အလယ်ခေတ်က စပိန်နိုင်ငံမှာ ဘုရားသခင့်စကားတော်ကို လူသိများလာ
“စပိန်ပြည်သို့ ငါသွားသောအခါ ထိုလမ်းခရီးတွင် သင်တို့နှင့်တွေ့၍ ကျေနပ်သည့်အထိ သင်တို့နှင့်ပေါင်းသင်းပြီးမှ လိုက်လံပို့ဆောင်ပေးကြမည်ဟု ငါမျှော်လင့်၏။”—ရောမ ၁၅:၂၄။
ဒီစကားတွေကို ခရစ်နှစ် ၅၆ မှာ ကျမ်းရေးသူပေါလုက ရောမမြို့မှာရှိတဲ့ ခရစ်ယာန်တွေဆီ ရေးသားခဲ့တာဖြစ်ပါတယ်။ စပိန်ကို ပေါလု တကယ် သွားမသွားဆိုတာကိုတော့ ကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ပေါလုနဲ့ တခြားခရစ်ယာန်သာသနာပြုတွေရဲ့ ကြိုးစားမှုကြောင့် ဘုရားသခင့်စကားတော် သမ္မာကျမ်းစာမှာပါတဲ့ သတင်းကောင်းဟာ ၂ ရာစုမှာ စပိန်ကို ရောက်ရှိခဲ့ပါတယ်။
စပိန်နိုင်ငံတစ်ဝန်းမှာ အချိန်တိုအတွင်း ခရစ်ယာန်တွေ တိုးများလာတယ်။ ဒါကြောင့် သူတို့အတွက် သမ္မာကျမ်းစာကို လက်တင်စကားနဲ့ ပြန်ဆိုဖို့ လိုအပ်လာတယ်။ ဘာကြောင့်လဲဆိုတော့ ၂ ရာစုတုန်းက စပိန်ဟာ ရောမလက်အောက်ခံဖြစ်နေပြီး ရောမအင်ပါယာတစ်လျှောက်မှာ လက်တင်စကားဟာ အများသုံးစကားဖြစ်လာလို့ပါ။
လက်တင်ကျမ်းစာက လိုအပ်ချက်ကို ဖြည့်ဆည်း
ရှေးခေတ်စပိန်ခရစ်ယာန်တွေဟာ လက်တင်ဘာသာပြန်ကျမ်းတချို့ကို ထုတ်ဝေခဲ့ကြတယ်။ အဲဒါတွေအားလုံးကိုစုပြီး ဝီတပ်စ် လေတီနာ ဟစ်ပါနာ ဘာသာပြန်ကျမ်းလို့ခေါ်တယ်။ အဲဒီလက်တင်ကျမ်းစာတွေကို ဗားဂိတ်ကျမ်း မထွက်ခင် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြတယ်။ နာမည်ကြီး လက်တင်ဗားဂိတ်ကျမ်းကို ငါးရာစုအစောပိုင်းက ဂျရုမ်း ပြန်ဆိုခဲ့တာဖြစ်တယ်။
ပါလက်စတိုင်းနိုင်ငံ၊ ဘက်သလီဟင်မြို့မှာ ပြန်ဆိုပြီးစီးခဲ့တဲ့ ဂျရုမ်းရဲ့ ဘာသာပြန်ကျမ်းဟာ စပိန်ကို အလျင်အမြန်ပဲ ရောက်သွားတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဂျရုမ်းက ကျမ်းစာကို လက်တင်ဘာသာနဲ့ ပြန်ဆိုနေတယ်ဆိုတာ ချမ်းသာကြွယ်ဝတဲ့ ကျမ်းစာလေ့လာနေသူ လူစီနီးယပ်စ် ကြားတဲ့အခါ အဲဒီဘာသာပြန်ကျမ်းကို အမြန်ဆုံး ရချင်ခဲ့တယ်။ ဒါနဲ့ ဘက်သလီဟင်မြို့ကို