ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kl အခန်း ၁၆ စာ. ၁၅၀-၁၅၉
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း
  • ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်ရခြင်းအကြောင်း
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်ရန် လိုအပ်ချက်များ
  • ဘုရားသခင်နှင့် ပြောဆိုနိုင်သည့်အခွင့်အလမ်း
  • ယေဟောဝါနားညောင်းတော်မူသည့် ဆုတောင်းပတ္ထနာများ
  • မလျှော့သောဇွဲဖြင့် ဆုတောင်းပတ္ထနာပြုလော့
  • ယေဟောဝါနှင့်ဆက်သွယ်ပြောဆိုခြင်းသည် တစ်ဖက်သတ်မဟုတ်ပါ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • “သင်တို့၏အသနားခံချက်များကို ဘုရားသခင်အား ကြားလျှောက်ကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
ထာဝရအသက်ရစေသော အသိပညာအသိပညာ
kl အခန်း ၁၆ စာ. ၁၅၀-၁၅၉

အခန်း ၁၆

ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း

၁။ ဘာသာတရားအများ၌ အဘယ်ဆင်တူချက်များ ပေါ်လွင်ထင်ရှားသနည်း။

အရှေ့နိုင်ငံ တစ်နိုင်ငံသို့ရောက်ရှိနေသည့် ကမ္ဘာ့လှည့်ခရီးသည်တစ်ဦးသည် . . . ဘုရားကျောင်းတစ်ကျောင်းတွင်တွေ့လိုက်ရသည့် ဘာသာရေးထုံးတမ်းများကြောင့် အလွန်အံ့အားသင့်မိသည်။ ရုပ်ပုံတို့သည် မာရိပုံ၊ ခရစ်တော်ပုံ မဟုတ်သော်လည်း ထုံးတမ်းအများမှာ သူမနိုင်ငံရှိ ဘုရားရှိခိုးကျောင်းမှ ထုံးတမ်းများနှင့် ဆင်တူနေသည်။ သာဓကအနေနှင့် စိပ်ပုတီးအသုံးပြုခြင်းနှင့် တရားစာများရွတ်ဆိုခြင်းတို့ကို သူမသတိပြုမိသည်။ အခြားသူတို့လည်း ဤတူညီချက်များကို နှိုင်းယှဉ်ခဲ့ကြသည်။ အရှေ့တိုင်း၌ဖြစ်စေ၊ အနောက်တိုင်း၌ဖြစ်စေ ကိုးကွယ်ဆည်းကပ်သူတို့သည် ဘုရားသခင့်အပါးတော်သို့ သို့မဟုတ် ကိုးကွယ်သည့်အရာဝတ္ထုထံသို့ ချဉ်းကပ်ရန်အားထုတ်သည့် နည်းလမ်းများမှာ ထူးထူးခြားခြားပင်တူနေကြသည်။

၂။ ဆုတောင်းခြင်းကို အဘယ်သို့ ဖွင့်ဆိုထားသနည်း။ လူအများ အဘယ်ကြောင့် ဆုတောင်းကြသနည်း။

၂ လူအများသည် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင့်အပါးတော်သို့ချဉ်းကပ်ရန် အထူးအားထုတ်ကြသည်။ ဆုတောင်းခြင်းကို “မြင့်မြတ်သန့်ရှင်းသောဘုရားသခင်၊ နတ်ဘုရားများ၊ ရုပ်လွန်နယ်ပယ်၊ သို့မဟုတ် သဘာဝလွန်တန်ခိုးရှင်များနှင့် လူတို့ဆက်သွယ်သည့်လုပ်ရပ်တစ်ခု” အဖြစ်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ (The New Encyclopædia Britannica) သို့ရာတွင် ဆုတောင်းခြင်းဖြင့် ဘုရားသခင့်ထံတော်ချဉ်းကပ်ရာ၌ လူအချို့သည် ရရှိမည့်အကျိုးကိုသာ စဉ်းစားကြသည်။ သာဓကအနေနှင့် အမျိုးသားတစ်ဦးက ယေဟောဝါသက်သေများကို “ကျွန်တော့်အတွက် ခင်ဗျားတို့ဆုတောင်းပေးရင် အိမ်မှာရှိတဲ့ပြဿနာ၊ အလုပ်မှာရှိတဲ့ပြဿနာနဲ့ ကျန်းမာရေးပြဿနာတွေအားလုံး ပြေလည်သွားမှာလား” ဟူ၍ တစ်ခါကမေးခဲ့ဖူးသည်။ ထိုအမျိုးသားသည် ထိုအတိုင်းဖြစ်မည်ဟု ထင်မှတ်ခဲ့ပုံရသော်လည်း များစွာသောသူတို့သည် မည်သို့ပင်ဆုတောင်းစေကာမူ သူတို့၏ပြဿနာများမှာ ရှိမြဲရှိနေသည်ကို တွေ့ရကြသည်။ ထို့ကြောင့် ‘ဘုရားသခင့်အပါးတော်သို့ အဘယ်ကြောင့်ချဉ်းကပ်သင့်သနည်း’ ဟူ၍ ကျွန်ုပ်တို့မေးနိုင်သည်။

ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်ရခြင်းအကြောင်း

၃။ ကျွန်ုပ်တို့ မည်သူ့ထံ ဦးတိုက်ဆုတောင်းပြုသင့်သနည်း။ အဘယ်ကြောင့်နည်း။

၃ ဆုတောင်းခြင်းဆိုသည်မှာ အဓိပ္ပာယ်မဲ့သည့်ထုံးတမ်းတစ်ရပ် မဟုတ်သကဲ့သို့ တစ်စုံတစ်ရာရရှိနိုင်သည့် နည်းလမ်းသက်သက်မျှလည်းမဟုတ်ပါ။ ဘုရားသခင်ထံချဉ်းကပ်ရသည့် အဓိကအကြောင်းရင်းမှာ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေး ရရှိရေးဖြစ်သည်။ ထို့ကြောင့် ယေဟောဝါဘုရားသခင်ထံသို့ ဦးတိုက်ဆုတောင်းသင့်သည်။ “ထာဝရဘုရားသည် ပတ္ထနာပြုသောသူအပေါင်း . . . တို့၏အနီးအပါး၌ ရှိတော်မူ၏” ဟူ၍ဆာလံဆရာဒါဝိဒ်ကဆို၏။ (ဆာလံ ၁၄၅:၁၈) ယေဟောဝါသည် မိမိနှင့် ငြိမ်သက်သောဆက်ဆံရေးထူထောင်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်တော်မူ၏။ (ဟေရှာယ ၁:၁၈) ဤဖိတ်ခေါ်ချက်ကို တုံ့ပြန်လက်ခံသူတို့သည် “အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍အကျိုးရှိပါ၏” ဟုဆိုခဲ့သည့် ဆာလံဆရာနှင့် သဘောချင်းတိုက်ဆိုင်ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါဘုရားသခင့်ထံတော်သို့ ချဉ်းကပ်သူတို့သည် စစ်မှန်သောပျော်ရွှင်မှုနှင့် စိတ်ငြိမ်သက်မှုတို့ကို ခံစားကြရမည်ဖြစ်၍တည်း။—ဆာလံ ၇၃:၂၈။

၄၊ ၅။ (က) ဘုရားသခင့်ထံဆုတောင်းရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့် အဘယ်သို့သောဆက်ဆံရေးမျိုး ထူထောင်နိုင်သနည်း။

၄ ဘုရားသခင်သည် ‘ကျွန်တော်တို့လိုသောအရာကို ကျွန်တော်တို့မတောင်းမီက သိတော်မူသည်’ ဆိုလျှင် ကူညီမစမှုအတွက် အဘယ်ကြောင့် တောင်းလျှောက်စရာလိုသနည်း။ (မဿဲ ၆:၈; ဆာလံ ၁၃၉:၄) ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်အပေါ်ယုံကြည်ခြင်းရှိကြောင်း၊ ကိုယ်တော်သည် “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့” ၏မူလအမြစ်ဖြစ်သည်ဟုမှတ်ယူကြောင်း ကျွန်ုပ်တို့ပြသသည်။ (ယာကုပ် ၁:၁၇; ဟေဗြဲ ၁၁:၆) ကျွန်ုပ်တို့၏ဆုတောင်းပတ္ထနာများကို ယေဟောဝါနှစ်သက်တော်မူ၏။ (သု. ၁၅:၈) ဖခင်တစ်ဦးသည် ငယ်ရွယ်သောသားသမီးနှုတ်မှထွက်လာသည့် ဟန်ဆောင်မှုကင်းသော ကျေးဇူးတင်စကားများကို ကြားရသည့်အခါ ဝမ်းသာပီတိဖြစ်သကဲ့သို့ ကိုယ်တော်သည်လည်း အဓိပ္ပာယ်ပြည့်ဝသော ကျေးဇူးတင်ချီးမွမ်းစကားများကို ကြားရသည့်အခါ ဝမ်းမြောက်တော်မူ၏။ (ဆာလံ ၁၁၉:၁၀၈) ဖခင်နှင့်သားသမီးစပ်ကြား ကောင်းသောဆက်ဆံရေးရှိလျှင် နွေးထွေးသောဆက်သွယ်ပြောဆိုမှုရှိမည်။ ချစ်ခံရသောကလေးတစ်ဦးသည် ဖခင်ကိုစကားပြောလိုသောဆန္ဒရှိ၏။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးနှင့် ပတ်သက်၍လည်း ဤအတိုင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့လေ့လာသင်ကြားနေသည်နှင့် ယေဟောဝါသည် ကျွန်ုပ်တို့အပေါ်ပြသသည့် မေတ္တာတော်တို့ကို အမှန်တန်ဖိုးထားလေးမြတ်မည်ဆိုပါက ကိုယ်တော်ထံဆုတောင်း၍ ရင်ဖွင့်ပြောပြလိုသော ပြင်းပြသည့်ဆန္ဒရှိပေလိမ့်မည်။—၁ ယောဟန် ၄:၁၆-၁၈။

၅ အမြင့်ဆုံးသောဘုရားသခင်ထံ ချဉ်းကပ်သည့်အခါ အသုံးပြုသောစကားလုံး တိကျမှုနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်စရာ မလိုသော်လည်း ရိုသေလေးစားသည့်စိတ်ကား ရှိသင့်ပေသည်။ (ဟေဗြဲ ၄:၁၆) ယေဟောဝါထံချဉ်းကပ်နိုင်သည့် အခွင့်အလမ်း အစဉ်သဖြင့်ပွင့်နေသည်။ ဘုရားသခင်ထံ ဆုတောင်းလျက် ‘စိတ်နှလုံးကိုဖွင့်ပြ’ နိုင်ခြင်းသည် ထူးမြတ်သည့်အခွင့်အရေးတစ်ရပ်ပင်! (ဆာလံ ၆၂:၈) ယေဟောဝါအား ကျေးဇူးတင်လေးမြတ်ခြင်းဖြင့် ဘုရားသခင့်မိတ်ဆွေအဖြစ် သစ္စာရှိသောအာဗြဟံခံစားရသည့် နွေးထွေးသောဆက်ဆံရေးမျိုးကို ရရှိစေသည်။ (ယာကုပ် ၂:၂၃) သို့သော် စကြဝဠာအာဏာပိုင်ထံ ဆုတောင်းသည့်အခါ ကိုယ်တော်ထံချဉ်းကပ်နိုင်ရန် သတ်မှတ်ထားသည့်လိုအပ်ချက်များကို လိုက်နာရပေမည်။

ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်ရန် လိုအပ်ချက်များ

၆၊ ၇။ ဘုရားသခင်သည် ပတ္ထနာကိုနားညောင်းရန်အတွက် အခကြေးငွေမတောင်းခံသော်လည်း ဆုတောင်းသည့်အခါ အဘယ်အရာများကို တောင်းဆိုတော်မူသနည်း။

၆ ဘုရားသခင်ထံချဉ်းကပ်ရန် ငွေလိုအပ်သလော။ လူအများက သူတို့အဖို့ဆုတောင်းပေးရန် ဓမ္မဆရာဘုန်းကြီးများကို ငွေပေးကြသည်။ အချို့သူတို့မူကား သူတို့ပေးသည့်အလှူငွေ၏ ပမာဏနှင့်အညီ သူတို့၏ပတ္ထနာ နားညောင်းခံရသည်ဟူ၍ပင် ယုံကြည်ကြသည်။ သို့ရာတွင် ယေဟောဝါထံ ဆုတောင်းလျက်ချဉ်းကပ်ရန် ငွေကြေးထည့်ဝင်လှူဒါန်းရမည်ဟု ဘုရားသခင့်နှုတ်ကပါဌ်တော်က မဆိုပါ။ ကိုယ်တော်၏ ဝိညာဉ်ရေးပြင်ဆင်ပေးမှုများနှင့် ဆုတောင်းခြင်းဖြင့် ကိုယ်တော်နှင့်ဆက်ဆံရသော ကောင်းချီးမင်္ဂလာများကို အဖိုးအခပေးစရာမလိုဘဲ ရယူနိုင်ပါသည်။—ဟေရှာယ ၅၅:၁၊ ၂။

၇ သို့ဖြစ်လျှင် အဘယ်အရာလိုအပ်သနည်း။ မှန်သောနှလုံးသဘောရှိခြင်းသည် လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၆:၂၉၊ ၃၀; သု. ၁၅:၁၁) ယေဟောဝါဘုရားသခင်သည် “ပတ္ထနာကို နားညောင်းတော်မူသောအရှင်၊” နှင့် “ကိုယ်တော်ကို ကြိုးစား၍ရှာသောသူတို့အား အကျိုးပေးတော်မူ” သောအရှင်ဖြစ်ကြောင်း နှလုံးထဲ၌ ယုံကြည်ခြင်းရှိရမည်။ (ဆာလံ ၆၅:၂၊ သမ္မာ; ဟေဗြဲ ၁၁:၆၊ သမ္မာ) နှိမ့်ချသည့်စိတ်နှလုံးလည်း ရှိရမည်။ (၄ ဓမ္မရာဇဝင် ၂၂:၁၉; ဆာလံ ၅၁:၁၇) ယေရှုက ပုံဥပမာတစ်ခု၌ ဘုရားသခင်ထံချဉ်းကပ်သည့်အခါ နှိမ့်ချသောနှလုံးသဘောရှိသည့် နိမ့်ကျသောအခွန်ခံသည် မာနထောင်လွှားသောဖာရိရှဲထက် ဖြောင့်မတ်ကြောင်းထင်ရှားသည်ဟု ပြဆိုတော်မူသည်။ (လုကာ ၁၈:၁၀-၁၄) ဘုရားသခင်ထံ ဆုတောင်းလျက်ချဉ်းကပ်စဉ်တွင် “မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ” ကြောင်းသတိရကြပါစို့။—သု. ၁၆:၅။

၈။ ကျွန်ုပ်တို့၏ပတ္ထနာကို ဘုရားသခင်နားညောင်းစေလိုပါက မိမိကကိုယ်ကို အဘယ်အရာများမှ ကင်းစင်စေရမည်နည်း။

၈ ကျွန်ုပ်တို့၏ပတ္ထနာကို ဘုရားသခင်နားညောင်းစေလိုပါက မိမိကိုယ်ကို အပြစ်ရှိသောအပြုအမူများနှင့် ကင်းစင်စေရမည်။ တပည့်တော်ယာကုပ်က အခြားသူတို့ကို ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်ရန်တိုက်တွန်းသည့်အခါ၌ “အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့” ဟူ၍ထပ်လောင်းဆိုထားသည်။ (ယာကုပ် ၄:၈) ဒုစရိုက်ပြုသူတို့ပင် နောင်တယူ၍ လမ်းစဉ်ဟောင်းကို စွန့်ပစ်မည်ဆိုလျှင် ယေဟောဝါနှင့် ငြိမ်သက်သောဆက်ဆံရေး ထူထောင်နိုင်သည်။ (သု. ၂၈:၁၃) ကျွန်ုပ်တို့၏လမ်းစဉ်ကို စင်ကြယ်အောင်လုပ်ပြီးပြီဟုဆိုကာ အယောင်ပြရုံလောက်သာပြုမည်ဆိုလျှင် ယေဟောဝါကို ဖူးမြော်ခွင့်ရနိုင်မည်မဟုတ်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသောသူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏” ဟူ၍ ဘုရားသခင့်နှုတ်ကပါဌ်တော်ကဆို၏။—၁ ပေတရု ၃:၁၂။

