အဘယ်ကြောင့်ကတိတည်ရသနည်း
“ကတိအနည်းဆုံးပေးသူကို မဲပေးပါ; သူသည် အနည်းငယ်သာစိတ်ဓာတ်ကျစေသူဖြစ်မည်” ဟူ၍ သမ္မတ၏ယခင်အကြံပေးအရာရှိ ဘားနဒ် ဘရူခ်ကပြောခဲ့သည်။ မျက်မှောက်လောက၌ ကတိများဖျက်ရန်အတွက် ကတိပြုကြပုံရသည်။ ယင်းတို့တွင် အိမ်ထောင်ကတိသစ္စာပြုခြင်းများ၊ အရောင်းအဝယ်သဘောတူစာချုပ်များ၊ သို့မဟုတ် ကလေးများကို အချိန်ပိုပေးမည်ဟုကတိပေးစကားများပါဝင်ပေမည်။ “လူမှာကတိ” ဟူသော ဆိုရိုးစကား၏ဆိုလိုချက်ကို အနှံ့အပြားဥပေက္ခာပြုနေကြသည်။
မှန်၏၊ လူအများသည် ကတိတည်ရန် တစ်ခါမျှ မကြံရွယ်ပါ။ အခြားသူများသည် ပြောသည့်အတိုင်းမပြုလုပ်နိုင်ကြဘဲလျက် အလျင်စလိုကတိပေးတတ်ကြ၏၊ သို့မဟုတ် အလွယ်ဆုံးလမ်းစဉ်ဖြစ်သည့်အတွက်သာ ကတိဖျက်တတ်ကြသည်။
မမျှော်လင့်ဘဲဖြစ်ပေါ်လာသည့် အခြေအနေများကြောင့် ကတိတည်ရန် ခဲယဉ်းပေမည်။ သို့သော် ကတိဖျက်ခြင်းသည် အမှန်ပင်ဤမျှနစ်နာဆုံးရှုံးပါသလော။ သင့်ကတိများကို အလေးအနက်သဘောထားသင့်သလော။ အဆိုပါကိစ္စကို အလေးအနက်သုံးသပ်သင့်ကြောင်း သိမြင်ရန် ယေဟောဝါဘုရားသခင်၏ပုံသက်သေကို အကျဉ်းချုပ်ကြည့်ခြင်းက ထောက်ကူပါလိမ့်မည်။
ကတိတော်များကိုယေဟောဝါပြည့်စုံစေ
ကတိတော်များပြည့်စုံခြင်းနှင့်ဆက်နွှယ်နေသော နာမတော်ရှိဘုရားသခင်အား ကျွန်ုပ်တို့ကိုးကွယ်ကြသည်။ ကျမ်းစာခေတ်တွင် လူတစ်ဦး၏နာမည်သည် ထိုသူ၏အကြောင်းတစ်ခုခုဖော်ပြလေ့ရှိခဲ့သည်။ ၎င်းသည် “ကိုယ်တော်ဖြစ်လာစေတော်မူသည်” ဟုအဓိပ္ပာယ်ရှိသည့် ယေဟောဝါဟူသော နာမတော်နှင့်ပတ်သက်၍လည်း အလားတူဖြစ်သည်။ သို့ဖြင့် ဘုရားသခင့်နာမတော်တွင် ဘုရားသခင်သည် မိမိကတိတော်များကို ပြည့်စုံစေကာ ရည်ရွယ်တော်မူချက်များကို ဖြစ်မြောက်စေမည့်သဘောပါဝင်သည်။
နာမတော်နှင့်အညီ ယေဟောဝါသည် ရှေးဣသရေလလူမျိုးကို ကတိပြုခဲ့သမျှတည်စေခဲ့၏။ အဆိုပါကတိတော်များနှင့်စပ်လျဉ်း၍ ဘုရင်ရှောလမုန်က ဤသို့ဝန်ခံခဲ့သည်– “ကတိတော်ရှိသမျှအတိုင်း မိမိလူဣသရေလအမျိုးကို ငြိမ်ဝပ်စေခြင်းငှာ စီရင်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိကျွန် မောရှေအားဖြင့် ထားတော်မူသော ကတိတော်ကောင်းတစ်ခွန်းမျှမပျက်။”—၃ ဓမ္မရာဇဝင် ၈:၅၆။
