ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ နိုဝင်ဘာ စာ. ၂-၇
  • အဆုံး မရောက်ခင် ရင်းနှီးမှုနှောင်ကြိုးကို ခိုင်မြဲစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဆုံး မရောက်ခင် ရင်းနှီးမှုနှောင်ကြိုးကို ခိုင်မြဲစေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရမိဆီကနေ သင်ယူပါ
  • ရင်းရင်းနှီးနှီး ပြောဆိုပါ
  • အတူ လုပ်ဆောင်ပါ
  • အရည်အသွေးကောင်းတွေကို အာရုံစိုက်ပြီး ခွင့်လွှတ်ပါ
  • ခိုင်မြဲတဲ့မေတ္တာ ပြပါ
  • ယေရမိ၏ သစ္စာရှိသောစာရေး ဗာရုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘ကြီးစွာသောအရာတို့ကို ကိုယ်အဖို့ မရှာနှင့်’
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ဘယ်လိုမိတ်ဆွေတွေကို သင် ရွေးချယ်မလဲ
    ယေရမိကတစ်ဆင့်ပြောတဲ့ ဘုရားသခင့်စကား
  • ယေရမိကဲ့သို့ ရဲရင့်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ နိုဝင်ဘာ စာ. ၂-၇

လေ့လာရန် ဆောင်းပါး ၄၄

အဆုံး မရောက်ခင် ရင်းနှီးမှုနှောင်ကြိုးကို ခိုင်မြဲစေပါ

“မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။”—ပညာ. ၁၇:၁၇။

သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြိုသုံးသပ်ချက်a

ညီအစ်ကို/မတွေဟာ ကြီးစွာသောဒုက္ခအတွင်း ထပ်ခိုးမှာ အချင်းချင်း အားပေးနေ

“ကြီးစွာသောဒုက္ခ” အတွင်း မိတ်ဆွေကောင်းတွေ လိုအပ်မှာဖြစ် (အပိုဒ် ၂ ကိုကြည့်ပါ)c

၁-၂။ ၁ ပေတရု ၄:၇၊ ၈ အရ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဘာက ကူညီပေးနိုင်သလဲ။

“နောက်ဆုံးကာလ” ရဲ့ အဆုံး ပိုနီးလာတာနဲ့အမျှ ပြင်းထန်တဲ့ အခက်အခဲတွေ ကြုံရနိုင်တယ်။ (၂ တိ. ၃:၁) ဥပမာ၊ အနောက်အာဖရိက နိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲပြီးနောက် မငြိမ်မသက်မှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ ညီအစ်ကို/မတွေဟာ တိုက်ပွဲတွေကြောင့် ခြောက်လကျော်လောက် လွတ်လွတ်လပ်လပ် မသွားလာနိုင်ကြဘူး။ အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ဘာက ကူညီပေးသလဲ။ ဘေးကင်းတဲ့ဒေသက ညီအစ်ကို/မတွေရဲ့ အိမ်မှာ တချို့ ခိုလှုံခွင့်ရခဲ့ကြတယ်။ “ဒီလိုအချိန်မျိုးမှာ ကိုယ့်အနား မိတ်ဆွေတွေ ရှိနေလို့ သိပ်ကျေးဇူးတင်တယ်။ အချင်းချင်း အားပေးနိုင်ခဲ့ကြတယ်” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။

၂ “ကြီးစွာသောဒုက္ခ” ရောက်တဲ့အခါ ကျွန်တော်တို့ကို ချစ်တဲ့ မိတ်ဆွေတွေ ရှိထားလို့ ကျေးဇူးတင်ကြပါလိမ့်မယ်။ (ဗျာ. ၇:၁၄) ဒါကြောင့် အခုကတည်းက ရင်းနှီးမှုနှောင်ကြိုး ခိုင်မာအောင် လုပ်ထားဖို့ အရေးကြီးတယ်။ (၁ ပေတရု ၄:၇၊ ၈ ကိုဖတ်ပါ။) ယေရမိဆီကနေ များစွာ သင်ယူနိုင်ပါတယ်။ ဂျေရုဆလင်မြို့ မပျက်စီးခင်လေးမှာ မိတ်ဆွေတွေက ယေရမိကို အသက်ရှင်လွတ်မြောက်အောင် ကူညီပေးတယ်။b ယေရမိကို ဘယ်လို တုပနိုင်သလဲ။

