လူငယ်တို့ ဝိညာဉ်ရေးဘက်တွင် သင်တို့ တိုးတက်နေသလော
“ခရစ်ယာန်စည်းဝေးတွေကို ကျွန်တော်တက်နေပေမဲ့ ယေဟောဝါအမှုတော်ဆောင်ဖို့ ပြင်းပြတဲ့စိတ် ကျွန်တော့်မှာမရှိခဲ့ဘူး” ဟူ၍ အထက်တန်းကျောင်းသားဘဝ အတိတ်ကာလအကြောင်းကို ဟီဒယိုပြန်ပြောပြသည်။ “ကျွန်တော့်ကိုယ်ကျွန်တော် အတန်းထဲမှာ လူချစ်လူခင်ပေါများတဲ့သူ၊ မိန်းကလေးတစ်ယောက်နဲ့ တတွဲတွဲသွားလာနေတဲ့သူလို့ မြင်ယောင်ခဲ့တာ။ ကျွန်တော့်မှာ သတ်သတ်မှတ်မှတ်ပန်းတိုင်မရှိသလို ဝိညာဉ်ရေးဘက်မှာလည်း တိုးတက်လိုစိတ် လုံးဝမရှိခဲ့ဘူး။” ဟီဒယိုကဲ့သို့ပင် လူငယ်များစွာသည် ရည်ရွယ်ချက်မဲ့ သွားလာလှုပ်ရှားနေကြပုံရှိသည်၊ သူတို့၌ ထိုက်သင့်လျော်ကန်သည့်ပန်းတိုင်များမရှိ၊ တိုးတက်လိုစိတ်လည်းမရှိကြချေ။
သင်သည် လူငယ်တစ်ဦးဖြစ်မည်ဆိုလျှင် အားကစား သို့မဟုတ် ဝါသနာပါရာတစ်ခုခုကို လိုက်စားသောအခါ နိုးကြားတက်ကြွနေမည်။ သို့သော် ဝိညာဉ်ရေးလုပ်ဆောင်မှုများနှင့်ပတ်သက်လာလျှင် ထိုသို့ခံစားရမည်မဟုတ်ချေ။ ဝိညာဉ်ရေးရာပန်းတိုင်များက သင့်ကို စိတ်တက်ကြွလှုပ်ရှားစေနိုင်သလော။ ဆာလံဆရာ၏ ဤစကားများကိုသုံးသပ်ကြည့်ပါ– “ယေဟောဝါ၏သတိပေးချက်သည် ယုံကြည်စိတ်ချထိုက်ပြီး အတွေ့အကြုံနည်းသူများကို ဉာဏ်ပညာရှိစေသည်။ . . . ထာဝရဘုရား၏ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏။” (ဆာလံ ၁၉:၇၊ ၈ ကဘ) ဘုရားသခင့်နှုတ်မြွက်စကားတော်သည် “အတွေ့အကြုံနည်းသူများကို” ပညာရှိစေနိုင်၍ ‘သူ၏မျက်စိကို ရှင်းလင်းစေတတ်၏။’ မှန်ပါသည်၊ ဝိညာဉ်ရေးရာတို့ဖြင့် စိတ်ရွှင်ပျကြည်နူးနိုင်သည်။ သို့သော် ထိုသို့သင်ခံစားရရန် အဘယ်အရာလိုအပ်သနည်း။ အဘယ်နေရာမှ သင်စတင်သင့်သနည်း။
ဘုရားသခင်အားဝတ်ပြုကိုးကွယ်ရန် လှုံ့ဆော်ခံပါ
ဦးစွာ လှုံ့ဆော်မှုခံရမည်။ ယုဒပြည့်ရှင် လူငယ်ယောရှိ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ဝတ်ပြုရာအိမ်တော်တွင် ယေဟောဝါ၏ပညတ္တိကျမ်းစောင်ကို တွေ့ရှိသောအခါ ယောရှိသည် ၎င်းကိုဖတ်ရွတ်စေ၍ မိမိကြားသိရာများကြောင့် စိတ်နှလုံးအလွန်ထိမိခဲ့သည်။ ရလဒ်အနေဖြင့် “ယောရှိမင်းသည်လည်း ရွံရှာဖွယ်သောအရာရှိသမျှတို့ကို