စာရေးခြောက်ယောက်လွှတ်လိုက်တယ်။ အဲဒီကျမ်းကို ကူးပြီး စပိန်ကို ယူလာခိုင်းတယ်။ နောက်ပိုင်းရာစုနှစ်တွေမှာ ဗားဂိတ်ကျမ်းက ဝီတပ်စ် လေတီနာ ဟစ်ပါနာကျမ်းကို တဖြည်းဖြည်း အစားထိုးနေရာယူသွားတယ်။ အဲဒီလက်တင်ဘာသာပြန်ကျမ်းတွေကြောင့် စပိန်မှာရှိတဲ့လူတွေဟာ ကျမ်းစာကိုဖတ်နိုင်၊ ကျမ်းစာပါ သတင်းစကားတွေကို နားလည်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ရောမအင်ပါယာ ကျဆုံးသွားတဲ့အခါ ကျမ်းစာကို တခြားဘာသာစကားတွေနဲ့ ပြန်ဆိုဖို့ လိုအပ်လာတယ်။
သင်ပုန်းကျောက်ပေါ်က သမ္မာကျမ်းစာ
ငါးရာစုလောက်မှာ ဗစ်ဇဂေါ့သ်အမျိုးအနွယ်နဲ့ တခြားဂျာမန်အမျိုးအနွယ်တွေဟာ စပိန်ကို ကျူးကျော်ခဲ့တဲ့အတွက် စပိန်ကျွန်းဆွယ်မှာ ဂေါသစ်ဘာသာစကားကို အသုံးပြုလာကြတယ်။ ကျူးကျော်သူတွေဟာ သုံးပါးပေါင်းတစ်ဆူ သွန်သင်ချက်ကို လက်မခံတဲ့ အေရီယန်ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြတယ်။ သူတို့ရဲ့ အဲလ်ဖလပ်စ် ဂေါသစ်ဘာသာပြန်ကျမ်းကိုလည်း ယူလာကြတယ်။ ဗစ်ဇဂေါ့သ်ဘုရင် ရေကာရက်ဟာ အေရီယန်သွန်သင်ချက်ကို စွန့်ပစ်ပြီး ကက်သလစ်ဘာသာ ပြောင်းလာတဲ့ ၆ ရာစုအကုန်ပိုင်းလောက်အထိ အဲဒီကျမ်းကို စပိန်မှာ အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ အဲဒီဘုရင်ကိုယ်တိုင်က အေရီယန်စာအုပ်တွေကို လိုက်သိမ်းပြီး ဖျက်ဆီးခိုင်းတယ်။ အဲဒီထဲမှာ အဲလ်ဖလပ်စ်ကျမ်းစာလည်း ပါသွားတယ်။ ဒီလိုနဲ့ ဂေါသစ် စာပေတွေဟာ စပိန်ကနေ ပျောက်ကွယ်သွားပါတော့တယ်။
၆ ရာစုက လက်တင်စကားနဲ့ ကျမ်းစာသားတွေကို ရေးထားတဲ့ သင်ပုန်းကျောက်ပြား
ဒါပေမဲ့ ဘုရားသခင့်စကားတော်က စပိန်မှာ ဆက်ပျံ့နှံ့ခဲ့တယ်။ စပိန်မှာ ဂေါသစ်စကားအပြင် လက်တင်စကားတစ်မျိုးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပါတယ်။ အဲဒီစကားကနေ အိုင်ဘီးရီးယန်းကျွန်းဆွယ်မှာ အသုံးပြုနေကြတဲ့ ရောမဘာသာစကားတွေ ပေါ်ပေါက်လာတယ်။a အဲဒီလက်တင်စကားနဲ့ ရေးသားတဲ့ ရှေးအကျဆုံး လက်ရေးစာကို သင်ပုန်းကျောက် အပိုင်းအစပေါ်မှာ ရေးသားထားလို့ ဝီစီဂေါသစ် သင်ပုန်းစာလို့ ခေါ်ကြတယ်။ ၆ ရာစုနဲ့ ၇ ရာစုလောက်က ရေးသားခဲ့တဲ့ သင်ပုန်းစာတချို့မှာ ဆာလံကျမ်းနဲ့ ခရစ်ဝင်ကျမ်းက ကျမ်းပိုဒ်တွေကို တွေ့နိုင်တယ်။ သင်ပုန်းကျောက်ပြား တစ်ခုမှာဆိုရင် ဆာလံကျမ်းအခန်းကြီး ၁၆ တစ်ခုလုံးကို တွေ့ရတယ်။
