မုဆိုးမများနှင့် မုဆိုးဖိုများ သူတို့ အဘယ်အရာ လိုအပ်သနည်း သင်မည်သို့ ကူညီပေးနိုင်သနည်း
တိုက်ခန်းကျဉ်းကျဉ်းတွင် နေထိုင်သော ဇန်းသည် မီးရောင်မှိန်မှိန်ထွန်းထားသည့် မီးဖိုချောင်ရှိ ထမင်းစားပွဲပေါ်တွင် ခါတိုင်းကဲ့သို့ ပန်းကန်ခင်းနေသည်။ ထို့နောက် သူ အစာစားခါနီးတွင် ပန်းကန်နှစ်ချပ်ခင်းထားသည်ကို ရုတ်တရက် သတိပြုမိသွားကာ မျက်ရည်များ စီးကျလာသည်။ ပန်းကန်နှစ်ချပ်ခင်းခြင်းက သူ့အတွက် အကျင့်ဖြစ်နေ၏။ ခင်ပွန်းဆုံးပါးသွားကတည်းက ထိုသို့လုပ်ဆောင်ခဲ့သည်မှာ နှစ်နှစ်ရှိနေပြီ။
အိမ်ထောင်ဖက် ဆုံးရှုံးသွားရသူများ၏ စိတ်ခံစားချက်ကို ထိုအဖြစ်မျိုး မကြုံဖူးသူတို့ နားလည်ပေးနိုင်မည်မဟုတ်ပေ။ လူတို့သည် ထိုအဖြစ်ဆိုးကို ချက်ချင်း လက်မခံနိုင်ကြချေ။ အသက် ၇၂ အရွယ်ရှိသော ဘယ်ရယ်လ်သည် ခင်ပွန်း ရုတ်တရက် ဆုံးပါးသွားသည်ကို လက်မခံနိုင်ခဲ့ချေ။ “ဒါမဖြစ်နိုင်ဘူး၊ သူအိမ်ပြန်လာမယ်လို့ပဲ ကျွန်မ မျှော်လင့်နေတယ်” ဟုသူပြောပြသည်။
ခြေထောက်ဖြတ်ခံရသူတို့သည် မိမိတို့ ခြေထောက်ရှိနေသေးသည်ဟု တစ်ခါတစ်ရံ အာရုံခံစားမိကြသည်။ ထိုနည်းတူ ဝမ်းနည်းကြေကွဲနေသော အိမ်ထောင်ဖက်များသည် လူအုပ်ကြားတွင် မိမိ၏ကြင်ဖော် ရှိနေသည့်အလား မြင်ယောင်တတ်ကြသည်။ သို့မဟုတ် မရှိတော့သည့် အိမ်ထောင်ဖက်ကို မိမိအနားတွင် ရှိနေသည့်အလား စကားပြောဆိုနေတတ်သည်။
မိတ်ဆွေများနှင့် မိသားစုဝင်များသည် ထိုသို့ခံစားနေရသူတို့အား မည်သို့ကူညီပေးရမည်ကို မသိရှိကြချေ။ အိမ်ထောင်ဖက်ဆုံးရှုံးသွားသူတစ်ဦးဦးကို သင်သိပါသလော။ သိသည်ဆိုလျှင် သူ့ကို သင်မည်သို့ ကူညီပေးနိုင်သနည်း။ ဝမ်းနည်းကြေကွဲနေသော မုဆိုးမများနှင့် မုဆိုးဖိုများကို ကူညီပေးနိုင်ရန် အဘယ်အချက်များကို သင်သိထားသင့်သနည်း။ ကျန်ရစ်သူအိမ်ထောင်ဖက်၏ဘဝ တဖြည်းဖြည်း ပြန်လည်စိုပြည်လာစေရန် သူ့ကို သင်မည်သို့ ကူညီပေးနိုင်သနည်း။
မပြုလုပ်သင့်သည့်အရာများ
မိတ်ဆွေများနှင့် မိသားစုဝင်များသည် မိမိတို့ချစ်မြတ်နိုးရသူတို့ ဝမ်းနည်းကြေကွဲနေသည်ကို ကြည့်၍ စိတ်မကောင်းဖြစ်ကာ သူတို့ ကြာရှည်မခံစားစေရန် ကြိုးစားကူညီပေးလိုကြပေမည်။ မုဆိုးမနှင့်မုဆိုးဖို အယောက် ၇၀၀ ကိုမေးမြန်းခဲ့သော သုတေသီတစ်ဦးက “လူတစ်ဦး ဝမ်းနည်းကြေကွဲရမည့် အချိန်ကာလကို သတ်မှတ်ပေး၍ မရချေ” ဟုရေးသားခဲ့သည်။ ထို့ကြောင့် ကျန်ရစ်သူအိမ်ထောင်ဖက်ကို ဝမ်းမနည်းပါနှင့်ဟု ပြောမည့်အစား သူ၏ဝမ်းနည်းပူဆွေးမှုကို ထုတ်ဖော်ပြောဆိုစေရန် အချိန်ပေးပါ။—ကမ္ဘာဦး ၃၇:၃၄၊ ၃၅; ယောဘ ၁၀:၁။