၉။ မည်သူမှတစ်ဆင့် ယေဟောဝါထံသို့ ချဉ်းကပ်သင့်သနည်း။ အဘယ်ကြောင့်နည်း။

၉ သမ္မာကျမ်းစာက “အပြစ်ကင်း၍ ကောင်းမှုကိုပြုတတ်သော ဖြောင့်မတ်သူတစ်ဦးတစ်ယောက်မျှ မြေပေါ်တွင်မရှိချေ” ဟုဆိုသည်။ (ဒေသနာ ၇:၂၀၊ သမ) ‘ဒါဆိုရင်၊ ယေဟောဝါထံကို ကျွန်ုပ်တို့ဘယ်လိုချဉ်းကပ်နိုင်မှာလဲ’ ဟုသင်မေးပေမည်။ သမ္မာကျမ်းစာက “တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏” ဟုအဖြေပေးထားသည်။ (၁ ယောဟန် ၂:၁) ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်လင့်ကစား ရွေးနုတ်ဖိုးအဖြစ် အသေခံတော်မူသော ယေရှုခရစ်အားဖြင့် ဘုရားသခင့်ထံတော်သို့ လွတ်လပ်စွာပြောဆို၍ ချဉ်းကပ်နိုင်ကြသည်။ (မဿဲ ၂၀:၂၈) ကိုယ်တော်သာလျှင် ယေဟောဝါဘုရားသခင်ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်သည့် တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည်။ (ယောဟန် ၁၄:၆) ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သကာ၏ အကျိုးကျေးဇူးကို ပေါ့ပေါ့တန်တန်သဘောထားကာ အပြစ်ဒုစရိုက်ကို တမင်တကာ မပြုသင့်ပေ။ (ဟေဗြဲ ၁၀:၂၆) သို့ရာတွင် မကောင်းမှုကိုရှောင်ရန် အတတ်နိုင်ဆုံးကြိုးပမ်းအားထုတ်သည့်ကြားမှ တစ်ခါတစ်ရံမှားမိသည်ရှိသော် နောင်တယူ၍ ဘုရားသခင်ထံ အပြစ်လွှတ်ရန် တောင်းလျှောက်နိုင်သည်။ နှိမ့်ချသောစိတ်နှလုံးဖြင့် ကိုယ်တော်ထံချဉ်းကပ်မည်ဆိုပါက ကျွန်ုပ်တို့ကိုနားညောင်းတော်မူမည်ဖြစ်သည်။—လုကာ ၁၁:၄။

ဘုရားသခင်နှင့် ပြောဆိုနိုင်သည့်အခွင့်အလမ်း

၁၀။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ ယေရှုကိုကျွန်ုပ်တို့ မည်သို့တုပနိုင်သနည်း။ ကိုယ်ပိုင်သီးသန့်ဆုတောင်းရန်အတွက် အချိန်အခါကောင်းအချို့ကား အဘယ်နည်း။

၁၀ ယေရှုခရစ်သည် ယေဟောဝါနှင့်ဆက်ဆံရေးကို အလွန့်အလွန်တန်ဖိုးထားတော်မူ၏။ ယင်းကြောင့် သီးသန့်ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့်စကားပြောဆိုရန် အချိန်ပေးတော်မူ၏။ (မာကု ၁:၃၅; လုကာ ၂၂:၄၀-၄၆) ကျွန်ုပ်တို့သည် ယေရှု၏စံနမူနာတော်ကိုတုပလျက် ဘုရားသခင်ထံ ပုံမှန်ဆုတောင်းလျှင်ကောင်းမည်။ (ရောမ ၁၂:၁၂) တစ်နေ့တာကို ပတ္ထနာစကားများဖြင့် အစပြု၍ အိပ်ရာမဝင်မီ တစ်နေ့တာလှုပ်ရှားမှုအတွက် ယေဟောဝါအားမှန်ကန်စွာ ကျေးဇူးတော်ချီးမွမ်းခြင်းသည် လျောက်ပတ်ပေသည်။ တစ်နေ့တာအတွင်း၌လည်း “အခါခပ်သိမ်း” ဘုရားသခင်ထံချဉ်းကပ်ရန် စိတ်ပိုင်းဖြတ်ထားပါ။ (ဧဖက် ၆:၁၈၊ သမ) ယေဟောဝါနားညောင်းတော်မူမည် ဟူသောအသိစိတ်ဖြင့် စိတ်နှလုံးထဲ၌ပင် တိတ်ဆိတ်စွာဆုတောင်းနိုင်သည်။ ဘုရားသခင်နှင့် သီးသန့်ပြောဆိုခြင်းဖြင့် ကိုယ်တော်နှင့်ဆက်ဆံရေးကို ခိုင်မာစေရန်ထောက်ကူပြီး ယေဟောဝါထံနေ့စဉ်ဆုတောင်းခြင်းဖြင့် အပါးတော်သို့ ပို၍နီးကပ်စွာချဉ်းကပ်နိုင်အောင် ထောက်ကူပေးသည်။