သင်ပုန်းကျောက်တွေမှာ ကျမ်းစကားတွေ ရှိနေတာကိုကြည့်ရင် အဲဒီအချိန်က သာမန်လူတွေဟာ ဘုရားသခင့်စကားတော်ကို ဖတ်ရှု၊ ကူးယူခဲ့ကြတယ်ဆိုတာ သိနိုင်တယ်။ ဆရာတွေကလည်း တပည့်တွေကို အရေးအဖတ် သင်ကြားတဲ့အခါမှာ ကျမ်းစာသားတွေကို အသုံးပြုခဲ့တယ်ဆိုတာ ထင်ရှားတယ်။ သင်ပုန်းကျောက်တွေက ဈေးပေါတဲ့ စာရေးကိရိယာ ဖြစ်တယ်။ ဒါပေမဲ့ အလယ်ခေတ်က ဘုရားကျောင်းကြီးတွေမှာတော့ သရုပ်ဖော်ပုံတွေပါတဲ့ ကျမ်းစာတွေကို ထုတ်ဝေဖို့ ဈေးကြီးတဲ့ သားရေပုရပိုက်တွေကို အသုံးပြုခဲ့ကြတယ်။
သရုပ်ဖော်ပုံအများဆုံးပါတဲ့ လေအောန်ကျမ်းစာအုပ်ထဲက ပုံတစ်ပုံ။ အဲဒီကျမ်းစာအုပ်တွေဟာ အရမ်းတန်ဖိုးကြီး ပေမဲ့ ဘုရားသခင့်စကားတော်ကို လူတွေဆီရောက်ရှိဖို့တော့ ဘာမှ အထောက်အကူ မပေးခဲ့
သရုပ်ဖော်ပုံတွေပါပြီး အလွန့်အလွန် တန်ဖိုးကြီးတဲ့ ကျမ်းစာအုပ်တစ်အုပ်ကို စပိန်နိုင်ငံ၊ လေအောန်မြို့က ဆန် အီဆီဒိုရို ဘုရားကျောင်းမှာ သိမ်းထားပါတယ်။ ၉၆၀ ပြည့်နှစ်က ရေးသားခဲ့တဲ့ အဲဒီကျမ်းစာအုပ်မှာ အရှည် ၁၈ လက်မ၊ အကျယ် ၁၃ လက်မရှိတဲ့ စာရွက်ရေ ၅၁၆ ရွက်ပါတယ်။ အဲဒီကျမ်းစာအုပ်က ပေါင် ၄၀ လောက် လေးတယ်။ တန်ဖိုးကြီးတဲ့ နောက်ကျမ်းစာအုပ်တစ်အုပ်ကတော့ ၁၀၂၀ ခုနှစ်မှာ ရေးသားခဲ့တဲ့ ရီပေါလ်လို့ခေါ်တဲ့ ကျမ်းစာအုပ်ဖြစ်ပြီး ဗက်တီကင်မြို့မှာရှိတဲ့ ပြတိုက်မှာ သိမ်းထားတယ်။ အဲဒီကျမ်းစာအုပ်က အလယ်ခေတ်မှာ သရုပ်ဖော်ပုံအများဆုံးပါတဲ့ ကျမ်းစာအုပ်ဖြစ်တယ်။ လက်ရာမြောက်တဲ့ အဲဒီကျမ်းစာအုပ်ထွက်လာဖို့ ဘုန်းတော်ကြီးတစ်ပါးဟာ အစ စကားလုံးတစ်လုံးကို တစ်ရက်လောက် အချိန်ယူရေးသားရမှာဖြစ်ပြီး ခေါင်းစီးစာမျက်နှာကို ရေးသားဖို့ တစ်ပတ်လောက် အချိန်ယူခဲ့ရပါလိမ့်မယ်။ အဲဒီကျမ်းစာအုပ်တွေဟာ အရမ်းတန်ဖိုးကြီးပေမဲ့ ဘုရားသခင့်စကားတော်မှာပါတဲ့ သတင်းစကားကို လူတွေဆီ ရောက်ရှိဖို့တော့ ဘာမှအထောက်အကူ မပေးခဲ့ပါဘူး။