ဈာပနကိစ္စရပ်များတွင် သင်ကူညီပေးခြင်းသည် လျောက်ပတ်သော်လည်း ကိစ္စရပ်အားလုံးကို သင့်သဘောနှင့်သင် လုပ်ဆောင်ရမည်ဟု မယူဆလိုက်ပါနှင့်။ ၄၉ နှစ်အရွယ် မုဆိုးဖိုဖြစ်သူ ပေါလ်က ဤသို့ပြောသည်– “ဈာပနမှာ လာကူညီပေးတဲ့သူတွေက အရေးကြီးတဲ့ကိစ္စရပ်တွေမှာ ကျွန်တော့်ကို ဆုံးဖြတ်ချက်ချခွင့်ပေးတာ သိပ်ကောင်းတယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန်တော့်ဇနီးရဲ့ ဈာပန ချောချောမောမော ပြီးသွားဖို့က ပိုပြီးအရေးကြီးတယ်။ ဒါက သူ့ကို လေးမြတ်တယ်ဆိုတာ နောက်ဆုံးအနေနဲ့ တင်ပြလိုက်တာပဲလို့ ကျွန်တော် ခံစားရတယ်။”
လူအများစုသည် ပေးလာသော အကူအညီတချို့ကို အမှန်ပင် တန်ဖိုးထားကြပါသည်။ အသက် ၆၈ နှစ်အရွယ် မုဆိုးမဖြစ်သူ အိုင်လင်းက ဤသို့ဆိုသည်– “ကျွန်မ စိတ်ရှုပ်ထွေးနေလို့ ကျွန်မခင်ပွန်းရဲ့ ဈာပနကိစ္စအတွက် စီစဉ်ရတာ တကယ်မလွယ်ဘူး။ သားနဲ့ ချွေးမက ဝိုင်းကူလုပ်ပေးလို့ တော်သေးတယ်။”
ထို့ပြင် ကွယ်လွန်သူအကြောင်း ပြောဆိုရန် မတွန့်ဆုတ်ပါနှင့်။ အစောပိုင်းတွင် ဖော်ပြခဲ့သော ဘယ်ရယ်လ်က ဤသို့ဆိုသည်– “ကျွန်မကို မိတ်ဆွေတွေက တော်တော်လေး ကူညီပေးခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က ကျွန်မခင်ပွန်း ဂျောန်ရဲ့အကြောင်းကို မပြောကြတော့တာ သတိထားမိတယ်။ အဲဒါက ကျွန်မခင်ပွန်းကို တစ်ခါမှ အသက်မရှင်ခဲ့ဖူးတဲ့သူတစ်ယောက်လို သဘောထားလိုက်တာပဲ။ ဒါကြောင့် ကျွန်မ တော်တော်စိတ်ထိခိုက်မိတယ်။” မုဆိုးမများနှင့်မုဆိုးဖိုများသည် ၎င်းတို့၏အိမ်ထောင်ဖက်အကြောင်း ရင်ဖွင့်ပြောဆိုလိုသည့် အချိန်အခါများ ရှိနိုင်သည်။ ကွယ်လွန်သူ၏အပြုအမူတစ်ခုခု သို့မဟုတ် သူနှင့်ပတ်သက်သော စိတ်ကြည်နူးဖွယ်ဖြစ်ရပ်တစ်ခုခုကို သင်မှတ်မိသလော။ သို့ဆိုလျှင် ကျန်ရစ်သူအိမ်ထောင်ဖက်ကို ထိုအကြောင်း ပြောပြကြည့်ပါ။ စိုးရိမ်စိတ်ကြောင့် မပြောဘဲနေလိုက်ရသည့် အဖြစ်မျိုး မရောက်ပါစေနှင့်။ သင့်စကားကို သူ နားထောင်လိုပုံပေါက်ပါက ကွယ်လွန်သူနှင့်ပတ်သက်၍ သင်တန်ဖိုးထားရာများ၊ အမှတ်ရစရာများကို ပြောပြပါ။ ယင်းက အခြားသူများလည်း ထပ်တူဝမ်းနည်းပူဆွေးကြောင်း ကျန်ရစ်သူအိမ်ထောင်ဖက်များကို သိမြင်စေပေမည်။—ရောမ ၁၂:၁၅။
