ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၄ ၈/၁၅ စာ. ၂၇-၂၉
  • “သတင်းကောင်းပျံ့နှံ့စေသည့်” ရဲစွမ်းသတ္တိရှိ “ခရီးသည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သတင်းကောင်းပျံ့နှံ့စေသည့်” ရဲစွမ်းသတ္တိရှိ “ခရီးသည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မန်ချူးကျမ်းစာ
  • ရုရှားသို့
  • အိုင်ဘီးရီးယန်းကျွန်းဆွယ်
  • အကြွေးယူတာ ကောင်းသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အလယ်ခေတ်က စပိန်နိုင်ငံမှာ ဘုရားသခင့်စကားတော်ကို လူသိများလာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကျွန်ုပ်တို့ခေတ်အထိ သမ္မာကျမ်းစာတည်တံ့လာခဲ့ပုံ
    နိုးလော့!—၂၀၀၇
  • သုံးနှုန်းပြောဆိုဆဲ ဘာသာစကားများကို “ပြောဆို” သည့် စာအုပ်တစ်အုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
က၀၄ ၈/၁၅ စာ. ၂၇-၂၉

“သတင်းကောင်းပျံ့နှံ့စေသည့်” ရဲစွမ်းသတ္တိရှိ “ခရီးသည်”

ဂျော့ဂ်ျဘောရိုးသည် အသက် ၁၈ နှစ်အရွယ်တွင် ဘာသာစကား ၁၂ မျိုးတတ်နေပြီဟုဆိုကြ၏။ နှစ်နှစ်ကြာသော် သူသည် ဘာသာစကားအမျိုးပေါင်း ၂၀ ဖြင့် “ရိုးရှင်း ပြေပြစ်စွာ” ဘာသာပြန်ဆိုနိုင်ခဲ့သည်။

၁၈၃၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဗြိတိသျှနှင့် နိုင်ငံခြားကျမ်းစာအသင်းသည် ဤဆုထူးရရှိထားသူကို လူတွေ့မေးမြန်းခံရန် ဖိတ်ခေါ်ခဲ့သည်။ ခရီးစရိတ်မတတ်နိုင်သော်လည်း ဤအခွင့်ထူးကို လက်မလွတ်လို၍ အသက် ၃၀ အရွယ်ရှိဘောရိုးသည် သူနေထိုင်သည့်နောဝစ်ချ်မြို့မှ ၁၁၂ မိုင်ခရီးကို ၂၈ နာရီမျှဖြင့် ခြေကျင်လျှောက်သွားခဲ့သည်။

ထိုကျမ်းစာအသင်းက သူ့အား တရုတ်ပြည်တွင်ပြောဆိုသည့် မန်ချူးဘာသာစကားကို ခြောက်လအတွင်း သင်ယူရန် ခက်ခဲသည့်တာဝန်ပေးအပ်ခဲ့၏။ သူက သဒ္ဒါစာအုပ်တစ်အုပ် တောင်းဆိုသည့်အခါ မန်ချူးဘာသာစကားဖြင့် မဿဲခရစ်ဝင်ကျမ်းနှင့် မန်ချူး-ပြင်သစ်အဘိဓာန်ကိုသာ ရှာပေးနိုင်ခဲ့သည်။ သို့တိုင် သူသည် ၁၉ ပတ်အတွင်း “ဘုရားသခင်၏အကူအညီဖြင့် မန်ချူးဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်တတ်မြောက်ပြီ” ဟု လန်ဒန်မြို့သို့ စာရေးလိုက်သည်။ မန်ချူးစကားသင်ယူနေစဉ် သူသည် မက္ကစီကို တိုင်းရင်းသားဘာသာစကားဖြစ်သည့် နာဝါ့တဲလ်စကားဖြင့် လုကာခရစ်ဝင်ကျမ်းကိုလည်း အမှားပြင်နိုင်ခဲ့ခြင်းကြောင့် သူ၏အောင်မြင်မှုသည် ပိုပြီးမှတ်သားဖွယ်ဖြစ်၏။

