ဘဝအတ္ထုပ္ပတ္တိ
“ယခုဘဝ” အပြည့်အဝ ပျော်ရွှင်ခြင်း!
တက်ဒ် ဘက်ကင်ဟမ် ပြောပြသည်
ကျွန်တော် အချိန်ပြည့်အမှုဆောင်တာ ခြောက်နှစ်ရှိခဲ့ပြီး အိမ်ထောင်သက် ခြောက်လအချိန်မှာ မမျှော်လင့်ဘဲ ပိုလီယိုရောဂါရခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်မှာဖြစ်ပြီး ကျွန်တော့်အသက် ၂၄ နှစ်ပဲရှိသေးတယ်။ ဆေးရုံတက်နေရတဲ့ ကိုးလမှာ ကျွန်တော့်ဘဝကို ပြန်ပြောင်းစဉ်းစားဖို့ အချိန်အများကြီးရခဲ့တယ်။ ကျွန်တော် မသန်မစွမ်းဖြစ်နေတော့ ကျွန်တော့်ဇနီး ဂျွိုက်စ်နဲ့အတူ ကျွန်တော်တို့ရဲ့ရှေ့ရေးက ဘယ်လိုဖြစ်လာမလဲ။
ဘာသာတရားကို တစ်ခါမှစိတ်မဝင်စားတဲ့ ကျွန်တော့်အဖေဟာ ၁၉၃၈ ခုနှစ်မှာ အစိုးရဆိုတဲ့ စာအုပ်ကိုရလာတယ်။a နိုင်ငံရေးမငြိမ်မသက်၊ စစ်ဖြစ်တော့မယ့်အခြေအနေကြောင့် အဲ့ဒီစာအုပ်ကို အဖေဝယ်လာတာဖြစ်မယ်။ ကျွန်တော်သိသလောက်၊ အဲ့ဒီစာအုပ်ကို အဖေ တစ်ခါမှမဖတ်ဘူး၊ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျွန်တော့်အမေပဲ ဖတ်တယ်။ အဲ့ဒီမှာပါတဲ့သတင်းတရားကို အမေ ချက်ချင်းလက်ခံခဲ့တယ်။ အင်္ဂလီကန်ချာ့ချ်ကနေ အမေနုတ်ထွက်လိုက်တယ်၊ အဖေအတိုက်အခံပြုနေတဲ့ကြားက တည်ကြည်တဲ့ယေဟောဝါသက်သေတစ်ဦး ဖြစ်လာပြီး အမေကွယ်လွန်သွားတဲ့ ၁၉၉၀ ပြည့်နှစ်အထိ တည်ကြည်ခဲ့တယ်။
လန်ဒန်တောင်ဘက်၊ အက်ပ်ဆာမ်မြို့ငယ်က ဘုရားသခင့်နိုင်ငံတော်ခန်းမမှာကျင်းပတဲ့ ခရစ်ယာန်အစည်းအဝေးကို အမေခေါ်သွားတာ ကျွန်တော့်အတွက် ပထမဦးဆုံးပဲ။ စတိုးဆိုင်အဟောင်းတစ်ခုမှာ အသင်းတော်အစည်းအဝေးကျင်းပခဲ့ကြပြီး အဲ့ဒီတုန်းက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ကြီးကြပ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့ ဟောပြောချက်ခွေကို နားထောင်ခဲ့ကြတယ်။ ဒီဟောပြောချက်က ကျွန်တော့်စိတ်ထဲ စွဲမှတ်ကျန်ရစ်ခဲ့တယ်။
လန်ဒန်မြို့ကိုဝင်စီးချိန်မှာ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတော့ အသက်အန္တရာယ်ရှိလာပြီ။ ဒါနဲ့ ၁၉၄၀ ပြည့်နှစ်မှာ လန်ဒန်မြို့အနောက်ဘက်မိုင် ၃၀ မှာရှိတဲ့ ပိုလုံခြုံတဲ့ မေဒဲန်ဟက်ဒ်မြို့လေးကို မိသားစုလိုက်ပြောင်းဖို့ အဖေဆုံးဖြတ်လိုက်တယ်။ အဲ့ဒီမှာရှိတဲ့ အသင်းသားအယောက် ၃၀ ကတကယ်ကို အားပေးတတ်ကြတယ်။ ၁၉၁၇ ခုနှစ်က နှစ်ခြင်းခံခဲ့တဲ့ အမာခံခရစ်ယာန် ဖရက်ဒ် စမစ်သ်က ကျွန်တော့်ကို စိတ်ဝင်စားမှုပြတယ်၊ ပိုပြီးထိထိရောက်ရောက် ဟောပြောတတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ သူ့ရဲ့ပုံသက်သေနဲ့ မေတ္တာပါကူညီမှုအတွက် အခုထိ သူ့ထံမှာ ကျွန်တော် ကြွေးတင်နေဆဲပဲ။
အချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်ခြင်း
ကျွန်တော့်အသက် ၁၅ နှစ်ရှိတဲ့ ၁၉၄၁၊ မတ်လရဲ့ အေးမြတဲ့နေ့တစ်နေ့၊ သိမ်းစ်မြစ်မှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်အစ်ကို ဂျင်မ်က အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူတစ်ဦး ဖြစ်နေပြီ။ သူ့ဇနီးမက်ဂ်ျနဲ့အတူ ဗြိတိန်တစ်ခွင် လှည့်လည်ခဲ့ရတဲ့ တိုက်နယ်၊ ခရိုင်တာဝန်တွေနဲ့ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အချိန်အတော်ကြာ ပါဝင်ခဲ့ပြီးနောက် အခု ဘာမင်ဟမ်မြို့မှာ သူတို့နေထိုင်ကြတယ်။ ကျွန်တော့်ညီမ ရိုဘီနာနဲ့ သူ့ခင်ပွန်း ဖရဲန့်ခ်တို့လည်း တည်ကြည်တဲ့ ယေဟောဝါကျေးကျွန်တွေဖြစ်တယ်။
အဝတ်အစားထုတ်လုပ်တဲ့နေရာမှာ စာရင်းကိုင်လုပ်ခဲ့တယ်။ တစ်နေ့ကျတော့ မန်နေးဂျင်းဒါရိုက်တာက ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်ပြီး ကုမ္ပဏီအတွက် အဝယ်တော်လုပ်ပေးဖို့၊ အဲ့ဒီအလုပ်က ကျွန်တော့်အတွက် တိုးတက်မှုရှိမယ်လို့ ပြောတယ်။ ဒါပေမဲ့ အစ်ကိုရဲ့ပုံသက်သေကိုလိုက်ဖို့ ကျွန်တော်စဉ်းစားနေတဲ့အတွက် အလုပ်ရှင်ရဲ့ကမ်းလှမ်းချက်ကို ငြင်းရတဲ့အကြောင်း တလေးတစားရှင်းပြခဲ့တယ်။ အကျိုးရှိတဲ့ခရစ်ယာန်လုပ်ငန်းမှာ ကျွန်တော်ပါဝင်ချင်တာကို လှိုက်လှိုက်လှဲလှဲ သူချီးမွမ်းလိုက်တာ ကျွန်တော် အံ့သြခဲ့ရတယ်။ ဒါနဲ့ ၁၉၄၄၊ နော်တာမ်တန်ခရိုင်စည်းဝေးကြီးပြီးတာနဲ့ ကျွန်တော် အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူဖြစ်လာတယ်။
ဒက်ဗဲန်ပြည်နယ်၊ အက်စေတာမြို့မှာ ကျွန်တော် ပထမဆုံးတာဝန်ကျတယ်။ အဲ့ဒီတုန်းက ဒီမြို့လေးဟာ စစ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုခံခဲ့ရတာကနေ နာလန်ထူခါစပဲရှိသေးတယ်။ ဖရဲန့်နဲ့ ရုသ် မစ်ဒစ်လ်တန်ဆိုတဲ့ ရှေ့ဆောင်နှစ်ဦးနေတဲ့ တိုက်ခန်းမှာ ကျွန်တော်လည်းနေရတယ်၊ သူတို့က ကျွန်တော့်ကို တကယ်ကြင်နာကြတယ်။ ကျွန်တော့်အသက် ၁၈ နှစ်ပဲရှိသေးတယ်၊ အဝတ်မလျှော်တတ်၊ မချက်ပြုတ်တတ်ပေမဲ့ တဖြည်းဖြည်းတတ်လာတယ်။
ကျွန်တော်နဲ့တွဲခဲ့ရတဲ့ ဟောပြောဖက်က ၁၉၂၀ ပြည့်နှစ်ကတည်းက ဟောပြောခဲ့တဲ့ အိုင်းရစ်လူမျိုး အသက် ၅၀ အရွယ် ဗီခ်တာ ဂဒ်ဖြစ်တယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့၊ သမ္မာကျမ်းစာကို စိတ်ဝင်တစားဖတ်တတ်ဖို့၊ ဘာသာပြန်ကျမ်းအမျိုးမျိုးကို တန်ဖိုးထားတတ်ဖို့ သူသင်ပေးတယ်။ ပုံသွင်းခံနေရတဲ့ အဲ့ဒီနှစ်တွေမှာ ဗီခ်တာရဲ့မြဲမြံတဲ့ ပုံသက်သေဟာ ကျွန်တော့်အတွက် အံကိုက်ပဲ။
ကြားနေခြင်း စိန်ခေါ်ချက်