သင်အကူအညီပေးသည့်အခါ ဝမ်းနည်းပူဆွေးနေသူကို အကြံဉာဏ်များစွာပေးကာ စိတ်ဖိစီးသွားအောင် မလုပ်ပါနှင့်။ ထို့ပြင် ကျန်ရစ်သူကို မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်များချရန် ဖိအားမပေးပါနှင့်။a ယင်းအစား ချင့်ချိန်မှုရှိပါ။ ‘ဘ၀ရဲ့အဆိုးဆုံးအချိန်ကို ဖြတ်သန်းနေရတဲ့ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတစ်ယောက်ကို ငါဘယ်လို လက်တွေ့ကျကျ ကူညီပေးနိုင်မလဲ’ ဟု သင့်ကိုယ်သင် မေးပါ။
သင်လုပ်ဆောင်နိုင်ရာများ
ချစ်ရသူတစ်ဦး သေဆုံးပြီးခါစ အချိန်များတွင် ကျန်ရစ်သူအိမ်ထောင်ဖက်သည် လက်တွေ့ကျသော အကူအညီများ လိုအပ်ပေမည်။ အစားအသောက်ပြင်ဆင်ပေးခြင်း၊ ရောက်လာသောဆွေမျိုးများအတွက် နေရာထိုင်ခင်းပြင်ပေးခြင်း၊ ဝမ်းနည်းပူဆွေးနေသူအား အဖော်ပြုပေးခြင်းတို့ကို သင်ပြုလုပ်နိုင်မည်လော။
ကြေကွဲမှုနှင့်အထီးကျန်မှုကို အမျိုးသားများနှင့် အမျိုးသမီးများ ကိုင်တွယ်ပုံချင်း မတူညီကြောင်း သင် နားလည်ထားဖို့ လိုသည်။ ဥပမာ၊ ဒေသအချို့တွင် မုဆိုးဖိုထက်ဝက်ကျော်သည် အိမ်ထောင်ဖက် သေဆုံးပြီးနောက် ၁၈ လအတွင်း နောက်အိမ်ထောင်ပြုလေ့ရှိကြသော်လည်း မုဆိုးမများမှာမူ နောက်အိမ်ထောင်ပြုခဲလှသည်။ ထိုသို့ အဘယ်ကြောင့် ဖြစ်ရသနည်း။
အမျိုးသားများ နောက်အိမ်ထောင်ပြုရသည့် အကြောင်းရင်းမှာ ယနေ့ခေတ် လူအများယူဆသကဲ့သို့ ကာယရေးကြောင့် သို့မဟုတ် လိင်ဆိုင်ရာလိုအပ်ချက်များကြောင့် အမြဲမဟုတ်ပါ။ အမျိုးသားများ၏သဘာ၀မှာ ၎င်းတို့၏အိမ်ထောင်ဖက်ကိုသာ နှစ်ကိုယ်ကြားရင်ဖွင့်လေ့ရှိရာ အိမ်ထောင်ဖက် သေဆုံးသွားသောအခါ သူတို့ အထီးကျန်သွားတတ်ကြသည်။ သို့သော် မုဆိုးမများမှာမူ ခင်ပွန်းသည်ဘက်မှ မိတ်ဆွေများ၏ နှစ်သိမ့်မှုကို တစ်ခါတစ်ရံ မရကြသည့်တိုင် အမျိုးသားများထက် ပို၍ဖြေသိမ့်နိုင်ကြသည်။ အဆောတလျင် နောက်အိမ်ထောင်ပြုလိုက်လျှင် အိမ်ထောင်ဖက်အသစ်နှင့် ပြဿနာများ ကြုံတွေ့ရနိုင်ဖွယ်ရှိကြောင်း မုဆိုးဖိုများ သိထားကြ၏။ သို့သော် ယင်းသည် အထီးကျန်မှုမှ လွတ်မြောက်စေမည့် တစ်ခုတည်းသော ထွက်ပေါက်ဟု သူတို့ ယူမှတ်ကြသည်။ မုဆိုးမများမူ အထီးကျန်မှုကြောင့် ခံစားရသော စိတ်နာကျင်မှုကို ပို၍ခံနိုင်ရည်ရှိကြသည်။
