ယေရမိ၏ သစ္စာရှိသောစာရေး ဗာရုတ်
“နေရိသား ဗာရုတ်” ကို သင်သိပါသလော။ (ယေရမိ ၃၆:၄) သမ္မာကျမ်းစာ၏အခန်းကြီးလေးခန်းတွင်သာ သူ့အကြောင်းဖော်ပြထားသော်လည်း ပရောဖက်ယေရမိ၏ စာရေးနှင့်မိတ်ဆွေကောင်းအဖြစ် ကျမ်းစာဖတ်ရှုသူများ သိထားကြသည်။ သူတို့နှစ်ဦးသည် ဘီစီ ၆၀၇ တွင် ယေရုရှလင်မြို့ကို ဗာဗုလုန်လူမျိုးတို့ဖျက်ဆီးချိန်နှင့် အီဂျစ်ပြည်သို့ နယ်နှင်ခံရချိန်အပါအဝင် ယုဒနိုင်ငံ၏ကသောင်းကနင်းနိုင်သော ၁၈ နှစ်တာကာလကို တွေ့ကြုံခဲ့ရသည်။
“နေရိယာဟု [နေရိ၏ဟေဗြဲအမည်] ၏သား စာရေး ဗေရေခယာဟု [ဗာရုတ်၏ဟေဗြဲအမည်]” ဟူသောစာသားပါရှိသည့် ဘီစီ ခုနစ်ရာစုမှ ရွှံ့စေးတံဆိပ်a နှစ်ခုကို မကြာသေးမီနှစ်များအတွင်း ရှာဖွေတွေ့ရှိခဲ့ရာ ပညာရှင်များသည် ဤကျမ်းစာဇာတ်ကောင်ကို စိတ်ဝင်စားခဲ့သည်။ ဗာရုတ်ကား မည်သူနည်း။ သူ၏မိသားစုနောက်ခံ၊ ပညာရေး၊ ရာထူးအဆင့်အတန်းကား မည်သို့နည်း။ ယေရမိနှင့်အတူ အခိုင်အမာရပ်တည်ခဲ့ခြင်းက အဘယ်အရာကိုဖော်ပြသနည်း။ သူ့ထံမှ အဘယ်အရာသင်ယူနိုင်သနည်း။ ရရှိထားသော ကျမ်းစာဆိုင်ရာနှင့် သမိုင်းဆိုင်ရာအချက်အလက်တို့မှ အဖြေရှာကြည့်ကြစို့။။
ဘဝနောက်ခံနှင့် ရာထူးအဆင့်အတန်း
ယနေ့ပညာရှင်အများက ဗာရုတ်သည် ယုဒပြည်ရှိ အထင်ကရကျမ်းကူးသူမိသားစုဝင်ဖြစ်ရမည်ဟု ယူဆကြသည်။ ယင်းသို့ယူဆရသော အကြောင်းရင်းအတော်များများကို သူတို့ထောက်ပြကြသည်။ ဥပမာ၊ ဘာသာပြန်ကျမ်းစာအချို့တွင် ဗာရုတ်ကို “အတွင်းရေးမှူး” သို့မဟုတ် “ကျမ်းကူးသူ” စသည့် အထူးဘွဲ့ဖြင့်ဖော်ပြသည်။ ထို့ပြင် သူနှင့်ညီအစ်ကိုတော်သူ စရာယသည် ဇေဒကိမင်း၏အတွင်းဝန်ဖြစ်သည်ဟု ကျမ်းစာကဖော်ပြ၏။—ယေရမိ ၃၆:၃၂; ၅၁:၆၀။
ပညာရှင်ဖိလစ်ဂျေ.ကင်းက ယေရမိခေတ်ရှိကျမ်းကူးသူများနှင့်ပတ်သက်၍ ဤသို့ရေးသားခဲ့သည်– “ဘီစီ ခုနစ်ရာစုနှောင်းပိုင်းနှင့် ခြောက်ရာစုအစောပိုင်းအတွင်း ပညာရှင်အတန်းအစားဖြစ်သော ကျမ်းကူးသူများသည် ယုဒပြည်တွင် အထင်ကရပုဂ္ဂိုလ်များဖြစ်ခဲ့ကြသည်။ . . . ယင်းဘွဲ့ထူးကို မှူးတော်မတ်တော်များအား ပေးအပ်ကြသည်။”
