“ပရိသတ်အလယ်မှာ” ယေဟောဝါအား ချီးမွမ်းလော့
ခရစ်ယာန်အစည်းအဝေးများသည် ယေဟောဝါလူမျိုး၏ဝိညာဉ်ရေး ခိုင်ခံ့စေရန် ကိုယ်တော်ထံမှ ပြင်ဆင်ပေးချက်တစ်ခုဖြစ်သည်။ အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းအားဖြင့် ယေဟောဝါ၏ပြင်ဆင်ပေးချက်များကို ကျွန်ုပ်တို့ တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြ၏။ ထို့ပြင် “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း [ကျွန်ုပ်တို့၏ညီအစ်ကိုများကို] တိုက်တွန်းနှိုးဆော်” နိုင်ခွင့်ရပြီး ယင်းက အချင်းချင်းမေတ္တာပြသသည့် အရေးပါသောနည်းတစ်နည်းဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄; ယောဟန် ၁၃:၃၅) သို့သော် အစည်းအဝေးများတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများကို မည်သို့တိုက်တွန်းနှိုးဆော်နိုင်သနည်း။
လူအများရှေ့ ကြားပြောကြ
ရှင်ဘုရင်ဒါဝိဒ်သည် မိမိနှင့်ပတ်သက်၍ ဤသို့ရေးသားခဲ့သည်– “အကျွန်ုပ်သည် သတင်းတော်ကို ညီအစ်ကိုတို့အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်။ အကျွန်ုပ်သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း . . . ပါမည်။” “ကျေးဇူးတော်ကြီးလှပါ၏ဟု မဟာပရိသတ်အလယ်မှာ အကျွန်ုပ်ဝန်ခံပါမည်။ များစွာသောလူစုတွင် ကိုယ်တော်ကို ချီးမွမ်းပါမည်။” ‘ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ။ အိုထာဝရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍မနေ’ ပါ။—ဆာလံ ၂၂:၂၂၊ ၂၅; ၃၅:၁၈; ၄၀:၉။
တမန်တော်ပေါလုခေတ်တွင် ခရစ်ယာန်များသည် ဝတ်ပြုရေးအတွက် စုဝေးလာကြသောအခါ သူတို့သည် ယေဟောဝါကို ယုံကြည်ကြောင်းနှင့် ကိုယ်တော်၏ဘုန်းတော်အကြောင်း ထိုနည်းတူ ထုတ်ဖော်ပြောပြခဲ့ကြသည်။ ဤနည်းဖြင့် သူတို့အချင်းချင်း အားပေးတိုက်တွန်း၍ မေတ္တာစိတ်ရှိရန်နှင့် ကောင်းသောအကျင့်များကိုကျင့်ရန် နှိုးဆော်ပေးခဲ့ကြ၏။ ဒါဝိဒ်နှင့် ပေါလုတို့၏ခေတ်နောက်ပိုင်း ရာစုနှစ်များစွာကြာပြီးနောက် ကျွန်ုပ်တို့၏ခေတ်တွင် “[ယေဟောဝါ၏] ကာလအချိန်ရောက်လုနီး” နေပြီကို အမှန်တကယ် တွေ့မြင်နေကြရ၏။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) စာတန်၏စနစ်သည် ဖျက်ဆီးခံရဖို့ ဦးတည်နေပြီး ပြဿနာပေါင်းများစွာ ဖြစ်ပေါ်လျက်ရှိ၏။ တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ကျွန်ုပ်တို့တွင် ‘ခံနိုင်ရည်ရှိ’ ဖို့လိုနေသည်။ (ဟေဗြဲ ၁၀:၃၆) ကျွန်ုပ်တို့၏ညီအစ်ကိုများမှလွဲ၍ မည်သူသည် ကျွန်ုပ်တို့ကို ခံနိုင်ရည်ရှိရန် အားပေးနိုင်သနည်း။
