မည်သည့်အရာက သင့်အသက်တာကို အဓိပ္ပာယ်ရှိစေသနည်း
ကဲန်နီသည် စီးပွားရေးအကျိုးဆောင်လုပ်ငန်းတွင် အလုပ်ကောင်းတစ်ခု ပိုင်ဆိုင်ထားသည်၊ ဇိမ်ခံကားတစ်စီးလည်းရှိပြီး မြို့ကြီးတစ်မြို့၏ လူချမ်းသာရပ်ကွက်တွင် နေထိုင်၏။ သူသည် ကျွမ်းကျင်သောလေထီးသမားတစ်ဦးဖြစ်ရာ ပေထောင်ချီအမြင့်မှ ခုန်ချရသော စိတ်လှုပ်ရှားမှုကို အလွန်ပင်နှစ်သက်သည်။ ယင်းတို့က သူ့အသက်တာကို အဓိပ္ပာယ်ရှိစေသလော။ ဂျာနယ်တစ်စောင်တွင် သူဤသို့ဆို၏– “အခု ကျွန်တော် အသက် ၄၅ နှစ်ရှိပြီ၊ ဒါပေမဲ့ ကျွန်တော့်မှာ အနာဂတ်ဆိုတာ မရှိဘူး။ . . . ကျွန်တော့်ဘဝက ဘာမှအဓိပ္ပာယ်မရှိဘူး။”
အယ်လန်သည် ရေခဲပြင်လျှောစီးသူတစ်ဦးဖြစ်ရန် ကြိုးစားလေ့ကျင့်ခဲ့၏။ နောက်ဆုံး သူအောင်မြင်ခဲ့လေသည်။ သူလိုလားသော ကျော်ကြားမှုကိုလည်း ရရှိခဲ့သည်။ “ဒါပေမဲ့ ကျွန်မမျှော်လင့်ခဲ့တဲ့ ပျော်ရွှင်မှုဆိုတာ ဘယ်မှာလဲ။ အရမ်းအထီးကျန်တယ်လို့ ခံစားရတယ်။ တစ်နေ့ ကျွန်မ အသက်ကြီးလာမယ်၊ ငွေရေးကြေးရေး ဖူလုံပေမဲ့ ဘဝမှာ အဓိပ္ပာယ်မရှိဘူး” ဟုသူညည်းတွားခဲ့သည်။
ဟီဒီယိုသည် ကျော်ကြားသောပန်းချီပညာရှင်တစ်ဦးဖြစ်ပြီး ထိုတွင်သာ ဘဝကိုနှစ်မြှုပ်ထားသည်။ ပန်းချီကားများရောင်းချခြင်းက အနုပညာကို တန်ဖိုးလျော့စေသည်ဟု ယူမှတ်သောကြောင့် သူ၏ပန်းချီကားများကို မရောင်းချပေ။ သူသေဆုံးခါနီး အသက် ၉၈ နှစ်အရွယ်တွင် သူ၏ပန်းချီကားများကို ပြတိုက်တစ်ခုသို့ လှူဒါန်းလိုက်သည်။ သူသည် အနုပညာလိုက်စားမှုတွင်သာ ဘဝကိုမြှုပ်နှံခဲ့၏။ သို့တိုင် အပြစ်အနာအဆာမရှိသောပန်းချီကားများကို မည်သည့်အခါမျှ ရေးဆွဲနိုင်မည်မဟုတ်ဟု ယူဆသောကြောင့် ကျေနပ်ပျော်ရွှင်မှု မခံစားခဲ့ရပေ။
အချို့သူတို့သည် သူတစ်ပါးကို အကြီးအကျယ်ကူညီတတ်ကြ၏။ ဥပမာ၊ ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းမှ အုပ်ချုပ်ရေးမှူးတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ အမေရိကန်ပြည်ထောင်စုရှိ အကြီးဆုံးရုပ်ရှင်ကုမ္ပဏီ၏ ဒု-ဥက္ကဋ္ဌအနေဖြင့် သူသည် နာမည်ကျော်ပုဂ္ဂိုလ်များနှင့် ပေါင်းသင်းဆက်ဆံရပြီး ဇိမ်ခံအိမ်ကြီးတွင် နေထိုင်သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ အားလပ်ရက်ခရီးထွက်ပြီး ဖနွမ်းပင်မြို့ရှိ ကဖေးဆိုင်တွင် စားသောက်နေစဉ် မိန်းကလေးတစ်ဦး ပိုက်ဆံလာတောင်း၏။ သို့နှင့် တစ်ဒေါ်လာနှင့် အအေးတစ်လုံးပေးလိုက်သည်။ မိန်းကလေးမှာ ကျေနပ်သွားသော်လည်း နောက်တစ်ည ထိုနေရာတွင်ပင် ထပ်တောင်းရမ်းနေပြန်သည်။ ထိုအခါ မဖြစ်စလောက်ကူညီရုံဖြင့် မလုံလောက်ကြောင်း သူသိလိုက်သည်။
တစ်နှစ်ကြာပြီးနောက် ထိုအုပ်ချုပ်ရေးမှူးသည် ရုပ်ရှင်လုပ်ငန်းတွင် အလုပ်မလုပ်တော့ဘဲ ကမ္ဘောဒီးယားနိုင်ငံရှိဆင်းရဲသားများကို ကူညီရန်ဆုံးဖြတ်လိုက်သည်။ စားဝတ်နေရေးနှင့် ပညာရေးကို ထောက်ပံ့ပေးသောကျောင်းတစ်ကျောင်း တည်ထောင်ခဲ့သည်။ သူအောင်မြင်ပြီးမြောက်ရာများအတွက် ကျေနပ်ပျော်ရွှင်မှုခံစားရသော်လည်း တစ်ချိန်တည်းတွင် သူရင်ဆိုင်ဖြေရှင်းနေရသော ပြဿနာများစွာကြောင့် စိတ်ဓာတ်ကျခဲ့သည်။
အထက်ပါပုဂ္ဂိုလ်လေးဦးစလုံးသည် ဘဝတွင် အဘယ်အတွက် အသက်ရှင်နေသည်ကို သိသည်ဟု ယူဆကြ၏။ သူတို့ကြိုးစားအားထုတ်ပြီး နောက်ဆုံး ဖြစ်လိုသည့်ပန်းတိုင်ရောက်သော်လည်း အချည်းနှီးဖြစ်သည်ဟု ခံစားခဲ့ရသည်။ သင်ကော အဘယ်အရာအတွက် အသက်ရှင်နေသနည်း။ သင့်ဘဝတွင် ဦးစားထားရာကား အဘယ်နည်း။ ယခု သင့်အသက်ရှင်နေထိုင်ပုံအတွက် တစ်ချိန်ချိန်တွင် နောင်တရမည်မဟုတ်ဟု သေချာပြောနိုင်သလော။