ထို့ပြင် ကျွန်ုပ်တို့အသေးစိတ်ဆွေးနွေးမည့် ယေရမိ အခန်းကြီး ၃၆ ပါမှတ်တမ်းက ဗာရုတ်သည် ဘုရင်၏အကြံပေးအရာရှိများထံ ခစားခွင့်ရခဲ့ကြောင်း၊ မင်းသား သို့မဟုတ် အရာရှိကြီး ဂေမရိ၏စာရေးတော်အခန်းကို အသုံးပြုခွင့်ရခဲ့ကြောင်း ဖော်ပြသည်။ ကျမ်းပညာရှင် ဂျိမ်းစ်မျူလင်ဘာ့ဂ်က ဤသို့ထောက်ခံ၏– “ဗာရုတ်သည် စာရေးတော်အခန်းထဲ ဝင်ခွင့်ရှိသူဖြစ်ပြီး သူကိုယ်တိုင်လည်း လူထုရှေ့ ကျမ်းလိပ်ဖတ်ရှုရသည့် အထူးအခါသမယတွင်ပါဝင်ရသည့် မင်းမှုထမ်းတစ်ဦးဖြစ်သောကြောင့် ယင်းသို့ဝင်နိုင်ခြင်းဖြစ်၏။”
ဗာရုတ်၏ကျမ်းကူးသူရာထူးနှင့်ပတ်သက်၍ (Corpus of West Stamp Seals) စာအုပ်က ဤသို့ရှင်းပြသည်– “အရာရှိကြီးများ၏ ရွှံ့စေးတံဆိပ်များနှင့်အတူ ဗေရေခယာဟု၏ရွှံ့စေးတံဆိပ်ကို တွေ့ရှိရခြင်းကြောင့် ဗာရုတ်/ဗေရေခယာဟုသည်လည်း အခြားအရာရှိများနှင့်တန်းတူ အလုပ်လုပ်ခဲ့သည်ဟု ကောက်ချက်ချခြင်းသည် ဆီလျော်လှ၏။” ရရှိထားသည့်အချက်အလက်များအရ ဗာရုတ်နှင့် ညီအစ်ကိုတော်သူ စရာယတို့သည် ယေရုရှလင်မြို့မပျက်စီးမီ ထူးခြားသောနှစ်များအတွင်း သစ္စာရှိပရောဖက်ယေရမိကိုကူညီခဲ့ကြသော မှူးမတ်အရာရှိများဖြစ်ကြောင်း ဖော်ညွှန်းနေပုံရသည်။
ယေရမိကို လူသိရှင်ကြားထောက်ခံခြင်း
ယေရမိအခန်းကြီး ၃၆ တွင် ဗာရုတ်အကြောင်း ဦးစွာတွေ့ရပြီး “ယောယကိမ်နန်းစံစတုတ္ထနှစ်” သို့မဟုတ် ဘီစီ ၆၂၅ ခန့်တွင် ဖြစ်သည်။ ယေရမိသည် ပရောဖက်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သည်မှာ ၂၃ နှစ်ကျော်ပြီဖြစ်သည်။—ယေရမိ ၂၅:၁-၃; ၃၆:၁၊ ၄။
ထိုအချိန်တွင် ယေရမိကို ယေဟောဝါ ဤသို့မိန့်ဆိုခဲ့သည်– “သင်သည် စာလိပ်ကိုယူပြီးလျှင် ယောရှိမင်းလက်ထက် . . . မှစ၍ ယနေ့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသောတိုင်းပြည်တို့ကို ငါခြိမ်းသမျှသောစကားအတိုင်း ရေးထားလော့။” ထို့နောက် ဤသို့ဆက်ဖော်ပြ၏– ‘ယေရမိသည် နေရိသား ဗာရုတ်ကိုခေါ်ပြီးလျှင် ထာဝရဘုရားသခင်မိန့်တော်မူသမျှသော စကားတော်တို့ကို ပြန်ပြောသည်အတိုင်း ဗာရုတ်သည် စာလိပ်၌ရေးထားလေ၏။’—ယေရမိ ၃၆:၂-၄။
ဗာရုတ်ကို အဘယ်ကြောင့်ခေါ်ရသနည်း။ ယေရမိက ‘ငါသည် အချုပ်ခံလျက်နေရသောကြောင့် ဝတ်ပြုရာအိမ်တော်သို့မသွားနိုင်’ ဟုဗာရုတ်ကို ပြောခဲ့သည်။ (ယေရမိ ၃၆:၅) ယခင် ယေရမိဟောပြောသည့်သတင်းစကားကြောင့် အာဏာပိုင်များအမျက်ထွက်သဖြင့် ယေဟောဝါ၏သတင်းတရားကို ဖတ်ပြရသည့်နေရာ ဝတ်ပြုရာအိမ်တော်သို့ သူ ဝင်ခွင့်မရဖြစ်နိုင်သည်မှာ ထင်ရှားသည်။ (ယေရမိ ၂၆:၁-၉) ဗာရုတ်သည် ယေဟောဝါကိုကိုးကွယ်သော စိတ်ရင်းကောင်းသူတစ်ဦးဖြစ်သည်မှာ ရှင်းနေသဖြင့် ‘ပရောဖက်ယေရမိ မှာထားသမျှအတိုင်း ပြုလေ၏။’—ယေရမိ ၃၆:၈။