အာရပ်စကားနဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာ
ရှစ်ရာစု ရောက်လာတဲ့အခါ စပိန်ကျွန်းဆွယ်ကို အစ္စလာမ်တွေ ဝင်ရောက်ကျူးကျော်တဲ့အတွက် အဲဒီမှာ ဘာသာစကားအသစ်တစ်မျိုး အသုံးတွင်လာပြန်တယ်။ အစ္စလာမ်တွေ သိမ်းပိုက်ခဲ့တဲ့ နေရာတွေမှာ အာရပ်စကားက လက်တင်စကားနေရာကို အစားထိုး ဝင်ရောက်လာတဲ့အတွက် ကျမ်းစာကို အာရပ်စကားနဲ့ ပြန်ဆိုဖို့ လိုအပ်လာတယ်။
၅ ရာစုကနေ ၈ ရာစုမှာ ကျမ်းစာကို လက်တင်စကား၊ အာရပ်စကားတွေနဲ့ ပြန်ဆိုခဲ့တဲ့အတွက် စပိန်နိုင်ငံသားတွေဟာ ဘုရားသခင့်စကားတော်ကို ဖတ်ရှုနိုင်ခဲ့ကြ
အလယ်ခေတ်စပိန်မှာ အထူးသဖြင့် ခရစ်ဝင်ကျမ်းတွေကို အာရပ်စကားနဲ့ ဘာသာပြန်ထားတဲ့ ကျမ်းအတော်များများ ပေါ်ထွက်ခဲ့တယ်ဆိုတာ သေချာပါတယ်။ ၈ ရာစုလောက်မှာ ဆဗစ်လ်မြို့ရဲ့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ယွမ်က ကျမ်းစာတစ်အုပ်လုံးကို အာရပ်စကားနဲ့ ပြန်ဆိုခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဝမ်းနည်းစရာက အာရပ်ဘာသာပြန်ကျမ်းအများစုက ပျောက်ဆုံးနေတယ်။ ၁၀ ရာစုအလယ်လောက်က အာရပ်ခရစ်ဝင်ကျမ်းတစ်ကျမ်းကို စပိန်နိုင်ငံ လေအောန်မြို့က ဘုရားကျောင်းမှာ သိမ်းဆည်းထားတယ်။
၁၀ ရာစုက အာရပ်စကားနဲ့ ပြန်ဆိုခဲ့တဲ့ ခရစ်ဝင်ကျမ်း
စပိန်ဘာသာပြန်ကျမ်းတွေ ပေါ်ထွက်လာ
အလယ်ခေတ် နှောင်းပိုင်းရောက်တော့ အိုင်ဘီးရီးယန်းကျွန်းမှာ ကတ်စ်တီလီယန်လို့ခေါ်တဲ့ စပိန်စကားကို အသုံးများလာကြတယ်။ ဘုရားသခင့်စကားတော်ကို လူသိများစေဖို့ ဒီဘာသာစကားအသစ်ဟာ အရေးပါလာတယ်။b စပိန်စကားနဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာသားတချို့ကို ၁၃ ရာစု အစောပိုင်းမှာ ရေးသားခဲ့တဲ့ လာ ဖာဆီရန်ဒါ ဒီ အူထရာ မာရ် (ပင်လယ်တစ်ဖက်ကမ်းက လုပ်ဆောင်မှုများ) ဆိုတဲ့စာအုပ်မှာ တွေ့နိုင်တယ်။ အဲဒီစာအုပ်မှာ အစ္စရေးပြည်ခရီးစဉ်အကြောင်း ဖော်ပြထားပြီး ကျမ်းစာရဲ့ပထမကျမ်းငါးကျမ်း၊ ဟေဗြဲ (ဓမ္မဟောင်း) ကျမ်းက တခြားကျမ်းစောင်တွေ၊ ခရစ်ဝင်ကျမ်းတွေနဲ့ တမန်တော်တွေရေးခဲ့တဲ့ကျမ်းတွေထဲက တချို့အပိုင်းတွေကို ဘာသာပြန်ထားတယ်။