၁၁။ (က) မိသားစုများအနေဖြင့် အဘယ်ကြောင့် အတူတကွဆုတောင်းသင့်သနည်း။ (ခ) ဆုတောင်းချက်အဆုံး၌ “အာမင်” ဟုဆိုခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၁ ယေဟောဝါသည် လူစုလူဝေးတို့ကိုယ်စား တောင်းလျှောက်သည့်ပတ္ထနာစကားများကိုလည်း နားညောင်းတော်မူ၏။ (၃ ဓမ္မရာဇဝင် ၈:၂၂-၅၃) အိမ်ထောင်ဦးစီး၏ဦးဆောင်မှုဖြင့် မိသားစုတစ်စုအနေနှင့် ဘုရားသခင်ထံချဉ်းကပ်နိုင်ကြသည်။ ဤသို့ဖြင့် မိသားစုနှောင်ကြိုးကိုခိုင်မြဲစေသည့်ပြင် မိဘဖြစ်သူတို့ နှိမ့်ချစွာဆုတောင်းသည်ကို ကလေးသူငယ်များ ကြားရဖန်များလာသည့်အခါ ယေဟောဝါသည် သူတို့လေးများအတွက် အမှန်တကယ်တည်ရှိသောပုဂ္ဂိုလ် ဖြစ်လာလေသည်။ ယေဟောဝါသက်သေများ၏ အစည်းအဝေးတစ်ခုမှာကဲ့သို့ လူအုပ်စုတစ်စုကိုယ်စား တစ်ဦးတစ်ယောက်က ဆုတောင်းသည့်အခါမျိုး၌ မည်သို့ပြုမည်နည်း။ ပရိသတ်ထဲ၌ ကျွန်ုပ်တို့ရောက်ရှိနေသော် ဆုတောင်းချက်အဆုံးတွင် “ထိုအတိုင်းဖြစ်ပါစေ” ဟူ၍အဓိပ္ပာယ်ရှိသည့်စကားလုံး “အာမင်” ကိုအားတက်သရောဆိုနိုင်အောင် အာရုံစူးစိုက်၍နားထောင်ကြပါစို့။—၁ ကောရိန္သု ၁၄:၁၆။

ယေဟောဝါနားညောင်းတော်မူသည့် ဆုတောင်းပတ္ထနာများ

၁၂။ (က) ပတ္ထနာအချို့ကို ဘုရားသခင် အဘယ်ကြောင့် ဖြေကြားတော်မမူသနည်း။(ခ) ဆုတောင်းသည့်အခါ၌ ကိုယ်ရေးကိုယ်တာလိုအပ်ချက်များကိုသာ အဘယ်ကြောင့် အာရုံစူးစိုက်ခြင်း မပြုသင့်သနည်း။

၁၂ အချို့သူတို့က ခရစ်တော်မှတစ်ဆင့် ဆုတောင်းသော်လည်း မိမိတို့၏ပတ္ထနာကို ဘုရားသခင်နားညောင်းတော်မမူဟု ခံစားရကြသည်။ သို့သော် တမန်တော်ယောဟန်က “ငါတို့သည် [ဘုရားသခင့်] အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ၏” ဟုဆိုထားသည်။ (၁ ယောဟန် ၅:၁၄) ထို့ကြောင့် ဘုရားသခင့်အလိုတော်နှင့်အညီ ဆုတောင်းရန်လိုသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးကောင်းကျိုးချမ်းသာကို စိတ်ဝင်စားတော်မူသည်ဖြစ်ရာ ဝိညာဉ်ရေးကို အကျိုးပြုသည့်အရာမှန်သမျှသည် ဆုတောင်းသင့်သော အကြောင်းအရာပင်ဖြစ်သည်။ ရုပ်ပိုင်းလိုအပ်ချက်များကိုသာ လုံးလုံးအာရုံစိုက်စေသည့် သွေးဆောင်ဖြားယောင်းမှုကို ကျွန်ုပ်တို့တွန်းလှန်ပစ်ရမည်။ သာဓကအဖြစ်၊ ဖျားနာခြင်းဝေဒနာကို ကိုင်တွယ်ဖြေရှင်းရန် ထိုးထွင်းမှုနှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိရန် ဆုတောင်းခြင်းသည် သင့်တော်လျောက်ပတ်သော်လည်း ကျန်းမာရေးအတွက် စိုးရိမ်ကြောင့်ကြမှုက ဝိညာဉ်ရေးကောင်းကျိုးချမ်းသာကို လွှမ်းမိုးမသွားစေသင့်ပါ။ (ဆာလံ ၄၁:၁-၃) ခရစ်ယာန်အမျိုးသမီးတစ်ဦးက မိမိသည် မိမိ၏ကျန်းမာရေးအတွက် အလွန်အမင်းစိုးရိမ်ကြောင့်ကြနေကြောင်း သိမြင်လာသည့်အခါ မိမိ၏ကျန်းမာရေးနှင့်ပတ်သက်၍ မှန်ကန်သောအမြင်ရှိရန် မစတော်မူပါဟု ယေဟောဝါထံတောင်းလျှောက်ခဲ့သည်။ အကျိုးရလဒ်အနေနှင့် သူမ၏ကျန်းမာရေးပြဿနာသည် အသေးအဖွဲဖြစ်သွားသည့်အပြင် ‘လွန်ကဲသောတန်ခိုးတော်’ ကိုပါရရှိသည်ဟု ခံစားရသည်။ (၂ ကောရိန္သု ၄:၇၊ သမ) သူတစ်ပါးတို့ကို ဝိညာဉ်ရေးအရ ကူညီပေးလိုသည့်ဆန္ဒ ပြင်းပြလာသဖြင့် သူမသည် အချိန်ပြည့်နိုင်ငံတော်သတင်း ကြွေးကြော်သူတစ်ဦးဖြစ်လာသည်။

၁၃။ မဿဲ ၆:၉-၁၃ ၌ပြဆိုသည့်အတိုင်း ကျွန်ုပ်တို့၏ဆုတောင်းချက်တွင် ထည့်သွင်းသင့်သည့် သင့်တော်သောအကြောင်းအရာအချို့ကား အဘယ်နည်း။