အစောပိုင်းအချိန်များမှာကဲ့သို့ ယနေ့လည်း ယုံကြည်သူတစ်ဦးစီအနေနှင့် “ပရိသတ်အလယ်” တွင် မိမိတို့၏ယုံကြည်ခြင်းကို ဖော်ပြခွင့်ရရှိထားကြသည်။ လူတိုင်းရရှိနိုင်သည့် အခွင့်အရေးတစ်ခုမှာ အသင်းတော်အစည်းအဝေးများတွင် မှတ်ချက်ပေးခြင်းဖြစ်သည်။ မှတ်ချက်ပေးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဘယ်တော့မျှ လျှော့မတွက်လိုက်ပါနှင့်။ ဥပမာ၊ အခက်အခဲများကို မည်သို့ကျော်လွှားအောင်မြင်နိုင်သည်၊ သို့မဟုတ် ရှောင်ရှားရမည်ကိုဖော်ပြသော မှတ်ချက်များသည် သမ္မာကျမ်းစာမူများ လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ညီအစ်ကိုများ၏သန္နိဋ္ဌာန်ကို ခိုင်ခံ့စေသည်။ ရည်ညွှန်းထားသော်လည်း မကိုးကားထားသော ကျမ်းချက်များကို ရှင်းပြသည့်၊ သို့မဟုတ် ကိုယ်ပိုင်သုတေသနပြုချက်မှ စုဆောင်းထားသော အချက်အလက်များပါဝင်သည့် မှတ်ချက်များသည် လေ့လာမှုပြုရန် အခြားသူများကို အားပေးရာရောက်ပေမည်။
အစည်းအဝေးများတွင် ကျွန်ုပ်တို့ မှတ်ချက်ပေးလျှင် ကျွန်ုပ်တို့ရော အခြားသူများပါ အကျိုးရရှိမည်ဖြစ်ကြောင်း သိရှိထားခြင်းသည် ရှက်ကြောက်ခြင်းကို အောင်မြင်ကျော်လွှားကြရန် ယေဟောဝါသက်သေအားလုံးအတွက် လှုံ့ဆော်မှုဖြစ်ပေမည်။ အထူးသဖြင့် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများသည် အစည်းအဝေးများတွင် ပါဝင်ဖြေဆိုခြင်းနှင့် တက်ရောက်ခြင်းတွင် ဦးဆောင်သူများဖြစ်ဖို့လိုကြရာ အစည်းအဝေးများတွင် သူတို့မှတ်ချက်ပေးခြင်းသည် အရေးပါ၏။ သို့သော် လူတစ်ဦးသည် သူ၏ခရစ်ယာန်လုပ်ငန်းနှင့်ပတ်သက်၍ ဤအပိုင်းတွင် အခက်အခဲကြုံနေရလျှင် မည်သို့တိုးတက်စေနိုင်မည်နည်း။
တိုးတက်ဖို့ အကြံပြုချက်များ
ယေဟောဝါ ပါဝင်ပတ်သက်နေသည်ကို သတိရပါ။ ဂျာမနီနိုင်ငံတွင် နေထိုင်သော ခရစ်ယာန်ညီအစ်မတစ်ဦးသည် မှတ်ချက်ပေးခြင်းကို မည်သို့ရှုမြင်ကြောင်း ဤသို့ရှင်းပြ၏။ “ဘုရားသခင့်လူမျိုးတော်ကို သူတို့ရဲ့ယုံကြည်ခြင်း မဖော်ပြနိုင်အောင် စာတန်ကြိုးစားလေသမျှ မအောင်မြင်နိုင်ဘူးဆိုတာကို ဒီလိုနည်းနဲ့ ကျွန်မချေဖျက်လိုက်တာပဲ။” ထိုအသင်းတော်နှင့် ပူးပေါင်းသော နှစ်ခြင်းခံပြီးခါစညီအစ်ကိုတစ်ဦးကလည်း ဤသို့ဆိုသည်– “ကျွန်တော် အဖြေပေးနိုင်ဖို့ ခဏခဏဆုတောင်းရတယ်။”