၁၀ ယောက်မြောက် ဘုရင်အယ်လ်ဖွန်ဆိုရဲ့ ထောက်ပံ့မှုနဲ့ သမ္မာကျမ်းစာကို စပိန်စကားနဲ့ပြန်ဆိုခဲ့
ကျမ်းစာရဲ့ တချို့အပိုင်းကို ဘာသာပြန်ထားတဲ့ အဲဒီစာအုပ်ကို ချာ့ချ်အာဏာပိုင်တွေက မကြိုက်ကြဘူး။ ဒါကြောင့် ၁၂၃၄ ခုနှစ်၊ စပိန်နိုင်ငံ၊ တာရာဂိုနာမြို့မှာကျင်းပတဲ့ အစည်းအဝေးမှာ ကျမ်းစာအပိုဒ်တွေပါတဲ့ စာအုပ်အားလုံးကို မီးရှို့ပစ်ဖို့ ဒေသခံ ဓမ္မဆရာတွေဆီ အပ်နှံရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ ဝမ်းသာစရာက ဒီအမိန့်ကြောင့် ကျမ်းစာဘာသာပြန်မှုတွေ မရပ်တန့်ခဲ့ပါဘူး။ စပိန်စာအရေးအသားကို စတင်ခဲ့သူလို့ အသိအမှတ်ပြုခံရတဲ့ ၁၀ ယောက်မြောက် ဘုရင်အယ်လ်ဖွန်ဆို (၁၂၅၂-၁၂၈၄) က ကျမ်းစာကို ဒီဘာသာစကားအသစ်နဲ့ ပြန်ဆိုဖို့ ထောက်ပံ့ပေးခဲ့တယ်။ အယ်လ်ဖွန်ဆိုမတိုင်ခင်ကျမ်းစာနဲ့ သူ့နောက် သိပ်မကြာခင်ထွက်လာတဲ့ အယ်လ်ဖွန်ဆိုကျမ်းစာဟာ အဲဒီခေတ်က စပိန်ဘာသာပြန်ကျမ်းတွေဖြစ်ပြီး အယ်လ်ဖွန်ဆိုကျမ်းက အပြည့်စုံဆုံး ဘာသာပြန်ကျမ်းလည်းဖြစ်လာတယ်။
၁၃ ရာစုက အယ်လ်ဖွန်ဆိုမတိုင်ခင်ကျမ်းစာ (ဘယ်ဘက်) နဲ့ အယ်လ်ဖွန်ဆိုကျမ်းစာ (ညာဘက်)
အဲဒီကျမ်းနှစ်ကျမ်းစလုံးက စပိန်စကားအသစ်ကို အသုံးများလာအောင်၊ စကားလုံးကြွယ်ဝလာအောင် လုပ်ပေးခဲ့တယ်။ အယ်လ်ဖွန်ဆိုမတိုင်ခင်ကျမ်းစာနဲ့ပတ်သက်ပြီး ပညာရှင် သောမတ် မွန်ဂိုမီရာက ခုလိုဆိုတယ်– “ဒီကျမ်းကို တိကျမှန်ကန်ပြီး ရိုးရိုးရှင်းရှင်း ပြန်ဆိုသွားနိုင်တဲ့အတွက် ဘာသာပြန်ခဲ့သူကို လေးစားထိုက်ပါတယ်။ . . . ရိုးရိုးရှင်းရှင်း ဘာသာပြန်သွားတဲ့အတွက် အဲဒီကျမ်းကို လက်တင်စကားမတတ်တဲ့သူတွေ ဖတ်ပြီး နားလည်နိုင်ကြတယ်။”