၁၃ ကျွန်ုပ်တို့၏ပတ္ထနာများကို ယေဟောဝါနားညောင်းစဖွယ်ဖြစ်အောင် အဘယ်အရာများ ထည့်သွင်းတောင်းလျှောက်နိုင်သနည်း။ ယေရှုခရစ်က မည်သို့ဆုတောင်းရမည့်အကြောင်း တပည့်တော်များအား သင်ကြားပေးတော်မူခဲ့၏။ မဿဲ ၆:၉-၁၃ တွင်မှတ်တမ်းတင်ထားသည့် စံပြပတ္ထနာတော်တွင် မှန်ကန်စွာတောင်းလျှောက်နိုင်သည့် အကြောင်းအရာများကို ကိုယ်တော်ဖော်ပြထားတော်မူ၏။ ကျွန်ုပ်တို့၏ပတ္ထနာတွင် အဘယ်အရာများကို အဓိကထားသင့်သနည်း။ ယေဟောဝါဘုရားသခင်၏ နာမတော်နှင့်နိုင်ငံတော်ကို ထိပ်ဆုံးဦးစားထားသင့်သည်။ ရုပ်ပိုင်းလိုအပ်ချက်တောင်းလျှောက်ခြင်းသည် လျော်ကန်ပါသည်။ အပြစ်များကို ဖြေလွှတ်ရန်၊ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆိုးယုတ်သူစာတန်မာရ်နတ်လက်မှ ကယ်နုတ်ရန်တောင်းလျှောက်ခြင်းသည်လည်း အရေးကြီးသည်။ ဤပတ္ထနာစကား၏အဓိပ္ပာယ်ကို တွေးတောခြင်းမပြုဘဲ ထပ်ခါထပ်ခါရွတ်ဆိုသည်ကို ယေရှုလိုလားတော်မမူ။ (မဿဲ ၆:၇) ကလေးတစ်ယောက်သည် ဖခင်ဖြစ်သူနှင့် စကားပြောသည့်အခါတိုင်း စကားတစ်မျိုးတည်းကိုသာ သုံးမည်ဆိုပါက မည်သို့သော သားအဖဆက်ဆံရေးမျိုး ဖြစ်မည်နည်း။

၁၄။ အသနားခံခြင်းအပြင် အဘယ်သို့သောဆုတောင်းပတ္ထနာကို ကျွန်ုပ်တို့တင်လျှောက်သင့်သနည်း။

၁၄ အသနားခံခြင်းနှင့် လှိုက်လှိုက်လှဲလှဲ တိုးလျှိုးတောင်းပန်ခြင်းအပြင် ချီးမွမ်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း ပတ္ထနာစကားများကိုလည်း တင်လျှောက်သင့်သည်။ (ဆာလံ ၃၄:၁; ၉၂:၁; ၁ သက်သာလောနိတ် ၅:၁၈) အခြားသူများအတွက်လည်း ဆုတောင်းပေးနိုင်သည်။ ဒုက္ခရောက်နေသော၊ နှိပ်စက်ညှဉ်းပန်းခံနေရသော ကျွန်ုပ်တို့၏ ဝိညာဏညီအစ်ကိုညီအစ်မများအတွက် ဆုတောင်းပေးခြင်းသည် သူတို့အပေါ်စိတ်ဝင်စားကြောင်း ပြသရာရောက်သည့်ပြင် ထိုသို့သောကြောင့်ကြစိုးရိမ်မှု ထုတ်ဖော်သည်ကို ယေဟောဝါနှစ်ထောင်းအားရ နားထောင်တော်မူ၏။ (လုကာ ၂၂:၃၂; ယောဟန် ၁၇:၂၀; ၁ သက်သာလောနိတ် ၅:၂၅) စင်စစ်အားဖြင့် တမန်တော်ပေါလုက ဤသို့ရေးသားသည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ ပြုလျှင် အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၆၊ ၇။

မလျှော့သောဇွဲဖြင့် ဆုတောင်းပတ္ထနာပြုလော့

၁၅။ ကျွန်ုပ်တို့၏ဆုတောင်းချက်ဖြေကြားမခံရဟုအထင်ရှိပါက အဘယ်အချက်ကို သတိရသင့်သနည်း။

၁၅ သင့်အနေဖြင့် ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို ဆည်းပူးလျက်ရှိသော်လည်း သင့်ဆုတောင်းချက်များသည် တစ်ခါတစ်ရံတွင် နားညောင်းဖြေကြားခြင်းမခံရဟု ခံစားမိပေမည်။ ဤသို့ဖြစ်ရသည်မှာ တစ်စုံတစ်ခုသောဆုတောင်းချက်ကို ဘုရားသခင်ဘက်မှ အဖြေပေးရန် အချိန်မတန်သေး၍ ဖြစ်ကောင်းဖြစ်မည်။ (ဒေသနာ ၃:၁-၉) ယေဟောဝါသည် အခြေအနေတစ်ရပ်ကို အတန်ကြာခွင့်ပြုကောင်း ခွင့်ပြုမည်ဖြစ်သော်လည်း ဆုတောင်းပတ္ထနာများကို မုချနားညောင်းဖြေကြားတော်မူသည့်အပြင် ဖြေကြားရန်အသင့်တော်ဆုံးအချိန်ကိုလည်း သိတော်မူ၏။—၂ ကောရိန္သု ၁၂:၇-၉။

