ဘုရားသခင့်နိုင်ငံတော် ကြေညာသူများ သာ၍လိုအပ်သည့်နေရာတွင် သင်အမှုဆောင်နိုင်သလော
“ကျွန်တော်တို့ဟာ အမေရိကန်ပြည်ထောင်စုမှာ သက်သောင့်သက်သာ ရှိတဲ့ဘဝနဲ့ နေထိုင်ခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒီမှာရှိတဲ့ ရုပ်ပစ္စည်းလိုက်စားတဲ့ဘဝပုံစံက နောက်ဆုံး ကျွန်တော်တို့နဲ့ သားနှစ်ယောက်အပေါ် အပျက်သဘောလွှမ်းမိုးနိုင်တာကို စိုးရိမ်ခဲ့ကြတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ အရင်တုန်းက ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်ခဲ့ကြတယ်၊ ရိုးရှင်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့အဲ့ဒီဘဝမျိုး ပြန်ရချင်ခဲ့ကြတယ်။”
ယင်းဆန္ဒ၏လှုံ့ဆော်မှုကြောင့် ၁၉၉၁ ခုနှစ်တွင် ရာဖ့်နှင့် ပမ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သည့်နေရာတွင် မိမိတို့အမှုဆောင်လိုကြောင်းဖော်ပြရန် ဌာနခွဲအသီးသီးသို့စာရေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ မက္ကဆီကိုနိုင်ငံရှိဌာနခွဲရုံးက မိမိတို့နိုင်ငံတွင် အင်္ဂလိပ်စကားပြောသူတို့ကို ဟောပြောနိုင်သော ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ အရေးတကြီးလိုအပ်နေသည်ဟု တုံ့ပြန်ခဲ့သည်။ အမှန်တွင် ယင်းလယ်ပြင်သည် “စပါးရိတ်သိမ်းရန် ... မှည့်ဝင်းလျက်ရှိနေပြီ” ဟုဌာနခွဲရုံးကဖော်ပြခဲ့သည်။ (ယော. ၄:၃၅) မကြာမီတွင် ထိုအချိန်က ၈ နှစ်နှင့် ၁၂ နှစ်အရွယ်ရှိကြသော သူတို့၏သားနှစ်ဦးနှင့်အတူ ရာဖ့်၊ ပမ်သည် ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ပြီး ပြောင်းရွှေ့ရန် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြသည်။
ကြီးမားသောရပ်ကွက်တစ်ခု
ရာဖ့် ဤသို့ပြန်ပြောပြသည်– “ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုကနေ မထွက်ခင်မှာ ညီအစ်ကို၊ ညီအစ်မတချို့ကသဘောရိုးနဲ့ ကျွန်တော်တို့ကို ဒီလိုပြောကြတယ်– ‘တိုင်းတစ်ပါးကိုပြောင်းရွှေ့ရတာ သိပ်အန္တရာယ်များတယ်နော်!’ ‘ခင်ဗျားတို့ ဖျားတဲ့အခါကျရင် ဘယ်လိုလုပ်မလဲ။’ ‘အင်္ဂလိပ်စကားပြောရပ်ကွက်ကို ဘာလို့ပြောင်းရမှာလဲ။ အဲဒီမှာရှိတဲ့အင်္ဂလိပ်စကားပြောသူတွေဟာ အမှန်တရားကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။’ ဒါပေမဲ့ ကျွန်တော်တို့ သွားဖို့ဆုံးဖြတ်ပြီးပြီ။ ဘာပဲဖြစ်ဖြစ် အသေအချာသုံးသပ်ပြီးမှ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်တာပါ။ နှစ်နဲ့ချီပြီး အစီအစဉ်တွေဆွဲခဲ့တာပါ။ နှစ်ရှည်ဆပ်ရတဲ့ အကြွေးတင်တာမျိုးကို ကျွန်တော်တို့ရှောင်တယ်၊ ပိုက်ဆံစုကြတယ်၊ ပြီးတော့ ကျွန်တော်တို့ကြုံတွေ့နိုင်တဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး မိသားစုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်။”