ယေဟောဝါ၏ ယုံကြည်အားကိုးထိုက်မှုနှင့်ပတ်သက်ပြီး တမန်တော်ပေါလုက “ဘုရားသခင်သည် အာဗြဟံ၌ကတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ကျိန်ဆိုရန်မရှိသောကြောင့် ကိုယ်တော်ကိုတိုင်တည်” ရ၏ဟုပြောနိုင်သည့်အထိဖြစ်သည်။ (ဟေဗြဲ ၆:၁၃) မှန်ပါသည်၊ ယေဟောဝါ၏ကတိတော်များသည် ကိုယ်တော့်အတွက် အလွန်နစ်နာစရာဖြစ်ဦးတော့ ထိခိုက်သည်တိုင် ကိုယ်တော့်နာမတော်နှင့်ပုဂ္ဂိုလ်တော်သည် ကတိတော်များကို ဖျက်မည်မဟုတ်ကြောင်း အာမခံချက်ဖြစ်၏။ (ရောမ ၈:၃၂) ယေဟောဝါသည် ကတိတည်သည်ဟူသောအချက်က ကျွန်ုပ်တို့၏စိုးလ်၊ သို့မဟုတ် အသက်အတွက် စိတ်ချရသောမျှော်လင့်ချက်ဖြစ်သည်။—ဟေဗြဲ ၆:၁၉။
ယေဟောဝါ၏ကတိတော်များနှင့်ကျွန်ုပ်တို့၏အနာဂတ်
ကျွန်ုပ်တို့၏မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် အသက်ကိုယ်နှိုက်သည် ယေဟောဝါ၏ကတိတော်များပြည့်စုံခြင်းအပေါ် မူတည်၏။ မည်သည့်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ပိုက်ထားသနည်း။ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် [ဘုရားသခင်၏] ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဟူသောယုံကြည်ချက်အတွက် အခြေအမြစ်ကိုလည်း သမ္မာကျမ်းစာပေးသည်။ (တမန်တော် ၂၄:၁၅) ထို့ပြင် ဤလက်ရှိအသက်တာထက်မကရှိသေးကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ တမန်တော်ယောဟန်က “ကတိတော်” ဟုခေါ်ဆိုထားသည့်အရာမှာ “ထာဝရအသက်” အမှန်တကယ်ဖြစ်၏။ (၁ ယောဟန် ၂:၂၅) သို့သော် ယေဟောဝါ၏နှုတ်မြွက်စကားတော်ရှိ ကိုယ်တော်၏ကတိတော်များသည် အနာဂတ်နှင့်သာဆိုင်သည်မဟုတ်။ ယင်းတို့ကား ယခုပင် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာအတွက် အဓိပ္ပာယ်ရှိသည်။
ဆာလံဆရာက “ထာဝရဘုရားသည် [ဆုတောင်း] သောသူအပေါင်း . . . တို့၏အနီးအပါး၌ ရှိတော်မူ၏။ . . . ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား . . . တော်မူ၏” ဟူ၍သီဆိုသည်။ (ဆာလံ ၁၄၅:၁၈၊ ၁၉) ဘုရားသခင်သည် “မောသောသူတို့အား၊ ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား၊ အစွမ်းသတ္တိနှင့်ပြည့်စုံသော အခွင့်ကိုပေးတော်မူ” ကြောင်း ကျွန်ုပ်တို့ကို ကိုယ်တော်စိတ်ချစေသည်။ (ဟေရှာယ ၄၀:၂၉) ‘ဘုရားသခင်သည် ကျွန်ုပ်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ကျွန်ုပ်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်’ ကိုသိရခြင်းသည် တကယ့်နှစ်သိမ့်မှုပါတကား! (၁ ကောရိန္သု ၁၀:၁၃) ဤကတိတော်များ၏ပြည့်စုံချက်တစ်ခုခုကို ကျွန်ုပ်တို့ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရလျှင် ကျွန်ုပ်တို့သည် ယေဟောဝါအား အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်ကြောင်း အသေအချာသိသည်။ ဘုရားသခင်ပြုတော်မူ၍ တည်စေတော်မူသောကတိများမှ ကျွန်ုပ်တို့ရရှိသော အကျိုးကျေးဇူးများကိုထောက်ရှု၍ ကိုယ်တော်အား ကျွန်ုပ်တို့ပြုသည့်ကတိများကို မည်သို့ရှုမြင်သင့်သနည်း။
ဘုရားသခင်အား ကျွန်ုပ်တို့၏ကတိများတည်ခြင်း
ဘုရားသခင်ထံ ကျွန်ုပ်တို့ကိုယ်ကိုဆက်ကပ်အပ်နှံခြင်းသည် ကျွန်ုပ်တို့ပြုနိုင်သည့် အရေးကြီးဆုံးကတိဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ ဤခြေလှမ်းကိုလှမ်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကို ထာဝစဉ်ထမ်းဆောင်လိုပါသည်ဟု ပြသလိုက်ခြင်းဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်များသည် ဝန်ထုပ်ဝန်ပိုးမဟုတ်သော်လည်း ဤအစီအစဉ်စနစ်တွင် အသက်ရှင်နေရသောကြောင့် ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရန် အစဉ်လွယ်ကူမည်မဟုတ်ပေ။ (၂ တိမောသေ ၃:၁၂; ၁ ယောဟန် ၅:၃) သို့သော် ကျွန်ုပ်တို့သည် “ထွန်ကိုင်းကိုကိုင်” လျက်ယေဟောဝါ၏ဆက်ကပ်အပ်နှံထားသော ကျေးကျွန်များနှင့် ကိုယ်တော့်သားတော်ယေရှုခရစ်၏တပည့်များဖြစ်လာပြီးနောက် ကျွန်ုပ်တို့ချန်ရစ်ခဲ့သောလောကအရာများကို မည်သည့်အခါမျှလှည့်မကြည့်သင့်ချေ။—လုကာ ၉:၆၂။
ယေဟောဝါအား ကျွန်ုပ်တို့ဆုတောင်းသောအခါ အားနည်းချက်တစ်ခုကို တွန်းလှန်မည်၊ ခရစ်ယာန်အရည်အသွေးတစ်ခုကိုမွေးမြူမည်၊ မိမိ၏သီအိုကရက်တစ်လုပ်ငန်းနှင့်ဆိုင်သော ကဏ္ဍအချို့ကို တိုးတက်စေမည်ဟု ကတိပြုရန် လှုံ့ဆော်ခံရပေမည်။ ဤကတိများနှင့်အညီပြုလုပ်ရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ထောက်ကူပေးမည်နည်း။—ဒေ. ၅:၂-၅ နှိုင်းယှဉ်။