မန်ချူးကျမ်းစာ

မွန်ဂိုလီးယား ဝီးဂေါ်အက္ခရာဖြင့်လက်ရေးစာကို အသုံးပြုပြီး မန်ချူးစာ စတင်ပေါ်ပေါက်ခဲ့သော ၁၇ ရာစုတွင် ယင်းသည် တရုတ်အစိုးရ ရုံးသုံးဘာသာစကားဖြစ်လာလေသည်။ အတန်ကြာလေသော် ယင်းကို အသုံးမပြုကြတော့သော်လည်း ဗြိတိသျှနှင့် နိုင်ငံခြားကျမ်းစာအသင်း၏ အသင်းဝင်များသည် မန်ချူးဘာသာစကားဖြင့် ကျမ်းစာများကို ပုံနှိပ်ထုတ်ဝေ၊ ဖြန့်ဖြူးလိုခဲ့ကြသည်။ ၁၈၂၂ ခုနှစ်တွင် စတီပန် ဗီ လစ်ပိုစော့ဖ် ဘာသာပြန်ဆိုသည့် မဿဲခရစ်ဝင်ကျမ်းကို အုပ်ရေ ၅၅၀ ပုံနှိပ်ထုတ်ဝေရန် ငွေကြေးထောက်ပံ့ပေးခဲ့ကြသည်။ စတီပန်သည် ရုရှားနိုင်ငံခြားရေးရုံးမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံတွင် အနှစ် ၂၀ ကြာနေထိုင်ခဲ့သူဖြစ်သည်။ ဤမဿဲခရစ်ဝင်ကျမ်းကို စိန့် ပီတာစဘတ်မြို့တွင် ပုံနှိပ်ခဲ့၏၊ သို့သော် စောင်ရေအနည်းငယ်ကိုသာ ဖြန့်ဖြူးခဲ့ပြီးနောက် ရေကြီးခြင်းကြောင့် ကျန်ရှိသည့်စာစောင်များ ပျက်စီးသွားခဲ့သည်။

များမကြာမီ ခရစ်ယာန်ဂရိကျမ်းစာစောင် တစ်အုပ်လုံးကို ဆက်လက်ဘာသာပြန်ဆိုခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် ဟေဗြဲကျမ်းစာစောင်အများစု၏ ရှေးလက်ရေးစာမူ ဘာသာပြန်ကျမ်းတစ်စောင်ကို ရှာဖွေတွေ့ရှိလိုက်သောအခါ သမ္မာကျမ်းစာကိုစိတ်ဝင်စားမှု တိုးများလာသည်။ လက်ရှိမန်ချူးကျမ်းစာ ပြန်လည်တည်းဖြတ်ရေးကို မည်သူက ညှိနှိုင်းဆောင်ရွက်ပြီး လက်ကျန်ကို အပြီးဘာသာပြန်နိုင်မည်နည်း။ ဗြိတိသျှနှင့် နိုင်ငံခြားကျမ်းစာအသင်းသည် မိမိတို့ကိုယ်စား ဂျော့ဂ်ျဘောရိုးအား ဤတာဝန်ကြီးကို ဆောင်ရွက်ပေးရန် စေလွှတ်ခဲ့သည်။

ရုရှားသို့

ဘောရိုးသည် စိန့် ပီတာစဘတ်မြို့သို့ ရောက်သည့်အခါ သမ္မာကျမ်းစာကို ပိုမိုတိကျမှန်ကန်စွာ စိစစ်ပြင်ဆင်ရန်နှင့် တည်းဖြတ်နိုင်ရန် မန်ချူးစကားကို အချိန်ယူကာ ပိုမိုလေးနက်စွာလေ့လာခဲ့သည်။ ဤတာဝန်ကို အားသွန်ခွန်စိုက်ကြိုးပမ်းပြုလုပ်ခဲ့ရပြီး ဓမ္မသစ်ကျမ်းကို ဝိုင်းဝန်းစာစီခြင်းကိုထောက်ကူရန် တစ်နေ့လျှင် ၁၃ နာရီအလုပ်လုပ်ခဲ့ရသည်၊ နောက်ဆုံး၌ ထိုကျမ်းစာကို “လက်ရာမြောက်သော အရှေ့တိုင်းစာပေ” ဟုဖော်ကျူးခဲ့ကြသည်။ ၁၈၃၅ ခုနှစ်တွင် အုပ်ရေတစ်ထောင် ပုံနှိပ်ခဲ့သည်။ သို့သော် ၎င်းတို့ကို တရုတ်နိုင်ငံသို့သယ်ဆောင်သွားပြီး ဖြန့်ဝေလိုသော ဘောရိုး၏ရည်မှန်းချက်မှာ ပျက်စီးသွားသည်။ ရုရှားအစိုးရသည် မိမိတို့၏အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ရှိထားသည့်ချစ်ကြည်ရေးကို ထိခိုက်စေနိုင်သည့် ခရစ်ယာန်သာသနာပြုလုပ်ငန်းအဖြစ် ရှုမြင်ခံရမည်ကိုစိုးရိမ်၍ “မန်ချူးကျမ်းစာတစ်အုပ်” ပါလျှင် တရုတ်ပြည်နယ်စပ်သို့ ဘောရိုးအား သွားခွင့်မပြုဟုတားမြစ်ခဲ့၏။