ဦးစွာ၊ ရာဖ့်နှင့် သူ့မိသားစုသည် မက္ကဆီကိုဌာနခွဲကို သွားရောက်လည်ပတ်ခဲ့သည်။ ထိုတွင်ရှိညီအစ်ကိုများက သူတို့အား တစ်နိုင်ငံလုံးမြေပုံကိုပြပြီး သူတို့ကို ဤသို့ပြောသည်– “ဒါဟာ ခင်ဗျားတို့ရဲ့ရပ်ကွက်ပဲ!” ဤမိသားစုသည် နိုင်ငံအသီးသီးမှလာသောလူမျိုးပေါင်းစုံရှိရာ စာန်မီဂဲ့လ် ဒေအားယယ့်ဒေမြို့တွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်၊ ယင်းမြို့သည် မက္ကဆီကိုစီးတီးမှ အနောက်မြောက်ဘက် မိုင် ၁၅၀ ခန့်တွင်တည်ရှိသည်။ သူတို့ရောက်ရှိပြီးသုံးနှစ်အကြာတွင် ကြေညာသူ ၁၉ ဦးရှိသော အင်္ဂလိပ်စကားပြောအသင်းတော်တစ်ခုကို ထိုမြို့တွင် ဖွဲ့စည်းခဲ့သည်။ မက္ကဆီကိုတွင် ပထမဆုံးအင်္ဂလိပ်စကားပြောအသင်းတော်ဖြစ်သည်—သို့သော် နောက်ထပ်လုပ်ဆောင်စရာများက စောင့်ကြိုလျက်ရှိသည်။
မက္ကဆီကိုတွင်နေထိုင်သော အမေရိကန်နိုင်ငံသား တစ်သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။ ထို့ပြင် မက္ကဆီကိုလူမျိုးပညာရှင်များစွာနှင့် အင်္ဂလိပ်စကားကို ဒုတိယဘာသာစကားအဖြစ်ပြောကြသော ကျောင်းသားများရှိသည်။ ရာဖ့် ဤသို့ရှင်းပြသည်– “နောက်ထပ်လုပ်သားတွေရောက်လာဖို့ ကျွန်တော်တို့ဆုတောင်းတယ်။ သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်နိုင်မနိုင်သိဖို့ မက္ကဆီကိုနိုင်ငံအကြောင်း လာရောက် ‘စူးစမ်း’ တဲ့ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့အိမ်မှာ အိပ်ခန်းပို အမြဲတမ်းထားတယ်။”—တော. ၁၃:၂။
သူတို့သည် ဓမ္မအမှုကိုတိုးချဲ့နိုင်ရန် ဘဝကိုရိုးရှင်းစေခဲ့ကြ
မကြာမီတွင် မိမိတို့၏ဓမ္မအမှုကို တိုးချဲ့လိုကြသောညီအစ်ကို၊ ညီအစ်မများ ရောက်ရှိလာခဲ့ကြသည်။ သူတို့ထဲမှအချို့မှာ အမေရိကန်ပြည်ထောင်စုမှ ဘီးလ်နှင့် ကေသီတို့ဖြစ်သည်။ သူတို့သည် ကြေညာသူများစွာလိုအပ်သည့် ရပ်ကွက်များတွင် ၂၅ နှစ်အမှုဆောင်ခဲ့ပြီဖြစ်သည်။ သူတို့သည် စပိန်ဘာသာစကားကိုသင်ယူဖို့ စဉ်းစားခဲ့သော်လည်း ချဲပလာကမ်းခြေရှိ အခီခီမြို့သို့ပြောင်းရွှေ့ပြီးနောက်တွင် သူတို့၏အစီအစဉ်ကို ပြောင်းခဲ့ကြသည်၊ ယင်းမြို့သည် အမေရိကန်ပြည်ထောင်စုမှ အငြိမ်းစားများကြိုက်နှစ်သက်သည့်နေရာဖြစ်သည်။ ဘီးလ် ဤသို့ရှင်းပြသည်– “အမှန်တရားသင်ယူလိုတဲ့ အင်္ဂလိပ်စကားပြောသူတွေကို အခီခီမြို့မှာ ကျွန်တော်တို့ရှာဖွေကြတယ်။” ယင်းမြို့သို့ရောက်ရှိပြီးနှစ်နှစ်အတွင်းတွင် ဘီးလ်နှင့်ကက်သီတို့သည် အသင်းတော်တစ်ခုဖွဲ့စည်းသည်ကို မြင်တွေ့ရ၍ ပျော်ရွှင်ခဲ့ကြသည်၊ ဤအသင်းတော်သည် မက္ကဆီကိုနိုင်ငံတွင် ဒုတိယအင်္ဂလိပ်ဘာသာစကားပြောအသင်းတော်ဖြစ်သည်။
