လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်—နာဇီအကျဉ်းစခန်းများမှ ကျွန်တော်လွတ်မြောက်လာပုံ
ဂျိုးဇက်ဟီဇီဂါ ပြောပြသည်
“ခင်ဗျား ဘာတွေဖတ်နေတာလဲ” လို့အခန်းဖော်အကျဉ်းသားကို ကျွန်တော်မေးလိုက်တယ်။ “ကျမ်းစာဖတ်နေတာပါ၊ ခင်ဗျားရဲ့တစ်ပတ်စာရိက္ခာပေါင်မုန့်နဲ့ လဲမယ်လေ” ဆိုပြီး သူပြန်ပြောတယ်။
ဂျာမနီနိုင်ငံပိုင်တဲ့ မိုဇဲလ်နယ်မြေမှာ ၁၉၁၄၊ မတ် ၁ ရက်မှာ ကျွန်တော့်ကိုမွေးဖွားခဲ့တယ်။ ၁၉၁၈ ခုနှစ်မှာ ပထမကမ္ဘာစစ်ကြီးပြီးဆုံးတဲ့နောက် မိုဇဲလ်က ပြင်သစ်လက်အောက် ရောက်သွားတယ်။ ၁၉၄၀ ပြည့်နှစ်ရောက်တော့ ဂျာမနီတွေက ပြန်သိမ်းလိုက်တယ်။ အဲဒီနောက် ၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ အဲဒီနယ်မြေက ပြင်သစ်လက်အောက် ပြန်ရောက်သွားတယ်။ ဒါကြောင့် ကျွန်တော်လည်း ပြင်သစ်နိုင်ငံသားဖြစ်လိုက်၊ ဂျာမနီနိုင်ငံသားဖြစ်လိုက်နဲ့၊ အဲဒီဘာသာစကားနှစ်မျိုးစလုံးကို ပြောတတ်ခဲ့တယ်။
ကျွန်တော့်မိဘတွေက အမာခံကက်သလစ်ဘာသာဝင်တွေပါ။ ညတိုင်း၊ အိပ်ရာမဝင်ခင် မိသားစုလိုက် ဒူးထောက်ဆုတောင်းကြတယ်။ တနင်္ဂနွေနေ့တွေနဲ့ ရုံးပိတ်ရက်တွေမှာ ချာ့ချ်တက်ကြတယ်။ ကျွန်တော်က ဘာသာရေးကိုင်းရှိုင်းပြီး ကက်သလစ်မေးဖြေသင်တန်းကိုလည်း တက်ရောက်ခဲ့တယ်။
ယေဟောဝါသက်သေတို့၏လုပ်ငန်းတွင် တက်ကြွစွာပါဝင်လာခြင်း
၁၉၃၅ ခုနှစ်မှာ ကျွန်တော့်မိဘတွေဆီ ယေဟောဝါသက်သေနှစ်ယောက် လာလည်ပတ်တယ်။ ပထမကမ္ဘာစစ်မှာ ဘာသာရေးရဲ့ပါဝင်ပတ်သက်မှုအကြောင်း သူတို့ဆွေးနွေးကြတယ်။ အဲဒီနောက်ပိုင်း ကျမ်းစာကို ကျွန်တော် ပိုစိတ်ဝင်စားလာတယ်၊ ၁၉၃၆ ရောက်တော့ ခရစ်ယာန်ဘုန်းကြီးဆီမှာ ကျမ်းစာတစ်အုပ်ရနိုင်မလားဆိုပြီး တောင်းဆိုခဲ့တယ်။ ကျမ်းစာကိုနားလည်နိုင်ဖို့ ဓမ္မပညာတွေကိုလေ့လာရဦးမယ်လို့ သူပြန်ပြောတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျမ်းစာတစ်အုပ်ပိုင်ဆိုင်လိုစိတ်၊ ကျမ်းစာဖတ်ရှုလိုစိတ် ပိုပြင်းပြလာတယ်။
