သင်ယုံကြည်စိတ်ချနိုင်သော ကတိများ
“ကျမ်းကျိန်ခြင်းသည် စကားမျှဖြစ်ပြီး စကားသည် လေမျှဖြစ်၏”ဟူ၍အင်္ဂလိပ်ကဗျာဆရာ ဆယ်မြူအယ်လ်ဘတ်တလာက ရေးဖွဲ့ခဲ့သည်။ ဘုရားသခင်၏ပရောဖက်မိက္ခာသည် သူ့ခေတ်အခါက ထိုသို့ပင်ဖြစ်ကြောင်း သိရှိခဲ့သည်။ အရင်းနှီးဆုံးမိတ်ဆွေများ၏ စကားကိုပင် ယုံကြည်စိတ်ချ၍မရချေ။ ထို့ကြောင့် မိက္ခာက ဤသို့သတိပေးခဲ့သည်– “အဆွေခင်ပွန်းကို မယုံနှင့်။ လမ်းပြသောသူကို အမှီမပြုနှင့်။ သင့်ရင်ခွင်၌အိပ်သောမယားကို မယုံမူ၍ သင့်နှုတ်တံခါးကို ပိတ်ထားလော့။”—မိက္ခာ ၇:၅။
မိက္ခာသည် ဤဝမ်းနည်းဖွယ်အခြေအနေများကြောင့် ကတိအားလုံးကို အယုံအကြည်မဲ့ခဲ့သလော။ မဟုတ်ပါ! သူ၏ဘုရားသခင် ယေဟောဝါ၏ကတိတော်များကို အပြည့်အဝယုံကြည်စိတ်ချကြောင်း သူပြောခဲ့သည်။ မိက္ခာက ‘ငါမူကား ယေဟောဝါကိုမျှော်လင့်မည်။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို စောင့်မျှော်မည်’ ဟုရေးသားခဲ့သည်။—မိက္ခာ ၇:၇၊ သမ္မာ။
မိက္ခာသည် အဘယ်ကြောင့် ဤမျှယုံကြည်စိတ်ချခဲ့သနည်း။ အကြောင်းမှာ ယေဟောဝါသည် အစဉ်ကတိတည်တော်မူသည်ကို သူသိရှိသောကြောင့်ဖြစ်သည်။ မိက္ခာ၏ဘိုးဘေးများကို ဘုရားသခင်ကျိန်ဆိုခဲ့သမျှ ဧကန်မုချပြည့်စုံခဲ့၏။ (မိက္ခာ ၇:၂၀) ယေဟောဝါသည် အတိတ်တွင် သစ္စာရှိခဲ့သောကြောင့် အနာဂတ်တွင်လည်း စကားတည်မည်ကို မိက္ခာ ယုံကြည်ရန် ခိုင်လုံသောအကြောင်းရှိ၏။
“တစ်စုံတစ်ပါးမျှ မယုတ်မလျော့”
ဥပမာ၊ ဣသရေလလူတို့ကို အီဂျစ်ပြည်ကျွန်သပေါက်အဖြစ်မှ ယေဟောဝါကယ်နုတ်ခဲ့ကြောင်း မိက္ခာသိထားသည်။ (မိက္ခာ ၇:၁၅) ကျွန်ဘဝမှ လွတ်မြောက်ခဲ့သူ ယောရှုက ဘုရားသခင်၏ကတိတော်ရှိသမျှကို ယုံကြည်ကြရန် ဣသရေလအမျိုးသားချင်းတို့ကို အားပေးခဲ့၏။ အဘယ်အရာအပေါ် အခြေပြု၍နည်း။ ယောရှုက ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏’ ဟူ၍ သူတို့ကို သတိပေးခဲ့သည်။—ယောရှု ၂၃:၁၄။
