သင့်ဝိညာဏပန်းတိုင်များ ပြည့်မီစေနိုင်ပုံ
၁။ များစွာသောခရစ်ယာန်လူငယ်တို့တွင် မည်သည့်ဝိညာဏပန်းတိုင်များ ရှိကြသနည်း။
၁ ခရစ်ယာန်လူငယ်တစ်ယောက်အနေနှင့် သင့်ဘဝပန်းတိုင်များသည် ယေဟောဝါကို ချစ်သည့်စိတ်နှင့် ‘နိုင်ငံတော်ကို ရှေးဦးထား’ ရန်ဟူသော ယေရှုစကားများ၏ လွှမ်းမိုးမှုခံရမည်မှာ သေချာသည်။ (မ. ၆:၃၃) သင့်ပန်းတိုင်သည် ရှေ့ဆောင်တစ်ဦးအဖြစ် ဓမ္မအမှုကို တိုးချဲ့ရန် သို့မဟုတ် နိုင်ငံတော်ကြွေးကြော်သူများ သာ၍လိုအပ်သည့်နေရာတွင် အမှုထမ်းဆောင်ရန် ဖြစ်ပေမည်။ အချို့သူတို့သည် အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခြင်း၊ ဌာနခွဲရုံးတွင် အမှုဆောင်ခြင်း သို့မဟုတ် သာသနာပြုလုပ်ငန်းတွင် ပါဝင်ခြင်းတို့ကို စဉ်းစားပေမည်။ ယင်းတို့အားလုံးသည် ရောင့်ရဲကျေနပ်စေပြီး ချီးမွမ်းဖွယ်ကောင်းသော ပန်းတိုင်များဖြစ်သည်တကား!
၂။ သင့်ဝိညာဏပန်းတိုင်များကို ပြည့်မီစေရန် မည်သည့်အရာက အကူအညီပေးနိုင်သနည်း။
၂ သင့်ဝိညာဏပန်းတိုင်များ ပြည့်မီစေဖို့ အကူအညီတစ်ခုမှာ ယင်းတို့ကို တန်းစီရေးချခြင်းဖြစ်သည်။ ဇူလိုင် ၁၅ ရက်၊ ၂၀၀၄၊ ကင်းမျှော်စင်မဂ္ဂဇင်းက ဤသို့ဆိုသည်– သဲသဲကွဲကွဲမရှိသေးသော အကြံအစည်တစ်ခုကို စကားလုံးဖော် တင်ပြပြောဆိုခြင်းသည် ရှင်းရှင်းလင်းလင်း အကောင်အထည်ပေါ်စေသည်။ ထို့ကြောင့် [သင်]၏ပန်းတိုင်များ၊ ယင်းတို့ကို မီစေမည့် အစီအစဉ်များ ရေးမှတ်ထားနိုင်သည်။” ထို့အပြင် လက်လှမ်းမီနိုင်သည့် ပန်းတိုင်များက သင့်တိုးတက်မှုကို အကဲဖြတ်ရန်နှင့် ရေရှည်ပန်းတိုင်ကို မီဖို့ကြိုးစားသည်နှင့်အမျှ သင့်အာရုံစိုက်မှုကို ထိန်းသိမ်းရန် အကူအညီပေးနိုင်သည်။
၃။ နှစ်ခြင်းခံရန်အတွက် အရည်အချင်းပြည့်မီစေနိုင်သည့် ရေတိုပန်းတိုင်တချို့ကို ဖော်ပြပါ။
၃ ရေတိုပန်းတိုင်များ– သင်သည် နှစ်ခြင်းမခံသေးသူဖြစ်မည်ဆိုလျှင် နှစ်ခြင်းခံနိုင်ရန် သင်လုပ်ဖို့လိုအပ်သည့်အရာကို စဉ်းစားပါ။ သမ္မာကျမ်းစာ၏ အခြေခံသွန်သင်ချက်များကို ပို၍နားလည်ရန် လိုအပ်ပေမည်။ ထိုသို့ဖြစ်လျှင်၊ သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို စေ့စပ်စွာလေ့လာပြီး ရည်ညွှန်းထားသောကျမ်းချက်အားလုံးကို လိုက်ဖွင့်ကြည့်ရန် ပန်းတိုင်ထားပါ။ (၁ တိ. ၄:၁၅) ဗေသလအိမ်သားများနှင့် ဂိလဒ်ကျောင်းသားများကို တောင်းဆိုထားသည့်အတိုင်း ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာတစ်အုပ်လုံးဖတ်ရန်လည်း ပန်းတိုင်တစ်ခုထားပါ။ ထို့နောက်တွင် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ် ပုံမှန်ပြုလုပ်သွားခြင်းကို ထိန်းသိမ်းပါ။ (ဆာ. ၁:၂၊ ၃) ယင်းသို့ပြုလုပ်ခြင်းက ဝိညာဉ်ရေးတိုးတက်နေရန် မည်မျှအကူအညီဖြစ်စေမည်ကို စဉ်းစားကြည့်ပါလေ! ကျမ်းစာဖတ်ရှုခြင်းနှင့် လေ့လာခြင်း ပြုလုပ်သည့်အချိန်တိုင်း အစနှင့်အဆုံး၌ နှလုံးပါပါဆုတောင်းပြီး သင်ယူလေ့လာရာကို လက်တွေ့ကျင့်သုံးရန် အမြဲကြိုးစားပါ။—ယာ. ၁:၂၅။