သင့်မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦးဦးသည် မုဆိုးဖိုဖြစ်စေ၊ မုဆိုးမဖြစ်စေ သူတို့၏ အထီးကျန်မှုကို ပြေပျောက်စေရန် သင်အဘယ်အရာ ပြုလုပ်ပေးနိုင်မည်နည်း။ အသက် ၄၉ နှစ်အရွယ် မုဆိုးမဖြစ်သူ ဟယ်လဲန် ဤသို့ဆိုသည်– “လူတွေက ကူညီပေးချင်တဲ့စိတ်ရှိပေမဲ့ အလိုက်တသိနဲ့ လုပ်ပေးဖို့တော့ သူတို့ မကြိုးစားကြဘူး။ ‘အကူအညီလိုရင် ပြောနော်’ ဆိုပြီး သူတို့ပြောတတ်တယ်။ ‘ဈေးသွားမယ်။ လိုက်ခဲ့ပါလား’ လို့ သူတို့ပြောရင် ကျွန်မ တကယ်ကျေးဇူးတင်မိမှာပဲ။” ကင်ဆာရောဂါဖြင့် ဇနီးသည် ဆုံးပါးသွားပြီးနောက် ပေါလ်သည် အပြင်ထွက်လည်ဖို့ ဖိတ်ခေါ်ခံရခြင်းကို အဘယ်ကြောင့် တန်ဖိုးထားကြောင်း ဤသို့ရှင်းပြခဲ့သည်– “လူတွေနဲ့မတွေ့ချင်၊ ကိုယ့်အကြောင်း မပြောချင်တဲ့အခါတွေ ရှိတတ်တယ်။ ဒါပေမဲ့ မိတ်ဆွေတွေနဲ့ တစ်ညနေခင်းလောက် ပေါင်းသင်းလိုက်တော့ စိတ်လက်ပေါ့ပါးသွားပြီး အထီးကျန်တယ်လို့ သိပ်မခံစားရတော့ဘူး။ ကိုယ့်ကို လူတွေ ဂရုစိုက်တယ်ဆိုတဲ့အသိက ဆက်ရပ်တည်စေနိုင်တယ်။”b
စာနာမှု အထူးလိုအပ်ချိန်
ဆွေမျိုးများ ပြန်သွားပြီးနောက်ပိုင်းတွင် အလိုအပ်ဆုံးအရာမှာ နှစ်သိမ့်မှုဖြစ်ကြောင်း ဟယ်လဲန် သိရှိခဲ့သည်။ “ကျွန်မခင်ပွန်းဆုံးခါစမှာ မိတ်ဆွေတွေ၊ မိသားစုဝင်တွေက လာပြီး ကူညီပေးကြတယ်။ ဈာပနကိစ္စလည်းပြီးရော သူတို့တွေရဲ့ဘဝက ပုံမှန်ပြန်ဖြစ်သွားပေမဲ့ ကိုယ်ကျတော့ ပုံမှန်မဖြစ်သေးဘူး။” ထိုအဖြစ်မှန်ကို သဘောပေါက်သော မိတ်ဆွေစစ်များသည် အထီးကျန်နေသော ကျန်ရစ်သူကို ဆက်ကူညီပေးရန် အမြဲအသင့်ရှိနေကြပါလိမ့်မည်။
မင်္ဂလာနှစ်ပတ်လည်နေ့ သို့မဟုတ် အိမ်ထောင်ဖက်ဆုံးပါးသွားသော နှစ်ပတ်လည်နေ့များတွင် သူတို့ကို အဖော်ပြုပေးရန် အထူးလိုအပ်ပေမည်။ မင်္ဂလာနှစ်ပတ်လည်နေ့တွင် သားဖြစ်သူက မိမိကို အဖော်ပြုပေးသောကြောင့် အထီးကျန်မှုနှင့်ကြေကွဲမှုကို ခံရပ်နိုင်ခဲ့ကြောင်း အိုင်လင်းပြောပြသည်။ “နှစ်ပတ်လည်နေ့ရောက်တိုင်း သားကယ်ဗင်က ကျွန်မကို အပြင်ခေါ်သွားပြီး နေ့လယ်စာ အတူစားကြတယ်။ သားအမိနှစ်ယောက်တည်းရှိနေတဲ့ အထူးအချိန်လေးပေါ့။” မိတ်ဆွေ သို့မဟုတ် ဆွေမျိုးတစ်ဦးဦးက မုဆိုးမ၊ မုဆိုးဖိုဖြစ်နေမည်ဆိုလျှင် သူတို့အတွက် စိတ်ထိခိုက်စရာဖြစ်စေမည့် အဆိုပါနေ့မျိုးကို ရေးမှတ်ထားပါ။ ထိုနေ့တွင် သင်ကိုယ်တိုင်ဖြစ်စေ၊ အခြားသူတစ်ဦးဦးကဖြစ်စေ သူ့ကို အဖော်ပြုပေးရန် သင်စီစဉ်ပေးနိုင်သည်။—သု. ၁၇:၁၇။