ယေရမိဆီကနေ သင်ယူပါ

၃။ (က) ယေရမိ ဘယ်သူနဲ့မှ မပေါင်းဘဲ သီးခြားနေချင်စိတ် ဘာကြောင့် ဖြစ်မိနိုင်သလဲ။ (ခ) အတွင်းရေးမှူး ဗာရုတ်ကို ယေရမိ ဘာတွေ ပြောပြသလဲ။ ဘာအကျိုးရသလဲ။

၃ ယေရမိဟာ သစ္စာမဲ့သူတွေနဲ့အတူ နှစ်ပေါင်း ၄၀ ကျော် နေခဲ့ရတယ်။ အဲဒီထဲမှာ ဇာတိမြို့ အာနသုတ်က အိမ်နီးချင်းတွေ၊ ဆွေမျိုးတွေ ပါဝင်နိုင်တယ်။ (ယေ. ၁၁:၂၁။ ၁၂:၆) ဒါပေမဲ့ ယေရမိဟာ ဘယ်သူနဲ့မှ မပေါင်းဘဲ သီးခြားနေတာမျိုး မလုပ်ခဲ့ဘူး။ သစ္စာရှိ အတွင်းရေးမှူး ဗာရုတ်ကို ရင်ဖွင့်ပြောဆိုတယ်။ သူ့ခံစားချက်တွေကို ချရေးခဲ့လို့ ကျွန်တော်တို့လည်း သိခွင့်ရတယ်။ (ယေ. ၈:၂၁။ ၉:၁။ ၂၀:၁၄-၁၈။ ၄၅:၁) ယေရမိရဲ့ မှတ်တမ်းကို ဗာရုတ် ရေးတဲ့အခါ အချင်းချင်း အလွန် ချစ်ခင်လေးစားလာကြမှာပဲ။—ယေ. ၂၀:၁၊ ၂။ ၂၆:၇-၁၁။

၄။ ယေရမိကို ယေဟောဝါ ဘာလုပ်ခိုင်းသလဲ။ ဒီတာဝန်က ယေရမိနဲ့ ဗာရုတ်ရဲ့ ဆက်ဆံရေးကို ဘယ်လို ခိုင်မြဲစေခဲ့သလဲ။

၄ ယေရမိဟာ ဂျေရုဆလင်မှာ ဖြစ်မယ့်အရာတွေအကြောင်း အစ္စရေးတွေကို နှစ်ပေါင်းများစွာ သတ္တိရှိရှိ သတိပေးခဲ့တယ်။ (ယေ. ၂၅:၃) ယေဟောဝါက အစ္စရေးတွေ နောင်တရဖို့ နောက်ထပ် အခွင့်အရေးပေးတဲ့အနေနဲ့ သတိပေးချက်တွေအကြောင်း ယေရမိကို စာလိပ်မှာ ရေးခိုင်းတယ်။ (ယေ. ၃၆:၁-၄) ယေရမိနဲ့ ဗာရုတ်ဟာ လပေါင်းများစွာ ကြာနိုင်ချေရှိတဲ့ အဲဒီဘုရားပေးတာဝန်ကို အတူ ထမ်းဆောင်ရင်း ယုံကြည်ခြင်း တည်ဆောက်ပေးတဲ့ စကားတွေ ပြောခဲ့ကြမှာပဲ။

