သားသမီးတို့ကို သွန်သင်လော့
ယေရှု ဘာကြောင့် ချက်ချင်းမသွားခဲ့
အချစ်ဆုံးမိတ်ဆွေ လာဇရု အပြင်းဖျားနေတဲ့အကြောင်း ယေရှု သိသွားတယ်။ လာဇရုရဲ့ အစ်မတွေဖြစ်တဲ့ မာရိနဲ့ မာသတို့က လူလွှတ်ပြီး ယေရှုကို အဲဒီသတင်း သွားပြောခိုင်းတာလေ။ သွားပြောတဲ့သူက လာဇရုနဲ့ အစ်မတွေနေထိုင်တဲ့ ဗေသနိရွာသားတစ်ယောက်ပါ။ ဂျော်ဒန်မြစ်ရဲ့ တစ်ဖက်ကမ်း ဟိုးအဝေးကြီးမှာ သူတို့နေထိုင်ပေမဲ့ သူတို့ရဲ့မောင်လေးကို ယေရှု ကုသပေးနိုင်မယ်ဆိုတာ အစ်မတွေ ယုံတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကလည်း အဝေးမှာရှိနေတဲ့ လူတွေကို လှမ်းကုသပေးနိုင်ခဲ့တယ်ဆိုတာ သူတို့ သိထားလို့ပေါ့။—မဿဲ ၈:၅-၁၃။ ယောဟန် ၁၁:၁-၃။
ယေရှုဆီ သတင်းပို့တဲ့သူ ရောက်လာပြီး စိတ်မကောင်းစရာသတင်းကို ပြောပြတော့ ယေရှုက ဘာမှ မတုံ့ ပြန်ခဲ့ဘူး။ ယေရှုက “မိမိရောက်ရှိရာအရပ်၌ နှစ်ရက်ဆက်၍ နေတော်မူ၏” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၁၁:၆) လာဇရုဆီကို ယေရှု ဘာကြောင့် ချက်ချင်း မသွားတာလဲဆိုတာ ကလေးတို့ သိကြသလား။—a ဒီအကြောင်းကို အခု ပြောပြမယ်။
လာဇရုက နေထိုင်မကောင်းဖြစ်ပြီး သေသွားတာကို ယေရှု သိတယ်။ ဒါကြောင့် တမန်တော်တွေကို “ယုဒပြည်ကို တစ်ဖန်သွားကြစို့” လို့ မိန့်တော်မူတယ်။ ဒီအခါမှာ သူတို့က “မကြာမီကပင် ကိုယ်တော်ကို ခဲနှင့်ပေါက်ရန် ကြံစည်နေပါလျက် ထိုအရပ်သို့ တစ်ဖန်ကြွဦးမည်လော” ဆိုပြီး ကန့်ကွက်ကြတယ်။ ယေရှုက “ငါတို့အဆွေ လာဇရုသည် အိပ်ပျော်ပြီ။ သို့သော်လည်း သူ့ကိုနှိုးရန် ငါသွားမည်” လို့ ရှင်းပြတယ်။
“သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာလာလိမ့်မည်” လို့တမန်တော်တွေက ပြန်လျှောက်ကြတယ်။ ဒီအခါမှာ ယေရှုက “လာဇရု သေပြီ” လို့ ရှင်းပြတယ်။ ပြီးတော့ ‘ထိုအရပ်၌ ငါမရှိသည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ သို့ဖြစ်၍ သူ့ဆီသို့ သွားကြစို့’ လို့ ယေရှု ပြောတဲ့အခါ သူတို့ အံ့သြသွားမှာ သေချာတယ်။
‘ကျွန်ုပ်တို့လည်း ယေရှုနှင့်အတူ အသေခံရန် သွားကြစို့’ လို့ဆိုပြီး သောမက သတ္တိရှိရှိ ပြောချလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ရန်သူတွေက ယေရှုကို သတ်ဖို့ ထပ်ကြိုးစားနေတဲ့အတွက် တမန်တော်တွေလည်း အသတ်ခံရနိုင်တယ်ဆိုပြီး သောမ သိထားလို့ပဲ။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံး ထွက်သွားကြပြီ။ နှစ်ရက်သုံးရက်ကြာမှ လာဇရုနေထိုင်တဲ့ ဗေသနိရွာကို သူတို့ ရောက်သွားတယ်။ အဲဒီရွာလေးက ဂျေရုဆလင်မြို့နဲ့ နှစ်မိုင်လောက်ပဲ ဝေးတာ။—ယောဟန် ၁၁:၇-၁၈။