စစ်က ပြီးခါနီးပြီ၊ ဒါပေမဲ့ အာဏာပိုင်တွေက လူငယ်တွေကို စစ်မှုထမ်းခိုင်းနေတုန်းပဲ။ ၁၉၄၃ ခုနှစ်မှာ မေဒဲန်ဟက်ဒ်မြို့က ခုံရုံးရှေ့ ကျွန်တော် ရောက်သွားပြီး ခရစ်ယာန်အမှုဆောင်တစ်ယောက်အနေနဲ့ ကင်းလွတ်ခွင့်ရဖို့ အမှုစစ်ခံခဲ့တယ်။ ကျွန်တော့်ရဲ့အယူခံဝင်ချက် အပယ်ခံခဲ့ရပေမဲ့ အက်စေတာမြို့ကိုသွားပြီး ကျွန်တော့်ရဲ့ဓမ္မအမှုတာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် အက်စေတာမြို့က ဒေသဆိုင်ရာတရားရုံးကိုလာဖို့ ဆင့်ခေါ်ခံရတယ်။ ကျွန်တော့်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ခြောက်လ ချလိုက်တဲ့အချိန်မှာ တရားသူကြီးက ဒီထက်ပိုပြီး ပြစ်ဒဏ်ချခွင့်မရလိုက်လို့ ဝမ်းနည်းမိတယ်တဲ့။ ထောင်ဒဏ်ခြောက်လခံပြီးတဲ့နောက် နောက်ထပ်လေးလ ထောင်ချပြန်တယ်။
ထောင်ထဲမှာ သက်သေခံဆိုလို့ ကျွန်တော်တစ်ယောက်ပဲရှိတာကြောင့် ထောင်ကြပ်တွေက ကျွန်တော့်ကို ယေဟောဝါလို့ခေါ်ကြတယ်။ အဲ့ဒီနာမည်နဲ့ လူစစ်အခေါ်ခံရတိုင်း ကျွန်တော် ပြန်ထူးရတာ တစ်မျိုးကြီးပဲ၊ ဒါပေမဲ့ နေ့တိုင်း ဘုရားသခင့်နာမတော် ကြေညာတာကို ကြားရတာက အမြတ်ပဲ! အကျဉ်းသားတွေထဲမှာ ကျွန်တော်ပါနေတာဟာ ယေဟောဝါသက်သေအနေနဲ့ ကျွန်တော့်ရဲ့အသိစိတ်ကြောင့်ဆိုတာ သူတို့သိသွားတယ်။ နောက်ပိုင်းမှာ ဒီထောင်ကို နော်မဲန် ကက်စ်တရိုရောက်လာတော့ ကျွန်တော့်နာမည် ပြောင်းသွားပြီး ကျွန်တော်တို့ကို မောရှေနဲ့ အာရုန်လို့ ခေါ်ကြတယ်။
ကျွန်တော့်ကို အက်စေတာထောင်ကနေ ဘရစ္စတိုလ်ထောင်၊ နောက်ဆုံး ဝင်ချက်စတာထောင်ကို ပို့လိုက်တယ်။ အခြေအနေတွေက အဆင်မပြေတာများပေမဲ့ ဟာသဉာဉ်ရှိထားတာ တော်သေးတယ်။ ဝင်ချက်စတာထောင်မှာ သတိရအောက်မေ့ပွဲကို နော်မဲန်နဲ့အတူ ကျင်းပနိုင်ခဲ့တာ ပျော်စရာကောင်းတယ်။ အကျဉ်းထောင်ကို အလည်လာတဲ့ ဖရန်စစ် ကွတ်ခ်က သတိရအောက်မေ့ပွဲ ဟောပြောချက်ပေးတယ်။
စစ်ပြီးကာလ အပြောင်းအလဲများ
၁၉၄၆၊ ဘရစ္စတိုလ်စည်းဝေးကြီးမှာ ကျမ်းစာလေ့လာဖို့ အထောက်အကူဖြစ်စေတဲ့ “ဘုရားသခင်သစ္စာတော်တည်စေသတည်း” စာအုပ်ထုတ်ခဲ့တုန်းက ချစ်စရာကောင်းတဲ့မိန်းကလေး ဂျွိုက်စ် မောရ်နဲ့ ကျွန်တော်တွေ့ဆုံခဲ့ရတယ်၊ သူလည်းပဲ ဒက်ဗဲန်မှာ ရှေ့ဆောင်လုပ်နေတယ်။ ကျွန်တော်တို့နှစ်ယောက် ခင်မင်ရင်းနှီးလာကြပြီး ၁၉၄၇ ခုနှစ်ကတည်းက ကျွန်တော်နေခဲ့တဲ့ တစ်ဗာတန်မြို့မှာ နောက်လေးနှစ်အကြာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ တစ်ပတ်ကို ၁၅ ရှီလင် (ယူ.အက်စ်. ဒေါ်လာ ၁.၁၀) ပေးရတဲ့အခန်းမှာ ငှားနေခဲ့ကြတယ်။ တကယ့်ကိုပျော်စရာကောင်းတယ်!