၅။ ဗာရုတ်ဟာ ယေရမိအတွက် မိတ်ဆွေကောင်း ဖြစ်ကြောင်း ဘယ်လို ပြခဲ့သလဲ။

၅ စာလိပ်ကို ဖတ်ပြရမယ့်အချိန် ရောက်လာတဲ့အခါ မိတ်ဆွေ ဗာရုတ်ကိုပဲ ယေရမိ အားကိုးခဲ့ရတယ်။ (ယေ. ၃၆:၅၊ ၆) ဗာရုတ်ဟာ အန္တရာယ်ရှိတဲ့ တာဝန်ကို သတ္တိရှိရှိ ထမ်းဆောင်ခဲ့တယ်။ ဗိမာန်တော်ရင်ပြင်ကို သွားပြီး ယေရမိ ခိုင်းတဲ့အတိုင်း လုပ်တဲ့အခါ ဗာရုတ်အတွက် ယေရမိ ဘယ်လောက် ဂုဏ်ယူမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (ယေ. ၃၆:၈-၁၀) ယုဒမင်းညီမင်းသားတွေဟာ ဗာရုတ်ရဲ့ လုပ်ရပ်အကြောင်း ကြားတဲ့အခါ စာလိပ်ကို ကျယ်ကျယ် ဖတ်ပြဖို့ ပြောတယ်။ (ယေ. ၃၆:၁၄၊ ၁၅) စာလိပ်အကြောင်း ဘုရင် ယောယကိမ်ကို ပြောပြဖို့ မင်းညီမင်းသားတွေ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ “ခင်ဗျားရော ယေရမိပါ သွားပြီး ပုန်းနေပါ။ ဘယ်မှာ ပုန်းနေမှန်း ဘယ်သူမှ မသိပါစေနဲ့” လို့ ဗာရုတ်ကို စိုးရိမ်တကြီး မှာတယ်။ (ယေ. ၃၆:၁၆-၁၉) အကြံကောင်းပါပဲ။

၆။ ဆန့်ကျင်မှု ကြုံရတဲ့အခါ ယေရမိနဲ့ ဗာရုတ် ဘာလုပ်သလဲ။

၆ ယေရမိရေးတဲ့ စကားတွေကို ဘုရင် ယောယကိမ် ကြားတဲ့အခါ ဒေါသထွက်ပြီး စာလိပ်ကို မီးရှို့လိုက်တယ်။ ယေရမိနဲ့ ဗာရုတ်ကို ဖမ်းဖို့ အမိန့်ပေးတယ်။ ဒါပေမဲ့ ယေရမိ မကြောက်ဘူး။ နောက်စာလိပ်တစ်လိပ် ယူပြီး ဗာရုတ်ကို ပေးတယ်။ ဗာရုတ်က “ယုဒဘုရင် ယောယကိမ် မီးရှို့လိုက်တဲ့ စာလိပ်မှာ ပါတဲ့အတိုင်း” ယေရမိ နှုတ်တိုက်ချပေးတာတွေကို ပြန်ရေးတယ်။—ယေ. ၃၆:၂၆-၂၈၊ ၃၂။

၇။ ယေရမိနဲ့ ဗာရုတ် အတူလုပ်ဆောင်တဲ့အခါ ဘာအကျိုးရလာသလဲ။

၇ အခက်အခဲတွေကို အတူခံရပ်တဲ့သူတွေဟာ ပိုရင်းနှီးလာလေ့ရှိတယ်။ ဒါကြောင့် မင်းဆိုး ယောယကိမ် ဖျက်ဆီးလိုက်တဲ့ စာလိပ်ကို ပြန်ရေးချိန်မှာ ယေရမိနဲ့ ဗာရုတ်ဟာ အချင်းချင်းရဲ့ အရည်အသွေးကောင်းတွေကို ပိုလေးမြတ်လာမှာပဲ။ ဒီသစ္စာရှိသူ နှစ်ယောက်ဆီကနေ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။

ရင်းရင်းနှီးနှီး ပြောဆိုပါ

၈။ ရင်းနှီးတဲ့ မိတ်ဆွေ ဖွဲ့ဖို့ ဘာက အခက်တွေ့စေနိုင်သလဲ။ ဘာကြောင့် လက်မလျှော့သင့်သလဲ။

၈ ကျွန်တော်တို့ဟာ တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်ခဲ့ဖူးလို့ တခြားသူကို ရင်ဖွင့်ပြောဖို့ ခက်နိုင်တယ်။ (ပညာ. ၁၈:၁၉၊ ၂၄) ရင်းနှီးလာအောင် လုပ်ဖို့ အချိန်နဲ့ ခွန်အား မရှိဘူးလို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ လက်မလျှော့သင့်ဘူး။ အခက်အခဲကြုံတဲ့အခါ ညီအစ်ကို/မတွေကို အနားမှာ ရှိစေချင်ရင် အခုကတည်းက သူတို့နဲ့ ရင်းနှီးအောင် လုပ်ထားရမယ်။ လုပ်နိုင်တဲ့ နည်းတစ်ခုက ကိုယ့်အတွေးနဲ့ ခံစားချက်တွေကို ပြောပြခြင်းပါပဲ။—၁ ပေ. ၁:၂၂။