ဒါပေမဲ့ အရင်က စပိန်ဘာသာပြန်ကျမ်းတွေဟာ မူရင်းကျမ်းတွေကနေ ပြန်ထားတာမဟုတ်ဘဲ လက်တင် ဗားဂိလ်ကျမ်းကနေ ပြန်ထားတာတွေ ဖြစ်တယ်။ ၁၄ ရာစုကနေစပြီး ဂျူးကျမ်းပညာရှင်တွေဟာ ဟေဗြဲ (ဓမ္မဟောင်း) ကျမ်းတချို့ကို မူရင်းဟေဗြဲကျမ်းတွေကနေ စပိန်လို ပြန်ဆိုခဲ့ကြတယ်။ အဲဒီအချိန်က စပိန်နိုင်ငံဟာ ဥရောပမှာ ဂျူးလူမျိုး အများဆုံးနေထိုင်တဲ့ နိုင်ငံဖြစ်တယ်။ ဂျူးလူမျိုး ဘာသာပြန်သူတွေဟာ ပိုတိကျတဲ့ မူရင်းဟေဗြဲကျမ်းတွေကို အလွယ်တကူ ရရှိနိုင်ကြတယ်။c
အထူးထင်ရှားတဲ့ ကျမ်းတစ်ကျမ်းကတော့ ၁၅ ရာစုမှာ ပြီးစီးခဲ့တဲ့ အယ်လ်ဘာ ဘာသာပြန်ကျမ်းဖြစ်တယ်။ ဂုဏ်အသရေရှိပြီး ထင်ရှားတဲ့ စပိန်လူမျိုး လူအီစ် ဒါ ဂူစ်မဲန်က ဂျူးရဗ္ဗိဆရာ မွိုက်စက်စ် အာရာကယ်လ်ကို ကတ်စ်တီလီယန်စကားနဲ့ ကျမ်းစာကို ဘာသာပြန်ခိုင်းတယ်။ အဲဒီလိုလုပ်ရတဲ့ အကြောင်းနှစ်ခုကို သူ ဖော်ပြခဲ့တယ်။ တစ်ခုက “အခုရှိနေတဲ့ ရောမဘာသာပြန်ကျမ်းတွေက မတိကျဘူး။” ဒုတိယတစ်ခုက “နားမလည်နိုင်တဲ့ စာပိုဒ်တွေအတွက် ရှင်းပြချက်ထည့်သွင်းထားတဲ့ ကျမ်းစာ လိုအပ်တယ်။” သူ့ဖော်ပြချက်တွေကို ကြည့်တဲ့အခါ အဲဒီခေတ်ကလူတွေဟာ ကျမ်းစာကို ဖတ်ရှုဖို့၊ နားလည်သဘောပေါက်ဖို့ တော်တော်လေး စိတ်ဝင်စားခဲ့ကြတယ်ဆိုတာ သိနိုင်တယ်။ အဲဒီအပြင် ဒေသသုံးစကားနဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာတွေဟာ စပိန်နိုင်ငံမှာ ရှိနှင့်ပြီးသားဆိုတာကိုလည်း သိနိုင်တယ်။
အလယ်ခေတ်က ဘာသာပြန်သူတွေနဲ့ စာကူးသူတွေကြောင့် စပိန်မှာရှိတဲ့ ပညာတတ်လူတန်းစားဟာ အခက်အခဲ ကြီးကြီးမားမားမကြုံရဘဲ ကျမ်းစာကို ကိုယ်ပိုင်ဘာသာစကားနဲ့ ဖတ်နိုင်ခဲ့ကြတယ်။ ရလဒ်ကတော့ သမိုင်းဆရာ ယွမ် အော့စ် ဂွန်ဇာလက် သတိပြုမိခဲ့သလို “လူသာခေတ်မတိုင်ခင်မှာ စပိန်နိုင်ငံသားတွေဟာ ဂျာမနီနဲ့ အင်္ဂလန်နိုင်ငံသားတွေထက် ကျမ်းစာအကြောင်း ပိုသိခဲ့ကြတယ်။”
“လူသာခေတ်မတိုင်ခင်မှာ စပိန်နိုင်ငံသားတွေဟာ ဂျာမနီနဲ့ အင်္ဂလန်နိုင်ငံသားတွေထက် ကျမ်းစာအကြောင်း ပိုသိခဲ့ကြတယ်။” —သမိုင်းဆရာ ယွမ် အော့စ် ဂွန်ဇာလက်။