ဆွဲပိုက်သုံးလှေနဲ့ ငါးဖမ်းနည်းကို စတီထွင်ခဲ့တဲ့ သာယာတဲ့ တောင်ဘက်ပိုင်းဘရိခ်စ်ဟမ်ဆိပ်ကမ်းမြို့ကို ကျွန်တော်တို့လက်ထပ်တဲ့နှစ်မှာပဲ ပြောင်းသွားခဲ့ကြတယ်။ ဒါပေမဲ့ အဲ့ဒီမှာ ကြာကြာတောင် မနေရသေးခင် လန်ဒန်စည်းဝေးကြီးတစ်ခုကိုအသွား ပိုလီယိုရောဂါရသွားပြီး ကျွန်တော် မေ့မြောသွားခဲ့တယ်။ အစပိုင်းမှာပြောထားသလို ကိုးလဆေးရုံတက်ပြီးမှ ဆင်းခွင့်ရခဲ့တယ်။ ညာဘက်လက်နဲ့ ခြေထောက်နှစ်ဖက်စလုံး ဆိုးဆိုးဝါးဝါးထိခိုက်သွားတာ အခုထိပဲ၊ ဒါကြောင့် တုတ်ကောက်နဲ့ လမ်းသွားနေရတယ်။ ကျွန်တော့်ချစ်ဇနီးက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျွန်တော့်ကို အမြဲအားပေးတဲ့ အဖော်ကောင်းဖြစ်ခဲ့တယ်၊ ဓမ္မအမှုမှာလည်း အချိန်ပြည့်ပါဝင်လိုက်သေးတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ယေဟောဝါရဲ့လက်တော်ဟာ ဘယ်တော့မှ မတိုဘူးဆိုတာ ကျွန်တော်သိရတော့မယ်။
နောက်တစ်နှစ်မှာ လန်ဒန်၊ ဝင်ဘိုလ်ဒန်စည်းဝေးပွဲတစ်ခုကို ကျွန်တော်တို့သွားတက်ခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ တုတ်ကောက်မပါဘဲ ကျွန်တော် လမ်းလျှောက်လို့ရနေပြီ။ ဗြိတိန်နိုင်ငံမှာ လုပ်ငန်းကြီးကြပ်နေတဲ့ ပရိုက်စ် ယူးဇ်နဲ့ အဲ့ဒီစည်းဝေးမှာ ကျွန်တော် တွေ့ဆုံခဲ့တယ်။ သူက ကျွန်တော့်ကိုတွေ့တာနဲ့ “တိုက်နယ်လုပ်ငန်းမှာ ခင်ဗျားကို ကျွန်တော်တို့ အသုံးပြုချင်တယ်” တဲ့! ကျွန်တော့်အတွက် ဒီထက်ကောင်းတဲ့ အားပေးမှု မရှိတော့ဘူး! ကျွန်တော့်ကျန်းမာရေးကြောင့် ဖြစ်ပါ့မလားလို့ ဂျွိုက်စ်နဲ့ကျွန်တော် နှစ်ယောက်စလုံး စဉ်းစားမိတယ်၊ ဒါပေမဲ့ တစ်ပတ်ကြာလေ့ကျင့်မှုရပြီး ယေဟောဝါကို အပြည့်အဝယုံကြည်ကိုးစားမှုနဲ့ တိုက်နယ်ကြီးကြပ်မှူးအဖြစ် တာဝန်ကျတဲ့ အင်္ဂလန်အနောက်တောင်ဘက်ကို ကျွန်တော်တို့ ထွက်ခွာလာခဲ့ကြတယ်။ အဲ့ဒီတုန်းက ကျွန်တော့်အသက် ၂၅ နှစ်ပဲရှိသေးတယ်၊ ဒါပေမဲ့ ကျွန်တော့်ကို တအားကူညီပေးခဲ့ကြတဲ့ အဲ့ဒီကသက်သေခံတွေရဲ့ ကြင်နာမှုနဲ့ စိတ်ရှည်မှုကို အခုထိ မေ့လို့မရဘူး။