လွန်ခဲ့သော ၂၃ နှစ်အတွင်းပေးခဲ့သော သတိပေးချက်များကိုရေးသားရခြင်းက အချိန်ကုန်သည့်အပြင် ယေရမိကိုယ်တိုင်လည်း အခန့်သင့်အချိန်ကို စောင့်ဆိုင်းနေခဲ့ဖွယ်ရှိသည်။ သို့သော် ဘီစီ ၆၂၄၊ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွင် ဗာရုတ်သည် ‘ထာဝရဘုရားသခင်၏စကားတော်ပါသော စာကို ဝတ်ပြုရာအိမ်တော်၌ ဖတ်လေ၏။ . . . ဂေမရိ၏အခန်း၌ ယေရမိစီရင်သောစာကို လူအပေါင်းတို့ရှေ့မှာ ဖတ်လေ၏။’—ယေရမိ ၃၆:၈-၁၀။
မိက္ခာယက ဖခင်ဂေမရိနှင့် မင်းညီမင်းသားအတော်များများထံ ထိုအကြောင်းကိုပြောပြသဖြင့် သူတို့သည် ဗာရုတ်ကိုဖိတ်ခေါ်ကာ ဒုတိယအကြိမ် ဖတ်ပြစေသည်။ “ထိုစကားအလုံးစုံတို့ကို မင်းများတို့သည်ကြားလျှင် အချင်းချင်းကြောက်ရွံ့သောစိတ်ရှိ၍ ‘ငါတို့သည် ဤစကားအလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်ဆက်ကြားလျှောက်ရမည်’ ဟုဗာရုတ်ကိုဆိုကြ၏။ . . . ‘သင်သွားလော့။ ယေရမိနှင့်အတူ ပုန်းရှောင်၍နေလော့။ အဘယ်မှာနေသည်ကို တစ်စုံတစ်ယောက်မျှ မသိစေနှင့်’” ဟုကျမ်းစာကဆိုသည်။—ယေရမိ ၃၆:၁၁-၁၉။
ယေရမိ နှုတ်တိုက်ချပေးသည်ကို ဗာရုတ်ရေးသားခဲ့ကြောင်း ယောယကိမ်မင်းကြားသည်နှင့် ထိုစာလိပ်ကို ဒေါသတကြီးဆုတ်ဖြဲ၍ မီးထဲပစ်ချကာ ယေရမိနှင့်ဗာရုတ်တို့အား ဖမ်းဆီးရန် မိမိလူတို့ကို အမိန့်ပေးလေသည်။ သူတို့နှစ်ဦး ပုန်းအောင်းနေစဉ် ယေဟောဝါမိန့်မှာသည့်အတိုင်း ယခင်စာလိပ်ပါအချက်များကို ပြန်ရေးသားခဲ့သည်။—ယေရမိ ၃၆:၂၁-၃၂။
ဤတာဝန်သည် အန္တရာယ်များကြောင်း ဗာရုတ်သိခဲ့မည်မှာ ရှင်းနေပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ယေရမိခြိမ်းခြောက်ခံရသည့်အကြောင်းကိုလည်း သိထားခဲ့မည်။ ထို့ပြင် “ယေရမိဟောပြောသောစကားနှင့် တစ်ညီတည်းဟောပြော” ခဲ့သော ဥရိယကို ယောယကိမ်မင်းကြီး ကွပ်မျက်လိုက်သည့်အကြောင်းကိုလည်း သူကြားပေမည်။ သို့တိုင် ဗာရုတ်သည် ယေရမိကိုကူညီပေးရန် သူ၏ကျွမ်းကျင်မှုနှင့် သူရရှိထားသည့်အခွင့်အရာကို လိုလိုလားလားအသုံးပြုကာ ယင်းတာဝန်ကိုထမ်းဆောင်ခဲ့သည်။—ယေရမိ ၂၆:၁-၉၊ ၂၀-၂၄။