၁၆။ အလျှော့မပေးဘဲ အဘယ်ကြောင့် ဆုတောင်းသင့်သနည်း။ ဤသို့ပြုခြင်းသည် ကျွန်ုပ်တို့နှင့်ဘုရားသခင်၏ဆက်ဆံရေးအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

၁၆ မဆုတ်မနစ်သောဇွဲဖြင့် စွဲမြဲစွာဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံတင်လျှောက်ချက်ကို ကျွန်ုပ်တို့လှိုက်လှဲစွာ စိတ်ဝင်စားကြောင်းပြသသည်။ (လုကာ ၁၈:၁-၈) သာဓကအနေနှင့် အားနည်းချက်တစ်ခုခုကိုအောင်နိုင်ရန် မစတော်မူပါမည့်အကြောင်း ယေဟောဝါထံတောင်းလျှောက်မည်။ မလျှော့သောဇွဲဖြင့် ဆုတောင်းပြီး အသနားခံချက်နှင့်အညီ ပြုမူကျင့်ကြံခြင်းအားဖြင့် စိတ်ရင်းမှန်ကိုပြသရာရောက်၏။ အသနားခံချက်ကို တိတိကျကျနှင့် ရိုးရိုးသားသားတင်ပြသင့်သည်။ စုံစမ်းသွေးဆောင်ခံရစဉ်တွင် အပြင်းအထန်ဆုတောင်းရန် အထူးအရေးကြီးသည်။ (မဿဲ ၆:၁၃) အပြစ်မကင်းသော ပြင်းပြသည့်ဆန္ဒများကို ချွန်းအုပ်ရန်ကြိုးပမ်းရင်း ဆက်၍ဆက်ခါဆုတောင်းမည်ဆိုလျှင် ကျွန်ုပ်တို့ကို ယေဟောဝါမည်သို့မစတော်မူသည်ကို တွေ့ရပေမည်။ ယင်းသည် ယုံကြည်ခြင်းကို တည်ဆောက်၍ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်မြဲစေလိမ့်မည်။—၁ ကောရိန္သု ၁၀:၁၃; ဖိလိပ္ပိ ၄:၁၃။

၁၇။ ဘုရားသခင်အားဝတ်ပြုရာ၌ ဆုတောင်းတတ်သည့်သဘောမှ ကျွန်ုပ်တို့အဘယ်အကျိုးကျေးဇူး ရရှိမည်နည်း။

၁၇ ယေဟောဝါဘုရားသခင်အမှုတော်ထမ်းဆောင်ရာ၌ ဆုတောင်းတတ်သည့်သဘောထားကို ပြုစုပျိုးထောင်ခြင်းအားဖြင့် ကိုယ်ပိုင်ခွန်အားဖြင့် ကိုယ်တော်အားဝတ်ပြုနေခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့သိမြင်လာမည်။ အရာခပ်သိမ်းပြီးမြောက်အောင်မြင်စေသူမှာ ယေဟောဝါသာဖြစ်တော်မူ၏။ (၁ ကောရိန္သု ၄:၇) ဤအချက်ကို အသိအမှတ်ပြုလျှင် စိတ်နှိမ့်ချရန် ထောက်ကူရုံမက ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ ဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေမည်။ (၁ ပေတရု ၅:၅၊ ၆) မှန်ပါသည်၊ မလျှော့သောဇွဲဖြင့် ဆုတောင်းပတ္ထနာပြုရန် ကျွန်ုပ်တို့၌ခိုင်လုံသောအကြောင်းများရှိပေသည်။ ကျွန်ုပ်တို့၏ စိတ်အားထက်သန်သော ဆုတောင်းပတ္ထနာများနှင့် မေတ္တာရှင်ကောင်းကင်ခမည်းတော်ထံ ချဉ်းကပ်ခြင်းနှင့်ဆိုင်သည့် အဖိုးတန်သောအသိပညာတို့က ကျွန်ုပ်တို့၏အသက်တာကို အမှန်ပင် ပျော်ရွှင်ချမ်းမြေ့စေမည်။

ယေဟောဝါနှင့်ဆက်သွယ်ပြောဆိုခြင်းသည် တစ်ဖက်သတ်မဟုတ်ပါ

၁၈။ ဘုရားသခင့်စကားတော်ကို ကျွန်ုပ်တို့ မည်သို့နားထောင်နိုင်သနည်း။

၁၈ ကျွန်ုပ်တို့၏ဆုတောင်းပတ္ထနာများကို ဘုရားသခင် နားညောင်းစေလိုပါက ကိုယ်တော်မိန့်မြွက်ချက်များကို နားထောင်ရမည်။ (ဇာခရိ ၇:၁၃) ကိုယ်တော်သည် ဝိညာဉ်တော်မှုတ်သွင်းခံ ပရောဖက်များအားဖြင့် သတင်းစကားများ မပါးတော့ပါ၊ နတ်ဝိဇ္ဇာနည်းများကို အသုံးပြုမည်မဟုတ်သည်မှာလည်း သေချာသည်။ (တရားဟောရာ ၁၈:၁၀-၁၂) သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် ကိုယ်တော့်စကားကို နားထောင်နိုင်ပါသည်။ (ရောမ ၁၅:၄; ၂ တိမောသေ ၃:၁၆၊ ၁၇) ကျန်းမာရေးအကျိုးပြုသော ကာယအစာကိုနှစ်ခြိုက်ခုံမင်ရန် မွေးမြူဖို့လိုသကဲ့သို့ “နှုတ်ကပါဌ်တရား၏နို့စစ် . . . ကို အလွန်လိုချင်သောစိတ် ရှိကြ” ရန်ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုခြင်းအားဖြင့် ဝိညာဉ်အစာကို နှစ်ခြိုက်ခုံမင်သည့်စိတ်ကို မွေးမြူပါ။—၁ ပေတရု ၂:၂၊ ၃; တမန်တော် ၁၇:၁၁။