၁၉၃၇၊ ဇန်နဝါရီလမှာ ကျွန်တော့်အလုပ်ဖော်ဖြစ်တဲ့ သက်သေခံအဲလ်ဘင်ရီလီဗဇ်က ကျမ်းစာသွန်သင်ရာတွေကို ပြောပြတယ်။ “ခင်ဗျားမှာ ကျမ်းစာတစ်အုပ်လောက်ရှိလား” လို့ ကျွန်တော်မေးလိုက်တယ်။ သူ့ဆီမှာ ကျမ်းစာရှိတယ်တဲ့။ မကြာပါဘူး၊ ကျွန်တော့်ကို ဂျာမန်ဘာသာပြန်ကျမ်းစာတစ်အုပ်ပေးတယ်၊ ယေဟောဝါဆိုတဲ့ ဘုရားသခင့်နာမတော်ကိုလည်း အဲဒီကျမ်းကနေ သူဖွင့်ပြတယ်။ ကျွန်တော် ကျမ်းစာကို စိတ်ထက်ထက်သန်သန်ဖတ်တယ်၊ တွိုင်ဗဲလ်မြို့အနီးက ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးတွေကို စတက်တယ်။
၁၉၃၇၊ ဩဂုတ်လရောက်တော့ ပါရီမြို့မှာကျင်းပတဲ့ သက်သေခံတွေရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကို အဲလ်ဘင်နဲ့အတူ သွားတက်တယ်။ အဲဒီမှာ ကျွန်တော် တစ်အိမ်မှတစ်အိမ် စဟောပြောခဲ့တယ်။ သိပ်မကြာဘူး၊ နှစ်ခြင်းခံလိုက်ပြီး ၁၉၃၉ နှစ်ဦးပိုင်းမှာ အချိန်ပြည့်အမှုဆောင်ဖြစ်တဲ့ ရှေ့ဆောင်ဖြစ်လာတယ်။ မက်ဇ်မြို့မှာ ကျွန်တော်တာဝန်ကျတယ်။ အဲဒီနောက် ဇူလိုင်လမှာ ပါရီမြို့က ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်စာရတယ်။
စစ်အတွင်း ခက်ခဲကျပ်တည်းမှုများ
ဌာနခွဲမှာ ခဏလေးပဲ အမှုဆောင်လိုက်ရတယ်၊ ၁၉၃၉၊ ဩဂုတ်လရောက်တော့ ပြင်သစ်စစ်တပ်မှာစစ်မှုထမ်းဖို့ ခေါ်စာရတယ်။ စစ်ထဲဝင်ဖို့ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ်က ခွင့်မပြုတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရတယ်။ ကျွန်တော်ထောင်ကျနေချိန် ၁၉၄၀၊ မေလမှာ ဂျာမနီက ပြင်သစ်ကို ရုတ်တရက်တိုက်ခိုက်ခဲ့တယ်။ ဇွန်လမှာ ပြင်သစ်ကိုအနိုင်ရသွားတယ်၊ ဒါနဲ့ ကျွန်တော်လည်း ဂျာမန်လူမျိုးပြန်ဖြစ်သွားတယ်။ ဒါကြောင့် ဇူလိုင်လမှာ ထောင်ကလွတ်လာပြီး မိဘတွေဆီပြန်လာခဲ့တယ်။
နာဇီကြီးစိုးမှုအောက်မှာ နေထိုင်ရတော့ ကျမ်းစာလေ့လာဖို့ တိတ်တဆိတ်တွေ့ဆုံရတယ်။ သက်သေခံတစ်ယောက်ရဲ့မုန့်တိုက်မှာ ကျွန်တော်ဆုံတွေ့နေကျ သတ္တိရှိတဲ့ခရစ်ယာန်အမျိုးသမီး မာရက်အန်နာဇိခ်ဆီကနေ ကင်းမျှော်စင်တွေရရှိတယ်။ ဂျာမနီမှာ သက်သေခံတွေရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ၁၉၄၁ ခုနှစ်အထိ ကျွန်တော်ရှောင်နိုင်ခဲ့တယ်။
တစ်နေ့၊ ဂတ်စတာပိုက ကျွန်တော့်ဆီ ရောက်လာတယ်။ သက်သေခံတွေကို ပိတ်ပင်ထားတယ်ဆိုတဲ့အကြောင်း သူ သေသေချာချာပြောပြပြီး သက်သေခံဆက်ဖြစ်ချင်တုန်းပဲလားလို့ ကျွန်တော့်ကိုမေးတယ်။ “ဟုတ်တယ်” လို့ကျွန်တော်ပြန်ဖြေတော့ သူ့နောက်လိုက်ခဲ့ဖို့ ပြောတယ်။ အမေ့ခမျာ စိုးရိမ်လွန်းလို့ သတိလစ်သွားတယ်။ ဒါနဲ့ ဂတ်စတာပိုအရာရှိက ကျွန်တော့်ကိုမခေါ်သွားတော့ဘဲ အမေ့ကိုကြည့်ရှုပြုစုဖို့ နေရစ်ခိုင်းတယ်။