ယေဟောဝါသည် ဣသရေလလူတို့အတွက် အံ့ဖွယ်အမှုများစွာ ပြုပေးခဲ့ကြောင်း သူတို့ကောင်းစွာသိရှိကြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့၏ဘိုးဘေးဖြစ်သူ အာဗြဟံ၏မျိုးဆက်သည် ကြယ်တမျှ များပြားလာပြီး ခါနာန်ပြည်ကို ပိုင်ဆိုင်ရမည်ဟု ကိုယ်တော်ကတိပြုသည့်အတိုင်း ဖြစ်လာစေခဲ့သည်။ အာဗြဟံ၏သားစဉ်မြေးဆက်သည် အနှစ် ၄၀၀ အထိ ဆင်းရဲဝေဒနာခံစားရမည်ဖြစ်သော်လည်း “လူမျိုးလေးဆက်လွန်သောအခါ” ခါနာန်ပြည်သို့ ပြန်လာလိမ့်မည်ဟုလည်း ယေဟောဝါမိန့်ဆိုခဲ့သည်။ ထိုအတိုင်း အားလုံး ဖြစ်ပျက်လာ၏။—ကမ္ဘာဦး ၁၅:၅-၁၆; ထွက်မြောက်ရာ ၃:၆-၈။
ယာကုပ်၏သား ယောသပ်လက်ထက်တွင် ဣသရေလလူတို့ကို အီဂျစ်ပြည်က ကောင်းစွာကြိုဆိုလက်ခံခဲ့သည်။ နောက်ပိုင်းတွင် အီဂျစ်လူတို့သည် သူတို့ကို ရက်စက်ကြမ်းတမ်းစွာ အလုပ်စေခိုင်းခဲ့သော်လည်း ဘုရားသခင် ကတိပြုသည့်အတိုင်း အီဂျစ်ပြည်ကို ရောက်ခဲ့သည့်အချိန်မှစ၍ လူမျိုးဆက်လေးဆက်အတွင်း အာဗြဟံ၏ ဤသားစဉ်မြေးဆက်များမှာ အီဂျစ်ကျွန်သပေါက်အဖြစ်မှ လွတ်မြောက်ခဲ့သည်။a
ယေဟောဝါသည် အမြဲကတိတည်တော်မူကြောင်း ဣသရေလလူတို့ နောက်အနှစ် ၄၀ အတွင်း ထပ်ဆင့်တွေ့ရှိခဲ့ကြရသည်။ အာမလက်လူတို့သည် ဣသရေလလူတို့ကို အကြောင်းမဲ့ တိုက်ခိုက်လာသောအခါ မိမိ၏လူမျိုးတော်ဘက်မှ ဘုရားသခင် တိုက်ခိုက်ကာကွယ်ပေးခဲ့၏။ တောကန္တာရတွင် အနှစ် ၄၀ ခရီးလှည့်လည်နေကြစဉ် ကိုယ်တော်သည် သူတို့ကို လိုလေသေးမရှိ ဖြည့်စွက်ပေးခဲ့ပြီး နောက်ဆုံး၌ ကတိထားရာပြည်တွင် နေရာချပေးတော်မူခဲ့သည်။ အာဗြဟံ၏ အဆိုပါသားစဉ်မြေးဆက်များနှင့် ယေဟောဝါဆက်ဆံတော်မူခဲ့သည့် သမိုင်းကို ယောရှုပြန်ပြောင်းသုံးသပ်ပြသောအခါ သူက ယုံကြည်စိတ်ချစွာ ဤသို့ပြောနိုင်ခဲ့သည်– ‘ယေဟောဝါသည် ဣသရေလအမျိုးအဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှမလျော့၊ ရှိသမျှတို့သည် ပြည့်စုံကြ၏။’—ယောရှု ၂၁:၄၅။
ဘုရားသခင်၏ကတိတော်များကို ယုံကြည်စိတ်ချလော့
မိက္ခာနှင့် ယောရှုတို့ကဲ့သို့ သင်သည် ယေဟောဝါ၏ကတိတော်များကို မည်သို့ယုံကြည်စိတ်ချနိုင်မည်နည်း။ အခြားသူများကို သင်မည်သို့ယုံကြည်စိတ်ချလာသနည်း။ သင်သည် သူတို့ကို သိကျွမ်းလာ၍ဖြစ်မည်။ ဥပမာ၊ သူတို့သည် ကတိအတိုင်း အတိအကျပြုလုပ်ဆောင်ရွက်သည်ကို တွေ့ရှိခဲ့ရာ အမှန်တကယ် အားကိုးထိုက်သူများဖြစ်ကြောင်း တွေ့ရှိလာပေမည်။ ဤသူတို့အကြောင်း သင်သိရှိလာလေ သူတို့ကို တဖြည်းဖြည်းယုံကြည်စိတ်ချလာလေဖြစ်သည်။ ဘုရားသခင်၏ကတိတော်များကို ယုံကြည်စိတ်ချခြင်းနှင့် ပတ်သက်လာလျှင်လည်း ထိုသို့ပင်ဖြစ်နိုင်၏။