ဘ၀တူများထံမှ စိတ်သက်သာမှုရနိုင်ကြောင်း အိမ်ထောင်ဖက်ဆုံးရှုံးသွားသူတချို့ သိလာကြသည်။ ရှစ်နှစ်တိုင် မုဆိုးမဖြစ်လာခဲ့သူ အဲန်နီက သူ၏ဘ၀တူ မိတ်ဆွေတစ်ဦးနှင့်စပ်လျဉ်း၍ ဤသို့ဆိုသည်– “သူ့ရဲ့စိတ်ဓာတ်ခိုင်မာမှုကို ကျွန်မ အရမ်းလေးစားမိတယ်။ အဲဒါက ကျွန်မအတွက် ဘ၀ကိုရှေ့ဆက်ဖို့ ခွန်အားဖြစ်စေတယ်။”
အိမ်ထောင်ဖက်ဆုံးပါးသွားခြင်းကြောင့် ပြင်းထန်စွာခံစားရသော ဝမ်းနည်းပူဆွေးမှုကို ကျော်ဖြတ်နိုင်ခဲ့သူများသည် အခြားဘ၀တူမိတ်ဆွေများကို အမှန်ပင် အားပေးကူညီနိုင်ကြပါသည်။ ကျမ်းစာမှတ်တမ်းပါ မုဆိုးမနှစ်ဦးဖြစ်သော ရုသနှင့် ယောက္ခမဖြစ်သူ နောမိတို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် အားပေးထောက်မခဲ့ကြသည်။ ထိုအမျိုးသမီးနှစ်ဦး၏ အပြန်အလှန်ဂရုစိုက်မှုက သူတို့ခံစားရသော ဝမ်းနည်းပူဆွေးမှုနှင့် အခက်အခဲများကို ကျော်လွှားစေနိုင်ခဲ့ကြောင်း ထိုမှတ်တမ်းက ဖော်ပြသည်။—ရုသ ၁:၁၅-၁၇; ၃:၁; ၄:၁၄၊ ၁၅။
ကုစားရသောအချိန်
ဘ၀ကို အဓိပ္ပာယ်ရှိရှိပြန်စနိုင်ရန် ကျန်ရစ်သူအိမ်ထောင်ဖက်သည် ချစ်ရသူကို အောက်မေ့တမ်းတနေစဉ် တစ်ချိန်တည်းတွင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဖို့လိုသည်။ ပညာရှိရှင်ဘုရင် ရှောလမုန်က “ငိုရသောအချိန်” ရှိကြောင်း အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ကုစားရသောအချိန် ရှိဖို့လိုကြောင်းလည်း ဆိုခဲ့သည်။—ဒေ. ၃:၃၊ ၄။
အတိတ်ကာလကို မေ့ပစ်ရန် မည်မျှတိုင်ခက်ခဲကြောင်း ပေါလ်က ဤသို့ဆိုခဲ့သည်– “ကျွန်တော်တို့ဇနီးမောင်နှံက လိမ်ယှက်နေတဲ့ သစ်ပင်နှစ်ပင်နဲ့ တူတယ်။ တစ်ပင်က သေသွားလို့ ဖယ်ရှားခံလိုက်ရတဲ့အခါ ကျန်တဲ့တစ်ပင်က ပုံပျက်ပန်းပျက် ဖြစ်ကျန်ရစ်ခဲ့တယ်လေ။ တစ်ယောက်တည်းကျန်ခဲ့တာ သိပ်နေရခက်တယ်။” အချို့က ကွယ်လွန်သူအပေါ် သစ္စာရှိရမည်ဟုဆိုကာ အတိတ်ကို တမင်မမေ့ဘဲ နေတတ်ကြသည်။ အချို့ကမူ ဘ၀ကို ပျော်ပျော်နေခြင်းသည် ကွယ်လွန်သူအပေါ် သစ္စာမဲ့ရာကျသည်ဟုယူဆကာ အိမ်ပြင်မထွက်လိုကြ၊ အခြားသူများနှင့်လည်း မတွေ့လိုကြချေ။ သူတို့ ဘ၀ကို ရှေ့ဆက်နိုင်ရန် ကြင်နာစွာကူညီပေးဖို့ ဖြစ်နိုင်မည်လော။