ဣသရေလအမျိုးသားပိုင်သော ပြည်အရပ်ရပ်တို့မှပယ်ရှား” ပစ်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၄:၁၄-၂၁၊ ၃၃) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဖတ်ရွတ်လိုခြင်းက ယောရှိအား စင်ကြယ်သောဝတ်ပြုရေးကို ပိုမိုတိုးမြှင့်ပေးစေခဲ့သည်။
သင်လည်း သမ္မာကျမ်းစာကို ဖတ်ရွတ်၍ သင်ဖတ်ရှုရာကို စဉ်းစားဆင်ခြင်မည်ဆိုလျှင် ယေဟောဝါအမှုတော်ထမ်းလိုစိတ်ကို မွေးမြူပေးနိုင်သည်။ ထိုသို့ပြုလုပ်ခဲ့ခြင်းက ဟီဒယိုကို လှုံ့ဆော်ပေးခဲ့သည်။ အသက်ကြီးသောရှေ့ဆောင်၊ ယေဟောဝါသက်သေတို့၏ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးနှင့် သူစတင်၍ ရင်းရင်းနှီးနှီးပေါင်းသင်းခဲ့သည်။ အဆိုပါရှေ့ဆောင်သည် သမ္မာကျမ်းစာကို ဝီရိယစိုက်ထုတ်လေ့လာပြီး ၎င်း၏သွန်သင်ချက်များကို သူ၏ဘဝတွင် လက်တွေ့ကျင့်သုံးရန် ကြိုးစားအားထုတ်သူတစ်ဦးဖြစ်သည်။ ထိုရှေ့ဆောင်၏ပုံသက်သေက ဟီဒယိုကို အကြီးအကျယ်အားပေးမှုဖြစ်ခဲ့ရာ သူလည်း ထိုနည်းတူစတင်ပြုလုပ်၍ ဘုရားသခင်နှင့် အခြားသူတို့၏အစေကိုခံလိုစိတ် ပြင်းပြလာလေသည်။ သူ၏ဝိညာဉ်ရေးတိုးတက်လာသည့်အတွက် သူ၏ဘဝသည် ရည်ရွယ်ချက်ရှိလာလေသည်။
သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းက လူငယ်တို့ကို လှုံ့ဆော်မှုဖြစ်စေနိုင်သည်။ တာကာဟီရိုက ဤသို့ရှင်းပြသည်– “ကျွန်တော်အိပ်ရာဝင်ပြီးနောက် တစ်နေ့တာ ကျမ်းစာဖတ်ရွတ်ခြင်းကို မလုပ်ရသေးမှန်း သတိရလာရင် ထပြီးဖတ်တယ်။ အကျိုးကတော့ ယေဟောဝါရဲ့လမ်းညွှန်မှုကို ကျွန်တော်ခံစားရတာအမှန်ပဲ။ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းက ကျွန်တော့်ရဲ့ ဝိညာဉ်ရေးတိုးတက်မှုကို အများကြီးအကျိုးပေးတယ်။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပိုမိုပါဝင်နိုင်ဖို့ ဆုံးဖြတ်ချက်ချထားတဲ့အတွက် အထက်တန်းကျောင်းပြီးတာနဲ့ သိပ်မကြာခင်မှာပဲ မှန်မှန်ရှေ့ဆောင်လုပ်ငန်းကို ကျွန်တော်စတင်ခဲ့တယ်။ ရှေ့ဆောင်လုပ်ရတာ ကျွန်တော်အရမ်းပျော်တာပဲ။”