ကျွန်တော်အလုပ်လုပ်တဲ့စက်ရုံမှာ မန်နေဂျာကို “ဟိုင်းဟစ်တလာ” ဆိုပြီး နှုတ်မဆက်ဘူး။ နာဇီပါတီထဲဝင်ဖို့လည်း ငြင်းလိုက်တယ်။ ဒါကြောင့် နောက်တစ်နေ့မှာ ဂတ်စတာပိုက ကျွန်တော့်ကိုဖမ်းသွားတယ်။ စစ်ဆေးမေးမြန်းချိန်မှာ တခြားသက်သေခံတွေရဲ့နာမည်တွေကို ထုတ်ဖော်ဖို့ ငြင်းဆိုခဲ့တယ်။ စစ်ဆေးမေးမြန်းသူက ကျွန်တော့်ခေါင်းကို သေနတ်ဒင်နဲ့ ခပ်ကြမ်းကြမ်းရိုက်ချလိုက်တဲ့အတွက် ကျွန်တော်သတိလစ်သွားတယ်။ ၁၉၄၂၊ စက်တင်ဘာ ၁၁ ရက်မှာ မက်ဇ်မြို့၊ အထူးတရားရုံးက ကျွန်တော့်ကို “ယေဟောဝါသက်သေနဲ့ ကျမ်းစာကျောင်းသားအသင်းအဖွဲ့ကိုယ်စား ဝါဒဖြန့်မှုအတွက်” ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တယ်။
နှစ်ပတ်ကြာတော့ ကျွန်တော့်ကို မက်ဇ်ထောင်ကနေ ခေါ်ထုတ်ပြီး နောက်ဆုံးမှာ ဇွီဘရွတ်ကန်မှာရှိတဲ့ အလုပ်ကြမ်းစခန်းကို ပို့လိုက်တယ်။ အဲဒီမှာ ရထားလမ်းပြုပြင်တဲ့အလုပ် လုပ်ရတယ်။ ရထားသံလမ်းအလေးကြီးတွေကိုလဲပြီး ဝက်အူကျပ်ပြီးတဲ့နောက် ရထားလမ်းပေါ်က ကျောက်ခဲတွေကို ညီအောင်ညှိပေးရတယ်။ ကျွန်တော်တို့အားလုံး မနက်မှာ ကော်ဖီတစ်ခွက်၊ ပေါင်မုန့်နှစ်အောင်စလောက်ရတယ်၊ နေ့လယ်နဲ့ညနေခင်းမှာ စွပ်ပြုတ်တစ်ခွက်စီရကြတယ်။ နောက်တော့ အနီးနားမြို့ကထောင်ကို ပြန်ပြောင်းရွှေ့ရပြီး အဲဒီက ဖိနပ်ချုပ်ဆိုင်မှာ အလုပ်လုပ်ရတယ်။ လပေါင်းများစွာကြာပြီးနောက် ကျွန်တော့်ကို ဇွီဘရွတ်ကန်ကို ပြန်ပို့လိုက်တယ်၊ ဒီတစ်ခါတော့ စိုက်ခင်းတွေမှာ အလုပ်လုပ်ရတယ်။
မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်
ထောင်ထဲမှာ ကျွန်တော်ရဲ့အခန်းဖော်က နယ်သာလန်နိုင်ငံက လူငယ်လေးဖြစ်တယ်။ သူ့ဘာသာစကားကို နည်းနည်းပါးပါးတတ်သိလာတဲ့အတွက် ကျွန်တော့်ယုံကြည်ချက်တွေကို ဝေမျှနိုင်ခဲ့တယ်။ မြစ်ထဲမှာ သူ့ကိုနှစ်ခြင်းပေးဖို့တောင်းဆိုတဲ့အထိ သူကောင်းကောင်းတိုးတက်လာတယ်။ ရေထဲက ထလာတဲ့အခါ ကျွန်တော့်ကိုဖက်ပြီး “ဂျိုးဇက်၊ ကျွန်တော်က ခင်ဗျားနဲ့ယုံကြည်ခြင်းတူတဲ့ ညီအစ်ကိုဖြစ်သွားပြီ” လို့ပြောတယ်။ ကျွန်တော့်ကို ရထားလမ်းအလုပ်အတွက် ပြန်ပို့လိုက်တဲ့အခါ ကျွန်တော်တို့ လူချင်းကွဲသွားတယ်။
ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်အခန်းဖော်အကျဉ်းသားက ဂျာမန်လူမျိုးဖြစ်တယ်။ တစ်ညနေမှာ ကျမ်းစာအုပ်လေးတစ်အုပ်ကို သူဖတ်နေတယ်။ အဲဒီကျမ်းစာအုပ်လေးကို ကျွန်တော့်ရဲ့တစ်ပတ်စာရိက္ခာပေါင်မုန့်နဲ့ လဲဖို့ သူကမ်းလှမ်းတယ်။ ကျွန်တော် သဘောတူလိုက်တယ်။ တစ်ပတ်စာရိက္ခာဆုံးရှုံးလိုက်ရပေမဲ့ ကျွန်တော် ဘယ်တော့မှနောင်တမရဘူး။ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်ရမည်မဟုတ်။ ယေဟောဝါဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ရှင်ရမည်’ ဆိုတဲ့ယေရှုစကားရဲ့အဓိပ္ပာယ်ကို ကျွန်တော်နားလည်လာတယ်။—မဿဲ ၄:၄။
အခု၊ ကျွန်တော့်မှာ ကျမ်းစာရှိနေပြီဆိုတော့ အဲဒါကို ကိုယ်နဲ့မကွာဆောင်ထားဖို့က အခက်အခဲတစ်ခုပဲ။ တခြားအကျဉ်းသားတွေနဲ့မတူဘဲ သက်သေခံတွေက ကျမ်းစာဆောင်ခွင့်မရှိဘူး။ ဒါကြောင့် ညဘက်ဆို ကျမ်းစာကို စောင်အောက်မှာ တိတ်တိတ်လေးဖတ်ရတယ်။ နေ့ခင်းကျတော့ ရှပ်အင်္ကျီထဲမှာ ဝှက်ထားပြီး ကိုယ်နဲ့မကွာဆောင်ထားတယ်။ ထောင်စောင့်တွေ ရှာဖွေမှာစိုးလို့ အခန်းထဲမှာမထားရဲဘူး။
တစ်နေ့၊ နာမည်ခေါ်ဖို့တန်းစီတဲ့အခါ ကျွန်တော့်ကျမ်းစာအုပ်မေ့ကျန်ခဲ့မှန်း သိလိုက်တယ်။ အဲဒီညနေခင်းမှာ အခန်းကိုအမြန်ပြန်ခဲ့ပေမဲ့ ကျမ်းစာကို ရှာမတွေ့တော့ဘူး။ ဘုရားသခင်ဆီ ဆုတောင်းပြီးတဲ့နောက် ထောင်စောင့်ကိုသွားတွေ့ပြီး ကျွန်တော့်စာအုပ်ကို တစ်ယောက်ယောက်က ယူသွားတဲ့အတွက် ပြန်လိုချင်တဲ့အကြောင်း ရှင်းပြလိုက်တယ်။ ကျွန်တော့်ကို သူ သိပ်အာရုံမစိုက်လို့ ကျမ်းစာကိုပြန်ရခဲ့တယ်။ ဒီအတွက် ယေဟောဝါကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိတယ်။
နောက်တစ်ကြိမ်မှာ ကျွန်တော့်ကို ရေချိုးဖို့လွှတ်လိုက်တယ်။ ညစ်ပတ်နေတဲ့အဝတ်တွေကို ချွတ်ချရင်း ကျမ်းစာကိုလည်း ကြမ်းပြင်ပေါ် မသိမသာလျှောချလိုက်တယ်။ ထောင်စောင့်ကြည့်မနေတဲ့အချိန်မှာ ကျမ်းစာကို ရေချိုးမယ့်နေရာဆီရောက်အောင် ခြေထောက်နဲ့တွန်းရွှေ့လိုက်တယ်။ ရေချိုးတဲ့နေရာဘက်မှာ ကျမ်းစာကို ဝှက်ထားလိုက်တယ်။ ရေချိုးပြီးတဲ့အခါ ကျမ်းစာကို သန့်ရှင်းတဲ့အဝတ်ပုံတွေဘက် ရောက်သွားအောင် ခြေထောက်နဲ့အသာလေးပြန်တွန်းလိုက်တယ်။