သင်ပြုလုပ်နိုင်သည့် နည်းတစ်နည်းမှာ ဖန်ဆင်းခြင်းလက်ရာနှင့် ယင်းကိုထိန်းချုပ်သည့် နိယာမတရားများကို ဆင်ခြင်တွေးတောခြင်းအားဖြင့်ဖြစ်သည်။ လူ့ဆဲလ်တစ်ခုသည် သင့်ခန္ဓာကိုယ်တွင် ပါဝင်ဖွဲ့စည်းထားသော သန်းနှင့်ချီဆဲလ်များအဖြစ်သို့ ခွဲခြမ်းစိတ်ဖြာပွားများလာသောနည်း အစရှိသောနိယာမများကို သိပ္ပံပညာရှင်များက ယုံကြည်စိတ်ချသည်။ အမှန်ဆိုရလျှင် စကြဝဠာတစ်ခုလုံးရှိ အရာဝတ္ထုများ၏တုံ့ပြန်မှုနှင့် စွမ်းအင်တို့ကို ထိန်းချုပ်ထားသည့် နိယာမများကို လုံးလုံးလျားလျား ယုံကြည်စိတ်ချနိုင်သော နိယာမတရားဖန်တီးရှင်တစ်ပါးက ပြုလုပ်ထားခြင်းဖြစ်ရမည်။ ထိုအရှင်၏ဖန်ဆင်းခြင်းလက်ရာကို ထိန်းချုပ်သည့် နိယာမများအပေါ် ယုံကြည်စိတ်ချနိုင်သကဲ့သို့ ၎င်း၏ကတိတော်များကိုလည်း ယုံကြည်စိတ်ချနိုင်မည်မှာ သေချာသည်။—ဆာလံ ၁၃၉:၁၄-၁၆; ဟေရှာယ ၄၀:၂၆; ဟေဗြဲ ၃:၄။
ယေဟောဝါသည် မိက္ခာ၏တစ်ခေတ်တည်းသား ပရောဖက်ဟေရှာယအားဖြင့် ရာသီဥတု ပုံမှန်လည်ပတ်ခြင်းနှင့် အံ့သြဖွယ်ရေသံသရာကို အသုံးပြု၍ မိမိ၏စကားတော်ကို ယုံကြည်အားထားနိုင်ကြောင်း ဖော်ပြခဲ့သည်။ နှစ်စဉ် မိုးရွာ၏။ ယင်းကြောင့် မြေကြီး စိုစွတ်ကာ မျိုးစေ့ကြဲ၍ ရိတ်သိမ်းနိုင်ကြသည်။ ၎င်းနှင့်ပတ်သက်၍ ယေဟောဝါက “မိုးရေနှင့်မိုးပွင့်တို့သည် မိုးကောင်းကင်မှဆင်းသက်၍ နောက်တစ်ဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်း ပေးမည်အကြောင်း မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကိုသီးစေသကဲ့သို့ ထိုအတူ ငါ၏နှုတ်[ထွက်]စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။—ဟေရှာယ ၅၅:၁၀၊ ၁၁။
တပ်အပ်သေချာသော ပရဒိသုကတိတော်များ
ဖန်ဆင်းခြင်းလက်ရာကိုဆန်းစစ်ခြင်းဖြင့် ဖန်ဆင်းရှင်ကိုယုံကြည်စိတ်ချလာနိုင်သော်လည်း ‘[ကိုယ်တော်]၏ နှုတ်[ထွက်]စကားဖြစ်’ သော ကတိတော်များအကြောင်း သင်သိရှိလိုလျှင် ထိုထက်မက ပြုလုပ်ဖို့လိုသည်။ အဆိုပါကတိတော်များကို သိရှိပြီး ယုံကြည်စိတ်ချလာနိုင်ရန် ကမ္ဘာမြေနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်နှင့် လူသားများနှင့်ကိုယ်တော်ဆက်ဆံပုံတို့ကို မှတ်တမ်းတင်ထားသော ဘုရားသခင့်မှုတ်သွင်းခံ သမ္မာကျမ်းစာကို ဆန်းစစ်ဖို့လို၏။—၂ တိမောသေ ၃:၁၄-၁၇။