၉။ (က) မိတ်ဆွေတွေကို ယုံကြည်စိတ်ချကြောင်း ယေရှု ဘယ်လို ပြသလဲ။ (ခ) တခြားသူတွေနဲ့ ဆက်ဆံရေးကောင်းဖို့ ရင်းရင်းနှီးနှီး ပြောဆိုခြင်းက ဘယ်လို ကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

၉ ယေရှုက မိတ်ဆွေတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းအားဖြင့် သူတို့ကို ယုံကြည်စိတ်ချကြောင်း ပြခဲ့တယ်။ (ယော. ၁၅:၁၅) ကျွန်တော်တို့လည်း ပျော်စရာ၊ စိုးရိမ်စရာ၊ စိတ်ပျက်စရာတွေအကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ယေရှုကို တုပနိုင်တယ်။ ကိုယ့်ကို တစ်ယောက်ယောက် စကားပြောတဲ့အခါ ဂရုစိုက် နားထောင်ပေးပါ။ ဒါဆိုရင် ကိုယ်နဲ့ အတွေး၊ ခံစားချက်၊ ပန်းတိုင်တွေ အတော်ဆင်တူကြောင်း သိလာနိုင်တယ်။ အသက် ၂၉ နှစ်အရွယ် ညီအစ်မ စင်ဒီအကြောင်း သုံးသပ်ကြည့်ပါ။ သူဟာ ၆၇ နှစ်အရွယ် ရှေ့ဆောင်ညီအစ်မ မာရီလူးဝစ်နဲ့ မိတ်ဆွေဖွဲ့ထားတယ်။ သူတို့နှစ်ယောက် ကြာသပတေးနေ့ မနက်တိုင်း အတူ အမှုဆောင်သွားတယ်။ အကြောင်းအရာ အမျိုးမျိုး ပြောဆိုကြတယ်။ “မိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောတဲ့အခါ သူတို့အကြောင်း ပိုသိလာပြီး သူတို့ကို ပိုနားလည်ပေးတတ်လာတယ်” လို့ စင်ဒီ ပြောတယ်။ ရင်းရင်းနှီးနှီး ပြောဆိုခြင်းက မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲစေတယ်။ သင်လည်း စင်ဒီလိုပဲ တခြားသူတွေနဲ့ ရင်းရင်းနှီးနှီး ပြောဆိုဖို့ အစပြုလုပ်ဆောင်မယ်ဆိုရင် မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲလာမယ်။—ပညာ. ၂၇:၉။

အတူ လုပ်ဆောင်ပါ

ညီအစ်မနှစ်ယောက် အမှုဆောင်မှာ အတူပါဝင်နေ

မိတ်ဆွေကောင်းတွေဟာ အမှုဆောင်လုပ်ငန်းမှာ အတူတွဲလုပ်ဆောင်ကြ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ ပညာအလိမ္မာ ၂၇:၁၇ အရ ယုံကြည်သူချင်းတွေနဲ့ အတူလုပ်ဆောင်တဲ့အခါ ဘာအကျိုးတွေ ခံစားရနိုင်သလဲ။

၁၀ ယေရမိနဲ့ ဗာရုတ်လိုပဲ ကျွန်တော်တို့လည်း ယုံကြည်သူချင်းတွေနဲ့ အတူတွဲလုပ်ဆောင်ပြီး အရည်အသွေးကောင်းတွေကို သိလာတဲ့အခါ သူတို့ဆီကနေ သင်ယူနိုင်တယ်။ သူတို့နဲ့ ပိုရင်းနှီးလာနိုင်တယ်။ (ပညာအလိမ္မာ ၂၇:၁၇ ကိုဖတ်ပါ။) ဥပမာ၊ အမှုဆောင်မှာ မိတ်ဆွေက ယုံကြည်ချက်အကြောင်း၊ ယေဟောဝါနဲ့ ရည်ရွယ်ချက်တွေအကြောင်း သတ္တိရှိရှိ အခိုင်အမာ ပြောတာကို သင် ကြားတဲ့အခါ ဘယ်လို ခံစားရသလဲ။ သူ့ကို ပိုပြီးချစ်ခင်လာမှာပဲ။