နောက်ဆယ်နှစ်အကြာတွင် စောင်ရေအနည်းငယ် ဖြန့်ချိနိုင်ခဲ့ပြီး ၁၈၅၉ ခုနှစ်တွင် မန်ချူးနှင့် တရုတ်ဘာသာတို့ဖြင့် ယှဉ်တွဲဘာသာပြန်ထားသည့် မဿဲနှင့်လုကာခရစ်ဝင်ကျမ်းများ ထွက်လာသည်။ သို့သော် ထိုအချိန်တွင် မန်ချူးစာဖတ်တတ်သူအများစုက တရုတ်စာကို ပိုဖတ်လိုကြရာ မန်ချူးကျမ်းစာအပြည့်အစုံကို ပုံနှိပ်ထုတ်ဝေရန်အလားအလာ မှေးမှိန်သွားလေသည်။ အမှန်မှာ မန်ချူးစကားသည် ကွယ်ပျောက်တော့မည့်ဘာသာစကားဖြစ်၏၊ ယင်းအစား တရုတ်စကားကို အသုံးများလာသည်။ ၁၉၁၂ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံဖြစ်လာသည့်အခါ တရုတ်စကားကိုသာ အသုံးပြုကြလေသည်။

အိုင်ဘီးရီးယန်းကျွန်းဆွယ်

ဂျော့ဂ်ျဘောရိုးသည် သူ၏အတွေ့အကြုံများကြောင့် အားရလာကာ လန်ဒန်သို့ပြန်လာခဲ့သည်။ ၁၈၃၅ ခုနှစ်တွင် ပေါ်တူဂီနှင့် စပိန်နိုင်ငံများ၌ အမှုဆောင်ရန် သူတာဝန်ခန့်အပ်ခံခဲ့ရ၏၊ “လူတို့သည် ခရစ်ယာန်အမှန်တရားကိုလက်ခံလိုစိတ် မည်မျှရှိကြောင်း စုံစမ်းရန်ဖြစ်သည်” ဟု နောက်ပိုင်းတွင် သူပြောပြသည်။ ထိုအချိန်က ၎င်းနိုင်ငံနှစ်ခုစလုံးသည် နိုင်ငံရေးနှင့် လူမှုရေးမငြိမ်မသက်မှုတို့ကြောင့် အများစုသည် ဗြိတိသျှနှင့် နိုင်ငံခြားကျမ်းစာအသင်း လက်လှမ်းမမီခဲ့သည့်နေရာဖြစ်သည်။ ဘောရိုးသည် ပေါ်တူဂီကျေးလက်များရှိ လူတို့နှင့် ကျမ်းစာအကြောင်းပြောဆိုခွင့် အမြဲရှာယူသော်လည်း ဘာသာရေးလျစ်လျူရှုမှုနှင့် စိတ်မဝင်စားမှုတို့ကို အချိန်တိုလေးအတွင်း အကဲခတ်မိရာ စပိန်နိုင်ငံသို့ အာရုံပြောင်းပြီး ထွက်ခွာသွားလေသည်။

စပိန်နိုင်ငံတွင် အခြားစိန်ခေါ်ချက်တစ်မျိုးကို ရင်ဆိုင်ခဲ့ရသည်၊ အထူးသဖြင့် ဂျစ်ပစီလူမျိုးတို့နှင့်ပတ်သက်၍ဖြစ်သည်၊ ဘောရိုးသည် သူတို့စကားတတ်သည့်အတွက် ခင်မင်ရင်းနှီးလာသည်။ သူရောက်ရှိပြီးနောက် မကြာမီတွင် “ဓမ္မသစ်ကျမ်း” ကို စပိန်ဂျစ်ပစီဘာသာစကား ဂီတေနိုသို့ စတင်ဘာသာပြန်ခဲ့ သည်။ ဤလုပ်ငန်းကြီးတွင် ဂျစ်ပစီအမျိုးသမီးနှစ်ဦးကို ခေါ်ဖိတ်ပြီး ကူညီစေခဲ့သည်။ သူသည် စပိန်ဘာသာပြန်ကျမ်းကို ဖတ်ပြပြီး သူတို့အား ဘာသာပြန်ဆိုစေခဲ့သည်။ ဤနည်းဖြင့် သူသည် ဂျစ်ပစီဓလေ့သုံးစကားများကို မှန်ကန်စွာအသုံးပြုတတ်လာသည်။ ဤကြိုးစားအားထုတ်မှုကြောင့် ၁၈၃၈ ခုနှစ် နွေဦးတွင် လုကာခရစ်ဝင်ကျမ်းကို ထုတ်ဝေနိုင်ခဲ့ရာ ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးက “ဂျစ်ပစီဘာသာစကားနဲ့ စပိန်တစ်နိုင်ငံလုံးကို သူ့ဘာသာဝင်တွေ ဖြစ်စေတော့မယ်” ဟုကောက်ချက်ချရသည့်အထိ ဖြစ်စေခဲ့သည်။

