ၏အရည်အသွေးကို ခေတ္တရပ်တန့်၍ စဉ်းစားသုံးသပ်ထိုက်ပေသည်။ ယင်းကြောင့် စကားအဖွဲ့အနွဲ့၊ စီစဉ်ဖွဲ့စည်းပုံ အထူးကောင်းရမည်ဟုမဆိုလိုဘဲ ကျွန်ုပ်တို့၏နှလုံးသားများမှ ထွက်ပေါ်လာသော စိတ်ရင်းမှန်ဖြင့်ပြောသည့်စကားများ ဖြစ်သင့်၏ဟုဆိုလိုသည်။ ကျွန်ုပ်တို့ဆုတောင်းချက်များ၏ အရည်အသွေးကို မည်သို့တိုးတက်စေနိုင်မည်နည်း။
၁၉၊ ၂၀။ ကျွန်ုပ်တို့ဆုမတောင်းမီ အဘယ်ကြောင့် တွေးတောဆင်ခြင်ရမည်နည်း၊ ဤသို့တွေးတောဆင်ခြင်ရန် သင့်လျော်သောအကြောင်းအချို့ကား အဘယ်နည်း။
၁၉ ဆုမတောင်းမီ စဉ်းစားဆင်ခြင်ဖို့ကြိုးစားနိုင်ပေသည်။ ကြိုတင်၍ စဉ်းစားဆင်ခြင်ထားမည်ဆိုလျှင် ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် သတ်သတ်မှတ်မှတ်ဖြစ်ပြီး အဓိပ္ပာယ်လည်းရှိလိမ့်မည်၊ သို့ဖြင့် သုံးနေကျဖြစ်၍ မှတ်မိလွယ်သောစကားများကို ထပ်တလဲလဲရွတ်ဆိုသည့်အကျင့်ကို ရှောင်နိုင်လိမ့်မည်။ (သု. ၁၅:၂၈၊ ၂၉) ယေရှုသွန်သင်ပေးသော စံပြဆုတောင်းချက်ပါ အဓိကအကြောင်းအချို့ကို စေ့စေ့စဉ်းစားဆင်ခြင်ပြီးနောက် ၎င်းတို့သည် ကျွန်ုပ်တို့၏အခြေအနေနှင့် မည်သို့သက်ဆိုင်ကြောင်း စဉ်းစားဆင်ခြင်ခြင်းက အကူအညီဖြစ်ပေမည်။ (မဿဲ ၆:၉-၁၃) ဥပမာ၊ ဤကမ္ဘာမြေကြီးပေါ် ယေဟောဝါ၏အလိုတော်ပြည့်စုံစေရန် မိမိသည် အဘယ်အခန်းကဏ္ဍလေးတစ်ခုမှ ပါဝင်ထမ်းဆောင်နိုင်မည်နည်းဟု မိမိကိုယ်ကိုမေးကြည့်နိုင်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါအတွက် အသုံးဝင်သူတစ်ဦးအဖြစ် တတ်နိုင်သမျှအမှုဆောင်လိုကြောင်း ကိုယ်တော်အားဖော်ပြပြီး ကျွန်ုပ်တို့ကိုအပ်နှင်းထားသော မည်သည့်တာဝန်ကိုမဆို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် ကိုယ်တော်ကူညီပေးပါရန် တောင်းခံလိုမည်လော။ ကျွန်ုပ်တို့၏ရုပ်ပိုင်းလိုအပ်ရာများအတွက် တွေးပူနေသလော။ အဘယ်အပြစ်များအတွက် ကျွန်ုပ်တို့ခွင့်လွှတ်မှုရဖို့လိုအပ်နေသနည်း၊ မည်သူ့ကို ကျွန်ုပ်တို့ခွင့်လွှတ်ဖို့လိုသနည်း။ အဘယ်သွေးဆောင်မှုများကို ကျွန်ုပ်တို့ရင်ဆိုင်နေကြသနည်း၊ ယင်းနှင့်စပ်လျဉ်း၍ ယေဟောဝါ၏ကာကွယ်မှုကို ကျွန်ုပ်တို့မည်မျှ အရေးတကြီးလိုအပ်နေကြောင်း သိရှိပါသလော။
