လူတွေ ဘာကို ကြောက်ရွံ့နေကြသလဲ
“လူတွေရဲ့အနာဂတ်က ကြောက်စရာကောင်းတယ်ဆိုပြီး ဘာသာရေးသမားတွေကပဲ စဉ်းစားကြတာမဟုတ်ပါဘူး။”—တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ စတီဗင် အိုလရီ။a
အဲဒီအချက်ကို သင် သဘောတူသလား။ အနာဂတ်ကို လူတွေ ကြောက်ရွံ့နေကြတဲ့ အကြောင်းရင်းတချို့ကို အခုဖော်ပြမယ့် အခန်းဆက်ဆောင်းပါးတွေမှာ သုံးသပ်သွားပါမယ်။ ဒါပေမဲ့ ကမ္ဘာ့သက်ရှိတွေကတော့ ကွယ်ပျောက်သွားမှာမဟုတ်ဘူးဆိုတာကို ယုံကြည်စိတ်ချနိုင်ရတဲ့ အကြောင်းရင်းကိုလည်း သုံးသပ်သွားမှာဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ စိတ်မချမ်းသာစရာ အချက်အလက်တွေကို သင် ဖတ်ရပေမဲ့ အကောင်းမြင်တဲ့စိတ်ထားရှိဖို့ အကြောင်းကောင်းရှိပါတယ်။
နျူကလီးယားစစ်ဖြစ်မယ့်အန္တရာယ် တိုးများလာ။ ၂၀၀၇ ခုနှစ်ထုတ် ဂျာနယ်တစ်စောင် (Bulletin of the Atomic Scientists) မှာ ဒီလိုဖော်ပြထားတယ်– “ဟီယိုရှီးမားမြို့နဲ့ နာဂါဆာကီမြို့တွေပေါ်မှာ ပထမဆုံးအကြိမ် အဏုမြူဗုံးကျဲခဲ့တုန်းက ကမ္ဘာကြီးက ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်။ အခုလည်း အဲဒီလိုအခြေအနေမျိုးကို ရင်ဆိုင်နေရတယ်။” ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲ။ ၂၀၀၇ ခုနှစ်မှာ နျူကလီးယားလက်နက် ၂၇,၀၀၀ ခန့် ကျန်ရှိနေသေးတယ်၊ အဲဒီအထဲမှာ လက်နက် ၂,၀၀၀ က “မိနစ်ပိုင်းအတွင်း ပစ်လွှတ်ဖို့ အသင့်အနေအထား” မှာရှိနေတယ်လို့ အဲဒီဂျာနယ်မှာ ဖော်ပြထားတယ်။ အဲဒီလက်နက်တွေထဲက အနည်းငယ်ကိုပဲ အသုံးပြုခဲ့ရင်တောင် အဖျက်အင်အားက ကြောက်စရာကောင်းလောက်အောင် ကြီးမားတယ်။
၂၀၀၇ ခုနှစ်ကတည်းကစပြီး နျူကလီးယားစစ်ဖြစ်မယ့်အန္တရာယ် လျော့နည်းသွားခဲ့သလား။ နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားကြတဲ့ တရုတ်၊ ပြင်သစ်၊ ရုရှား၊ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေက “နျူကလီးယားလက်နက်အသစ်တွေကို အသုံးပြုဖို့ အသင့်ရှိနေတယ်၊ အဲဒီလိုလုပ်ဖို့လည်း ရည်ရွယ်ထားတယ်ဆိုတာကို အသိပေးကြေညာခဲ့ကြတယ်” ဆိုပြီး စာအုပ်တစ်အုပ် (SIPRI Yearbook 2009) ကဖော်ပြတယ်။bc ဒါပေမဲ့ အဲဒီနိုင်ငံကြီးတွေကပဲ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတာမဟုတ်ဘူးဆိုတာကို အဲဒီစာအုပ်က ဆက်ဖော်ပြတယ်။ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အစ္စရေးနိုင်ငံတွေမှာ နျူကလီးယားဗုံး အလုံးပေါင်း ၆၀ ကနေ ၈၀ အထိ ပိုင်ဆိုင်ထားကြတယ်လို့ သုတေသီတွေက ခန့်မှန်းထားတယ်။ သည့်အပြင် ကမ္ဘာတစ်၀န်းမှာ နျူကလီးယားလက်နက်ပေါင်း ၈,၃၉၂ ခုကို အခု အသုံးပြုနေပြီး ပစ်လွှတ်ဖို့ အသင့်အနေအထားမှာ ရှိနေတယ်လို့ သူတို့က ပြောနေကြတယ်။
ရာသီဥတုအပြောင်းအလဲတွေက သဘာဝဘေးဒဏ်ကို ဖြစ်ပေါ်စေနိုင်။ “ရာသီဥတုအပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေက နျူကလီးယားလက်နက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေလိုပဲ ကြောက်စရာကောင်းတယ်” လို့ (Bulletin of the Atomic Scientists) ဂျာနယ်မှာ ဖော်ပြထားတယ်။ ကိမ်းဘရစ်ချ်တက္ကသိုလ်က အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ စတီဗင် ဟော့ကင်းနဲ့ ကိမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ အောက်မှာရှိတဲ့ ထရီနီတီကောလိပ် ကျောင်းအုပ်ဆရာကြီး ဆာ မာတင် ရီးစ်စတဲ့ သိပ္ပံပညာရှင်တွေကလည်း ထပ်တူသတိပေးကြတယ်။ နည်းပညာတွေကို တလွဲအသုံးပြုနေတာ၊ လူတွေရဲ့ လုပ်ဆောင်မှုကြောင့် ရာသီဥတုပြောင်းလဲတာတွေက လူသားတွေရဲ့ အသက်တာကို ကပြောင်းကပြန် ဖြစ်သွားစေနိုင်တယ်၊ ဒါမှမဟုတ် လူသားမျိုးနွယ်တစ်ခုလုံး ပျောက်ကွယ်သွားစေနိုင်တယ်လို့ အဲဒီပညာရှင်တွေက ယူဆနေကြတယ်။