၁၉။ သမ္မာကျမ်းစာမှ ဖတ်ရှုရသမျှကို ဆင်ခြင်တွေးတောလျှင် အဘယ်အကျိုးကျေးဇူးရှိသနည်း။

၁၉ သမ္မာကျမ်းစာတွင် ဖတ်ရှုရသမျှကို ခြင်ဆင်တွေးတောပါ။ (ဆာလံ ၁:၁-၃; ၇၇:၁၁၊ ၁၂) အကြောင်းအရာကို ပြန်၍စေ့စေ့တွေးတောခြင်းကိုဆိုလိုသည်။ ယင်းကို အစာချေခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။ ဖတ်ရှုနေသည့်အကြောင်းအရာကို သိပြီးသားအကြောင်းအရာများနှင့် ဆက်စပ်ခြင်းအားဖြင့် ဝိညာဉ်အစာကို ကျေညက်စေနိုင်သည်။ ၎င်းအကြောင်းအရာသည် သင့်အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်သည်ကို စဉ်းစားဆင်ခြင်ပါ။ သို့မဟုတ် ၎င်းသည် ယေဟောဝါ၏ဂုဏ်ရည်တော်များနှင့် ဆက်ဆံပုံများအကြောင်း အဘယ်အရာဖွင့်ပြသည်ကို အလေးအနက်စဉ်းစားပါ။ ဤသို့ ကိုယ်ပိုင်လေ့လာမှုပြုခြင်းဖြင့် ယေဟောဝါပြင်ဆင်ပေးသည့် ဝိညာဉ်အစာကို သင်ရယူနိုင်ပေသည်။ ဤသို့ ဖြင့် ဘုရားသခင့်အပါးတော်သို့ ပို၍နီးကပ်စေမည့်အပြင် နေ့စဉ်နေ့တိုင်း တွေ့ ကြုံရသည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်လည်း ထောက်ကူပေမည်။

၂၀။ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခြင်းသည် ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်ရန် မည်သို့ထောက်ကူသနည်း။

၂၀ ဣသရေလလူမျိုးသည် လူထုရှေ့ဘုရားသခင့်ပညတ္တိကျမ်း ဖတ်ကြားသည်ကိုကြားနာရန် စုဝေးသည့်အခါ၌ အာရုံစူးစိုက်နားထောင်ကြသကဲ့သို့ ခရစ်ယာန်အစည်းအဝေးများ၌ ဘုရားသခင့်နှုတ်ကပါဌ်တရားတော် ဆွေးနွေးသည်ကိုနားထောင်ခြင်းအားဖြင့်လည်း ဘုရားသခင့်အပါးတော်သို့ သင်ချဉ်းကပ်နိုင်ပါသည်။ ထိုခေတ်ကသွန်သင်သူတို့သည် သူတို့ဖတ်ပြသည့်ပညတ္တိကျမ်းကို အနက်ဖွင့်ခြင်းအားဖြင့် တရားနာပရိသတ်များနားလည်၍ ကြားနာသည့်အတိုင်းလက်တွေ့ကျင့်သုံးရန် စေ့ဆော်ခံရကြသည်။ ဤသို့ဖြင့် ကြီးစွာအားရဝမ်းမြောက်ကြ၏။ (နေဟမိ ၈:၈၊ ၁၂) ထို့ကြောင့် ယေဟောဝါသက်သေများ၏ အစည်းအဝေးများတက်ရောက်ခြင်းကို ကိုယ်ပိုင်ထုံးစံဖြစ်အောင်ပြုလုပ်ပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) သို့ပြုလျှင် ဘုရားသခင်နှင့်ဆိုင်သောအသိပညာကို နားလည်၍ အသက်တာတွင် လက်တွေ့ကျင့်သုံးနိုင်ရန် ထောက်ကူပေးမည့်အပြင် ပျော်ရွှင်ချမ်းမြေ့မှုလည်း ရရှိစေမည်ဖြစ်သည်။ ကမ္ဘာ့ခရစ်ယာန် ညီအစ်ကိုအသင်းအပင်းဝင်အဖြစ် ရပ်တည်ခြင်းဖြင့် ယေဟောဝါ၏အပါးတော်၌အမြဲခစားနိုင်အောင် ထောက်ကူပေးမည်။ ၎င်းပြင် ကျွန်ုပ်တို့တွေ့ရှိရမည့်အတိုင်း ဘုရားသခင့်လူမျိုးတော်ဘောင်တွင် စစ်မှန်သည့်လုံခြုံမှုကိုပါ တွေ့ရှိနိုင်ပေမည်။

သင်၏အသိပညာကို စစ်ဆေးခြင်း

ဘုရားသခင့်အပါးတော်သို့ သင်အဘယ်ကြောင့် ချဉ်းကပ်သင့်သနည်း။

ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်ရန်အတွက် လိုအပ်ချက်အချို့ကား အဘယ်နည်း။

သင့်ဆုတောင်းပတ္ထနာများတွင် အဘယ်အရာများ တည့်သွင်းတောင်းလျှောက်နိုင်သနည်း။

မလျှော့သောဇွဲဖြင့် အဘယ်ကြောင့် ဆုတောင်းပတ္ထနာပြုသင့်သနည်း။

ယနေ့ ယေဟောဝါ၏စကားတော်ကို မည်သို့နားထောင်နိုင်သနည်း။

[စာမျက်နှာ ၁၅၇ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