ဦးစွာ၊ သူတို့၏ခံစားချက်ကို ထုတ်ဖော်ပြောဆိုစေခြင်းက အကူအညီဖြစ်စေနိုင်သည်။ ခြောက်နှစ်တိုင် မုဆိုးဖိုဖြစ်ခဲ့သူ ဟားဗဒ် ဤသို့ဆိုသည်– “မိတ်ဆွေတွေ လာလည်တဲ့အခါ စိတ်ထဲမှာ ရုတ်တရက် ပေါ်လာတတ်တဲ့ ရှေးဟောင်းနှောင်းဖြစ်တွေအကြောင်း ပြန်ပြောပြမိတယ်။ ကျွန်တော့်စကားကို သူတို့ ငြိမ်ငြိမ်လေးထိုင်ပြီး နားထောင်ပေးတဲ့ အဲဒီအချိန်အခါတွေက ကျွန်တော့်အတွက် တကယ်တန်ဖိုးရှိတယ်။ ကျွန်တော့်အနားမှာ အဲဒီလိုနေပေးရတာ ပျော်စရာမကောင်းမှန်းသိပေမဲ့ ကျွန်တော့်ကို စာနာပေးလို့ သူတို့ကို သိပ်ကျေးဇူးတင်တယ်။” မိမိမည်သို့ခံစားနေရသေးကြောင်း အစပြု၍ မေးမြန်းလေ့ရှိသည့် ရင့်ကျက်သောမိတ်ဆွေတစ်ဦး၏ လုပ်ရပ်ကြောင့် ပေါလ် အလွန်ထိမိခဲ့သည်။ “ကျွန်တော့်ဆီကို စိတ်ရင်းနဲ့ ချဉ်းကပ်လာပြီး ဘယ်လိုခံစားနေရသေးလဲလို့ ကြင်ကြင်နာနာမေးတာကို ကျွန်တော် သိပ်ကျေးဇူးတင်တယ်” ဟုပေါလ်က ဆို၏။—သု. ၁၈:၂၄။
ဝမ်းနည်းပူဆွေးသူသည် နောင်တရခြင်း၊ အပြစ်မကင်းဟူ၍ ခံစားရခြင်း၊ ဒေါသထွက်ခြင်းစသော စိတ်ခံစားချက်များကို ဖွင့်ဟခွင့်ရသောအခါ အဖြစ်မှန်ကို ပို၍လက်ခံလာနိုင်ဖွယ်ရှိသည်။ ယင်းကို ဘုရင်ဒါဝိဒ်၏အဖြစ်တွင် တွေ့ရ၏။ ဒါဝိဒ်သည် စိတ်အချရဆုံးအရှင် ယေဟောဝါဘုရားသခင်ထံ ရင်ဖွင့်ခဲ့သည်။ ယင်းကြောင့် သူ “ပြန်ထ” ရန်၊ သားငယ်သေဆုံးသွားပြီဟူသော အဖြစ်မှန်ကို လက်ခံရန် စိတ်ဓာတ်ခွန်အား ရရှိခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၂:၁၉-၂၃။
အစပိုင်းတွင် ခက်ခဲနိုင်သော်လည်း အချိန်အတန်ကြာပြီးနောက် ကျန်ရစ်သူသည် လုပ်နေကျအလုပ်များကို ပြန်စတင်ရန်လိုသည်။ ထို့ကြောင့် သင်ဈေးဝယ်ထွက်စဉ် သို့မဟုတ် လမ်းလျှောက်ထွက်စဉ် သူ့ကို ခေါ်သွားနိုင်မည်လော။ ကျန်ရစ်သူ သင့်မိတ်ဆွေကို အလုပ်တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုနိုင်သလော။ ယင်းက သူ့ကို တစ်သီးပုဂ္ဂလမဖြစ်စေရန် ကူညီပေးရာရောက်သည်။ ဥပမာ၊ သူသည် ကလေးငယ်များကို ဝိုင်းထိန်းပေးနိုင်သလော။ သို့မဟုတ် သင့်ကို ဟင်းချက်နည်းတစ်မျိုးမျိုး သင်ပေးနိုင်သလော။ အိမ်တွင် ပျက်စီးနေသော အရာတစ်ခုခုကို သူပြင်ပေးနိုင်သလော။ လှုပ်လှုပ်ရှားရှားလုပ်ဆောင်ရသော အလုပ်များတွင် သူ့ကို ပါဝင်စေသောအခါ ဘ၀တွင် ရည်ရွယ်ချက်ရှိကြောင်း သူ့ကို သိရှိစေသည်။