“ကြီးစွာသောအရာတို့ကို” မရှာနှင့်
ပထမစာလိပ်ရေးသားနေစဉ်အတွင်း ဗာရုတ်သည် အကြီးအကျယ်စိတ်ဆင်းရဲခဲ့သဖြင့် ဤသို့ဆိုသည်– ‘ငါသည် အမင်္ဂလာရှိ၏။ ထာဝရဘုရားသခင်သည် ငါဝမ်းနည်းစရာအကြောင်း တစ်ပါးအပေါ်မှာတစ်ပါးကို ထပ်ဆင့်တော်မူသောကြောင့် ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီ။’ အဘယ်ကြောင့် ယင်းသို့ခံစားနေရသနည်း။—ယေရမိ ၄၅:၁-၃။
အဖြေကို တဲ့တိုးမဖော်ပြသော်လည်း ဗာရုတ်၏အခြေအနေကို ပုံဖော်ကြည့်ပါလေ။ ဣသရေလနှင့်ယုဒလူတို့အတွက် ၂၃ နှစ်အတွင်းပေးခဲ့သော သတိပေးချက်များကို ပြန်လည်ဖော်ပြရခြင်းကြောင့် ထိုလူမျိုးတို့၏အယူဖောက်ပြန်မှု၊ ယေဟောဝါအား ငြင်းပယ်မှုတို့ အလွန်ထင်ရှားနေသည်။ ယေရုရှလင်မြို့နှင့်ယုဒပြည်ကို ဖျက်ဆီး၍ ထိုလူမျိုးကို ဗာဗုလုန်သို့ အနှစ် ၇၀ ပြည်နှင်ဒဏ်ပေးမည့်အကြောင်းကို ပထမစာလိပ်ရေးသည့်နှစ်တွင်ပင် ယေဟောဝါဖော်ပြခဲ့ပြီး ယင်းအကြောင်း ထည့်ရေးခဲ့ရဖွယ်ရှိသဖြင့် ဗာရုတ် အလွန်ထိတ်လန့်သွားပေမည်။ (ယေရမိ ၂၅:၁-၁၁) ထို့ပြင် ဤအကျပ်အတည်းကာလတွင် ယေရမိကို ဇွဲရှိရှိကူညီခဲ့သည့်အတွက် သူ၏ရာထူးနှင့်အလုပ်အကိုင်လည်း ဆုံးရှုံးသွားစရာအကြောင်းရှိသည်။
မည်သို့ပင်ဆိုစေ လာလတ္တံ့သောတရားစီရင်ချက်ကို ဗာရုတ်စိတ်ထဲစွဲမှတ်ထားစေရန် ယေဟောဝါ ကူညီခဲ့သည်။ ကိုယ်တော်ဤသို့မိန့်ဆို၏– “ငါစိုက်သောအရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ငါနုတ်ပစ်မည်။ သင်သည် ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ရှာသလော။ မရှာနှင့်။”—ယေရမိ ၄၅:၄၊ ၅။
ထို “ကြီးစွာသောအရာတို့” သည် အဘယ်အရာဖြစ်ကြောင်း ယေဟောဝါမဖော်ပြသော်လည်း ယင်းတို့သည် အတ္တဆန်သည့်ရည်မှန်းချက်လော၊ ထင်ပေါ်ကျော်ကြားမှုလော၊ ချမ်းသာကြွယ်ဝမှုလောဆိုသည်ကို ဗာရုတ်သိခဲ့ပေမည်။ လက်တွေ့ကျကျရှုမြင်ပြီး ရှေ့တွင်ရှိနေသည့်အရာကို အောက်မေ့နေရန် ယေဟောဝါ ဤသို့သတိပေးခဲ့သည်– “ငါသည် ခပ်သိမ်းသောသတ္တဝါတို့အပေါ်သို့ ဘေးရောက်စေမည်။ သို့ရာတွင် သင်ရောက်လေရာရာအရပ်တို့၌ သင်၏အသက်ကို လက်ရဥစ္စာကဲ့သို့ သင့်အား ငါပေးမည်။” ဗာရုတ်၏အဖိုးတန်ဆုံးပိုင်ဆိုင်ရာဖြစ်သော သူ၏အသက်သည် သွားလေရာရာ ကာကွယ်စောင့်ရှောက်ခံရမည်ဖြစ်သည်။—ယေရမိ ၄၅:၅။