စိတ်ရင်းမှန်ဖြင့်ပြုသောကတိများသည် စိတ်နှလုံးထဲမှဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုများ၊ လိုအင်ဆန္ဒများနှင့် အားနည်းချက်များကို မှန်မှန်ကန်ကန်ဖော်ပြဆုတောင်းခြင်းဖြင့် ယေဟောဝါအားရင်ဖွင့်ကာ ကတိပြုထားသည့်အတိုင်း လုပ်ဆောင်ကြစို့လေ။ ကတိနှင့်ပတ်သက်၍ ဆုတောင်းခြင်းသည် ကတိတည်ရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေမည်ဖြစ်သည်။ ဘုရားသခင်အား ကျွန်ုပ်တို့ပြုထားသောကတိများကို အကြွေးများသဖွယ် သဘောထားနိုင်၏။ အကြွေးများသောအခါ တဖြည်းဖြည်းဆပ်ကြရသည်။ ထိုနည်းတူ ယေဟောဝါအား ကျွန်ုပ်တို့ပြုထားသောကတိများအတိုင်း လုပ်ဆောင်ရန်အတွက် အချိန်ယူရပေမည်။ သို့သော် ကျွန်ုပ်တို့တတ်နိုင်ရာကို ကိုယ်တော်အား မှန်မှန်ပေးဆပ်ခြင်းဖြင့် ကျွန်ုပ်တို့ပြောသည့်အတိုင်း လုပ်ဆောင်ကြောင်းပြသပြီး ယင်းနှင့်အညီ ကျွန်ုပ်တို့ကို ကိုယ်တော်ကောင်းချီးပေးမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ကတိများကို အလေးအနက်ထားကြောင်း ယင်းတို့အတွက် မကြာခဏ ဆုတောင်းခြင်းအားဖြင့် တင်ပြနိုင်သည်၊ နေ့စဉ်ဖြစ်ကောင်းဖြစ်မည်။ ၎င်းက ကျွန်ုပ်တို့သည် ရိုးသားသူများဖြစ်သည်ကို ကောင်းကင်ခမည်းတော်အား ပြသရာရောက်မည်။ ထို့ပြင် မိမိကိုယ်ကိုမှန်မှန်သတိပေးခြင်းလည်းဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ဒါဝိဒ်သည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းတစ်ခုကို ထားခဲ့သည်။ သီချင်းတွင် ယေဟောဝါအား သူကဤသို့တိုးလျှိုးတောင်းပန်ခဲ့သည်– “အိုဘုရားသခင်၊ အကျွန်ုပ်အော်ဟစ်ခြင်းကို နားထောင်၍ အကျွန်ုပ်၏ [ဆုတောင်း] စကားကို မှတ်တော်မူပါ။ . . . နေ့ရက်အစဉ်အတိုင်းသစ္စာဝတ်ကို ဖြေခြင်းငှာ၊ နာမတော်ကို အစဉ်အမြဲထောမနာသီချင်းဆိုပါလေအံ့သတည်း။”—ဆာလံ ၆၁:၁၊ ၈။
ကတိများတည်ခြင်းက ယုံကြည်စိတ်ချမှုရှိစေ
ဘုရားသခင်အားပြုသောကတိများကို ပေါ့ပေါ့တန်တန်မယူမှတ်သင့်သကဲ့သို့ ခရစ်ယာန်ချင်းများကိုပေးသောကတိများနှင့်ပတ်သက်၍လည်း အလားတူယူမှတ်သင့်သည်။ ယေဟောဝါအားတစ်မျိုး၊ ကျွန်ုပ်တို့၏ညီအစ်ကိုများကိုတစ်ဖုံ မဆက်ဆံသင့်ချေ။ (၁ ယောဟန် ၄:၂၀ နှိုင်းယှဉ်။) ယေရှုသည် မိမိ၏တောင်ပေါ်တရားတော်တွင် ဤသို့မိန့်တော်မူခဲ့သည်– “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ်ဖြစ်စေလော့။” (မဿဲ ၅:၃၇) ကျွန်ုပ်တို့၏စကားကို အစဉ်ယုံကြည်စိတ်ချစေခြင်းသည် “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ . . . ကျေးဇူးပြု” နည်းတစ်နည်းဖြစ်သည်။ (ဂလာတိ ၆:၁၀) ကျွန်ုပ်တို့ကတိတည်သည့်အခါတိုင်း ယုံကြည်စိတ်ချမှုကို တိုးပွားစေသည်။