ပရောဖက်မိက္ခာသည် ယေဟောဝါ၏ကတိတော်များကို ယုံကြည်စိတ်ချခဲ့၏။ အသင်မူ မိက္ခာထက်ပင် ဘုရားသခင့်မှုတ်သွင်းခံမှတ်တမ်းများ ရရှိထား၏။ သမ္မာကျမ်းစာကို ဖတ်ရှုဆင်ခြင်တွေးတောသောအခါ အသင်လည်း ဘုရားသခင့်ကတိတော်များ ပြည့်စုံလာမည်ကို တဖြည်းဖြည်းယုံကြည်လာနိုင်သည်။ ဤကတိတော်များသည် အာဗြဟံ၏သားစဉ်မြေးဆက်များအတွက်သာမဟုတ်ဘဲ လူသားအားလုံးနှင့်ဆိုင်သည်။ ဘုရားသခင်အားကြောက်ရွံ့သော ထိုဘိုးဘေးကို ယေဟောဝါ ဤသို့ကတိပြုခဲ့သည်– “သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏စကားကို သင်နားထောင်သောကြောင့် ငါသည် ကိုယ်ကိုကိုယ် တိုင်တည်၍ကျိန်ဆို၏။” (ကမ္ဘာဦး ၂၂:၁၈) အာဗြဟံ၏အဓိကမျိုးနွယ်မှာ မေရှိယဖြစ်သူ ယေရှုခရစ်ဖြစ်သည်။—ဂလာတိ ၃:၁၆။
ယေဟောဝါသည် ယေရှုခရစ်မှတစ်ဆင့် နာခံသောလူသားများကို ထိုကောင်းချီးများ အမှန်တကယ်ပေးမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့အချိန်တွင် အဘယ်အရာပြုလုပ်ပေးမည်ဟု ဘုရားသခင်ကတိပြုခဲ့သနည်း။ မိက္ခာ ၄:၁၊ ၂ က ဤပရောဖက်ပြုစကားများဖြင့် ဖြေဆိုပေးသည်– ‘နောက်ဆုံးသောကာလ၌ ယေဟောဝါ၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍တည်လိမ့်မည်။ ခပ်သိမ်းသောလူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောလူမျိုးတို့ကလည်း လာကြလော့။ ယေဟောဝါ၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက်ပြောဆိုကြလိမ့်မည်။’
ယေဟောဝါ၏နည်းလမ်းတော်များအကြောင်း သိရှိလာသူများသည် “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။” စစ်တိုက်လိုတော့မည်မဟုတ်ချေ။ မကြာမီတွင် ကမ္ဘာမြေပေါ် ဖြောင့်မတ်သူများ ပြည့်နှက်နေမည်ဖြစ်ပြီး ကြောက်ရွံ့ရမည့်သူ ရှိတော့မည်မဟုတ်ပေ။ (မိက္ခာ ၄:၃၊ ၄) မှန်ပါသည်၊ ယေရှုခရစ်အုပ်ချုပ်မည့် ဘုရားသခင့်နိုင်ငံတော်အောက်တွင် ယေဟောဝါသည် ဖိနှိပ်ဆန့်ကျင်သူရှိသမျှကို ကမ္ဘာမြေမှ ပယ်ရှားတော့မည်ဟု ဘုရားသခင့်နှုတ်မြွက်စကားတော်က ကတိပြုထားသည်။—ဟေရှာယ ၁၁:၆-၉; ဒံယေလ ၂:၄၄၊ ၄၅; ဗျာ. ၁၁:၁၈။