ကနေဒါနိုင်ငံမှ ကဲန်နှင့် ဂျိုအဲန်းတို့သည် သူတို့၏ဘဝကို ရိုးရှင်းစေလိုခဲ့ကြပြီး ဟောပြောခြင်းလုပ်ငန်းတွင် မိမိတို့အချိန်ကို ပို၍အသုံးပြုလိုကြသည်။ သူတို့လည်း မက္ကဆီကိုသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ကဲန်ဤသို့ပြောသည်– “နေ့ရက်များစွာ ရေနွေး၊ လျှပ်စစ်မီး၊ ဒါမှမဟုတ် တယ်လီဖုန်းတွေ မရှိတဲ့ဒေသမှာ နေသားတကျဖြစ်ဖို့ အချိန်အကြာကြီးယူခဲ့ရတယ်။” သို့သော် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရခြင်းသည် ရွှင်လန်းရသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ကဲန်သည် မကြာမီတွင် ဓမ္မအမှုထမ်းအဖြစ်နှင့် နောက်နှစ်နှစ်အကြာတွင် အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည်။ လူငယ်အနည်းငယ်သာရှိသည့် အင်္ဂလိပ်စကားပြောအသင်းတော်ငယ်တွင် ပါဝင်ဖို့ သူတို့သမီး ဘရီတနီအတွက် အစပိုင်းတွင် အခက်အခဲရှိသည်။ သို့သော် သူသည် ဘုရားသခင့်နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစီမံကိန်းများတွင် စတင်ပါဝင်ခဲ့ပြီးနောက် နိုင်ငံတစ်လျှောက်တွင် မိတ်ဆွေကောင်းများစွာနှင့် မိတ်ဖွဲ့နိုင်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှ ပက်ထရစ်နှင့် ရော့ခ်ဇန်းတို့သည် မဝေးလှသောနေရာတွင် အင်္ဂလိပ်စကားပြောသူတို့ရှိသည့် ခရစ်ယာန်သာသနာပြုလယ်ကွင်းတစ်ခုရှိကြောင်းသိရှိရ၍ စိတ်လှုပ်ရှားခဲ့ကြသည်။ ပက်ထရစ် ဤသို့ပြောသည်– “မက္ကဆီကိုမြို့ရဲ့အရှေ့မြောက်ဘက်ရှိ မွန်တယ်ရီမြို့ကို ကျွန်တော်တို့ သွားလည်ပြီးတဲ့နောက်မှာ အဲဒီကလူတွေကို ကူညီပေးဖို့ ကျွန်တော်တို့ကို ယေဟောဝါလမ်းညွှန်တာဖြစ်တယ်လို့ ခံစားရတယ်။” “မက်ဆီဒိုးနီးယားပြည်သို့ကူး” ဖို့တက္ကဆက်ပြည်နယ်ရှိ သူတို့အိမ်ကို ငါးရက်အတွင်း ရောင်းနိုင်ခဲ့သည်။ (တ. ၁၆:၉) မက္ကဆီကိုတွင် မိမိကိုယ်ကိုထောက်ပံ့ဖို့အလုပ်ရရန် မလွယ်ကူပါ၊ သို့သော် နှစ်နှစ်အတွင်းတွင်ပင် သက်သေခံ ၁၇ ဦးရှိသောအုပ်စုငယ်သည် ကြေညာသူအယောက် ၄၀ ရှိသည့်အသင်းတော်အဖြစ်သို့ ရောက်ရှိသွားသည်ကိုမြင်ရ၍ သူတို့ရွှင်လန်းခဲ့ကြသည်။