သမ္မာကျမ်းစာဖတ်ရှုခြင်းအပြင် ယေဟောဝါအားချီးမွမ်းရန် သင့်စိတ်ဇောကို တက်ကြွစေဖို့ အဘယ်အရာက အကူအညီပေးနိုင်သေးသနည်း။ တိုမိုဟီရိုကို သူ၏မိခင်က ကျမ်းစာသင်ပေးခဲ့သည်။ သူဤသို့ပြောပြသည်– “ဘဝတွင်ရည်ရွယ်ချက်တစ်ခုမုချရှိစာအုပ်ကို ကျွန်တော်အသေအချာလေ့လာခဲ့တဲ့ အသက် ၁၉ နှစ်အရွယ်ကျမှ ယေဟောဝါရဲ့မေတ္တာနဲ့ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို အလေးအနက်သဘောထားလာတော့တယ်။ ဘုရားသခင့်မေတ္တာတော်ကို အဲဒီလိုကျေးဇူးတင်လေးမြတ်တော့မှ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပိုပြီးလုပ်ဆောင်ဖို့ ကျွန်တော်လှုံ့ဆော်ခံခဲ့ရတယ်။” (၂ ကောရိန္သု ၅:၁၄၊ ၁၅) တိုမိုဟီရိုနည်းတူ လူငယ်များစွာသည် သမ္မာကျမ်းစာကို ဝီရိယရှိရှိကိုယ်တိုင်လေ့လာလိုက်စားကြခြင်းဖြင့် ဝိညာဉ်ရေးဘက် တိုးတက်လိုစိတ်ရှိလာကြသည်။
ထိုသို့ပြုသော်လည်း ယေဟောဝါအမှုတော်ဆောင်ဖို့ စိတ်ဆန္ဒမပြင်းပြသေးလျှင် အသို့နည်း။ တစ်ဦးတစ်ယောက်ထံမှ သင် အကူအညီတောင်းခံနိုင်သလော။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ . . . ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။” (ဖိလိပ္ပိ ၂:၁၃) ယေဟောဝါ၏အကူအညီရဖို့ သင်ဆုတောင်းမည်ဆိုလျှင် သင့်ကို “အကျင့်ကျင့်စေခြင်းငှာ” သာမက “အလိုရှိစေခြင်းငှာ” စွမ်းဆောင်နိုင်သည့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို သင့်အား လွတ်လွတ်လပ်လပ်ပေးတော်မူလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် သင်အတတ်နိုင်ဆုံး ပါဝင်လိုစိတ်တိုးပွားလာစေပြီး ဝိညာဉ်ရေးဘက် တိုးတက်လာစေရန် ကူညီပေးပါလိမ့်မည်။ ယေဟောဝါ၏တန်ခိုးတော်ကို ယုံကြည်ကိုးစား၍ သင်၏စိတ်နှလုံးကို ခိုင်ခံ့စေလော့!
ကိုယ်ပိုင်ပန်းတိုင်များချမှတ်ထားပါ
ယေဟောဝါအမှုတော်ကို အပြည့်အဝဆောင်ရွက်ရန် သင်စိတ်ပိုင်းဖြတ်ထားပြီဆိုလျှင် ဝိညာဉ်ရေးဘက်တိုးတက်စေဖို့ ကိုယ်ပိုင်ပန်းတိုင်များ ချမှတ်ထားရန်လိုသည်။ ခရစ်ယာန်အမျိုးသမီးငယ် မာနာက ဤသို့ပြောပြခဲ့သည်– “ပန်းတိုင်တွေထားတဲ့အတွက် ကျွန်မအကူအညီအတော်ရတယ်။ နောက်ပြန်ဆုတ်သွားမယ့်အစား ရဲစွမ်းသတ္တိနဲ့ ကျွန်မရှေ့တိုးနိုင်ခဲ့တယ်။ ကျွန်မပန်းတိုင်တွေကို စိတ်ထဲစွဲမှတ်ထားပြီး လမ်းညွှန်ပေးဖို့ ယေဟောဝါဆီ ဇွဲရှိရှိဆုတောင်းခဲ့အခါ အနှောင့်အယှက်မရှိဘဲ ကျွန်မဆက်တိုးတက်လာနိုင်ခဲ့တယ်။”