၁၁-၁၂။ အမှုဆောင်လုပ်ငန်းမှာ အတူလုပ်ဆောင်ခြင်းက မိတ်ဆွေနှောင်ကြိုး ခိုင်မြဲစေနိုင်ကြောင်း ဥပမာပေးပါ။

၁၁ အမှုဆောင်လုပ်ငန်းမှာ အတူလုပ်ဆောင်ခြင်းက ပိုရင်းနှီးစေကြောင်း ဖော်ပြတဲ့ တွေ့ကြုံမှုနှစ်ခုကို သုံးသပ်ကြည့်ပါ။ ၂၃ နှစ်အရွယ် ညီအစ်မ အယ်ဒလင်းက ပုံမှန် ဟောလေ့မရှိတဲ့ နယ်မြေမှာ သွားဟောဖို့ သူငယ်ချင်း ကန်ဒီကို ခေါ်တယ်။ “အမှုဆောင်မှာ အားရပါးရ ပါဝင်ပြီး ပိုပျော်ချင်တယ်။ ကျွန်မတို့နှစ်ယောက်စလုံး အားပေးမှု လိုနေတာ” လို့ အယ်ဒလင်း ပြောတယ်။ အတူလုပ်ဆောင်ခြင်းကနေ သူတို့ ဘယ်လို အကျိုးရသလဲ။ “တစ်ရက် ကုန်သွားတိုင်း ကိုယ့်ခံစားချက်တွေ၊ အားပေးမှု ဖြစ်စေတဲ့ အတွေ့အကြုံတွေ၊ အမှုဆောင်လုပ်ငန်းမှာ ယေဟောဝါ လမ်းညွှန်ပေးပုံတွေကို ပြောကြတယ်။ အဲဒီအကြောင်းတွေ ပြောရတာကို နှစ်ယောက်စလုံး သိပ်ကြိုက်ပြီး တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာတယ်” လို့ အယ်ဒလင်း ပြောတယ်။

၁၂ ပြင်သစ်နိုင်ငံက တစ်ကိုယ်ရေ ညီအစ်မနှစ်ယောက် ဖြစ်တဲ့ လိုင်လာနဲ့ မေရီအန်းတို့ဟာ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ မြို့တော် ဘန်ဂီမှာ ငါးပတ်ကြာ အမှုဆောင်ဖို့ သွားကြတယ်။ “မေရီအန်းနဲ့ ကျွန်မကြားမှာ အခက်အခဲတွေ ရှိပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး မေတ္တာစစ် ရှိတဲ့အတွက် ပိုရင်းနှီးလာတယ်။ သူ အလိုက်အထိုက် နေတတ်တာ၊ ဒေသခံတွေကို ချစ်တာ၊ အမှုဆောင်လုပ်ငန်းမှာ ဇွဲရှိတာတွေကို မြင်တဲ့အခါ သူ့ကို ပိုလေးစားလာတယ်” လို့ လိုင်လာ ပြောတယ်။ သင့်အနေနဲ့ အဲဒီလိုအကျိုးတွေ ရဖို့ တိုင်းတစ်ပါးကို ပြောင်းစရာ မလိုပါဘူး။ ညီအစ်ကို/မ တစ်ယောက်ယောက်နဲ့အတူ ကိုယ့်ဒေသခံရပ်ကွက်မှာ အမှုဆောင်ချိန်တိုင်း သူ့အကြောင်း ပိုသိလာပြီး ပိုရင်းနှီးလာနိုင်တယ်။