ငွေနှင့်ပတ်သက်၍ ကတိပျက်သောအခါ နာမည်ပျက်ခြင်းသည် များသောအားဖြင့် ပိုဆိုးရွားသည်။ အကြွေးဆပ်ခြင်း၊ အလုပ်တစ်ခုပြုလုပ်ပေးခြင်း၊ စီးပွားတစ်ခုနှင့်ဆိုင်သော သဘောတူညီချက်အတိုင်း ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်တစ်ဦးသည် ကတိတည်သင့်သည်။ ယင်းသည် ဘုရားသခင်၏အလိုတော်နှင့်တွေ့ပြီး ညီအစ်ကိုများသည် “သဘောတူလျက်ပေါင်းဖော်ကြ” ရန်မရှိမဖြစ်လိုအပ်သော အပြန်အလှန်ယုံကြည်စိတ်ချမှုကို ခိုင်မြဲစေသည်။—ဆာလံ ၁၃၃:၁။
သို့ရာတွင် သဘောတူညီချက်များအတိုင်း လိုက်နာရန်ပျက်ကွက်ခြင်းသည် တိုက်ရိုက်ပါဝင်ပတ်သက်နေသော တစ်ဦးချင်းစီနှင့်သာမက အသင်းတော်ကိုလည်း ထိခိုက်နိုင်သည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ဤသို့သတိပြုမိသည်– “သဘောတူကြပြီးနောက် အနည်းဆုံးတစ်ဖက်က ကတိဖျက်သည်ဟု ယူမှတ်ပြီး ဖြစ်ပေါ်လာသည့် စီးပွားရေးပဋိပက္ခများသည် လူသိရှင်ကြားဖြစ်လာတတ်ကြသည်။ ရလဒ်မှာ ညီအစ်ကိုများသည် စိတ်ဝမ်းကွဲသွားကြပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမအတွင်း တင်းမာမှုဖြစ်လာနိုင်သည်။” ထို့ကြောင့် အဘယ်သဘောတူညီချက်ကိုမဆို သေချာစွာစဉ်းစားသုံးသပ်ခြင်းသည် မည်မျှအရေးကြီးပါသည်တကား!a
ထို့ပြင် တန်ဖိုးကြီးပစ္စည်းများရောင်းသည့်အခါဖြစ်စေ၊ ရင်းနှီးမြှုပ်နှံဖို့ အားပေးသည့်အခါဖြစ်စေ သတိထားသင့်သည်၊ အထူးသဖြင့် အရောင်းအဝယ်မှ ကျွန်ုပ်တို့အမြတ်ရသည့်အခါတွင်ဖြစ်သည်။ ထိုနည်းတူစွာ ပစ္စည်းအချို့မှသော်လည်းကောင်း၊ ဆေးပစ္စည်းများမှသော်လည်းကောင်း ရရှိမည့်အကျိုးများကို ချဲ့ကားမပြောမိရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုများမှ ယုတ္တိမတန်သောကတိများမပေးမိရန် အလွန်ဂရုစိုက်ဖို့လိုသည်။ ဖြစ်ပေါ်နိုင်မည့်ဆုံးရှုံးနစ်နာမှုများကို အပြည့်အစုံရှင်းပြရန် ခရစ်ယာန်များအား မေတ္တာကလှုံ့ဆော်ပေးသင့်သည်။ (ရောမ ၁၂:၁၀) ညီအစ်ကိုအများစုသည် စီးပွားရေးအတွေ့အကြုံ အတော်အတန်နည်းကြသည့်အတွက် ယုံကြည်ခြင်းအိမ်သူအိမ်သားဖြစ်ခြင်းကြောင့်သာ ကျွန်ုပ်တို့၏အကြံဉာဏ်ကို ယုံကြည်စိတ်ချကြပေမည်။ ဤယုံကြည်စိတ်ချမှုကို အခွင့်အရေးယူခဲ့လျှင် မည်မျှဝမ်းနည်းစရာပါတကား!