သင်၏ပန်းတိုင်များသည် လက်တွေ့ကျပြီး လိုက်မီနိုင်ရာဖြစ်သင့်သည်။ နေ့စဉ် သမ္မာကျမ်းစာ အခန်းကြီးတစ်ခန်း ဖတ်ရှုခြင်းသည် အကျိုးသင့်အကြောင်းသင့်ရှိသော ပန်းတိုင်တစ်ခုဖြစ်နိုင်သည်။ စေ့စေ့ငငလေ့လာမှုပြုဖို့အစီအစဉ်ကိုလည်း သင်စတင်နိုင်သည်။ အင်္ဂလိပ်ဘာသာစကားဖြင့် လေ့လာနိုင်သည့်အကြောင်းတစ်ခုကို ဥပမာပေးရလျှင် ကင်းမျှော်စင်စာပေများအညွှန်း၌ “ယေဟောဝါ” ခေါင်းစဉ်ကြီးအောက် “အမည်စာရင်းဖော်ပြထားရာအရည်အချင်းများ” ဟူသောခေါင်းစဉ်ငယ်အောက်ရှိ ယေဟောဝါ၏အရည်အချင်းတို့ကို တစ်ခုချင်းစီ သင်စတင်လေ့လာနိုင်သည်။ သင်ဆင်ခြင်သုံးသပ်နိုင်သောအကြောင်း ၄၀ ခန့်ရှိရာ သင်စေ့စေ့ငငလေ့လာသည့်အခါ ယေဟောဝါနှင့် သင်ပိုမိုရင်းနှီးကျွမ်းဝင်လာလိမ့်မည်၊ ထို့နောက် ကိုယ်တော့်အမှုတော်တွင် သင်ပိုမိုပါဝင်လိုစိတ် များလာပေလိမ့်မည်။ သင်လိုက်မီနိုင်သော အခြားပန်းတိုင်များမှာ ခရစ်ယာန်အစည်းအဝေးတိုင်းတွင် ပရိသတ်ပါဝင်ဖြေဆိုနိုင်သည့်အပိုင်း၌ အနည်းဆုံး အဖြေတစ်ခုပေးခြင်း၊ အစည်းအဝေးတိုင်းတွင် အသင်းတော်မှသူတစ်ဦးကို ပိုမိုသိကျွမ်းလာရန်ကြိုးစားခြင်း၊ ယေဟောဝါထံဆုတောင်းခြင်းနှင့် ကိုယ်တော့်အကြောင်း သူတစ်ပါးအား မပြောပြသည့်နေ့ တစ်နေ့မျှမရှိစေခြင်းတို့ ပါဝင်သည်။
သင်သည် သီအိုကရက်တစ်ကျောင်းတွင်ပါဝင်ရန် နာမည်စာရင်းမသွင်းရသေးလျှင် ယင်းက သင့်အတွက် ပန်းတိုင်တစ်ခုဖြစ်နိုင်သည်။ လူအများရှေ့အမှုဆောင်ခြင်း၌ သင်ပါဝင်နေပါသလော။ မပါဝင်ရသေးလျှင် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦး ဖြစ်လာရန် သင်ကြိုးစားနိုင်သည်။ ယေဟောဝါနှင့် သင်၏ဆက်ဆံရေးကို အလေးအနက်ထားသုံးသပ်ခြင်းအပြင် ကိုယ်တော်ထံ သင့်ကိုယ်သင် ဆက်ကပ်အပ်နှံခြင်းသည် နောက်ခြေလှမ်းပင်ဖြစ်လာပေမည်။ လူငယ်များစွာသည် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ရန် ကြိုးစားခြင်းအားဖြင့် သူတို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ နေထိုင်ကြဖို့ ကြိုးပမ်းအားထုတ်ကြသည်။ သင့်ဘဝတွင် ပန်းတိုင်များထားရှိခြင်းက ကောင်းသော်လည်း ပြိုင်ဆိုင်သည့်စိတ်ဓာတ်မရှိဖို့ သတိပြုပါ။ မိမိကိုယ်ကို သူတစ်ပါးနှင့် မနှိုင်းခြင်းသည် ပျော်ရွှင်မှုပိုရှိစေမည်။