ဓမ္မအမှုကိုတိုးချဲ့ရန် မိမိတို့၏ဘဝကို ရိုးရှင်းစေခဲ့ကြသူ နောက်ထပ်ဇနီးမောင်နှံမှာ ဂျက်ဖ်နှင့် ဒက်ဘ်တို့ဖြစ်သည်။ သူတို့သည် အမေရိကန်ပြည်ထောင်စုရှိ မိမိတို့၏အိမ်ကြီးကိုရောင်းပြီး မက္ကဆီကိုအရှေ့ကမ်းခြေမြို့ဖြစ်သော ကမ်ကွန်မြို့ရှိတိုက်ခန်းငယ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ယခင်က အိမ်အနီးရှိ လေအေးစက်ပါသောအဆောက်အအုံများတွင် စည်းဝေးပွဲများတက်ရောက်လေ့ရှိသည်။ ယခု သူတို့သည် အမိုးအကာမရှိသောအဆောက်အဦတွင် အင်္ဂလိပ်ဘာသာဖြင့်ကျင်းပသည့် အနီးဆုံးစည်းဝေးပွဲကိုတက်ရန် ရှစ်နာရီကြာသွားရသည်။ သို့သော် သူတို့သည် ကြေညာသူအယောက် ၅၀ ခန့်ရှိသည့်အသင်းတော်တစ်ခုကို ကမ်ကွန်မြို့တွင်ဖွဲ့စည်းတည်ထောင်သည်ကို တွေ့မြင်ရ၍ အလွန်ပီတိဖြစ်ခဲ့ကြသည်။
အချို့သောမက္ကဆီကိုညီအစ်ကို၊ ညီအစ်မများလည်း အင်္ဂလိပ်ဘာသာစကားဖြင့်ဟောပြောခြင်းလုပ်ငန်းတွင် စတင်ပါဝင်ကူညီခဲ့ကြသည်။ ဥပမာ၊ ရုဗင်နှင့်သူ့မိသားစုသည် စာန်မီဂဲ့လ် ဒေအားယယ့်ဒေမြို့တွင် ပထမဆုံးအင်္ဂလိပ်ဘာသာစကားပြောအသင်းတော် ဖွဲ့စည်းထားကြောင်းနှင့် မက္ကဆီကိုရှိအင်္ဂလိပ်စကားပြောသူအားလုံးသည် ထိုအသင်းတော်၏ရပ်ကွက်ဖြစ်ကြောင်း ကြားသိသောအခါ အကူအညီပေးဖို့ ချက်ချင်းဆုံးဖြတ်ခဲ့ကြသည်။ ယင်းတွင် အင်္ဂလိပ်စကားကို သင်ယူခြင်း၊ မတူညီသောယဉ်ကျေးမှုနှင့် အကျွမ်းဝင်အောင်လုပ်ခြင်းနှင့် အစည်းအဝေးများတက်ရောက်ရန် မိုင် ၅၀၀ ခရီးဝေးများကို အပတ်တိုင်းသွားရခြင်းတို့ပါဝင်သည်။ ရုဗင်ဤသို့ပြန်ပြောသည်– “မက္ကဆီကိုမှာ နှစ်နဲ့ချီနေလာခဲ့တဲ့တိုင်းတစ်ပါးသားတွေကို သက်သေခံရတာ ပျော်စရာကောင်းတယ်၊ သူတို့ဟာ သတင်းကောင်းကို မိမိတို့ဘာသာစကားနဲ့ ဦးဆုံးအကြိမ်ကြားရတာဖြစ်တယ်။ တချို့သူတွေဆိုရင် သူတို့ရဲ့ လေးမြတ်တန်ဖိုးထားမှုကို ဝမ်းသာမျက်ရည်တွေနဲ့ ပြောဆိုကြတယ်။” စာန်မီဂဲ့လ် ဒေအားယယ့်ဒေမြို့ရှိအသင်းတော်ကို ကူညီပေးပြီးနောက်တွင် ရုဗင်နှင့် သူ့မိသားစုသည် မက္ကဆီကိုအလယ်ပိုင်းရှိ ဂွာနာဂျွာတိုမြို့တွင် ရှေ့ဆောင်များအဖြစ် အမှုဆောင်ခဲ့ကြသည်၊ ထိုနေရာတွင် ကြေညာသူ အယောက် ၃၀ ကျော်ရှိသော အင်္ဂလိပ်စကားပြောအသင်းတော်ကို ဖွဲ့စည်းရန် ကူညီပေးခဲ့ကြသည်။ ယနေ့အချိန်တွင် သူတို့သည် ဂွာနာဂျွာတိုမြို့အနီးရှိ အီရာပိုအာတိုမြို့တွင် အင်္ဂလိပ်စကားပြောအုပ်စု၌ အမှုဆောင်နေကြသည်။
တွေ့ရခက်သောသူတို့ထံရောက်ရှိခြင်း
တိုင်းတစ်ပါးသားများအပြင် အင်္ဂလိပ်စကားပြောမက္ကဆီကိုလူမျိုးများစွာရှိသည်။ သူတို့ကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဝေငှဖို့ ခက်ခဲလေ့ရှိသည်၊ အကြောင်းမှာ သူတို့သည် သူဌေးရပ်ကွက်များတွင်နေထိုင်ပြီး အိမ်စေများသာ တံခါးလာဖွင့်ပေးသောကြောင့်ဖြစ်သည်။ သို့မဟုတ် အိမ်ရှင်များ တံခါးလာဖွင့်ပေးသည်ဆိုပါက သူတို့သည် ကျွန်ုပ်တို့၏သတင်းစကားကို နားမထောင်လိုကြပါ၊ အကြောင်းမှာ ယေဟောဝါသက်သေများသည် ဒေသခံဂိုဏ်းဂဏငယ်လေးဖြစ်သည်ဟု သူတို့ယူဆသောကြောင့်ဖြစ်သည်။ သို့တိုင် ထိုသို့သောအိမ်ရှင်များကို တိုင်းတစ်ပါးမှလာသည့်သက်သေခံများက ချဉ်းကပ်သောအခါ အချို့နားထောင်ကြသည်။