ခရစ်ယာန်များအနေနှင့် မရိုးသားသော၊ သို့မဟုတ် သူတစ်ပါး၏တရားဝင်အကျိုးများကို ဥပေက္ခာပြုသည့် စီးပွားရေးအကျင့်များကို ကျွန်ုပ်တို့လက်မခံနိုင်ကြချေ။ (ဧဖက် ၂:၂၊ ၃; ဟေဗြဲ ၁၃:၁၈) ‘ယေဟောဝါ၏တဲတော်တွင် ဧည့်သည်များ’ အဖြစ် ကိုယ်တော်၏မျက်နှာသာရရှိရန် ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချရသူများ ဖြစ်ကြရမည်။ ‘ကျွန်ုပ်တို့၏အကျိုးပျက်ရသော်လည်း ကျွန်ုပ်တို့ကျိန်ဆိုသော သစ္စာကတိကိုမဖျက်ကြချေ။’—ဆာလံ ၁၅:၁၊ ၄။
ဣသရေလနိုင်ငံ၏ တရားသူကြီးယေဖသက ယေဟောဝါဘုရားသခင်သည် အာမ္မုန်လူမျိုးကို တိုက်ခိုက်အောင်မြင်နိုင်ခွင့်ရစေလျှင် တိုက်ပွဲမှအပြန်တွင် မိမိအား ဦးဆုံးကြိုဆိုသူကို မီးရှို့ရာပူဇော်သကာအဖြစ် ကိုယ်တော်အားပေးဆက်မည်ဟု ကတိသစ္စာပြုခဲ့သည်။ ထွက်ကြိုသူမှာ ယေဖသ၏တစ်ဦးတည်းသောကလေးဖြစ်သော်လည်း သူ့ကတိကိုမဖျက်ခဲ့ချေ။ သူ့သမီး၏လှိုက်လှိုက်လှဲလှဲသဘောတူညီချက်ဖြင့် ဘုရားသခင်၏သန့်ရှင်းရာဌာန၌ အစဉ်အမြဲအမှုတော်ဆောင်ဖို့ ပေးဆက်ခဲ့သည်—နည်းအမျိုးမျိုးဖြင့် နာကျင်၍ တန်ဖိုးကြီးလှသည့် စွန့်လွှတ်မှုတစ်ရပ်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။—တရားသူကြီး ၁၁:၃၀-၄၀။
အထူးသဖြင့် အသင်းတော်ကြီးကြပ်မှူးများသည် သူတို့၏သဘောတူညီချက်များအတိုင်း လိုက်နာလုပ်ကိုင်ရန် တာဝန်ရှိကြသည်။ ၁ တိမောသေ ၃:၂ အရ ကြီးကြပ်မှူးတစ်ဦးသည် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်” သင့်၏။ ၎င်းသည် “အရေးယူရန်အကြောင်းမရှိခြင်း၊ အပြစ်ကင်းစင်ခြင်း၊ အပြစ်တင်၍မရနိုင်ခြင်းဖြစ်သည်” ဟုအဓိပ္ပာယ်ရသည့် ဂရိဝေါဟာရမှ ဘာသာပြန်ထားခြင်းဖြစ်သည်။ “သတင်းမွှေးသူထက်မက ထိုသို့ပြောဆိုခံထိုက်သူဟု အဓိပ္ပာယ်သက်ရောက်သည်။” (A Linguistic Key to the Greek New Testament) ကြီးကြပ်မှူးတစ်ဦးသည် အပြစ်တင်ခွင့်နှင့်ကင်းလွတ်ရမည်ဖြစ်သောကြောင့် သူ၏ကတိများသည် ယုံကြည်စိတ်ချရသောကတိများဖြစ်သင့်သည်။
ကတိများတည်ရန် အခြားနည်းများ
ခရစ်ယာန်ချင်းမဟုတ်သူတို့အား ကျွန်ုပ်တို့ပြုသည့်ကတိများကို မည်သို့ရှုမြင်သင့်သနည်း။ “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၅:၁၆) ကျွန်ုပ်တို့ကတိတည်သည်ကို သက်သေပြခြင်းဖြင့် အခြားသူများလည်း ခရစ်ယာန်သတင်းတရားဘက် ဆွဲဆောင်ခံရပေမည်။ ကမ္ဘာအနှံ့တွင် ရိုးသားမှုစံနှုန်းများ ယုတ်လျော့နေသော်လည်း လူအများစုသည် ရိုးသားဖြောင့်မတ်မှုကို တန်ဖိုးထားဆဲပင်။ ကတိတည်ခြင်းဖြင့် ဘုရားသခင်နှင့်အိမ်နီးချင်းကို မေတ္တာတင်ပြရာ နည်းတစ်နည်းဖြစ်ပြီး ဖြောင့်မတ်ခြင်းကိုမြတ်နိုးသူများအား သွေးဆောင်ရန်ဖြစ်၏။—မဿဲ ၂၂:၃၆-၃၉; ရောမ ၁၅:၂။