ဘီစီ ၆၂၅ မှ ၆၂၄ အတွင်းဖြစ်ပျက်ခဲ့သော ယေရမိ အခန်းကြီး ၃၆ နှင့် ယေရမိ ၄၅ ပါ ဖြစ်ရပ်များကို ကျမ်းစာကဖော်ပြပြီးနောက် ဗာရုတ်အကြောင်း မတွေ့ရတော့သည်မှာ ဘီစီ ၆၀၇ ၌ ယေရုရှလင်နှင့်ယုဒပြည်ကို ဗာဗုလုန်လူမျိုးမဖျက်ဆီးမီ လအနည်းငယ်အထိဖြစ်သည်။ အဘယ်အရာဆက်ဖြစ်ပျက်ခဲ့သနည်း။
ယေရမိကို ဗာရုတ် ထပ်မံကူညီပေး
ယေရုရှလင်မြို့ကို ဗာဗုလုန်တို့ဝိုင်းရံထားစဉ်အတွင်း ကျမ်းစာမှတ်တမ်းတွင် ဗာရုတ်ပြန်ပေါ်လာသည်။ ယေရမိသည် “ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ” ချိန်တွင် ပြည်တော်ပြန်လည်တည်ထောင်မည့် အထိမ်းအမှတ်အဖြစ် အာနသုတ်မြို့ရှိ ဝမ်းကွဲဖြစ်သူ၏လယ်မြေကိုဝယ်ရန် ယေဟောဝါမိန့်မှာလေသည်။ ထိုအခါ တရားရေးကိစ္စများတွင်ကူညီပေးရန် ဗာရုတ်ကိုခေါ်ခဲ့သည်။—ယေရမိ ၃၂:၁၊ ၂၊ ၆၊ ၇။
ယေရမိ ဤသို့ရှင်းပြသည်– “စာချုပ်ကိုလည်းစီရင်၍ တံဆိပ်ခတ်ပြီးမှ သက်သေတို့ကိုခေါ်၍ ငွေကိုချိန်ခွင်နှင့် ချိန်ပေး၏။ . . . တံဆိပ်ခတ်သောစာချုပ်တစ်စောင်နှင့် ဖွင့်ထားသောလက်ခံတစ်စောင်ကိုယူ၍ . . . ဗာရုတ်၌အပ်” လေ၏။ ထို့နောက် စာချုပ်ကိုတံဆိပ်ခတ်၍ မြေအိုး၌လုံခြုံစွာသိမ်းထားရန် ဗာရုတ်ကိုမှာကြားခဲ့သည်။ စာချုပ်ကို ယေရမိ “စီရင်” သည်ဟုဆိုရာတွင် သူနှုတ်တိုက်ချပေးသည်ကို အမှန်တကယ်ရေးသားသူမှာ ကျမ်းကူးသူဗာရုတ်ဖြစ်မည်ဟု ပညာရှင်တချို့ယူဆကြသည်။—ယေရမိ ၃၂:၁၀-၁၄; ၃၆:၄၊ ၁၇၊ ၁၈; ၄၅:၁။
ဗာရုတ်နှင့်ယေရမိတို့သည် ထိုခေတ်အခါက တရားရေးလုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ခဲ့ကြသည်။ ထူးခြားချက်မှာ စာချုပ်နှစ်စုံထားခြင်းဖြစ်သည်။ အထက်တွင် ကိုးကားခဲ့သောစာအုပ် (Corpus of West Semitic Stamp Seals) က ဤသို့ရှင်းပြသည်– “ပထမစာချုပ်ကိုလိပ်၍ ရွှံ့စေးဖြင့်တံဆိပ်နှိပ်ရသောကြောင့် ‘ချိပ်ပိတ်စာချုပ်’ ဟုခေါ်ပြီး မူရင်းစာချုပ်ဖြစ်သည်။ . . . ဒုတိယစာချုပ်မှာ ချိပ်ပိတ်စာချုပ်၏မိတ္တူဖြစ်ပြီး ‘ဖွင့်ထားသောစာချုပ်’ ဟုခေါ်ကာ ဖတ်ရှုရန်သိမ်းထားကြသည်။ သို့ဖြစ်၍ ကျူစက္ကူနှစ်ချပ်တွင် ရေးသားထားသည့် မူရင်းနှင့်မိတ္တူစာချုပ်ဟူ၍ နှစ်မျိုးရှိသည်။” စာချုပ်စာတမ်းများကို မြေအိုးတွင် သိမ်းဆည်းသည့်ထုံးစံရှိကြောင်း ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိချက်များက အတည်ပြုပေးသည်။