ကမ္ဘာပျက်မယ့်ဟောကိန်းတွေကြောင့် လူသန်းပေါင်းများစွာ စိုးရိမ်နေကြ။ “ကမ္ဘာ့အဆုံး” နဲ့ “၂၀၁၂ ခုနှစ်” ဆိုတဲ့ အသုံးအနှုန်းတွေက အင်တာနက်မှာ ရေပန်းစားနေတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ထင်ကြေးတွေကို ဝက်ဘ်ဆိုက်တွေမှာ ပလူပျံနေအောင် ဖော်ပြထားတာကို တွေ့ရလိမ့်မယ်။ ဘာကြောင့် အဲလိုဖြစ်နေရတာလဲ။ ရှေးခေတ် မာရာလူမျိုးတွေရဲ့ ပြက္ခဒိန်တစ်ခုက ၂၀၁၂ ခုနှစ်မှာ အဆုံးသတ်သွားမယ်လို့ လူတို့ ခန့်မှန်းထားကြတယ်။ အဲဒါက လူသားမျိုးနွယ်ရဲ့အဆုံးကို တစ်နည်းနည်းနဲ့ ကြိုပြောနေတာပဲဆိုပြီး လူအတော်များများက စိုးရိမ်နေကြတယ်။
ကမ္ဘာကြီးက ဖျက်ဆီးခံရမယ်လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်ဆိုပြီး ဘာသာရေးသမားတွေက ယုံကြည်ကြတယ်။ သစ္စာတည်ကြည်တဲ့သူတွေက ကောင်းကင်ကိုသွားမယ်၊ ကျန်တဲ့သူတွေက ဝရုန်းသုန်းကားဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ကျန်ရစ်မယ် ဒါမှမဟုတ် ငရဲကျမယ်ဆိုပြီး သူတို့ယူဆကြတယ်။
ကမ္ဘာကြီးက လုံးဝပျက်စီးသွားမယ်လို့ သမ္မာကျမ်းစာက ပြောထားသလား။ “ဘုရားသခင်ထံမှလာသည်ဟု ထင်ရသော သတင်းစကားကို မယုံကြနှင့်။ ဘုရားသခင်၏ သတင်းစကား ဟုတ်မဟုတ် သိမြင်ခြင်းငှာ စစ်ဆေးကြလော့” ဆိုပြီး တမန်တော်ယောဟန် သတိပေးခဲ့တယ်။ (၁ ယောဟန် ၄:၁) ကမ္ဘာကုန်ဆုံးမယ့်အကြောင်း တခြားသူတွေရဲ့စကားကို လက်ခံမယ့်အစား သင်ကိုယ်တိုင် ကျမ်းစာဖွင့်ဖတ်ပြီး လေ့လာကြည့်ပါ။ သမ္မာကျမ်းစာ သွန်သင်ထားတာတွေကို သင် အံ့သြသွားပါလိမ့်မယ်။
[အောက်ခြေမှတ်ချက်]
a ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့၌ MSNBC ၀က်ဘ်ဆိုက်တွင် တင်ထားသည့် “သဘာဝဘေးဆိုးတွေက ကမ္ဘာပျက်မယ့်နေ့ ကြိုတင်ခန့်မှန်းချက်တွေကို မီးထိုးယပ်ခတ်ပေး” ဆောင်းပါးမှ။
b SIPRI သည် Stockholm International Peace Research Institute ၏အတိုကောက်ဖြစ်သည်။
c SIPRI Yearbook 2009 စာအုပ်တွင် ဆောင်းပါးရေးသားသူတို့မှာ ရှန်နွန် အဲန်. ကီလ် (SIPRP လက်နက်ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးအစီအစဉ်၏ နျူကလီးယားလက်နက်စီမံကိန်းကို ဦးဆောင်သူနှင့် ဝါရင့်သုတေသနပညာရှင်)၊ ဗီတာလီ ဖတ်ချန်ကို (SIPRI လက်နက်ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးအစီအစဉ်၏ သုတေသနပညာရှင်) နှင့် ဟန်စ် အမ်. ခရစ္စစဲန် (အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်မှ နျူကလီးယားသတင်းအချက်အလက် သိုမှီး၊ စိစစ်၊ ဖြန့်ဝေမှု စီမံကိန်းဒါရိုက်တာ) တို့ဖြစ်ကြသည်။
[Picture Credit Lines on page 4]
Mushroom cloud: U.S. National Archives photo; hurricane photos: WHO/League of Red Cross and U.S. National Archives photo