အကျဉ်းသားဘဝ၏ အားရှိဖွယ်နှင့် စိတ်ပျက်ဖွယ်အတွေ့အကြုံများ
၁၉၄၃၊ တစ်မနက်ခင်းမှာ ထောင်ဝင်းထဲ အကျဉ်းသားတွေတန်းစီနေတုန်း အဲလ်ဘင်ကိုတွေ့လိုက်တယ်။ သူလည်း အဖမ်းခံရတာကိုး။ ကျွန်တော့်ကို သူဖျတ်ခနဲလှမ်းကြည့်ပြီး ညီအစ်ကိုအသင်းအပင်းတွေဖြစ်တယ်ဆိုတဲ့သင်္ကေတနဲ့ သူ့ရင်ဘတ်ကို လက်နဲ့ပုတ်ပြတယ်။ ပြီးတော့ ကျွန်တော့်ဆီစာရေးမယ်ဆိုပြီး လက်ဟန်ပြသွားတယ်။ နောက်တစ်နေ့၊ ကျွန်တော့်ဘေးမှာ သူဖြတ်လျှောက်ရင်း စာရွက်တစ်စချသွားတယ်။ ဒါကို ထောင်စောင့်မြင်သွားတဲ့အတွက် ကျွန်တော်တို့နှစ်ယောက်စလုံး နှစ်ပတ်ကြာတိုက်ပိတ်ခံရတယ်။ ပေါ့ရွှတ်ရွှတ်ပေါင်မုန့်နဲ့ရေပဲ ရရှိပြီး ပျဉ်ချပ်တွေပေါ်မှာ စောင်မပါဘဲ အိပ်ခဲ့ရတယ်။
အဲဒီနောက် ဇီဂ်ဘာ့ခ်ကအကျဉ်းထောင်ကိုပြောင်းရွှေ့ရပြီး သတ္တုဆိုင်မှာလုပ်ရတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ခိုင်းပေမဲ့ စားရတာကျတော့ မသေရုံတမယ်ပဲ။ ညဘက်မှာ ကိတ်မုန့်၊ သစ်သီးစတဲ့ စားကောင်းသောက်ဖွယ်တွေကို အိပ်မက်မက်တယ်၊ အိပ်ရာနိုးတော့ ဗိုက်တဂွီဂွီအော်ပြီး လည်ချောင်းက ခြောက်နေတာပဲ။ ကိုယ်အလေးချိန်က ပေါင်တစ်ရာတောင် မပြည့်တော့ဘူး။ ဒါပေမဲ့၊ နေ့တိုင်း ကျမ်းစာဖတ်တဲ့အတွက် အသက်ဆက်ရှင်ချင်စိတ်ဖြစ်မိတယ်။
နောက်ဆုံးတွင် လွတ်မြောက်လေပြီ
၁၉၄၅၊ ဧပြီလ၊ တစ်မနက်ခင်းမှာ အစောင့်တွေက ထောင်တံခါးတွေကို ဖွင့်ရက်သားထားခဲ့ပြီး ထွက်ပြေးသွားကြတယ်။ ကျွန်တော် လွတ်မြောက်ပြီ။ ထောင်ကထွက်ထွက်ချင်း ဆေးရုံမှာ တော်တော်ကြာကြာ ဆေးကုလိုက်ရတယ်။ မေလကုန်တော့ ကျွန်တော့်မိဘအိမ်ကို ပြန်ရောက်ခဲ့တယ်။ ကျွန်တော် အသက်ရှင်နေသေးတယ်လို့ သူတို့မျှော်လင့်မထားဘူး။ ကျွန်တော့်ကိုတွေ့တော့ အမေ့ခမျာ ဝမ်းသာလွန်းလို့ ငိုချလိုက်တယ်။ စိတ်မကောင်းစရာက သိပ်မကြာခင်မှာပဲ မိဘတွေကွယ်လွန်သွားတယ်။
တွိုင်ဗဲလ်အသင်းတော်ကို ကျွန်တော်ပြန်ဆက်သွယ်တယ်။ ယုံကြည်ခြင်းတူတဲ့ညီအစ်ကိုညီအစ်မတွေကို ပြန်တွေ့ရလို့ သိပ်ပျော်ရွှင်ခဲ့ရတယ်။ စမ်းသပ်မှုတွေအများကြီးကြုံခဲ့ရပေမဲ့ သူတို့သစ္စာရှိခဲ့ကြတယ်ဆိုတာ သိရတော့ အားရှိလိုက်တာ။ ကျွန်တော့်ရဲ့ချစ်သူငယ်ချင်းအဲလ်ဘင်ကတော့ ဂျာမနီ၊ ရက်ဂင်စ်ဘာ့ဂ်မြို့မှာ ကွယ်လွန်သွားတယ်။ နောက်ပိုင်း၊ ကျွန်တော့်ဝမ်းကွဲ ဇင်းဟီဇီဂါက သက်သေခံဖြစ်လာပြီး စစ်မှုမထမ်းတဲ့အတွက် သေဒဏ်စီရင်ခံရတယ်လို့ သိလိုက်ရတယ်။ ကျွန်တော်အမှုဆောင်ခဲ့တဲ့ ပြင်သစ်ဌာနခွဲက ဇင်းကာရာလည်း ဂျာမနီအလုပ်ကြမ်းစခန်းမှာ ငါးနှစ်နေလိုက်ရတယ်။a