မက္ကဆီကိုအလယ်ပိုင်းရှိ ကွာရီတာရိုမြို့တွင်နေထိုင်သော ဂလိုရီယာ၏ပုံဥပမာကိုကြည့်ပါ။ သူဤသို့ရှင်းပြသည်– “အရင်တုန်းက စပိန်စကားပြောသက်သေခံတွေက ကျွန်မကိုစကားပြောခဲ့ဖူးပေမဲ့လည်း သူတို့ကို ကျွန်မနားမထောင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မမိသားစုနဲ့ မိတ်ဆွေတွေ ပြဿနာတွေကြုံလာတဲ့အခါ ကျွန်မစိတ်ဓာတ်ကျခဲ့တယ်၊ ဖြေရှင်းနည်းရှာတွေ့အောင် ကူညီပေးပါလို့ ဘုရားသခင်ဆီဆုတောင်းခဲ့တယ်။ အဲဒီနောက် သိပ်မကြာဘူး အင်္ဂလိပ်စကားပြောအမျိုးသမီးတစ်ယောက် ကျွန်မအိမ်လာလည်ပတ်ခဲ့တယ်။ သူက ကျွန်မတို့အိမ်မှာ အင်္ဂလိပ်စကားပြောနိုင်တဲ့သူရှိသလားလို့ မေးတယ်။ သူဟာ တိုင်းတစ်ပါးသားဖြစ်တဲ့အတွက် ကျွန်မ သူ့အကြောင်းသိချင်တယ်၊ ဒါနဲ့ ကျွန်မအင်္ဂလိပ်စကားပြောတတ်ကြောင်း သူ့ကို ပြောပြခဲ့တယ်။ သူ ကျွန်မကိုသက်သေခံနေစဉ်မှာ ကျွန်မဒီလိုစဉ်းစားတယ် ‘ဒီအမေရိကန်လူမျိုးက ငါ့ရပ်ကွက်မှာ ဘာလာလုပ်တာလဲ။’ ဒါပေမဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်လေ။ ဒါကြောင့် ဒီတိုင်းတစ်ပါးသူဟာ ကျွန်မရဲ့ဆုတောင်းချက်ကို ဘုရားသခင်ဖြေကြားပေးတာဖြစ်နိုင်တယ်။” ဂလိုရီယာသည် ကျမ်းစာသင်အံမှုလက်ခံခဲ့ပြီး မိသားစုဆန့်ကျင်မှုရှိလင့်ကစား နှစ်ခြင်းခံသည်အထိ အလွန်ပင်မြန်မြန်ဆန်ဆန်တိုးတက်ခဲ့သည်။ ယနေ့ ဂလိုရီယာသည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နေပြီး သူ့အမျိုးသားနှင့်သားလည်း ယေဟောဝါကို ဝတ်ပြုကိုးကွယ်နေကြသည်။
မိမိတို့၏ဓမ္မအမှုကို တိုးချဲ့သူတို့အတွက် ဆုကျေးဇူးများ
ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သည့်နေရာတွင် အမှုဆောင်ခြင်းသည် စိန်ခေါ်ချက်များရှိသော်လည်း ဆုကျေးဇူးများစွာရှိသည်။ အစပိုင်းတွင်ဖော်ပြခဲ့သူ ရာဖ့် ဤသို့ဖော်ပြသည်– “ဗြိတိန်၊ တရုတ်၊ ဂျမေကာ၊ ဆွီဒင်လူမျိုးတွေနဲ့ ဂါနာက မင်းမျိုးမင်းနွယ်တွေနဲ့တောင် ကျွန်တော်တို့ ကျမ်းစာသင်အံမှု ပြုလုပ်ခဲ့ကြတယ်။ ဒီကျမ်းစာသင်သားတချို့ဟာ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ အင်္ဂလိပ်အသင်းတော်ခုနစ်ခုဖွဲ့စည်းခဲ့တာကို ကျွန်တော်တို့ရဲ့မိသားစု မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့သားနှစ်ယောက်ဟာ ကျွန်တော်တို့နဲ့အတူ ရှေ့ဆောင်လုပ်ခဲ့ကြတယ်၊ အခုဆိုရင် အမေရိကန်ပြည်ထောင်စု ဗေသလမှာ အမှုဆောင်နေကြတယ်။”