သင်သည် အတွေ့အကြုံနည်းသည်၊ အကျိုးသင့်အကြောင်းသင့်ရှိ ပန်းတိုင်များချမှတ်ရန် အခက်တွေ့သည်ဟုခံစားမိပေမည်။ ထိုသို့ဖြစ်လျှင် သမ္မာကျမ်းစာ၏ ဤအကြံပြုချက်ကို လိုက်နာပါ– “သင်၏နားကိုညွှတ်၍ ပညာရှိစကားကိုနားထောင်လော့။” (သု. ၂၂:၁၇) သင့်မိဘ သို့မဟုတ် ရင့်ကျက်သောအခြားခရစ်ယာန်များ၏အကူအညီကို တောင်းခံပါ။ အားပေးကူညီရာတွင် မိဘနှင့် အခြားသူတို့သည် အကျိုးသင့်အကြောင်းသင့်ရှိရန်လိုသည်။ လူငယ်တို့အတွက် အခြားသူတို့က ချမှတ်ပေးထားတတ်သောပန်းတိုင်ကို မီအောင်လိုက်ဖို့ကြိုးပမ်းရာတွင် ဖိအားပေးခံရလွန်းသည်ဟု ခံစားသွားရခြင်းက သူတို့၏ပျော်ရွှင်မှုကို ပျောက်ဆုံးသွားစေနိုင်ပြီး ပန်းတိုင်များထားခြင်း၏ရည်ရွယ်ချက်ကိုပင် ပျက်ပြားသွားစေနိုင်သည်။ ထိုသို့ပင်ဖြစ်ခဲ့ကြောင်း မိန်းကလေးတစ်ဦး ဤသို့ပြောပြသည်– “ကျွန်မရဲ့မိဘတွေက သီအိုကရက်တစ်ကျောင်းမှာ စာရင်းသွင်းဖို့၊ လယ်ကွင်းလုပ်ငန်းမှာပါဝင်ဖို့၊ နှစ်ခြင်းခံဖို့၊ ရှေ့ဆောင်တစ်ဦးဖြစ်လာဖို့ စတဲ့ပန်းတိုင်တွေကို ကျွန်မအတွက် တစ်ခုပြီးတစ်ခုချပေးတယ်။ အဲဒီပန်းတိုင်တစ်ခုပြီးတစ်ခု လိုက်မီဖို့ ကျွန်မအတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ပန်းတိုင်တစ်ခုကို ကျွန်မမီသွားတာနဲ့ ကျွန်မရဲ့မိဘတွေက ချီးမွမ်းမယ့်အစား နောက်ပန်းတိုင်တစ်ခုကို မီအောင်လိုက်ဖို့ကြိုးစားခိုင်းပြန်တယ်။ ဒါနဲ့ ပန်းတိုင်တွေရောက်ဖို့ ကျွန်မအတင်းအကျပ်ဖိအားပေးခံရတယ်လို့ အမြဲပဲခံစားမိတယ်။ ကျွန်မဟာ နွမ်းနယ်ပြီး အောင်မြင်ပြီးမြောက်တဲ့ခံစားချက်မဲ့နေတယ်။” ဘာမှားသွားသနည်း။ ထိုပန်းတိုင်အားလုံးမှာ ကျိုးကြောင်းညီညွတ်ပါသည်၊ သို့သော် ၎င်းတို့သည် အကီကို၏ကိုယ်ပိုင်များမဟုတ်ချေ။ အောင်မြင်မှုရဖို့ သင့်အတွက်သင် ပန်းတိုင်ထားရန် သင်ကိုယ်တိုင်လှုံ့ဆော်ခံရဖို့လိုသည်!