ကောင်းစွာကြိုတင်ပြင်ဆင်ပါ။ သင်သည် ကြိုတင်လေ့လာမှုမပြုလျှင် မှတ်ချက်ပေးရန် အခက်တွေ့နိုင်ပြီး သင့်မှတ်ချက်များသည်လည်း ထိရောက်မှုရှိမည်မဟုတ်ချေ။ အသင်းတော်အစည်းအဝေးများတွင် မှတ်ချက်ပေးခြင်းနှင့်ပတ်သက်သည့် အကြံပြုချက်များကို သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှအကျိုးရယူ စာအုပ်၏ စာမျက်နှာ ၇၀ တွင်ဖော်ပြထားသည်။a
အစည်းအဝေးတိုင်းတွင် အနည်းဆုံး မှတ်ချက်တစ်ခုပေးရန် ပန်းတိုင်ထားပါ။ ဤသို့ပြုနိုင်ရန် အဖြေအတော်များများကို ကြိုတင်ပြင်ဆင်ထားရပေမည်၊ အကြောင်းမှာ၊ သင်,များများလက်ထောင်ပါမှ ဦးစီးသူညီအစ်ကိုက သင့်ကို ခေါ်နိုင်ဖွယ်ရှိသောကြောင့်ဖြစ်သည်။ သင်အဖြေပေးဖို့ ပြင်ဆင်ထားသော မေးခွန်းများကို သူ့အား ကြိုတင်ပြောပြထားပေမည်။ အထူးသဖြင့် သင်သည် လူသစ်ဖြစ်ပါက ထိုသို့ပြုခြင်းသည် အထူးပင်အထောက်အကူပြုလိမ့်မည်။ “ပရိသတ်အလယ်” တွင်လက်ထောင်ရန် မဝံ့မရဲဖြစ်နေနိုင်ရာ ဤအပိုဒ်သည် သင်ပြင်ဆင်ထားသော အပိုဒ်ဖြစ်ပြီး အစည်းအဝေးကိုင်သူသည် သင်လက်ထောင်မည်ကို ဂရုပြုနေမည်ဖြစ်ကြောင်း သိရှိထားခြင်းက မှတ်ချက်ပေးရန် အားရှိစေပေလိမ့်မည်။
စောစီးစွာဖြေဆိုပါ။ ခက်ခဲသောအလုပ်တစ်ခုကို ရွှေ့ဆိုင်းထားခြင်းဖြင့် လွယ်ကူသွားမည်မဟုတ်ချေ။ အစည်းအဝေးတွင် စောစီးစွာအဖြေပေးခြင်းသည် အထောက်အကူဖြစ်စေနိုင်သည်။ သင်သည် ပထမအကြိမ် မှတ်ချက်ပေးရသော အခက်အခဲကို အောင်မြင်သည့်အခါ ဒုတိယ၊ တတိယအကြိမ် မှတ်ချက်ပေးရန် မည်မျှလွယ်ကူသွားသည်ကို အံ့အားသင့်လိမ့်မည်။
လျောက်ပတ်သောထိုင်ခုံကို ရွေးချယ်ပါ။ ဘုရားသခင့်နိုင်ငံတော်ခန်းမ၏ ရှေ့တန်းခုံတွင် ထိုင်ခြင်းက မှတ်ချက်ပေးရပိုလွယ်ကူကြောင်း အချို့တွေ့ရှိခဲ့ကြသည်။ ထိုနေရာတွင် အာရုံပျံ့လွင့်စရာအကြောင်းနည်းပြီး အစည်းအဝေးကိုင်သူကလည်း သတိပြုမိနိုင်စရာအကြောင်း ပိုများသည်။ ရှေ့တန်းတွင် သင်ထိုင်လျှင် လူတိုင်းကြားနိုင်ရန် အသံကျယ်ကျယ်ဖြင့် ဖြေဆိုဖို့သတိရပါ၊ အထူးသဖြင့် အသင်းတော်တွင် လှည့်ပတ်မိုက်ခရိုဖုန်းအသုံးမပြုလျှင်ဖြစ်သည်။
ဂရုတစိုက်နားထောင်ပါ။ ဤသို့ပြုခြင်းက တစ်ဦးတစ်ယောက် ဖြေဆိုပြီးသားအဖြေကို ထပ်မံမဖြေဆိုမိရန် ထောက်ကူပေးလိမ့်မည်။ ထို့ပြင် အခြားသူတို့ပြောသွားသော မှတ်ချက်များက တင်ပြလိုက်သောအကြောင်းအပေါ် အခြေခံပြောဆိုသွားနိုင်စေသည့် ကျမ်းချက်၊ သို့မဟုတ် အချက်တစ်ချက်ကို သင့်အား အမှတ်ရစေပေမည်။ တစ်ခါတစ်ရံ တိုတုတ်သောတွေ့ကြုံမှုတစ်ခုသည် ဆွေးနွေးနေသောအကြောင်းအရာကို သရုပ်ပေါ်စေပေမည်။ ဤသို့သောမှတ်ချက်များသည် အလွန်အထောက်အကူပြု၏။