ကျွန်တော်တို့လုပ်ကိုင်ခဲ့ရတဲ့ သီအိုကရက်တစ်လုပ်ငန်းတွေထဲမှာ အသင်းတော်တွေဆီ လည်ပတ်ရလို့ ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပိုပြီးရင်းနှီးစေတယ်ဆိုတာ ဂျွိုက်စ်နဲ့ ကျွန်တော် သိခဲ့ရတယ်။ ကျွန်တော်တို့မှာ ကားမရှိတော့ ရထား ဒါမှမဟုတ် ဘတ်စကားနဲ့ ခရီးထွက်ခဲ့ကြတယ်။ ကျွန်တော့်ရောဂါကြောင့် မနိုင်ဝန်ထမ်းနေရပေမဲ့ ၁၉၅၇ ခုနှစ်အထိ ကျွန်တော်တို့ အခွင့်ထူးတွေရခဲ့ကြတယ်။ အားရကျေနပ်စရာဘဝလေးဖြစ်ပေမဲ့ အဲ့ဒီနှစ်မှာပဲ နောက်ထပ်စိန်ခေါ်ချက်တစ်ခု ပေါ်လာတယ်။
ခရစ်ယာန်သာသနာပြုလုပ်ငန်းသို့
အကြိမ် ၃၀ မြောက် ဂိလဒ်သင်တန်းတက်ဖို့ ဖိတ်ခေါ်စာရလို့ ကျွန်တော်တို့ အံ့သြပီတိဖြစ်ခဲ့ကြရတယ်။ ကျွန်တော့်ရောဂါကို ကောင်းကောင်းထိန်းနိုင်တာကြောင့် ဖိတ်ခေါ်ချက်ကို ဂျွိုက်စ်နဲ့ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြတယ်။ ယေဟောဝါရဲ့အလိုတော်ကို ကြိုးစားထမ်းဆောင်မယ်ဆိုရင် အမြဲခွန်အားပေးတယ်ဆိုတာ အတွေ့အကြုံကနေ သိရှိခဲ့ကြရတယ်။ ယူ.အက်စ်.အေ.၊ နယူးယောက်က သာယာလှပတဲ့ တောင်လန်စင်း ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်းမှာ အပြင်းအထန်လေ့ကျင့်မှုယူခဲ့ရတဲ့ ငါးလတာအချိန်က ကုန်မြန်လိုက်တာ။ ကျောင်းသားအများစုကတော့ နယ်လှည့်လုပ်ငန်းမှာပါဝင်ခဲ့ကြတဲ့ ဇနီးမောင်နှံတွေများတယ်။ တိုင်းတစ်ပါးသာသနာပြုလယ်ကွင်းကို သွားချင်တဲ့သူရှိလားလို့ သင်တန်းဆင်းတွေကို မေးတဲ့အခါ သွားလိုတဲ့သူတွေထဲမှာ ကျွန်တော်တို့လည်းပါတယ်။ ကျွန်တော်တို့ ဘယ်နေရာကို သွားရမှာလဲ။ အရှေ့အာဖရိက ယူဂန္ဓာကိုသွားရမှာတဲ့!
