စာရှုသူများထံမှမေးခွန်းလွှာ
တရားဟောရာ ၁၄:၂၁ တွင် “အလိုလိုသေသောအကောင်ကို မစားရ” ဟုဆိုထားရာ “ထိုအသေကောင်ကို စားသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်” ဟုဖော်ပြထားသော ဝတ်ပြုရာ ၁၁:၄၀ နှင့် မဆန့်ကျင်ပေလော။
ဤအခန်းငယ်နှစ်ခုသည် ဆန့်ကျင်ဘက်မဖြစ်ပါ။ ပထမကျမ်းချက်က တိရစ္ဆာန်အသေကောင်ဖြစ်စေ၊ သားရဲကိုက်၍သေသောအကောင်ပင်ဖြစ်စေ စားခြင်းကို တားမြစ်ထားသည်။ (ထွက်မြောက်ရာ ၂၂:၃၁; ဝတ်ပြုရာ ၂၂:၈) ဒုတိယကျမ်းချက်က ဣသရေလလူတို့သည် ထိုတားမြစ်ချက်ကို ချိုးဖောက်မိမည်၊ မတော်တဆချိုးဖောက်မိခြင်းဖြစ်လျှင်ပင် သူတို့လုပ်ဆောင်ရမည့်အရာကို ဖော်ပြသည်။
ပညတ်တရားက တစ်စုံတစ်ရာကိုတားမြစ်ထားရာ ထိုတားမြစ်ချက်ကို တစ်ခါတစ်ရံ ချိုးဖောက်လိမ့်မည်မဟုတ်ဟု မဆိုလိုပါ။ ဥပမာ၊ ခိုးခြင်း၊ လူသတ်ခြင်း၊ မမှန်သောသက်သေခံခြင်းစသည်တို့ကို တားမြစ်ထားသော ပညတ်တရားများရှိ၏။ တစ်ချိန်တည်းတွင် အဆိုပါ ဘုရားသခင်ပေးသောပညတ်တရားများကို ချိုးဖောက်ခြင်းအတွက် အပြစ်ဒဏ်များလည်း ချမှတ်ထားသည်။ အဆိုပါပြစ်ဒဏ်များက ပညတ်တရားကို ပိုခိုင်မာစေပြီး ၎င်းတို့မည်မျှအရေးပါကြောင်း ဖော်ပြသည်။
လူတစ်ဦးသည် တိရစ္ဆာန်အသေကောင်၏အသား မစားဖို့ တားမြစ်ချက်ကို ချိုးဖောက်လျှင် ယေဟောဝါရှေ့တော်၌ မစင်ကြယ်ရာရောက်ပြီး စင်ကြယ်စေရန် သင့်လျော်သည့်အစီအစဉ်ကို လိုက်နာရမည်ဖြစ်သည်။ မိမိကိုယ်ကို ကောင်းစွာစင်ကြယ်ခြင်းမပြုပါက သူသည် “ကိုယ်အပြစ်ကို ကိုယ်ခံရမည်” ဖြစ်သည်။—ဝတ်ပြုရာ ၁၇:၁၅၊ ၁၆။