သင်၏ကိုယ်ပိုင်စကားဖြင့် ဖြေဆိုရန် သင်ယူပါ။ လေ့လာနေသည့်အကြောင်းအရာမှ မှတ်ချက်တစ်ခုကို ဖတ်ပြခြင်းက သင်သည် အဖြေမှန် ရှာတွေ့ကြောင်း ဖော်ပြပေမည်၊ မှတ်ချက်စပေးရန်အတွက် နည်းလမ်းကောင်းဖြစ်ပေမည်။ သို့ရာတွင် သင့်ကိုယ်ပိုင်စကားဖြင့် အဖြေပေးသည့်အထိ တိုးတက်လာခြင်းက လိုရင်းချက်ကို သင်သဘောပေါက်ကြောင်း ဖော်ပြ၏။ စာအုပ်ပါစကားလုံးများကို လုံးကောက်ကိုးကားစရာမလိုပေ။ ယေဟောဝါသက်သေများသည် သူတို့၏စာအုပ်များပြောရာကို ရွတ်ဆိုရုံမျှပြုကြသူများမဟုတ်ချေ။
အကြောင်းအရာနှင့်သက်ဆိုင်သည့် မှတ်ချက်များပေးပါ။ အကြောင်းအရာနှင့် မသက်ဆိုင်သည့်၊ သို့မဟုတ် သုံးသပ်နေသော အဓိကအချက်အလက်များမှ သွေဖည်သွားစေမည့် မှတ်ချက်များပေးခြင်းသည် မသင့်လျော်ချေ။ ဆိုလိုသည်မှာ သင်၏မှတ်ချက်များသည် ဆွေးနွေးသုံးသပ်နေသော အကြောင်းအရာနှင့် ဆက်စပ်သင့်သည်။ ယင်းသို့ပြုလျှင် မှတ်ချက်များသည် အဆင့်ဆင့်တင်ဆက်နေသည့် အဓိကအကြောင်းအပေါ် ဝိညာဉ်ရေးအရ တည်ဆောက်မှုဖြစ်စေသည့် ဆွေးနွေးခြင်းဖြစ်ပါလိမ့်မည်။
အားပေးရန် ရည်ရွယ်ပါ။ မှတ်ချက်ပေးရသည့် အရေးပါသောအကြောင်းတစ်ခုမှာ အခြားသူများကို အားပေးရန်ဖြစ်သောကြောင့် သူတို့ကို စိတ်ဓာတ်ကျစေမည့် အချက်များကို မပြောမိစေဖို့ သတိပြုရမည်။ ထို့ပြင် အခြားသူများ ဖြေစရာမရှိတော့သည့်အထိ အပိုဒ်တစ်ခုလုံးကို မှတ်ချက်မပေးပါနှင့်။ ရှည်လျား၍ရှုပ်ထွေးသည့် အဖြေများသည် အဓိပ္ပာယ်ကို မသဲမကွဲဖြစ်စေသည်။ အဖြေတိုများသည် အလွန်ထိရောက်မှုရှိနိုင်ပြီး လူသစ်များကို သူတို့ပြင်ဆင်ထားသော တိုတုတ်သောအဖြေများပေးရန် အားပေးမှုဖြစ်ပေလိမ့်မည်။
အစည်းအဝေးကိုင်သူများ၏အပိုင်းကဏ္ဍ
အားပေးမှုနှင့်ပတ်သက်၍ အစည်းအဝေးကိုင်သူတွင် ကြီးလေးသောတာဝန်ရှိသည်။ သူသည် အခြားအရာတစ်ခုခုကို အာရုံစိုက်မည့်အစား အဖြေပေးသူကို ဂရုတစိုက်နားထောင်ကာ ရည်မွန်စွာကြည့်ခြင်းဖြင့် မှတ်ချက်တိုင်းကို အမှန်တကယ်စိတ်ဝင်စားကြောင်း ဖော်ပြသည်။ အကယ်၍ သူသည် ဂရုတစိုက်နားမထောင်ဘဲ ယင်းကြောင့် ပြောပြီးသားစကားကို မလိုအပ်ဘဲ ပြန်ပြောခြင်း၊ သို့မဟုတ် ဖြေပြီးသားမေးခွန်းကို ပြန်မေးခြင်းသည် တကယ်ပင်မသင့်တော်ချေ!