ဗာဗုလုန်လူမျိုးသည် ယေရုရှလင်မြို့ကို သိမ်းပိုက်၊ မီးရှို့ကာ ဆင်းရဲသားအနည်းငယ်မှလွဲ၍ ကျန်အားလုံးကို သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားကြသည်။ နေဗုခဒ်နေဇာသည် ဂေဒလိကို မြို့အုပ်အရာ၌ ခန့်အပ်ခဲ့သော်လည်း ဂေဒလိသည် နှစ်လအကြာတွင် ကွပ်မျက်ခံခဲ့ရသည်။ ကျန်ရစ်သောဂျူးများသည် ယေရမိမှတစ်ဆင့် ဘုရားသခင်ပေးသော အကြံပေးချက်ကိုဆန့်ကျင်ကာ အီဂျစ်ပြည်သို့ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြသည်။ ဤတွင် ဗာရုတ်အကြောင်းကို တစ်ဖန်ဖော်ပြထားသည်။—ယေရမိ ၃၉:၂၊ ၈; ၄၀:၅; ၄၁:၁၊ ၂; ၄၂:၁၃-၁၇။
ဂျူးခေါင်းဆောင်များက ယေရမိကို ဤသို့ပြောကြသည်– “သင်သည် မုသာစကားကိုပြော၏။ ‘အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရ’ ဟု ငါတို့၏ဘုရားသခင် ထာဝရဘုရားသခင်သည် သင့်အားဖြင့် မှာထားတော်မမူ။ ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားစေမည်အကြောင်း သူတို့လက်သို့ ငါ့တို့ကိုအပ်လိုသောငှာ နေရိသား ဗာရုတ်သည် သင့်ကိုနှိုးဆော်တိုက်တွန်း၏။” (ယေရမိ ၄၃:၂၊ ၃) ထိုစွပ်စွဲချက်က ဗာရုတ်သည် ယေရမိအပေါ် အတော်သြဇာညောင်းသည်ဟု ဂျူးခေါင်းဆောင်များယူဆကြောင်း ဖော်ပြဟန်တူသည်။ ဗာရုတ်၏ရာထူး၊ ယေရမိနှင့် နှစ်ရှည်လများမိတ်ဆွေဖြစ်ခဲ့ခြင်းတို့ကြောင့် သူသည် ပရောဖက်အတွက် သာမန်ကျမ်းကူးသူမျှမဟုတ်ဟု သူတို့ယူဆခဲ့သလော။ မည်သို့ပင်ယူဆကြပါစေ ထိုသတင်းတရားမှာ ယေဟောဝါထံတော်မှ ရခြင်းဖြစ်သည်။
ဘုရားသခင်သတိပေးထားလင့်ကစား ကျန်ရစ်သောဂျူးများသည် “ပရောဖက်ယေရမိ၊ နေရိသား ဗာရုတ်” တို့ကို သူတို့နှင့်အတူခေါ်ဆောင်ကာ ထွက်ခွာသွားကြသည်။ ယေရမိ ဤသို့မှတ်တမ်းတင်၏– သူတို့သည် ‘ထာဝရဘုရားသခင်၏အမိန့်တော်ကို နားမထောင်ဘဲ အဲဂုတ္တုပြည်သို့သွား၍’ သိနာတောင်နှင့်ထိစပ်နေသော နိုင်းလ်မြစ်ဝှမ်းအရှေ့ပိုင်းဒေသရှိ ခံတပ်မြို့ဖြစ်သည့် “တာပနက်မြို့သို့ ရောက်ကြ၏။” ထို့နောက်ပိုင်း ဗာရုတ်အကြောင်း ကျမ်းစာမှတ်တမ်းတွင် မတွေ့ရတော့ချေ။—ယေရမိ ၄၃:၅-၇။
ဗာရုတ်ထံမှ အဘယ်အရာသင်ယူနိုင်သနည်း