လက်ရှိအချိန်၌ မက္ကဆီကိုတွင် အင်္ဂလိပ်စကားပြောအသင်းတော် ၈၈ ခုနှင့် အုပ်စုများစွာရှိသည်။ အဘယ်အရာက ထိုသို့အလျင်အမြန်ကြီးထွားစေခဲ့သနည်း။ မက္ကဆီကိုရှိ အင်္ဂလိပ်စကားပြောသူများစွာတို့သည် သက်သေခံများနှင့် တစ်ခါမျှ အဆက်အသွယ်မရှိခဲ့ဖူးပါ။ အခြားသူများသည် ဝမ်းမြောက်ဝမ်းသာ တုံ့ပြန်ခဲ့ကြသည်၊ အကြောင်းမှာ သူတို့သည် ဇာတိနိုင်ငံတွင်ကျန်ရစ်သော မိသားစုနှင့် မိတ်ဆွေများ၏ ဆန့်ကျင်မှုမရှိသောကြောင့်ဖြစ်သည်။ အခြားသူတို့ကျပြန်လျှင် ကျမ်းစာသင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြသည်၊ အကြောင်းမှာ သူတို့သည် ပင်စင်စားများဖြစ်ကြပြီး ကျမ်းစာလေ့လာဖို့ အချိန်ပေးနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်စကားပြောအသင်းတော်များရှိ ကြေညာသူသုံးပုံတစ်ပုံကျော်သည် ရှေ့ဆောင်များအဖြစ် အမှုဆောင်ကြသည်၊ ယင်းက ထိုအသင်းတော်များတွင် စိတ်အားထက်သန်မှုနှင့် ကြီးထွားမှု များစွာဖြစ်စေသည်။
ကောင်းချီးများက သင့်ကိုစောင့်ကြို
ကမ္ဘာတစ်ဝန်းရှိများစွာသောလူတို့သည် မိမိတို့ဘာသာစကားဖြင့် မိမိတို့ထံလာဟောပြောသော ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို ကြားသောအခါ လိုလိုလားလားတုံ့ပြန်ကြမည်မှာ သေချာသည်။ ထို့ကြောင့် ယေဟောဝါ၏အမှုတော်ဆောင်လိုကြသော ညီအစ်ကို၊ ညီအစ်မ—လူငယ်၊ လူကြီး၊ တစ်ကိုယ်ရေ၊ အိမ်ထောင်သည်—များသည် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ သာ၍လိုအပ်သည့်နေရာသို့ လိုလိုလားလားပြောင်းရွှေ့နေကြကြောင်းသိရသည်မှာ အားရှိစရာပင်။ သူတို့သည် အခက်အခဲများ ရင်ဆိုင်ကြရသည်မှာ မှန်ပါသည်၊ သို့သော် ကျမ်းစာအမှန်တရားကို ဝမ်းသာစွာလက်ခံကြသော စိတ်နှလုံးရိုးဖြောင့်သူတို့ကို ရှာတွေ့သောအခါ ခံစားရသောပျော်ရွှင်မှုနှင့်နှိုင်းယှဉ်လိုက်လျှင် ယင်းအခက်အခဲများသည် အသေးအမွှားဖြစ်သွားသည်။ ဘုရားသခင့်နိုင်ငံတော်ဟောပြောသူများ သာ၍လိုအပ်သည့်သင့်နိုင်ငံရှိ နယ်မြေဒေသတစ်ခုသို့ သို့မဟုတ် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့စေနိုင်မည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နိုင်ပါသလော။a (လု. ၁၄:၂၈-၃၀; ၁ ကော. ၁၆:၉) ပြုလုပ်နိုင်သည်ဆိုလျှင် ကြွယ်ဝသောကောင်းချီးများက သင့်အားစောင့်ကြိုလျက်ရှိကြောင်းစိတ်ချနိုင်သည်။
[အောက်ခြေမှတ်ချက်]
a သာ၍လိုအပ်သောနေရာတွင် အမှုဆောင်ခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ် စာမျက်နှာ ၁၁၁-၁၁၂ တို့တွင်ကြည့်ပါ။
[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်]
ပျော်ရွှင်သောအငြိမ်းစားများ အာရုံစိုက်ကြ