မှတ်ချက်သည် မပြည့်စုံကြောင်း ပြောလိုဟန်ဖြင့် အစည်းအဝေးကိုင်သူသည် ဖြေပြီးသားမှတ်ချက်ကို မသိမသာကွဲပြားသည့် စကားလုံးများဖြင့် ပုံမှန်ပြန်ပြောလျှင်လည်း စိတ်ပျက်စရာဖြစ်ပေလိမ့်မည်။ အခြားတစ်ဖက်တွင်မူ၊ မှတ်ချက်များသည် အရေးကြီးသောအချက်တစ်ချက်ကို ဆက်လက်ဆွေးနွေးစရာဖြစ်စေလျှင် မည်မျှအားရစရာပင်နည်း။ ‘ကျွန်ုပ်တို့အသင်းတော်တွင် ယင်းကို မည်သို့ကျင့်သုံးနိုင်မည်နည်း’၊ သို့မဟုတ် ‘အပိုဒ်မှ အဘယ်ကျမ်းချက်သည် ဖြေလိုက်သောမှတ်ချက်ကို ထောက်ခံသနည်း’ ဟူသော မေးခွန်းမျိုးတို့သည် အလွန်ပင်ခွန်အားရှိစေမည့် အပြုသဘောဆောင်သောအဖြေများပေးရန် အားပေးမှုဖြစ်စေ၏။
လူသစ်များ၊ သို့မဟုတ် ရှက်ကြောက်တတ်သူများ မှတ်ချက်ပေးသောအခါ သူတို့ကို အထူးချီးမွမ်းပေးသင့်သည်။ ယင်းကို သင်တန်းပြီးနောက် နှစ်ကိုယ်ကြားပြုနိုင်၏၊ ရှက်ကိုးရှက်ကန်းမဖြစ်သွားစေရန်နှင့် သင့်လျော်သည့်အခါ သင်တန်းမှူးက အကြံပြုချက်များပေးဖို့ အခွင့်အရေးရနိုင်ရန်အလို့ငှာဖြစ်သည်။
သာမန်စကားပြောဆိုချိန်တွင် တစ်ဦးတည်းက ဒိုင်ခံစကားပြောတတ်လျှင် အပြန်အလှန်စကားပြောဆိုနိုင်မည်မဟုတ်ချေ။ နားထောင်နေသူတို့အား တင်ပြပြောဆိုစရာမလိုဟု ခံစားစေ၏။ နားထောင်နေမည်ဆိုလျှင်လည်း စိတ်မပါ့တပါဖြင့်ဖြစ်မည်။ သင်တန်းမှူးကိုယ်တိုင် ကြိမ်ဖန်များစွာ မှတ်ချက်ပေးခြင်းဖြင့် တစ်ဦးတည်းဒိုင်ခံဆွေးနွေးနေလျှင်လည်း အလားတူဖြစ်မည်။ သို့သော် အစည်းအဝေးကိုင်သူသည် ရံဖန်ရံခါ ထပ်ဆင့်မေးခွန်းများမေးခြင်းဖြင့် တက်ရောက်သူများအား ဖော်ထုတ်ပြောစေကာ ဆွေးနွေးနေသည့်အကြောင်းအရာအပေါ် သူတို့၏တွေးတောမှုကို လှုံ့ဆော်ပေးပေမည်။ ဤသို့သောမေးခွန်းများကို များစွာအသုံးမပြုသင့်ချေ။
အစည်းအဝေးကိုင်သူသည် ပထမဆုံးလက်ထောင်သူကို ခေါ်ချင်မှခေါ်လိမ့်မည်။ ချက်ချင်းခေါ်လိုက်မည်ဆိုလျှင် အဖြေပေးရန် အရှိန်ယူနေသူများကို စိတ်အားလျော့သွားစေနိုင်သည်။ ခေတ္တစောင့်ပေးခြင်းအားဖြင့် အဖြေမပေးရသေးသူများကို အခွင့်ရရှိစေသည်။ ထို့ပြင် ကလေးငယ်များ နားမလည်နိုင်သည့် အကြောင်းအရာနှင့်ပတ်သက်သော မေးခွန်းများကို သူတို့အား မဖြေဆိုစေလျှင် ပိုင်းခြားသိမြင်မှုရှိကြောင်း ဖော်ပြသည်။
အဖြေမှားနေလျှင်ကော အသို့နည်း။ အစည်းအဝေးကိုင်သူသည် အဖြေမှားပေးသူကို ရှက်ကိုးရှက်ကန်းမဖြစ်စေသင့်ချေ။ မှတ်ချက်များသည် မှားနေလျှင်ပင် အမှန်တစ်စိတ်တစ်ပိုင်းပါတတ်သည်။ မှန်ကန်သည့်အပိုင်းကို လိမ္မာပါးနပ်စွာ ရွေးဖော်ပြခြင်းအားဖြင့်၊ မေးခွန်းကို ပြန်လှည့်မေးခြင်းအားဖြင့်၊ နောက်ထပ်မေးခွန်းတစ်ခုကို မေးခြင်းအားဖြင့် သင်တန်းကိုင်သူသည် အလွန်အမင်းကသိကအောက်မဖြစ်စေဘဲ အဖြေမှန်ကိုရစေနိုင်သည်။