ဗာရုတ်ထံမှ အဖိုးတန်သင်ခန်းစာများစွာ ရရှိနိုင်သည်။ ထူးခြားသောသင်ခန်းစာတစ်ခုမှာ မည်သည့်အကျိုးဆက်ပင် ပေါ်ပေါက်စေကာမူ သူ၏ကျွမ်းကျင်ပေါက်ရောက်မှုကို ယေဟောဝါ၏လုပ်ငန်းတော်အတွက် အသုံးခံလိုသောစေတနာဖြစ်သည်။ ယနေ့ ယေဟောဝါသက်သေအမျိုးသား၊ အမျိုးသမီးများစွာလည်း ဗေသလလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းစသည်တို့တွင် မိမိတို့၏ကျွမ်းကျင်မှုများကို စေတနာပါပါအသုံးပြုနေကြသည်။ သင်ကော ဗာရုတ်၏စိတ်ဓာတ်မျိုး မည်သို့တင်ပြနိုင်မည်နည်း။
ဗာရုတ်သည် ယုဒပြည်၏ဆုံးခန်းချိန်တွင် “ကြီးစွာသောအရာတို့ကို” ရှာချိန်မရှိကြောင်း သတိပေးခံရသည့်အခါ နာခံသောကြောင့် အသက်ချမ်းသာရာရခဲ့သည်။ ကျွန်ုပ်တို့လည်း ဤအစီအစဉ်စနစ်ဆုံးခန်းကာလတွင် အသက်ရှင်နေကြသောကြောင့် ယင်းအကြံပေးချက်ကို လိုက်နာသင့်ပါသည်။ ကျွန်ုပ်တို့ကိုလည်း အသက်ချမ်းသာရာရစေမည်ဟု ယေဟောဝါကတိထားတော်မူသည်။ ထို့ကြောင့် ယင်းသတိပေးချက်များကို ဗာရုတ်ကဲ့သို့ တုံ့ပြန်နိုင်မည်လော။
ဤဖြစ်ရပ်မှ လက်တွေ့ကျသောသင်ခန်းစာတစ်ခု ရှိပါသေးသည်။ ယေရမိနှင့်သူ၏ဝမ်းကွဲသည် ဆွေမျိုးရင်းချာဖြစ်လင့်ကစား စီးပွားရေးကိစ္စတွင် တရားရေးလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ကြရန် ဗာရုတ်ကူညီပေးခဲ့သည်။ ယင်းက ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများနှင့် စီးပွားရေးကိစ္စများလုပ်ဆောင်နေသည့် ခရစ်ယာန်များအတွက် ကျမ်းပေးနမူနာတစ်ခုဖြစ်၏။ စီးပွားရေးကိစ္စများတွင် စာချုပ်စာတမ်းထားသည့် ထိုနမူနာကိုလိုက်လျှောက်ခြင်းက ကျမ်းစာနှင့်ညီ၍ လက်တွေ့ကျကာ မေတ္တာပြရာရောက်သည်။
သမ္မာကျမ်းစာတွင် ဗာရုတ်အကြောင်း အနည်းငယ်သာတွေ့ရသော်လည်း သူသည် ယနေ့ခရစ်ယာန်များ မှတ်သားထိုက်သူတစ်ဦးဖြစ်သည်။ သင်သည် ယေရမိ၏သစ္စာရှိစာရေး ဗာရုတ်၏ပုံသက်သေကောင်းကို တုပပါမည်လော။
[အောက်ခြေမှတ်ချက်]
a အရေးကြီးသောစာရွက်စာတမ်းအား ချည်ထားသောကြိုးကို ချိပ်ပိတ်ရန် ရွှံ့စေးတုံးကိုသုံးကြသည်။ ယင်းရွှံ့စေးတုံးပေါ်တွင် ပိုင်ရှင် သို့မဟုတ် ပေးပို့သူ၏တံဆိပ်နှိပ်ထားသည်။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဗာရုတ်၏ ရွှံ့စေးတံဆိပ်
[Credit Line]
Bulla: Courtesy of Israel Museum, Jerusalem