၂၀ ထို့အပြင် ယေဟောဝါ၏အကူအညီကို အထူးလိုအပ်နေသူများအကြောင်း ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သည်။ (၂ ကောရိန္သု ၁:၁၁) သို့သော် ကျေးဇူးတင်စကားပြောဖို့ မမေ့လျော့ကြရပါ။ ကျွန်ုပ်တို့ခေတ္တရပ်တန့်ပြီး စဉ်းစားကြည့်မည်ဆိုလျှင် ယေဟောဝါ၏ ကြွယ်ဝသောကောင်းမြတ်ခြင်းတို့အတွက် နေ့စဉ် ကိုယ်တော်အား ကျေးဇူးတင်၊ ချီးမွမ်းစရာအကြောင်း မြောက်မြားစွာရှိနိုင်ပါသည်။ (တရားဟောရာ ၈:၁၀; လုကာ ၁၀:၂၁) သို့ပြုခြင်းက ထပ်ဆင့်အကျိုးကျေးဇူးဖြစ်ပေါ်စေ၏၊ ၎င်းကား ကျွန်ုပ်တို့၏ဘဝကို သာ၍အပြုသဘောရှိရှိ၊ ကျေးဇူးတင်စိတ်ဖြင့်ရှုမြင်ရန် ထောက်ကူပေးနိုင်ပါသည်။
၂၁။ ယေဟောဝါထံဆုတောင်းချဉ်းကပ်သောအခါ အဘယ်ကျမ်းစာပုံနမူနာများကို လေ့လာကြည့်ခြင်းက အကူအညီဖြစ်စေနိုင်သနည်း။
၂၁ လေ့လာခြင်းက ကျွန်ုပ်တို့၏ဆုတောင်းချက်များကိုပါ တိုးတက်စေနိုင်ပါသည်။ တည်ကြည်သောအမျိုးသား၊ အမျိုးသမီးများ၏ ထူးခြားသောဆုတောင်းချက်များကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ ဥပမာ၊ ခက်ခဲသောပြဿနာတစ်ခုနှင့် ကျွန်ုပ်တို့ရုတ်တရက်ပက်ပင်းတိုးမည်၊ ကျွန်ုပ်တို့ကို စိတ်ပူပန်စေသည်သာမက ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများ၏ ကိုယ်စိတ်ချမ်းသာမှုအတွက် စိုးရိမ်ပူပန်စရာပင်ဖြစ်နေမည်ဆိုလျှင်၊ လက်စားချေလိုသောအစ်ကို ဧသောနှင့် တွေ့ဆုံရမည့်အရေးအတွက် ယာကုပ်တောင်းခဲ့သော ဆုတောင်းချက်ကို ကျွန်ုပ်တို့ဖတ်ရှုကြည့်နိုင်သည်။ (ကမ္ဘာဦး ၃၂:၉-၁၂) သို့မဟုတ် အီသီယိုးပီးယားတပ်သားတစ်သန်းခန့် ဘုရားသခင့်လူမျိုးတော်ကို ခြိမ်းခြောက်သောအခါ ဘုရင်အာသမြွက်ဆိုခဲ့သော ဆုတောင်းချက်ကို ကျွန်ုပ်တို့လေ့လာကြည့်နိုင်သည်။ (၂ ရာဇဝင်ချုပ် ၁၄:၁၁၊ ၁၂) ယေဟောဝါ၏နာမတော်မြတ်ကို ရှုတ်ချမှုဖြစ်စေမည့် ပြဿနာတစ်ခုကြုံရမည်ဆိုလျှင် ကရမေလတောင်ပေါ်တွင် ဗာလကိုးကွယ်သူများရှေ့ တောင်းခံခဲ့သော ဧလိယ၏ဆုတောင်းချက်တို့ကို ဆင်ခြင်သုံးသပ်ထိုက်သည်၊ ယေရုရှလင်မြို့၏ ရင်လေးဖွယ်အခြေအနေနှင့်ပတ်သက်သော နေဟမိ၏ဆုတောင်းချက်လည်း အလားတူပင်။ (၃ ဓမ္မရာဇဝင် ၁၈:၃၆၊ ၃၇; နေဟမိ ၁:၄-၁၁) ဤသို့သောဆုတောင်းချက်များကို ဖတ်ရှုပြီး စေ့စေ့စဉ်းစားဆင်ခြင်ခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေနိုင်ပြီး ကျွန်ုပ်တို့အတွက် ဝန်လေး၍ စိုးရိမ်ပူပန်စရာဖြစ်နေသည့်ကိစ္စများကို ယေဟောဝါအား မည်သို့တင်ပြနိုင်ကြောင်း အကြံဉာဏ်ကောင်းများရစေသည်။