အရည်အသွေးကောင်းတွေကို အာရုံစိုက်ပြီး ခွင့်လွှတ်ပါ

၁၃။ မိတ်ဆွေတွေနဲ့ အတူတွဲလုပ်ဆောင်တဲ့အခါ ဘာတွေ ကြုံရနိုင်သလဲ။

၁၃ တစ်ခါတလေ မိတ်ဆွေတွေနဲ့ အတူတွဲလုပ်ဆောင်တဲ့အခါ အားသာချက်တွေကိုသာမက အားနည်းချက်တွေကိုပါ သိလာတယ်။ ဒါပေမဲ့ မိတ်ဆွေနှောင်ကြိုး ဆက်ခိုင်မြဲအောင် ဘာက ကူညီပေးနိုင်သလဲ။ ယေရမိအကြောင်း ပြန်သုံးသပ်ကြည့်ပါ။ တခြားသူတွေရဲ့ ကောင်းကွက်ကို တွေ့ဖို့၊ အမှားတွေကို ခွင့်လွှတ်ဖို့ ဘာက သူ့ကို ကူညီပေးသလဲ။

၁၄။ ယေဟောဝါအကြောင်း ယေရမိ ဘာသိလာသလဲ။ အဲဒါက ယေရမိကို ဘယ်လို ကူညီပေးသလဲ။

၁၄ ယေရမိဟာ မိမိနာမည်တပ်ထားတဲ့ ကျမ်းစောင်ကို ရေးသားခဲ့တယ်။ ၁ ဘုရင်များ၊ ၂ ဘုရင်များ ကျမ်းစောင်တွေကိုလည်း ရေးသားခဲ့ပုံရတယ်။ အဲဒီအလုပ်ကြောင့် မစုံလင်တဲ့ လူသားတွေအပေါ် ထားတဲ့ ယေဟောဝါရဲ့ ကရုဏာကို ပိုသိလာတယ်။ ဥပမာ၊ ဘုရင် အာဟပ် နောင်တရတဲ့အခါ သူ့လက်ထက်မှာ ဘေးဆိုးကြုံရမှာ မဟုတ်ဘူးလို့ ယေဟောဝါ ပြောတယ်။ (၁ ဘု. ၂၁:၂၇-၂၉) မနာရှေလည်း ယေဟောဝါကို အာဟပ်ထက်တောင် ပိုပြစ်မှားခဲ့ပေမဲ့ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်လိုက်တယ်။ (၂ ဘု. ၂၁:၁၆၊ ၁၇။ ၂ ရာ. ၃၃:၁၀-၁၃) အဲဒီမှတ်တမ်းတွေက မိတ်ဆွေတွေနဲ့ ဆက်ဆံတဲ့အခါ ဘုရားသခင်ရဲ့ စိတ်ရှည်မှုနဲ့ ကရုဏာကို တုပဖို့ ယေရမိကို ကူညီပေးခဲ့မှာပဲ။—ဆာ. ၁၀၃:၈၊ ၉။

၁၅။ ဗာရုတ် အာရုံလွဲသွားတဲ့အခါ ယေဟောဝါရဲ့ စိတ်ရှည်မှုကို ယေရမိ ဘယ်လို တုပခဲ့သလဲ။

၁၅ ဗာရုတ်ဟာ တာဝန်ကနေ ခဏတဖြုတ် အာရုံလွဲသွားတဲ့အခါ ယေရမိ ဘယ်လို ကိုင်တွယ်သလဲ။ ချက်ချင်း လက်လျှော့လိုက်မယ့်အစား ဘုရားသခင်ရဲ့ ကြင်နာပြတ်သားတဲ့သတင်းကို ပြောပြခြင်းအားဖြင့် ဗာရုတ်ကို ကူညီပေးတယ်။ (ယေ. ၄၅:၁-၅) ဒီမှတ်တမ်းကနေ ဘာတွေ သင်ယူနိုင်သလဲ။

ညီအစ်မနှစ်ယောက် အချင်းချင်း ခွင့်လွှတ်ပြီး နိုင်ငံတော်ခန်းမမှာ စကားပြောနေကြ

မိတ်ဆွေကောင်းတွေဟာ အချင်းချင်း အကြွင်းမဲ့ ခွင့်လွှတ်ကြ (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ပညာအလိမ္မာ ၁၇:၉ အရ မိတ်ဆွေနှောင်ကြိုး ဆက်ခိုင်မြဲနေဖို့ ဘာလုပ်ရမလဲ။