မှတ်ချက်ပေးရန် အားပေးသည့်အခါ အစည်းအဝေးကိုင်သူက ‘မှတ်ချက်ပေးမယ့်သူရှိသေးသလား’ စသော ယေဘုယျမေးခွန်းများကို ရှောင်သင့်သည်။ ‘ဘယ်သူ မဖြေရသေးဘူးလဲ။ ဒါဟာ နောက်ဆုံးအခွင့်အရေးပဲ!’ ဟူသောမေးခွန်းသည် စေတနာနှင့်ပြောသောစကားဖြစ်နိုင်သော်လည်း ပွင့်လင်းစွာဖြေဆိုရန် အားပေးရာရောက်မည်မဟုတ်ပေ။ သင်တန်းအစပိုင်းတွင် မှတ်ချက်မပေးမိသည့်အတွက် အပြစ်ရှိနေသည်ဟု ညီအစ်ကိုများကို မယူမှတ်စေသင့်ပေ။ ထိုသို့ပြုမည့်အစား၊ ဝေမျှခြင်းသည် မေတ္တာပြရာရောက်သဖြင့် ကိုယ်သိရှိရာကို ဝေမျှရန် အားပေးသင့်သည်။ ထို့ပြင် အစည်းအဝေးကိုင်သူက မှတ်ချက်ပေးရန် တစ်ဦးတစ်ယောက်ကို ခေါ်ပြီးနောက် “သူပြီးရင် ညီအစ်ကိုဘယ်သူဘယ်ဝါ၊ ပြီးရင် ညီအစ်မဘယ်သူဘယ်ဝါတို့ရဲ့ မှတ်ချက်ကို ကြားရမယ်” ဟူ၍ မပြောလျှင်ကောင်းမည်။ အစည်းအဝေးကိုင်သူသည် မှတ်ချက်ကို ပထမဦးစွာ နားထောင်သင့်ပြီး နောက်ထပ်မှတ်ချက်ပေးစရာလိုမလို ဆုံးဖြတ်သင့်၏။
မှတ်ချက်ပေးခြင်းသည် အခွင့်ထူးတစ်ခုဖြစ်
ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းသည် ဝိညာဉ်ရေးအတွက် လိုအပ်ရာတစ်ခုဖြစ်၏; အစည်းအဝေးများတွင် မှတ်ချက်ပေးခြင်းသည် အခွင့်ထူးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် “ပရိသတ်အလယ်” တွင်ယေဟောဝါကို ချီးမွမ်းခြင်း၌ အဆိုပါထူးခြားသောနည်းဖြင့် ပါဝင်သည့်အတိုင်းအတာသည် ကျွန်ုပ်တို့ဘက်မှ ဒါဝိဒ်၏ပုံနမူနာကို လိုက်လျှောက်ပြီး ပေါလု၏ဆုံးမစကားကို ဂရုပြုနေသည့်အတိုင်းအတာဖြစ်၏။ အစည်းအဝေးများတွင် ပါဝင်ဖြေဆိုခြင်းသည် ကျွန်ုပ်တို့၏ညီအစ်ကိုများကို ချစ်မြတ်နိုးကြောင်းပြပြီး ယေဟောဝါ၏အသင်းတော်ကြီးတွင် တစ်ဦးပါဝင်ကြောင်း ထင်ရှားစွာဖော်ပြသည်။ သင်သည် “ကာလအချိန်ရောက်လုနီးသည်ကိုထောက်” ပြရန် အခြားအဘယ်နေရာတွင် ရှိလိုမည်နည်း။—ဟေဗြဲ ၁၀:၂၅။
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများ ထုတ်ဝေသည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ခရစ်ယာန်အစည်းအဝေးများတွင် နားထောင်ခြင်းနှင့် မှတ်ချက်ပေးခြင်းနှစ်ခုစလုံးသည် အရေးကြီး
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
အစည်းအဝေးကိုင်သူသည် မှတ်ချက်တိုင်းကို အမှန်တကယ်စိတ်ဝင်စားကြောင်းပြသ