ဘယ်ရယ်သည် ဗြိတိန်မှ ကနေဒါနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုတွင် အပြည်ပြည်ဆိုင်ရာကုမ္ပဏီအတော်များများတွင် မန်နေဂျာတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သည်။ သူသည် မြင်းစီးရာတွင်လည်း ကျွမ်းကျင်သူဖြစ်လာခဲ့ရာ ၁၉၈၀ ပြည့်နှစ် အိုလံပစ်တွင် ကနေဒါနိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံရသည့်အထိဖြစ်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် မက္ကဆီကိုနိုင်ငံ၊ ချဲပလာမြို့တွင်နေထိုင်ကြရာ ဘယ်ရယ်နှင့် သူ့ခင်ပွန်းသည် ဒေသခံစားသောက်ဆိုင်တစ်ခုတွင် သွားစားလေ့ရှိသည်။ ပျော်ရွှင်နေပုံရသော အင်္ဂလိပ်စကားပြောအငြိမ်းစားတို့ကို သူသတိပြုမိသောအခါ မိမိကိုယ်ကို မိတ်ဆက်ပြီး မက္ကဆီကိုနိုင်ငံတွင် သူတို့အဘယ်အရာလုပ်သည်ကို မေးမြန်းခဲ့သည်။ ဤပျော်ရွှင်တတ်သူတို့မှာ များသောအားဖြင့် ယေဟောဝါသက်သေများဖြစ်လေ့ရှိသည်။ ဘဝပျော်ရွှင်မှုနှင့် ရည်ရွယ်ချက်သည် ဘုရားသခင်ကိုသိခြင်းမှဖြစ်ပေါ်လျှင် သူတို့လည်း ကိုယ်တော့်အကြောင်းသိလိုသည်ဟု ဘယ်ရယ်နှင့်သူ့ခင်ပွန်း စဉ်းစားခဲ့သည်။ ခရစ်ယာန်အစည်းအဝေးများကို လအတော်ကြာတက်ရောက်ပြီးနောက် ဘယ်ရယ်သည် ကျမ်းစာလေ့လာရန် သဘောတူခဲ့သည်။ ဘယ်ရယ်သည် မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် နှစ်အတော်ကြာ အမှုဆောင်နိုင်ခဲ့သည်။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]
“ကျွန်တော်တို့နှင့်အတူ သူတို့ရှိနေခြင်းသည် ကောင်းချီးဖြစ်”
ဘုရားသခင့်နိုင်ငံတော်ကြေညာသူများ သာ၍လိုအပ်သည့်ဒေသများသို့ ပြောင်းရွှေ့လာသူတို့ကို ဒေသခံညီအစ်ကိုများက များစွာလေးမြတ်တန်ဖိုးထားကြသည်။ ကရစ်ဘီယံကျွန်းရှိ ဌာနခွဲရုံးတစ်ရုံးက ဤသို့စာရေးခဲ့သည်– “ဤတွင် အမှုဆောင်နေကြသည့် ရာနှင့်ချီသောတိုင်းတစ်ပါးသားများ ထွက်သွားမည်ဆိုပါက အသင်းတော်များ၏တည်ငြိမ်မှုကို ထိခိုက်ပါလိမ့်မည်။ ကျွန်ုပ်တို့နှင့်အတူ သူတို့ရှိနေခြင်းသည် ကောင်းချီးဖြစ်သည်။”
“သတင်းကောင်းပြောသော မိန်းမတပ်မဟာကြီး” အကြောင်း ဘုရားသခင့်နှုတ်မြွက်တော်တွင် ဖော်ပြသည်။ (ဆာ. ၆၈:၁၁၊ ကဘ) သို့ဖြင့် တိုင်းတစ်ပါး၌အမှုဆောင်နေသူတို့တွင် တစ်ကိုယ်ရေညီအစ်မ များစွာရှိနေသည်မှာ အံ့ဩစရာမဟုတ်ပါ။ ထိုသို့သော ကိုယ်ကျိုးစွန့်သည့်ညီအစ်မများသည် များစွာအကူအညီဖြစ်စေသည်။ အရှေ့ဥရောပရှိ ဌာနခွဲရုံးတစ်ရုံးက ဤသို့ဖော်ပြသည်– “ကျွန်ုပ်တို့အသင်းတော်များစွာတွင် ညီအစ်မ များစွာရှိသည်၊ တစ်ခါတစ်ရံ ကြေညာသူအားလုံး၏ ထက်ဝက်ကျော်ရှိသည်။ သူတို့အများစုသည် မကြာသေးမီက အမှန်တရားရရှိသူများဖြစ်ကြသည်၊ သို့သော် တိုင်းတစ်ပါးမှလာသော ရှေ့ဆောင်တစ်ကိုယ်ရေညီအစ်မများသည် ထိုသို့သောလူသစ်များကို လေ့ကျင့်ပေးရာတွင် များစွာအကူအညီဖြစ်စေပါသည်။ တိုင်းတစ်ပါးမှလာသော ဤညီအစ်မများသည် ကျွန်ုပ်တို့အတွက် အမှန်ပင်ဆုကျေးဇူးတစ်ခုဖြစ်ပေသည်။”