၁၆ ညီအစ်ကို/မတွေဆီကနေ စုံလင်မှုကို မျှော်လင့်လို့ မရဘူး။ ဒါကြောင့် ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ပြီဆိုရင် နှောင်ကြိုး ဆက်ခိုင်မြဲအောင် ကြိုးစားနေရမယ်။ မိတ်ဆွေတွေ အမှားလုပ်မိတဲ့အခါ ကျမ်းစာကို အခြေပြုပြီး ကြင်ကြင်နာနာ၊ ပွင့်ပွင့်လင်းလင်း တည့်မတ်ပေးရမယ်။ (ဆာ. ၁၄၁:၅) ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်ရင် ခွင့်လွှတ်ရမယ်။ ခွင့်လွှတ်ပြီးနောက် ပြန်အစမဖော်ရဘူး။ (ပညာအလိမ္မာ ၁၇:၉ ကိုဖတ်ပါ။) ကြီးစွာသောဒုက္ခအတွင်းမှာ မိတ်ဆွေတွေကို ကျွန်တော်တို့ ပိုလိုအပ်လာလိမ့်မယ်။ ဒါကြောင့် ဒီနောက်ဆုံးကာလမှာ ညီအစ်ကို/မတွေရဲ့ အားနည်းချက်ကို မဟုတ်ဘဲ အားသာချက်ကို အာရုံစိုက်ဖို့ အရေးကြီးတယ်။ ဒါဆိုရင် ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာမယ်။

ခိုင်မြဲတဲ့မေတ္တာ ပြပါ

၁၇။ ဒုက္ခရောက်ချိန်မှာ မိတ်ဆွေစစ်ဖြစ်ကြောင်း ယေရမိ ဘယ်လို ပြသလဲ။

၁၇ ပရောဖက် ယေရမိဟာ ဒုက္ခရောက်ချိန်မှာ မိတ်ဆွေစစ်ဖြစ်ကြောင်း ပြခဲ့တယ်။ ဥပမာ၊ နန်းတွင်းအရာရှိ ဧဗဒမေလက်ဟာ ယေရမိကို ရွှံ့နွံကန်ထဲကနေ ကယ်ထုတ်ပြီးနောက် မိမိကို မင်းညီမင်းသားတွေ ဒုက္ခပေးမှာ စိုးရိမ်နေတယ်။ ဒါကို ယေရမိ ကြားတဲ့အခါ သူ့ဟာသူ ဖြေရှင်းနိုင်မှာပါဆိုပြီး လက်ပိုက်ကြည့်မနေခဲ့ဘူး။ ကိုယ်တိုင် အချုပ်ခံနေရတာတောင် ယေဟောဝါဆီက နှစ်သိမ့်မှုဖြစ်စေတဲ့ ကတိအကြောင်း မိတ်ဆွေ ဧဗဒမေလက်ကို ပြောပြတယ်။ ဒီနည်းအားဖြင့် အတတ်နိုင်ဆုံး ကူညီပေးတယ်။—ယေ. ၃၈:၇-၁၃။ ၃၉:၁၅-၁၈။