ယေဟောဝါသက်သေများသည် သူတို့၏ ၁၉၉၈ လုပ်ငန်းတော်နှစ်အတွင်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လူထုရှေ့ကြေညာခြင်းအတွက် နာရီပေါင်းတစ်ဘီလီယံကျော်အသုံးပြုခဲ့သည်။ (မဿဲ ၂၄:၁၄) အကယ်၍ စီးပွားရေးလုပ်ငန်းများ သို့မဟုတ် အခြားကိစ္စများတွင် ကျွန်ုပ်တို့ကတိမတည်ခဲ့လျှင် ဤဟောပြောခြင်းကို နားမထောင်လိုသူများရှိခဲ့ပေမည်။ ကျွန်ုပ်တို့သည် အမှန်တရား၏ဘုရားသခင့်ကိုယ်စားလှယ်များဖြစ်ကြရာ ကျွန်ုပ်တို့ရိုးသားစွာပြုမူဆောင်ရွက်ကြလိမ့်မည်ဟု အမှန်ပင်မျှော်လင့်ကြပေမည်။ ယုံကြည်စိတ်ချစွာနှင့်ရိုးသားစွာပြုမူခြင်းအားဖြင့် ကျွန်ုပ်တို့သည် “ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ [ဆုံးမစကား] ကိုအရာရာ၌ တန်ဆာဆင်” ကြ၏။—တိတု ၂:၉။
ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှု၌ ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သောအခါ ကတိတည်ကြောင်းပြသခွင့်များရရှိကြသည်။ ပြန်လာမည်ဟု ကျွန်ုပ်တို့ကတိပေးထားလျှင် ပြန်သွားသင့်၏။ ကျွန်ုပ်တို့ကတိပြုထားသည့်အတိုင်း ပြန်လည်ပတ်ခြင်းသည် “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသော” နည်းတစ်နည်းဖြစ်သည်။ (သု. ၃:၂၇) ညီအစ်မတစ်ဦးသည် ၎င်းကိစ္စနှင့်ပတ်သက်၍ ဤသို့ရှင်းပြခဲ့သည်– “ပြန်လာမယ်ပြောပြီး မလာတဲ့သက်သေခံအကြောင်းကို ပြောပြတဲ့စိတ်ဝင်စားသူတွေကို မကြာခဏ ကျွန်မတွေ့ခဲ့ရတယ်။ တကယ်တော့ အိမ်ရှင်တွေ အိမ်မှာမရှိတာ၊ ပြန်လည်ပတ်ဖို့ အခြေအနေမပေးတာတွေကို ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မနဲ့ပတ်သက်ပြီး အဲဒီလိုအပြောမခံချင်လို့ ပြန်သွားဖို့ ကျွန်မအတတ်နိုင်ဆုံးကြိုးစားတယ်။ ကျွန်မသာ ကတိပျက်ခဲ့မယ်ဆိုရင် ယေဟောဝါနဲ့ကျွန်မရဲ့ညီအစ်ကိုတစ်ရပ်လုံးအပေါ် ရှုတ်ချစရာဖြစ်လိမ့်မယ်လို့ ကျွန်မသဘောထားတယ်။”
အဖြစ်အပျက်အချို့တွင် လူတစ်ဦးသည် အမှန်စိတ်ဝင်စားသည်မဟုတ်ဟု ကျွန်ုပ်တို့ထင်မှတ်သောကြောင့် ပြန်လည်ပတ်လိုစိတ်မရှိခြင်းဖြစ်ပေမည်။ ထိုညီအစ်မကပင် ဤသို့ရှင်းပြသည်– “စိတ်ဝင်စားမှုဘယ်လောက်ရှိသလဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်ဖို့ ကျွန်မမကြိုးစားဘူး။ ဦးဆုံးစွဲမှတ်မှုတွေက အများအားဖြင့်မှားတတ်တယ်ဆိုတာကို ကျွန်မကိုယ်တိုင်ရဲ့အဖြစ်ကနေ သိထားတယ်။ ဒါကြောင့် လူတိုင်းကို ညီအစ်ကို၊ ညီအစ်မဖြစ်နိုင်တဲ့သူလို့မြင်ပြီး အပြုသဘောရှိဖို့ ကျွန်မကြိုးစားတယ်။”