ကျန်ရစ်သူသည် မိမိ၏ခံစားချက်များကို အခြားသူများအား ဖွင့်ပြောခွင့်ရသောအခါ ဘ၀ကို ပျော်ပျော်နေလိုစိတ် တဖြည်းဖြည်းပြန်ရှိလာပြီး ပန်းတိုင်အသစ်များ ချမှတ်သည်အထိပင် ဖြစ်လာနိုင်သည်။ အသက် ၄၄ နှစ်အရွယ်ရှိသော မုဆိုးမနှင့်မိခင်ဖြစ်သူ ယိုနတ်၏အဖြစ်တွင် ယင်းသည် မှန်ကန်၏။ “နဂိုအတိုင်းပြန်ဖြစ်ဖို့ သိပ်ခက်တာပဲ။ အိမ်မှုကိစ္စတွေ လုပ်ရတာ၊ ငွေရေးကြေးရေးကိစ္စတွေ ကိုင်တွယ်ရတာ၊ ကလေးတွေကို စောင့်ရှောက်ရတာ မလွယ်လှဘူး” ဟုသူဆိုသည်။ သို့ရာတွင် အချိန်အတန်ကြာသော် ကိစ္စရပ်များကို သူစီမံတတ်လာပြီး သားသမီးများနှင့်လည်း ကောင်းစွာပြောဆိုဆက်ဆံတတ်လာသည်။ အရင်းနှီးဆုံးမိတ်ဆွေများ၏ ကူညီပေးမှုကိုလည်း သူခံယူတတ်လာသည်။
“ဘ၀က တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ဖြစ်နေတုန်းပါ”
မိတ်ဆွေများနှင့် မိသားစုဝင်များသည် ထိရောက်စွာကူညီပေးနိုင်ရန် လက်တွေ့ကျရမည်။ နှစ်ရှည်လများကြာလာသည်နှင့်အမျှ ကျန်ရစ်သူ၏ တိုးတက်မှုနှင့် မျှော်လင့်ရာများသည် စိတ်ငြိမ်သက်နေချိန်နှင့် စိတ်ဓာတ်ကျဆင်းချိန်များတွင် ပြောင်းလဲတတ်သည်။ သူ၏ ‘ဝမ်းနည်းမှု’ သည် အမှန်ပင် ပြင်းထန်နိုင်သည်။—၃ ဓမ္မရာဇဝင် ၈:၃၈၊ ၃၉၊ ခမ။
အဖြစ်မှန်ကို လက်ခံတတ်ရန်နှင့် တစ်သီးပုဂ္ဂလမနေရန် ကြေကွဲစရာဖြစ်ရပ်ကို ရင်ဆိုင်နေရသော ကျန်ရစ်သူအား ကြင်နာစွာ ဖေးမပေးဖို့လိုသည်။ ယင်းက မုဆိုးမများနှင့် မုဆိုးဖိုများကို ဘ၀အသစ် ပြန်စစေနိုင်သည်။ အာဖရိကနိုင်ငံတစ်နိုင်ငံတွင် အချိန်ပြည့်ဓမ္မအမှုလုပ်ငန်း၌ ပါဝင်နေသော အသက် ၆၀ အရွယ် မုဆိုးဖိုဖြစ်သူ ကလောဒီက ဤသို့ဆိုသည်– “ကိုယ့်အိမ်ထောင်ဖက်နဲ့ သေကွဲကွဲရလို့ စိတ်ထိခိုက်ရပေမဲ့ ဘ၀က တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ဖြစ်နေတုန်းပါ။”
အိမ်ထောင်ဖက်ဆုံးပါးသွားပြီးနောက် ဘ၀သည် ယခင်လို မဟုတ်တော့ချေ။ သို့သော် ကျန်ရစ်သူအနေဖြင့် ဘ၀တွင် ပျော်မွေ့စရာများစွာ ကျန်ရှိနေပါသေးသည်။—ဒေ. ၁၁:၇၊ ၈။
[အောက်ခြေမှတ်ချက်]