အကူအညီ လိုအပ်နေတဲ့ ညီအစ်ကို ပြောတာကို ဇနီးမောင်နှံတစ်စုံ နားထောင်နေ

မိတ်ဆွေကောင်းတွေဟာ လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးကြ (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ ပညာအလိမ္မာ ၁၇:၁၇ အရ မိတ်ဆွေတစ်ယောက် ဒုက္ခရောက်နေတဲ့အခါ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၈ ဒီနေ့လည်း ညီအစ်ကို/မတွေဟာ အခက်အခဲ အမျိုးမျိုး ကြုံနေကြတယ်။ သဘာဝဘေး၊ လူတွေကြောင့်ဖြစ်တဲ့ ဘေးဆိုးတွေကို ကြုံနေရတယ်။ အဲဒီလိုအချိန်မှာ မိတ်ဆွေတွေကို ကိုယ့်အိမ်မှာ ခေါ်ထားနိုင်တယ်။ ငွေကြေး ကူညီနိုင်တယ်။ သူတို့ကို ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ ညီအစ်ကို/မတစ်ယောက်ယောက် စိတ်ဓာတ်ကျနေချိန်မှာ ဘာပြောရမှန်း၊ ဘာလုပ်ပေးရမှန်း မသိဘဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ကူညီပေးနိုင်တယ်။ ဥပမာ၊ အချိန်ပေးနိုင်တယ်။ သူတို့ စကားပြောတဲ့အခါ စာနာစိတ်နဲ့ နားထောင်ပေးနိုင်တယ်။ နှစ်သိမ့်မှုဖြစ်စေတဲ့ အကြိုက်ဆုံး ကျမ်းချက်တွေ ပြောပြနိုင်တယ်။ (ဟေရှာ. ၅၀:၄) အရေးကြီးဆုံးကတော့ မိတ်ဆွေတွေ ကိုယ့်ကို လိုအပ်ချိန်မှာ သူတို့အနား ရှိနေပေးဖို့ပါပဲ။—ပညာအလိမ္မာ ၁၇:၁၇ ကိုဖတ်ပါ။

၁၉။ အခုကတည်းက ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင် လုပ်ခြင်းက အနာဂတ်မှာ ဘယ်လို ကူညီပေးမလဲ။

၁၉ အခုကတည်းက ညီအစ်ကို/မတွေနဲ့ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ ဘာကြောင့်လဲ။ ရန်သူတွေက အလိမ်အညာတွေ၊ သတင်းမှားတွေကို သုံးပြီး ကျွန်တော်တို့ စိတ်ဝမ်းကွဲအောင်၊ အချင်းချင်း တိုက်ခိုက်အောင် လုပ်မှာ ဖြစ်လို့ပဲ။ ဒါပေမဲ့ သူတို့အောင်မြင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ မေတ္တာနှောင်ကြိုးကို ဘယ်လိုမှ ဖြတ်လို့ရမှာ မဟုတ်ဘူး။ အဲဒီနှောင်ကြိုးဟာ ဒီစနစ်အဆုံးထိသာမက ထာဝစဉ် တည်မြဲနေပါလိမ့်မယ်။

အောက်ပါအချက်တွေက မိတ်ဆွေနှောင်ကြိုး ခိုင်မြဲဖို့ ဘယ်လို ကူညီပေးသလဲ

  • ရင်းရင်းနှီးနှီး ပြောဆိုဆက်သွယ်ခြင်း

  • အမှုဆောင်မှာ အတူတွဲလုပ်ဆောင်ခြင်း

  • လိုအပ်ချိန်မှာ အချင်းချင်း ကူညီခြင်း

သီချင်း ၂၄ ယေဟောဝါရဲ့ တောင်တော်ဆီ လာကြ

a အဆုံးနီးလာတာနဲ့အမျှ ယုံကြည်သူချင်းတွေနဲ့ ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင် လုပ်ဖို့ လိုတယ်။ ယေရမိဆီကနေ ဘာသင်ယူနိုင်ကြောင်း၊ အခုအချိန်မှာ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲနေခြင်းက ဒုက္ခရောက်ချိန်မှာ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

b ယေရမိကျမ်းမှာပါတဲ့ မှတ်တမ်းတွေဟာ သက္ကရာဇ်စဉ်အတိုင်း ဖော်ပြထားတာ မဟုတ်ပါ။

c ပုံအညွှန်း– ဒီပုံက “ကြီးစွာသောဒုက္ခ” အတွင်း ဖြစ်လာနိုင်တာတွေကို သရုပ်ဖော်ထားတယ်။ ညီအစ်ကို/မများစွာဟာ ထပ်ခိုးမှာ စုဝေးနေကြတယ်။ ဒီလိုခက်ခဲချိန်မှာ ရင်းရင်းနှီးနှီး ရှိနေလို့ နှစ်သိမ့်မှု ရကြတယ်။ နောက်ပုံ သုံးခုစလုံးမှာ အဲဒီညီအစ်ကို/မတွေဟာ ကြီးစွာသောဒုက္ခ မစခင်ကတည်းက ရင်းနှီးမှုနှောင်ကြိုး ခိုင်မြဲအောင် လုပ်ထားကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