ဂျော့ဂ်ျဘောရိုးသည် “ကျမ်းစာကို ဘာစ်ခ် ဘာသာစကားသို့ ပြန်ဆိုနိုင်မည့် အရည်အချင်းပြည့်မီသူတစ်ဦးကို” ရှာဖွေရန် တာဝန်ရထားသည်။ ထိုတာဝန်ကို ဒေါက်တာ အော်တီဇာအား ပေးခဲ့သည်၊ ၎င်းဆရာဝန်သည် “ကျွန်တော်ကိုယ်တိုင် အနည်းအကျဉ်းတတ်သည့် ဒေသန္တရစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သူ” ဖြစ်သည်ဟု ဘောရိုးရေးသားခဲ့သည်။ ၁၈၃၈ ခုနှစ်တွင် လုကာခရစ်ဝင်ကျမ်းကို စပိန်ဘာစ်ခ် ဘာသာစကားသို့ ပြန်ဆိုထားသည့် ပထမဆုံးကျမ်းစာ ထွက်လာခဲ့သည်။

ဘောရိုးသည် သာမန်လူတန်းစားများကို အလင်းပေးလိုသောဆန္ဒကြောင့် ကျေးလက်တောရွာ ဆင်းရဲသားများအား ကျမ်းစာအုပ်များဖြန့်ဝေပေးနိုင်ရန် အန္တရာယ်ထူပြောသည့်နေရာများသို့ အကြိမ်ကြိမ်ခရီးထွက်ခဲ့သည်။ သူသည် လူတို့အား ဘာသာရေးအသိပညာမရှိခြင်းနှင့် အယူသီးခြင်းတို့မှ လွတ်မြောက်စေလို၏။ ဥပမာ၊ အပြစ်ဖြေခြင်း၏ အကျိုးမရှိပုံကို ထုတ်ဖော်ပြရန် ဤသို့စဉ်းစားဆင်ခြင်စေသည်– “အလွန်ကောင်းမြတ်တဲ့ ဘုရားသခင်က အပြစ်အရောင်းအဝယ်လုပ်တာကို သဘောတူပါ့မလား။” သို့သော် ကျမ်းစာအသင်းသည် အများလက်ခံထားသည့် ယုံကြည်ချက်များကို ပုတ်ခတ်ပြောဆိုခြင်းဖြင့် မိမိတို့၏လုပ်ဆောင်ချက်များ ပိတ်ပင်ခံရနိုင်သည်ကို စိုးရိမ်ပြီး ကျမ်းစာဖြန့်ဝေခြင်းတစ်ခုတည်းကိုသာ အာရုံစိုက်ရန် သူ့ကိုညွှန်ကြားလေသည်။

ဘောရိုးသည် ရိုမန်ကက်သလစ်အယူဝါဒမှတ်ချက်များ မပါဘဲ အယ်လ်နူဗိုတက်စ်တာမဲန်တို စပိန်ဓမ္မသစ်ကျမ်းကို ပုံနှိပ်ထုတ်ဝေရန် နှုတ်မိန့်ရရှိခဲ့သည်။ ထိုဘာသာပြန်ကျမ်းကို အန္တရာယ်ရှိပြီး “မသင့်လျော်သည့်စာအုပ်” ဟုဝန်ကြီးချုပ်ကပြောပြီး အစပိုင်းတွင် ခွင့်ပြုချက်မပေးလိုသည့်ကြားမှ ရရှိခဲ့ခြင်းဖြစ်၏။ ၎င်းနောက် ဘောရိုးသည် ဤစပိန်ဓမ္မသစ်ကျမ်းကို ရောင်းချရန် မက်ဒရစ်မြို့တွင် စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ခဲ့၏၊ ယင်းကြောင့် ဘာသာရေးနှင့် လောကအာဏာပိုင်တို့၏ဆန့်ကျင်မှုကို ခံခဲ့ရသည်။ သို့ဖြစ်၍ ၁၂ ရက်ထောင်ကျခဲ့သည်။ ဘောရိုးသည် ကန့်ကွက်ခဲ့သောအခါ အေးအေးဆေးဆေးထွက်သွားရန် သူ့အားဆိုခဲ့သည်။ သူ့ကိုထောင်ချခြင်းသည် တရားမဝင်ကြောင်း ကောင်းစွာသိရှိထားရာ တမန်တော်ပေါလု၏ဥပမာကို သူတင်ပြပြီး မိမိနာမည်တွင် အမည်းစက်မရှိ၊ အပြစ်မရှိကြောင်း မချမှတ်မချင်း မထွက်သွားဟု ဆုံးဖြတ်ခဲ့သည်။—တမန်တော် ၁၆:၃၇။