ဘုရားသခင်ကို ပုန်ကန်ခဲ့သောကြောင့် ဆင်းရဲဝေဒနာခံရပြီး သေဆုံးသွားကြသူများပင် ကမ္ဘာမြေပေါ်တွင် ထာဝစဉ်နေရမည့်မျှော်လင့်ချက်ဖြင့် ရှင်ပြန်ထမြောက်လာကြမည်။ (ယောဟန် ၅:၂၈၊ ၂၉) ဆိုးသွမ်းမှုကို တိုးများစေခဲ့သော စာတန်နှင့် သူ၏နတ်ဆိုးများ မကြာမီ ပျောက်ကွယ်သွားမည်ဖြစ်ပြီး အာဒံ၏အပြစ်ကြောင့် ခံစားရသောဆိုးကျိုးများကို ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်အားဖြင့် ပယ်ရှားပေးတော့မည်။ (မဿဲ ၂၀:၂၈; ရောမ ၃:၂၃၊ ၂၄; ၅:၁၂; ၆:၂၃; ဗျာ. ၂၀:၁၀) နာခံမှုရှိသောလူသားများကော မည်သို့ဖြစ်မည်နည်း။ သူတို့သည် ပရဒိသုကမ္ဘာမြေပေါ်တွင် ကျန်းမာစွာဖြင့် ထာဝစဉ်အသက်ရှင်ခွင့်ရရှိကြမည်။—ဆာလံ ၃၇:၁၀၊ ၁၁; လုကာ ၂၃:၄၃; ဗျာ. ၂၁:၃-၅။
တကယ်ကောင်းသော ကတိတော်များပါတကား! သို့သော် အဆိုပါကတိတော်များကို သင်ယုံကြည်စိတ်ချနိုင်ပါသလော။ စိတ်ချလက်ချ ယုံကြည်နိုင်ပါသည်။ ၎င်းတို့သည် စိတ်ရင်းကောင်းကြသော်လည်း လုပ်ဆောင်ပေးနိုင်စွမ်းမရှိသော လူသားများ၏ကတိများမဟုတ်ပေ။ ယင်းတို့မှာ မုသာနှင့်ကင်းစင်ပြီး “ကတိတော်အရာမှာ နှေးတော်မမူ” သော အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏ကတိတော်များဖြစ်သည်။ (၂ ပေတရု ၃:၉; ဟေဗြဲ ၆:၁၃-၁၈) သမ္မာကျမ်းစာတွင်ပါရှိသော ကတိတော်ရှိရှိသမျှ၏ရင်းမြစ်သည် ‘အမှန်တရား၏ဘုရားသခင် ယေဟောဝါ’ ဖြစ်တော်မူသောကြောင့် ယင်းတို့ကို သင်လုံးလုံးလျားလျား ယုံကြည်စိတ်ချနိုင်ပေသည်။—ဆာလံ ၃၁:၅။
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာစောင်အပေါ် ထိုးထွင်းအမြင်[လိပ်] အတွဲ ၁၊ စာမျက်နှာ ၉၁၁-၁၂ ကိုရှု။
[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]
‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့။’ –ယောရှု၂၃:၁၄။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ယေဟောဝါသည် ဣသရေလလူမျိုးကို ပင်လယ်နီနှင့် တောကန္တာရ တွင် ကတိပြုခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါသည် အာဗြဟံကို ကတိတည်ခဲ့။ သူ၏မျိုးနွယ် ယေရှုခရစ်သည် လူမျိုးအပေါင်းအား ကောင်းချီးဆောင်ကြဉ်းပေးမည်