ယေရှုခရစ်ကို စဉ်းစားကြည့်ပါ။ မြေကြီးပေါ်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ မိမိ၏ခမည်းတော်၊ ယေဟောဝါသည် မိမိထံမှ အဘယ်အရာတောင်းဆိုကြောင်း ကိုယ်တော်ကောင်းစွာသိ၏။ ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်ခြင်းက ယေရှုအတွက် ပန်းတိုင်တစ်ခုမျှသာမဟုတ်ဘဲ ကျေပွန်အောင်ဆောင်ရွက်ရမည့် တာဝန်တစ်ခုဖြစ်သည်။ မိမိ၏တာဝန်ကို ယေရှု မည်သို့ရှုမြင်သနည်း။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။” (ယောဟန် ၄:၃၄) ယေဟောဝါ၏အလိုတော်ဆောင်ရွက်ရခြင်းကို ယေရှုအထူးနှစ်မြို့ပြီး ခမည်းတော်မျှော်မှန်းသည့်အတိုင်း အသက်ရှင်နေထိုင်ခဲ့သည်။ ယေရှုထမ်းဆောင်ရမည့်တာဝန်သည် ကိုယ်တော့်အတွက် အစားအစာနှင့်တူသည်၊ ကိုယ်တော်ထံမှ မျှော်လင့်ထားရာကို အပြီးအစီးလုပ်ဆောင်ခြင်းမှ ကျေနပ်ရောင့်ရဲမှုရရှိခဲ့၏။ (ဟေဗြဲ ၁၀:၅-၁၀) သင့်မိဘများ အားပေးသည့်အမှုကို သင်လုပ်ဆောင်ရန် တော်မှန်သောစေ့ဆော်မှုခံရသောအခါ သင်သည်လည်း အားရရွှင်လန်းရပေမည်။
ကောင်းမှုပြုရာတွင် လက်မလျှော့နှင့်
သင့်မှာပန်းတိုင်တစ်ခုရှိပြီဆိုလျှင် အောင်မြင်ဖို့ကြိုးစားပါ။ ဂလာတိ ၆:၉ က ဤသို့ဆိုသည်– “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်။” သင့်ခွန်အား၊ သင့်အစွမ်းသတ္တိကိုသာ အားမထားပါနှင့်။ အခက်အခဲများကို သင်ကြုံတွေ့နိုင်ပြီး တစ်ခါတစ်ရံ ယာယီကျရှုံးမှုကိုပင် ရင်ဆိုင်ရနိုင်သည်။ သို့သော် သမ္မာကျမ်းစာက ဤသို့အာမခံသည်– “သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၆) သင်၏ဝိညာဉ်ရေးပန်းတိုင်များရောက်ရန် ကြိုးပမ်းအားထုတ်နေစဉ် ယေဟောဝါသည် သင့်ကို ထောက်မကူညီပေးပါလိမ့်မည်။
ယေဟောဝါ၏အမှုတော်ထမ်းဆောင်လိုစိတ်ကို မွေးမြူပြီး ဝိညာဉ်ရေးပန်းတိုင်များသို့ရောက်ရန် ကြိုးစားခြင်းအားဖြင့် “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေ” နိုင်ပေမည်။ (၁ တိမောသေ ၄:၁၅) ထိုအခါ သင်သည် ဘုရားသခင်၏အမှုတော်ကို အဓိပ္ပာယ်ရှိရှိ ထမ်းဆောင်သောအသက်တာကို ပျော်မွေ့ပါလိမ့်မည်။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကိုဖတ်ရွတ်ခြင်းနှင့် သင်ဖတ်ရှုထားရာကိုစဉ်းစားဆင်ခြင်ခြင်းက ယေဟောဝါအမှုတော်ထမ်းဆောင်ရန် သင့်ကိုလှုံ့ဆော်ပေးပါလိမ့်မည်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေရှုသည် မိမိ၏ခမည်းတော်မျှော်မှန်းသည့်အတိုင်း အသက်ရှင်နေထိုင်ခဲ့