ထိုသို့သောညီအစ်မများသည် တိုင်းတစ်ပါးတွင် အမှုဆောင်ခြင်းနှင့်ပတ်သက်၍ မည်သို့ခံစားရသနည်း။ တစ်ကိုယ်ရေရှေ့ဆောင်အဖြစ် တိုင်းတစ်ပါးတွင် နှစ်များစွာအမှုဆောင်ခဲ့သူ အသက် ၃၅ အရွယ်ရှိ အင်ဂျီလီကာက ဤသို့ပြောသည်– “စိန်ခေါ်ချက်ကတော့ အများကြီးပဲ။ တာဝန်ကျတဲ့တစ်နေရာမှာဆိုရင် နေ့တိုင်းရွှံ့တောထဲမှာ ကြိုးစားလမ်းလျှောက်ရတယ်၊ ဆင်းရဲဝေဒနာခံစားနေတဲ့လူများစွာကို ကျွန်မမြင်တွေ့ရလို့ စိတ်မချမ်းမသာဖြစ်မိတယ်။ ဒါပေမဲ့ ဓမ္မအမှုမှာ လူတွေကိုကူညီပေးရတာ ကျွန်မကျေနပ်မှုခံစားရတယ်။ ဒေသခံညီအစ်မတွေက သူတို့ကိုကျွန်မလာကူညီပေးလို့ ကျေးဇူးတင်ကြောင်းပြောကြတဲ့အခါ ကျွန်မဝမ်းသာမိတယ်။ အဝေးကြီးကနေလာပြီး ဒီနိုင်ငံမှာ ရှေ့ဆောင်တစ်ဦးအဖြစ် လာရောက်အမှုဆောင်တဲ့ ကျွန်မရဲ့ပုံသက်သေက အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့လှုံ့ဆော်ခံရတယ်လို့ ညီအစ်မတစ်ဦးက ကျွန်မကို ပြောပြတယ်။”
အသက် ၅၀ ကျော်ခါစ ရှေ့ဆောင်ညီအစ်မစူးက ဤသို့ပြောသည်– “စိန်ခေါ်ချက်တွေကို တကယ်ပဲရင်ဆိုင်ခဲ့ကြတယ်၊ ဒါပေမဲ့ ဒါတွေဟာ ရရှိတဲ့ကောင်းချီးတွေနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။ ဓမ္မအမှုဟာ စိတ်လှုပ်ရှားစရာကောင်းတယ်! ငယ်ရွယ်တဲ့ညီအစ်မတွေနဲ့ ဓမ္မအမှုမှာ အချိန်များစွာ ကျွန်မအသုံးပြုတဲ့အတွက်ကြောင့် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာနဲ့ ကျွန်မတို့ရဲ့စာပေကနေသင်ယူခဲ့ရာတွေကို သူတို့ကို ဝေမျှခဲ့တယ်။ တစ်ကိုယ်ရေရှေ့ဆောင်တစ်ဦးအဖြစ် နှစ်များစွာအမှုဆောင်နေချိန်မှာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့ပုံသက်သေက သူတို့လည်း ဘဝစိန်ခေါ်ချက်တွေကို အောင်မြင်ကျော်လွှားနိုင်တယ်ဆိုတာသိလာဖို့ အကူအညီဖြစ်စေတယ်လို့ ကျွန်မကို သူတို့ပြောပြလေ့ရှိတယ်။ ဒီညီအစ်မတွေကို ကူညီရခြင်းက ကျွန်မကို စိတ်ကျေနပ်မှုများစွာခံစားစေခဲ့တယ်။”
[စာမျက်နှာ ၂၀ ပါ မြေပုံ]
မက္ကဆီကို
မွန်တယ်ရီ
ဂွာနာဂျွာတို
အီရာပိုအာတို
အခီခီ
ချဲပလာ
ချဲပလာအိုင်
စာန်မီဂဲ့လ် ဒေအားယယ့်ဒေ
ကွာရီတာရို
မက္ကဆီကိုစီးတီး
ကမ်ကွန်
[စာမျက်နှာ ၂၃ ပါရုပ်ပုံ]
ဦးဆုံးအကြိမ် သတင်းကောင်းကြားရသော တိုင်းတစ်ပါးသားများကို သက်သေခံခြင်းတွင် အချို့ပျော်ရွှင်မှုရရှိကြ