ကျွန်တော်လည်း ချက်ချင်းပဲ မက်ဇ်မြို့ကိုပြန်သွားပြီး ဟောပြောခဲ့တယ်။ အဲဒီမှာ မင်းဇာနီမိသားစုနဲ့ မကြာခဏဆုံတယ်။ သူတို့ရဲ့သမီး တီနာက ၁၉၄၆၊ နိုဝင်ဘာ ၂ ရက်မှာ နှစ်ခြင်းခံတယ်။ သူက အမှုဆောင်လုပ်ငန်းမှာ ဇွဲထက်သန်တယ်၊ ပြီးတော့ ချစ်စရာကောင်းတယ်။ ဒီလိုနဲ့ ၁၉၄၇၊ ဒီဇင်ဘာ ၁၃ ရက်မှာ ကျွန်တော်တို့လက်ထပ်လိုက်တယ်။ တီနာက ၁၉၆၇၊ စက်တင်ဘာလအထိ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ပြီး သူအသက် ၉၈ နှစ်အရွယ်၊ ၂၀၀၃၊ ဇွန်လမှာကွယ်လွန်တဲ့အထိ သစ္စာရှိရှိအမှုဆောင်ခဲ့တယ်။ ကျွန်တော် သူ့ကိုလွမ်းလိုက်တာ။
အခု၊ ကျွန်တော့်အသက် ၉၀ ကျော်ပြီ၊ စမ်းသပ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ဘုရားသခင့်နှုတ်မြွက်တော်က အမြဲခွန်အားပေးတယ်ဆိုတာ သိခဲ့ရတယ်။ တစ်ခါတလေ၊ ဗိုက်ဟောင်းလောင်းနဲ့နေခဲ့ရပေမဲ့ ကျွန်တော့်စိတ်နဲ့နှလုံးသားကိုတော့ ဘုရားသခင့်နှုတ်မြွက်တော်နဲ့ အမြဲဖြည့်ထားတယ်။ ပြီးတော့ ယေဟောဝါက ကျွန်တော့်ကိုခွန်အားရှိစေခဲ့တယ်။ ကိုယ်တော်ရဲ့နှုတ်မြွက်တော်က ကျွန်တော့်ကို “အသက်ရှင်” စေခဲ့တယ်။—ဆာလံ ၁၁၉:၅၀။
[အောက်ခြေမှတ်ချက်]
a ဇင်းကာရာ၏အတ္ထုပ္ပတ္တိကို ၁၉၈၉၊ အောက်တိုဘာ ၁ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၂၂-၂၆ [လိပ်] တွင်ကြည့်ပါ။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ကျွန်တော့်ချစ်သူငယ်ချင်း အဲလ်ဘင်ရီလီဗဇ်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
မာရက် အန်နာဇိခ်
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
တစ်ပတ်စာရိက္ခာ ပေါင်မုန့်နှင့် လဲလှယ်ခဲ့ရသော ကျမ်းစာ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၄၆ တွင် ကျွန်တော်နှင့်စေ့စပ်ထားသော တီနာနှင့်အတူ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဇင်းကာရာနှင့် ဇနီးတီတီကာ