၄။ ဗေသလ သို့မဟုတ် သာသနာပြုလုပ်ငန်းကို ရေရှည်ပန်းတိုင်အဖြစ်ထားရှိသော ခရစ်ယာန်တစ်ဦးသည် မည်သည့်ရေတိုပန်းတိုင်များကို ထားရှိနိုင်သနည်း။
၄ သင်သည် နှစ်ခြင်းခံပြီးသားဖြစ်မည်ဆိုလျှင် နောက်ထပ်မည်သည့်ပန်းတိုင်များကို သင်လိုက်မီနိုင်မည်နည်း။ သင့်ဟောပြောခြင်းစွမ်းရည် တိုးတက်ဖို့ လိုအပ်နေသလော။ ဥပမာ၊ လယ်ကွင်းဓမ္မအမှုတွင် ဘုရားသခင့်နှုတ်ကပါဌ်တော် အသုံးပြုရာ၌ ပို၍ကျွမ်းကျွမ်းကျင်ကျင်ရှိရန် ရည်မှန်းချက်ထားနိုင်မည်လော။ (၂ တိ ၂:၁၅) သင့်ဓမ္မအမှုကို မည်သို့တိုးချဲ့နိုင်မည်နည်း။ သင့်အသက်အရွယ်၊ အခြေအနေများနှင့်အညီ တာတိုပန်းတိုင်များကို သတ်သတ်မှတ်မှတ် ထားရှိပါ၊ ယင်းက သင့်ရေရှည်ပန်းတိုင်များကို အရောက်လှမ်းနိုင်ရန် အကူအညီပေးပါလိမ့်မည်။
၅။ တာတိုပန်းတိုင်များကို ချမှတ်ထားခြင်းက ဗေသလတွင်အမှုထမ်းဆောင်ရန်ဟူသော မိမိ၏ပန်းတိုင်ကိုရောက်ရန် ညီအစ်ကိုတစ်ဦးကို မည်သို့အကူအညီပေးသနည်း။
၅ အောင်မြင်မှုရှိသော ကိုယ်တွေ့အကြောင်းတစ်ခု– အသက် ၁၉ နှစ်အရွယ်ရှိသော တိုနီသည် ယေဟောဝါသက်သေများ၏ဌာနခွဲရုံးသို့ လည်ပတ်သောအခါ ဗေသလတွင် အမှုထမ်းဆောင်လိုသော ဆန္ဒရှိလာသည်။ သို့သော် သူ့ဘဝပုံစံသည် ပရမ်းပတာဖြစ်နေသည့်အပြင် သူသည် ဘုရားသခင်ထံ ဆက်ကပ်နှံမှုပင် မပြုလုပ်သေးချေ။ တိုနီသည် သူ၏ဘဝအသက်တာကို ယေဟောဝါ၏နည်းလမ်းတော်များနှင့်အညီဖြစ်စေရန် ဆုံးဖြတ်ခဲ့ပြီး နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီရန် ပန်းတိုင်ထားတော့သည်။ ထိုပန်းတိုင်ပြည့်မီပြီးနောက်တွင် အရန်ရှေ့ဆောင်နှင့် မှန်မှန်ရှေ့ဆောင်လုပ်ရန် ပန်းတိုင်ပြန်ထားကာ သူစတင်လိုသည့်နေ့စွဲကို ပြက္ခဒိန်ပေါ်တွင် မှတ်သားထားလိုက်သည်။ အချိန်တန်ကြာရှေ့ဆောင်လုပ်ပြီးနောက် ဗေသလတွင်အမှုထမ်းဆောင်ရန် ဖိတ်ခေါ်ခံရသောအခါ သူမည်မျှဝမ်းသာမည်ကို မြင်ယောင်ကြည့်ပါ!
၆။ သင့်ဝိညာဏပန်းတိုင်များကို ပြည့်မီနိုင်ရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။
၆ သင်လည်း နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားမည်ဆိုလျှင် သင့်ဝိညာဏပန်းတိုင်များကို အရောက်လှမ်းနိုင်ပါသည်။ ယေဟောဝါရှေ့တော်တွင် “ကိုယ်ပြုသောအမှုတို့” ကို ဆုတောင်းခြင်းဖြင့် ပြုလုပ်ပါ၊ ယင်းတို့ကို အရောက်လှမ်းနိုင်ရန် လုံ့လဝီရိယရှိရှိ ကြိုးစားပါ။—သု. ၁၆:၃; ၂၁:၅။