a “သိမ်းထားသင့်သလော၊ စွန့်ပစ်သင့်သလော” လေးထောင့်ကွက်ကို ကြည့်ပါ။
b ဝမ်းနည်းပူဆွေးနေသူအား လက်တွေ့ကျကျ ကူညီပေးနိုင်မည့် အကြံပြုချက်များကို ပိုမိုသိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသော ချစ်မြတ်နိုးရသူတစ်ဦး ကွယ်လွန်သောအခါ စာစောင်၊ စာမျက်နှာ ၂၀-၂၅ တွင်ဖတ်ပါ။
[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]
မိတ်ဆွေစစ်များသည် အထီးကျန်နေသော ကျန်ရစ်သူကို ဆက်ကူညီပေးရန် အမြဲအသင့်ရှိနေကြပါလိမ့်မည်
[စာမျက်နှာ ၁၂ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]
သိမ်းထားသင့်သလော၊ စွန့်ပစ်သင့်သလော
လွန်ခဲ့သော နှစ်အနည်းငယ်က ခင်ပွန်းသေဆုံးသွားသော ဟယ်လဲန် ဤသို့ဆိုသည်– “ခင်ပွန်းရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ကျွန်မသိမ်းထားတယ်။ အချိန်တွေကြာလာလေ ဒီပစ္စည်းတွေက ကျွန်မအတွက် အမှတ်တရပိုဖြစ်လေပဲ။ အချိန်နဲ့အမျှ စိတ်က ပြောင်းလဲနိုင်တဲ့အတွက် သူ့ရဲ့ပစ္စည်းတစ်ခုကိုမှ ကျွန်မ ချက်ချင်း မပစ်လိုက်ချင်ဘူး။”
သို့သော် လွန်ခဲ့သော ငါးနှစ်ခန့်တွင် ဇနီးသည်ဆုံးပါးသွားသော ကလောဒီကမူ ဤသို့ဆိုပြန်သည်– “ကျွန်တော့်အထင်ပြောရရင် သူ့ကိုအမြဲအမှတ်ရနေဖို့ သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေ ကျွန်တော့်အနားမှာ ရှိနေစရာမလိုဘူး။ သူ့ပစ္စည်းတွေကို စွန့်ပစ်လိုက်တာက အရှိတရားကို လက်ခံတတ်ဖို့၊ ပူဆွေးဝမ်းနည်းမှုကို သက်သာစေဖို့ အကူအညီဖြစ်စေတယ်လို့ ကျွန်တော်ထင်တယ်။”
ကွယ်လွန်သူ၏ကိုယ်ပိုင်ပစ္စည်းများကို ဘာလုပ်ရမည်နှင့်ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူနိုင်ကြောင်း အထက်ပါစကားများက ဖော်ပြသည်။ ထို့ကြောင့် ချင့်ချိန်တတ်သော မိတ်ဆွေများနှင့် ဆွေမျိုးများသည် ယင်းကိစ္စနှင့် ပတ်သက်၍ မိမိတို့၏ထင်မြင်ချက်အတိုင်းလုပ်ဖို့ သူတို့ကို အတင်းအကျပ် တိုက်တွန်းမည်မဟုတ်ချေ။—ဂလာတိ ၆:၂၊ ၅။
[စာမျက်နှာ ၉ ပါပုံစာ]
သင့်အကူအညီကို အထူးတန်ဖိုးထားမည့် နေ့များရှိပါသလော
[စာမျက်နှာ ၉ ပါပုံစာ]
သူတို့ကို အပြင်ခေါ်ထွက်လည်ပါ
[စာမျက်နှာ ၁၀ ပါပုံစာ]
မုဆိုးမများနှင့် မုဆိုးဖိုများကို သင်လုပ်နေကျအလုပ်များတွင် သို့မဟုတ် အားလပ်ရက်အပန်းဖြေမှုတွင် ပါဝင်စေပါ