အဲ့ဒီတုန်းက ယူဂန္ဓာမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ထားတဲ့အတွက် အဲ့ဒီနိုင်ငံမှာ အခြေချနေထိုင်ပြီး ဝမ်းစာရှာအလုပ်ရှာဖို့ ကျွန်တော့်ကို အကြံပြုခဲ့ကြတယ်။ ရထားတစ်တန်၊ သင်္ဘောတစ်တန်နဲ့ ခရီးရှည်သွားပြီးမှ ယူဂန္ဓာနိုင်ငံ၊ ကမ်ပါလာမြို့ကို ရောက်လာတယ်။ လူဝင်မှုအရာရှိတွေက ကျွန်တော်တို့လာတာကို မကြိုက်လို့ လအနည်းငယ်ပဲ နေခွင့်ပြုတယ်။ အဲ့ဒီနောက် ပြန်ထွက်သွားခိုင်းတယ်။ ဒါနဲ့ ဌာနချုပ်ရဲ့ညွှန်ကြားချက်အရ ရိုဒီးရှားမြောက်ပိုင်း (အခု ဇမ်ဘီယာ) ကိုကျွန်တော်တို့ ခရီးထွက်ခဲ့ကြတယ်။ အဲ့ဒီမှာ ကျွန်တော်တို့နဲ့အတူ ဂိလဒ်ကျောင်းတက်ခဲ့တဲ့ အတန်းဖော်လေးဦး ဖရဲန့်နဲ့ကယ်ရီ လူဝိစ်၊ ဟေဇ်နဲ့ဟာရီယက် ဟော့စ်ကင်းစ်တို့ကို ပြန်တွေ့ရလို့ အရမ်းဝမ်းသာခဲ့ကြရတယ်။ မကြာခင် အဲ့ဒီကနေ ရိုဒီးရှားတောင်ပိုင်း (အခု ဇင်ဘာဘွေ) မှာပြန်တာဝန်ကျခဲ့တယ်။
ကျွန်တော်တို့ ရထားစီးလာကြတာ ဘူလာဝါယိုမြို့ကိုမရောက်ခင် အရင်ဆုံး ကြီးကျယ်ခမ်းနားလှတဲ့ ဗစ်တိုးရီးယားရေတံခွန်ကြီးကို ရိပ်ခနဲမြင်လိုက်ရတယ်။ အဲ့ဒီမှာအခြေချနေထိုင်ဖို့ ရောက်လာတဲ့ ဦးဆုံးသက်သေခံတွေထဲမှာပါတဲ့ မက်ခ်လာကီမိသားစုနဲ့ ကျွန်တော်တို့ ခဏသွားနေကြတယ်။ နောက် ၁၆ နှစ်အထိ သူတို့နဲ့သိကျွမ်းခွင့်ရခဲ့တယ်။
အလိုက်သင့်ပြောင်းလဲနေထိုင်တတ်လာခြင်း
အာဖရိကလယ်ကွင်းကို အကျွမ်းတဝင်ရှိလာဖို့ နှစ်ပတ်ကြာ လေ့ကျင့်ခံရပြီးတဲ့နောက် ခရိုင်ကြီးကြပ်မှူးအဖြစ် ကျွန်တော် ခန့်အပ်ခံခဲ့ရတယ်။ အာဖရိကတောပိုင်းမှာ အမှုဆောင်ထွက်ရင် ရေ၊ အစားအစာ၊ အိပ်ရာလိပ်၊ အဝတ်အစား၊ ရုပ်ရှင်ပြစက်၊ မီးစက်၊ ပိတ်ကားကြီးနဲ့ တခြားလိုအပ်တာတွေ ယူသွားရတယ်။ အဲ့ဒီပစ္စည်းတွေအားလုံးကို ထုပ်ပိုးပြီး လမ်းကြမ်းပေါ်ခရီးနှင်နိုင်တဲ့ ထရပ်ကားနဲ့ ထွက်ခဲ့ကြတယ်။
အာဖရိကတိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ကျွန်တော်တွဲအလုပ်လုပ်နေတုန်း ကျွန်တော်တို့နဲ့ပါလာကြတဲ့ သူတို့ရဲ့ဇနီးတွေနဲ့ ကလေးတွေကို ဂျွိုက်စ်က ကူညီပေးခဲ့တယ်။ အာဖရိကမြက်ခင်းပေါ်မှာ လမ်းလျှောက်ရတာ အထူးသဖြင့် နေပြင်းတဲ့အခါမှာ အရမ်းပင်ပန်းတယ်၊ ဒါပေမဲ့ ဒီလိုရာသီမျိုးမှာ ကျွန်တော် ပိုပြီးသွားလာလှုပ်ရှားနိုင်တဲ့အတွက် ကျေးဇူးတင်မိတယ်။
လူအများစုက ဆင်းရဲကြတယ်၊ သူတို့က ထုံးတမ်းဓလေ့ကို လိုက်စားပြီး အယူသီးကြတယ်၊ မယားအများကြီး ယူကြတယ်၊ ဒါပေမဲ့ သမ္မာကျမ်းစာကိုတော့ တအားလေးစားကြတယ်။ တချို့ဒေသတွေမှာ သစ်ပင်အရိပ်အောက်မှာ၊ ညနေပိုင်းမှာဆိုရင် မီးအိမ်တွေနဲ့အသင်းတော်အစည်းအဝေးတွေကို ကျင်းပကြတယ်။ ကြယ်အတိပြီးတဲ့ကောင်းကင်အောက်မှာ သမ္မာကျမ်းစာကို လေ့လာကြတဲ့အခါ ဘုရားသခင့်ဖန်ဆင်းခြင်းလက်ရာရဲ့ ကြီးကျယ်ခမ်းနားမှုကို ကျွန်တော်တို့ အမြဲအံ့သြမှင်တက်မိတတ်ကြတယ်။
နောက်ထပ်မမေ့နိုင်စရာတစ်ခုက အာဖရိကသီးသန့်နယ်မြေတွေမှာ ကင်းမျှော်စင်အသင်းရဲ့ရုပ်ရှင်တွေကို ပြရတာဖြစ်တယ်။ အသင်းတော်မှာ သက်သေခံအယောက် ၃၀ ပဲရှိပေမဲ့ အဲ့ဒီအချိန်မျိုးမှာဆိုရင် ၁,၀၀၀ ဒါမှမဟုတ် ဒီထက်မက လာကြည့်မယ်လို့ ကျွန်တော်တို့ ကြိုတင်သိထားကြတယ်!