၂၂။ ၂၀၀၃ ခုနှစ်၏နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်း၊ တစ်နှစ်တာအတွင်း အခါအားလျော်စွာ ကျွန်ုပ်တို့ကိုယ်ကို အဘယ်မေးခွန်းမေးနိုင်သနည်း။
၂၂ “ဘုရားသခင်ထံချဉ်းကပ်” ရန် ယာကုပ်၏အကြံပေးချက်ကို လိုက်နာခြင်းထက် သာ၍ဂုဏ်အသရေရှိသောအရာ မရှိ၊ သာ၍မြင့်မားသော ရည်မှန်းချက်မရှိသည်မှာ ထင်ရှားပါသည်။ (ယာကုပ် ၄:၈) ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို တိုးသိနားလည်လာခြင်း၊ ကိုယ်တော်အား ချစ်မြတ်နိုးကြောင်း ထပ်ဆင့်ပို၍ဖော်ပြခြင်းနှင့် ကိုယ်တော်နှင့်ရင်းနှီးကျွမ်းဝင်ကြောင်း ကျွန်ုပ်တို့၏ဆုတောင်းချက်များ၌ တင်ပြခြင်းအားဖြင့် ထိုသို့ပြုကြပါစို့။ ၂၀၀၃ ခုနှစ်၏ နှစ်ချုပ်ကျမ်းချက်ဖြစ်သော ယာကုပ် ၄:၈ ကိုစိတ်စွဲမှတ်ထားကြစဉ် ယေဟောဝါထံ ကျွန်ုပ်တို့အမှန်တကယ် ချဉ်းကပ်နေမနေ မိမိတို့ကိုယ်ကို ဆက်၍ဆန်းစစ်ကြည့်ကြပါစို့။ သို့သော် ၎င်းကျမ်းချက်၏ ဒုတိယအပိုင်းကော။ ယေဟောဝါသည် အဘယ်သဘောမျိုးဖြင့် “သင်တို့၌ချဉ်းကပ်တော်မူ” မည်နည်း၊ အဘယ်အကျိုးကျေးဇူးများခံစားရမည်နည်း။ ဤအကြောင်းကို နောက်ဆောင်းပါး၌ သုံးသပ်ပါမည်။
သင်မှတ်မိသလော
• ယေဟောဝါထံချဉ်းကပ်ခြင်းသည် အလေးအနက်ထားရမည့်အရာ အဘယ်ကြောင့်ဖြစ်သနည်း။
• ယေဟောဝါနှင့်ဆိုင်သောအသိပညာ ဆည်းပူးခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်ပန်းတိုင်အချို့ချထားနိုင်သနည်း။
• ယေဟောဝါကို ကျွန်ုပ်တို့ အမှန်တကယ်ချစ်မြတ်နိုးကြောင်း မည်သို့တင်ပြနိုင်သနည်း။
• ဆုတောင်းရာတွင် ယေဟောဝါနှင့် မည်သည့်နည်းဖြင့် ပိုမိုရင်းနှီးကျွမ်းဝင်နိုင်မည်နည်း။
[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]
၂၀၀၃ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကား “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူ လိမ့်မည်” ဖြစ်သည်။—ယာကုပ် ၄:၈။
[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]
ရှမွေလသည် ကြီးပြင်းလာသည်နှင့်အမျှ ယေဟောဝါကို ရင်းရင်းနှီးနှီးသိကျွမ်းလာခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ကရမေလတောင်ပေါ်၌ ဧလိယမြွက်ဆိုခဲ့သော ဆုတောင်းချက်သည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်