ခရစ်ယာန်ဓမ္မအမှုနှင့် အခြားနယ်ပယ်များတွင် ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချနိုင်သူဖြစ်ကြောင်း တင်ပြဖို့လိုသည်။ မှန်ပါသည်၊ အချို့အရာများကို လုပ်သည်ထက်လွယ်လွယ်နှင့်ပြောခဲ့ကြသည်။ ပညာရှိတစ်ဦးက ဤသို့သတိပြုမိသည်– “လူများတို့သည် မိမိတို့ . . . ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာရှိသောသူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။” (သု. ၂၀:၆) ခိုင်မာစွာဆုံးဖြတ်ခြင်းဖြင့် ကျွန်ုပ်တို့သစ္စာရှိပြီးကတိတည်နိုင်ကြပါသည်။
ဘုရားသခင်ထံတော်မှ ကြွယ်ဝသောကောင်းချီးများ
တမင်ရည်ရွယ်ကာ အခြေအမြစ်မရှိဘဲ ကတိပြုခြင်းသည် ရိုးသားမှုမရှိသည့်အပြင် ဘဏ်တွင်ငွေမရှိဘဲ ချက်လက်မှတ်ရေးခြင်းနှင့်တူမည်ဖြစ်သည်။ သို့သော် ကတိတည်သောကြောင့် ဆုကျေးဇူးများနှင့်ကောင်းချီးများ တကယ်ရရှိကြသည်တကား! ယုံကြည်အားကိုးထိုက်မှုရှိခြင်း၏ကောင်းချီးတစ်ခုမှာ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်ခြင်းဖြစ်သည်။ (တမန်တော် ၂၄:၁၆ နှိုင်းယှဉ်။) နောင်တရပြီး စိတ်အနှောင့်အယှက်ခံနေရမည့်အစား စိတ်ကျေနပ်မှုနှင့်ငြိမ်သက်မှုတို့ကို ခံစားကြရသည်။ ထို့ပြင် ကတိတည်ခြင်းအားဖြင့် အပြန်အလှန်ယုံကြည်စိတ်ချမှုရှိခြင်းအပေါ် အခြေပြုသော အသင်းတော်၏စည်းလုံးမှုကို တိုးပွားစေပါလိမ့်မည်။ “မှန်ကန်သောအပြော” ကလည်း အမှန်တရား၏ဘုရားသခင့်အမှုဆောင်များအဖြစ် ကျွန်ုပ်တို့ကိုယ်ကို ထောက်ခံကြသည်။—၂ ကောရိန္သု ၆:၃၊ ၄၊ ၇၊ ကဘ။
ယေဟောဝါသည် ကတိတည်ပြီး “မုသာ၌ကျင်လည်သောလျှာ” ကိုမုန်းတော်မူသည်။ (သု. ၆:၁၆၊ ၁၇) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို တုပခြင်းအားဖြင့် ကိုယ်တော်နှင့်သာ၍ရင်းနှီးလာသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် ကတိတည်ခြင်းအတွက် အကြောင်းကောင်းအမှန်ရှိ၏။
[အောက်ခြေမှတ်ချက်များ]
a ဖေဖော်ဝါရီ ၈၊ ၁၉၈၃ ခုနှစ်ထုတ် နိုးလော့! စာမျက်နှာ ၁၃-၁၅ (လိပ်) ပါ “ရေးသားမှတ်တမ်းတင်ထားလော့” ဆောင်းပါးရှု။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဖသသည် ကတိရှိသည်အတိုင်းပြုလုပ်ရာတွင်စိတ်နာကျင်စရာဖြစ်သော်လည်း ကတိတည်ခဲ့
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
သင်သည် ပြန်လာမည်ဟု ကတိပြုခဲ့လျှင်ထိုသို့ပြုရန် ကောင်းစွာပြင်ဆင်ပါ