တစ်ဆယ့်ငါးရာစု အကုန်ပိုင်း ရောက်လာတဲ့အခါမှာတော့ စပိန်တရားရုံးက ဒေသသုံး ဘာသာစကားနဲ့ ကျမ်းစာကို ဘာသာပြန်ခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်းကို တားမြစ်ခဲ့တယ်။ အဲဒီနောက် စပိန်နိုင်ငံမှာ ကျမ်းစာကို ရာစုနှစ် သုံးခုလောက်ကြာအောင် ပိတ်ပင်ထားခဲ့ပါတယ်။ သတ္တိရှိတဲ့ ဘာသာပြန်သူတချို့ဟာ ပိတ်ပင်ထားတဲ့ကြားက ကျမ်းစာကို တခြားနိုင်ငံမှာ စပိန်စကားနဲ့ ဘာသာပြန်ခဲ့ပြီး စပိန်နိုင်ငံကို ခိုးသွင်းခဲ့ကြတယ်။d
အလယ်ခေတ်က စပိန်နိုင်ငံရဲ့ ကျမ်းစာသမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ ဆန့်ကျင်သူတွေက ဘုရားသခင့်စကားတော် ပျောက်သွားအောင် နည်းအမျိုးမျိုးနဲ့ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ တန်ခိုးအကြီးဆုံးအရှင်ရဲ့ စကားတော် လုံးဝပပျောက်သွားအောင် သူတို့ မလုပ်နိုင်ခဲ့ကြပါဘူး။—ဆာလံ ၈၃:၁; ၉၄:၂၀။
ကျမ်းပညာရှင်တော်တော်များများရဲ့ ကြိုးစားလုပ်ဆောင်မှုကြောင့် အလယ်ခေတ်က စပိန်နိုင်ငံမှာ သမ္မာကျမ်းစာကို လူသိများလာကြတယ်။ သမ္မာကျမ်းစာကို လက်တင်၊ ဂေါသစ်၊ အာရပ်အပြင် စပိန်စကားတွေနဲ့ ပြန်ဆိုခဲ့ကြတဲ့ ကျမ်းစာဘာသာပြန်သူတွေရဲ့ ပုံနမူနာကို ဒီနေ့ခေတ် ဘာသာပြန်သူတွေ လိုက်လျှောက်နေပါတယ်။ ဒါကြောင့်လည်း ဒီနေ့အချိန် စပိန်စကားပြောသူ သန်းပေါင်းများစွာဟာ သမ္မာကျမ်းစာကို သူတို့နားလည်တဲ့ ဘာသာစကားနဲ့ ဖတ်ရှုနိုင်ကြပါတယ်။
a အဲဒီဘာသာစကားတွေထဲမှာ ကတ်စ်တီလီယန်၊ ကက်တလန်၊ ဂလေရှန်နဲ့ ပေါ်တူဂီစကားတွေ ပါတယ်။
b ဒီနေ့ချိန်မှာ စပိန်စကားကို လူသန်းပေါင်း ၅၄၀ လောက် အသုံးပြုနေကြပါတယ်။
c ၂၀၁၁၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် ပါ “ဘုရားသခင့်နာမည်နဲ့ တိကျတဲ့ကျမ်းစာသားကို ရှာပုံတော်ဖွင့်ခဲ့တဲ့ အယ်လ်ဖွန်ဆို သယ် သာမိုရာ” ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။
d ၁၉၉၆၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် ပါ “စပိန်သမ္မာကျမ်းစာအတွက် ကာစီအိုဒိုရို ဒယ် ရေနာ၏ အားထုတ်မှု” ဆိုတဲ့ ဆောင်းပါးကို ကြည့်ပါ။