အပူပိုင်းဒေသမှာ ခဏခဏ ဖျားနာနိုင်ပေမဲ့ အပြုသဘောအမြဲရှိဖို့ အရေးကြီးတယ်။ တစ်ခါတလေ ကျွန်တော် ငှက်ဖျားထတတ်ပေမဲ့၊ ဂျွိုက်စ်က အမီးဗားပိုးကြောင့် နေမကောင်းဖြစ်တတ်ပေမဲ့ ကျွန်တော်တို့နှစ်ယောက်စလုံး နေထိုင်တတ်လာကြတယ်။
အဲ့ဒီနောက် စဲလစ္စဘရီမြို့ (အခု ဟာရာရေ) ဌာနခွဲရုံးမှာ တာဝန်ကျလို့ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေဖြစ်တဲ့ လဲ့စ်တာ ဒေဗီ၊ ဂျော့ဂ်ျနဲ့ရူးဘီ ဘရက်ဒ်လေတို့နဲ့အတူ ကျွန်တော်တို့တွဲအလုပ်လုပ်ခဲ့ရတာ အခွင့်ထူးပါပဲ။ အစိုးရက ကျွန်တော့်ကို လက်ထပ်ပေးခွင့်ရှိသူအဖြစ် ခန့်အပ်တဲ့အတွက် အာဖရိကညီအစ်ကိုတွေကို လက်ထပ်ပေးနိုင်ခဲ့လို့ အသင်းတော်မှာ ခရစ်ယာန်အိမ်ထောင်နှောင်ကြိုးကို ပိုခိုင်မြဲစေနိုင်ခဲ့တယ်။ နောက်နှစ်အနည်းငယ်မှာ ဘန်တူအသင်းတော်တွေမဟုတ်တဲ့ တခြားအသင်းတော်တွေဆီ လည်ပတ်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခု ရပြန်တယ်။ ဂျွိုက်စ်နဲ့ ကျွန်တော်ဟာ ဆယ်နှစ်ကျော် ဒီလိုလှည့်လည်ရလို့ ညီအစ်ကိုတွေနဲ့ သိကျွမ်းခွင့်ရခဲ့တာ၊ သူတို့ရဲ့ဝိညာဉ်ရေးတိုးတက်မှုကို တွေ့ရတဲ့အခါ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်ရတယ်။ အဲ့ဒီအချိန်အတွင်း ဘော့စ်ဝါးနားနဲ့ မိုဇမ်ဘစ်မှာရှိတဲ့ညီအစ်ကိုတွေဆီကိုလည်း ကျွန်တော်တို့ လည်ပတ်ခဲ့ကြတယ်။
တစ်ဖန် ပြောင်းရွှေ့ရခြင်း
အာဖရိကတောင်ပိုင်းမှာ ပျော်စရာနှစ်တွေကုန်လွန်ခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်မှာ အနောက်အာဖရိက၊ စီအဲရာလေယွန်မှာ အမှုဆောင်ဖို့ ကျွန်တော်တို့ကို ခန့်အပ်ခဲ့တယ်။ ဒီလယ်ကွင်းသစ်က ဌာနခွဲရုံးမှာ နေသားတကျဖြစ်လာပြီး မကြာခင် ကျွန်တော် အကြီးအကျယ်ငှက်ဖျားထလာတယ်၊ ဒါနဲ့ အားနည်းသွားလို့ နောက်ဆုံး လန်ဒန်မှာ ဆေးပြန်ကုခဲ့ရတယ်၊ အဲ့ဒီရောက်တော့ အာဖရိကကို ပြန်မသွားဖို့အကြံပေးကြတယ်။ ဒီအတွက် ကျွန်တော်တို့ ဝမ်းနည်းခဲ့ရပေမဲ့ ဂျွိုက်စ်နဲ့ ကျွန်တော့်ကို လန်ဒန်ဗေသလမိသားစုထဲပါဝင်ဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ လန်ဒန်အသင်းတော်တွေမှာရှိတဲ့ အာဖရိကညီအစ်ကိုတွေကလည်း ကိုယ့်ရပ်ကိုယ့်အိမ် ရောက်နေသလို ခံစားစေတယ်။ ကျွန်တော့်ကျန်းမာရေး ကောင်းလာတဲ့အခါ တခြားလုပ်ငန်းတစ်ခုကို လုပ်တတ်ဖို့ ကြိုးစားခဲ့ရတယ်၊ ဝယ်ယူရေးဌာနမှာ ကျွန်တော်တာဝန်ကျတယ်။ နောက်ပိုင်းနှစ်တွေမှာ အရမ်းတိုးတက်လာတဲ့အတွက် ဒီအလုပ်ကို အာရုံစိုက်လုပ်ဆောင်ခဲ့ရတယ်။
၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ ကျွန်တော်ချစ်ရတဲ့ ဂျွိုက်စ်က အကြောရောဂါရလာပြီး ၁၉၉၄ ခုနှစ်မှာ ကွယ်လွန်သွားရှာတယ်။ ဂျွိုက်စ်ဟာ မေတ္တာရှိတဲ့၊ သစ္စာတည်ကြည်တဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ကျွန်တော်တို့အတူတကွ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေအမျိုးမျိုးမှာ ဒေါင်ကျကျပြားကျကျ နေထိုင်လိုစိတ် အမြဲရှိခဲ့တယ်။ ဒီလိုဆုံးရှုံးမှုမျိုးကို ကိုင်တွယ်ဖို့အတွက် ဝိညာဉ်ရေးအမြင် ရှင်းရှင်းလင်းလင်းထားပြီး အနာဂတ်ကို စောင့်မျှော်နေဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်သိခဲ့ရပါပြီ။ ဟောပြောခြင်းအပါအဝင် သီအိုကရက်တစ်ဇယားကောင်းထားနိုင်ဖို့ ဆုတောင်းခြင်းကလည်း ကျွန်တော့်ကို အပြည့်အဝအာရုံနစ်ပြီး အလုပ်များစေတယ်။—သု. ၃:၅၊ ၆။
ဗေသလမှာ အမှုဆောင်ရတာ အခွင့်ထူးဖြစ်ပြီး တကယ်ကောင်းတဲ့ ဘဝပုံစံတစ်ခုပါ။ ဒီမှာရှိတဲ့ လူငယ်တွေအများကြီးနဲ့အတူ အလုပ်လုပ်ရင်း ပျော်ရွှင်ခဲ့ရတယ်။ ကျွန်တော်တို့ရရှိတဲ့ ကောင်းချီးတစ်ခုကတော့ လန်ဒန်ဗေသလမှာ ဧည့်သည်အများကြီးကို တွေ့ဆုံရတယ်။ တစ်ခါတလေ ကျွန်တော်တာဝန်ကျခဲ့တဲ့ အာဖရိက,က ချစ်ရတဲ့မိတ်ဆွေတွေကို ပြန်တွေ့တဲ့အခါ ပျော်စရာကောင်းတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်အမှတ်ရမိတယ်။ ဒါတွေအားလုံးကြောင့် “ယခုဘဝ” မှာ ကျွန်တော် အပြည့်အဝပျော်နိုင်ပြီး “နောင်ဘဝ” ကိုလည်း ယုံကြည်စိတ်ချမှုအပြည့်နဲ့ မျှော်လင့်သွားနိုင်တယ်။—၁ တိမောသေ ၄:၈။
[အောက်ခြေမှတ်ချက်]
a ၁၉၂၈ ခုနှစ်တွင် ယေဟောဝါသက်သေများက ထုတ်ဝေခဲ့သော်လည်း ယခု ပုံမနှိပ်တော့ပါ။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၄၆ ခုနှစ်တွင် ကျွန်တော့်အမေနှင့်အတူ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်နှစ်၊ ကျွန်တော်တို့ လက်ထပ်သည့်နေ့တွင် ဂျွိုက်စ်နဲ့အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၃၊ ဘရစ္စတိုလ်စည်းဝေးကြီးတွင်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ရိုဒီးရှားတောင်ပိုင်း၊ ယခု ဇင်ဘာဘွေရှိ သီးခြားအုပ်စု (အထက်) နှင့်အသင်းတော်တစ်ခု (လက်ဝဲ) တို့တွင် အမှုဆောင်နေကြခြင်း