စိတ်အားထက်သန်သည့်တမန်သည် ၁၈၄၀ ပြည့်နှစ်တွင် စပိန်နိုင်ငံမှထွက်ခွာခဲ့ချိန်တွင် ကျမ်းစာအသင်းသည် ဤသို့သတင်းပို့နိုင်ခဲ့သည်– “လွန်ခဲ့သောငါးနှစ်အတွင်း စပိန်နိုင်ငံတွင် ကျမ်းစာအုပ်ပေါင်း ၁၄,၀၀၀ နီးပါး ဖြန့်ချိရောင်းချနိုင်ခဲ့ပြီ။” ယင်းတွင် အဓိကအခန်းကဏ္ဍမှ ဘောရိုးပါဝင်ခဲ့ရသဖြင့် သူ၏စပိန်အတွေ့အကြုံတို့ကို “ကျွန်တော့်ဘဝ၏ အပျော်ရွှင်ဆုံးနှစ်များ” ဟုအတိုချုပ်ဖော်ပြပြောဆိုနိုင်ခဲ့သည်။

၁၈၄၂ ခုနှစ်တွင် ပထမဆုံးအကြိမ်ပုံနှိပ်ခဲ့သည့် စပိန်တွင်သမ္မာကျမ်းစာစာအုပ်သည် ယနေ့ထိ ဆက်ပုံနှိပ်လျက်ရှိ၏၊ ဤစာအုပ်တွင် ဂျော့ဂ်ျဘောရိုး၏ခရီးစဉ်နှင့် စွန့်စားခန်းများကို ကွင်းကွင်းကွက်ကွက်ဖော်ပြထားသည်။ ဤစာအုပ်သည် ချက်ချင်း အရောင်းသွက်သည့်စာအုပ်ဖြစ်လာပြီး ထိုတွင် သူက မိမိကိုယ်ကို “သတင်းကောင်းပျံ့နှံ့စေသည့် ခရီးသည်” ဟုအမည်ပေးထားသည်။ သူဤသို့ရေးခဲ့သည်– “လမ်းကြမ်း၍ ရောက်ခဲသည့် တောင်ကုန်းတောင်တန်းများကြားမှ လျှိုမြောင်များသို့ သွားရောက်လည်ပတ်ပြီး ထိုတွင်နေထိုင်သူတို့ကို ခရစ်တော်အကြောင်း ကျွန်တော့်နည်း၊ ကျွန်တော့်ဟန်ဖြင့်ပြောပြရန် ရည်မှန်းထားသည်။”

ဤမျှစိတ်အားထက်သန်စွာ သမ္မာကျမ်းစာကိုဖြန့်ဖြူး၍ ဘာသာပြန်ခဲ့ခြင်းဖြင့် ဂျော့ဂ်ျဘောရိုးသည် အခြားသူများအတွက် အမှန်တန်ဖိုးရှိသည့်အခွင့်ထူးကို အုတ်မြစ်ချပေးခဲ့ပါသည်။

[စာမျက်နှာ ၂၉ ပါ မြေပုံ]

(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သမ္မာကျမ်းစာကို ဘာသာပြန်ပြီးဖြန့်ဖြူးရန် ဂျော့ဂ်ျဘောရိုး၏ ကြိုးစားအားထုတ်မှုများက သူ့အား (၁) အင်္ဂလန်နိုင်ငံမှ (၂) ရုရှားနိုင်ငံ (၃) ပေါ်တူဂီနိုင်ငံ (၄) စပိန်နိုင်ငံသို့ ရောက်ရှိစေခဲ့

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၁၈၃၅ ခုနှစ်တွင် ပုံနှိပ်ခဲ့သည့် မန်ချူးဘာသာစကားဖြင့် ယောဟန်ခရစ်ဝင်ကျမ်း၏ အဖွင့်စကားများကို အောက်ဘက်သို့ လက်ဝဲမှလက်ယာဖတ်ရ

[Credit Line]

From the book The Bible of Every Land, 1860

[Picture Credit Line on page 27]

From the book The Life of George Borrow by Clement K. Shorter, 1919

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