အဲဒီရွာကို စောစောမရောက်ဖြစ်တဲ့အတွက် ယေရှု ဝမ်းသာနေတာ ဘာကြောင့်လဲ သိလား။— ဒီမတိုင်ခင်က လူတချို့ကို ယေရှု ရှင်ပြန်ထမြောက်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ကို ယေရှု ရှင်ပြန်ထမြောက်ပေးတုန်းက သူတို့သေသွားခါစပဲ ရှိသေးတာ။ (လုကာ ၇:၁၁-၁၇၊ ၂၂။ ၈:၄၉-၅၆) လာဇရုရဲ့အလောင်းကတော့ သင်္ချိုင်းဂူထဲမှာ ရောက်နေတာ ရက်အနည်းငယ် ရှိသွားပြီလေ။ လာဇရု တကယ်သေသွားတာကို အားလုံး မျက်မြင်ကိုယ်တွေ့ပဲ။
ဗေသနိရွာနားကို ယေရှု ရောက်လာပြီဆိုတာ လာဇရုရဲ့အစ်မ မာသ ကြားတာနဲ့ ကိုယ်တော်ဆီ အပြေးလေး သွားလိုက်တယ်။ “သခင်၊ ဤတွင် ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင် သေမည်မဟုတ်ပါ” လို့မာသက ပြောတော့ “သင်၏မောင်သည် ထမြောက်လိမ့်မည်” လို့ယေရှုက ပြန်ဖြေတယ်။ မာသက အိမ်ကို ပြန်ပြေးသွားပြီး ညီမဖြစ်တဲ့ မာရိကို “ဆရာရောက်လာပြီ။ သင့်ကို ခေါ်နေသည်” လို့တိတ်တိတ်လေး ပြောပြလိုက်တယ်။
မာရိက ချက်ချင်းပဲ ယေရှုဆီကို သွားလိုက်တယ်။ လူအုပ်က သင်္ချိုင်းကို မာရိ ထွက်သွားတယ်ထင်လို့ သူ့နောက် လိုက်သွားကြတယ်။ မာရိရော၊ လူအုပ်ရော ငိုကြွေးနေတာကို မြင်တဲ့အခါ ယေရှုလည်း “မျက်ရည်ကျ” ခဲ့တယ်။ သိပ်မကြာခင်မှာ ကျောက်တုံးကြီးနဲ့ ပိတ်ထားတဲ့ သင်္ချိုင်းဂူကို သူတို့အားလုံး ရောက်သွားတယ်။ ယေရှုက “ကျောက်တုံးကို ရွှေ့ကြလော့” လို့ ပြောလိုက်တဲ့အခါ မာသက “သခင်၊ ယခုဆိုလျှင် လေးရက်ရှိပြီဖြစ်၍ နံလောက်ပြီ” လို့ ကန့်ကွက်တယ်။
ဒါပေမဲ့ လူတွေက ယေရှုပြောတဲ့အတိုင်း ကျောက်တုံးကို ရွှေ့လိုက်ကြတယ်။ အဲဒီအချိန်မှာ လာဇရုကို ရှင်ပြန်ထမြောက်ပေးဖို့ ဘုရားသခင် အစွမ်းတန်ခိုးပေးမယ်ဆိုတာ ယေရှု ကြိုသိနေတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဆုတောင်းလိုက်တယ်။ ပြီးတော့ “လာဇရု၊ ထွက်လာလော့” ဆိုပြီး အသံကျယ်ကျယ်နဲ့ အော်ခေါ်လိုက်တယ်။ အဲဒီအခါမှာ လာဇရုက “အဝတ်ပတ်လျက်” သား ထွက်လာတယ်။ ယေရှုက “သူ့ကို အဝတ်ဖြေ၍ လွှတ်ပေးကြလော့” လို့ ပြောလိုက်တယ်။—ယောဟန် ၁၁:၁၉-၄၄။
ယေရှု ဘာကြောင့် ချက်ချင်းမသွားခဲ့တာကို ကလေးတို့ အခု နားလည်ပြီလား။— စောင့်ဆိုင်းလိုက်ရင် ခမည်းတော် ယေဟောဝါဘုရားသခင်အကြောင်း ကောင်းကောင်း သက်သေခံနိုင်မယ်ဆိုတာ သူသိထားလို့လေ။ အချိန်အခါကောင်းကို ယေရှု ရွေးချယ်လိုက်တဲ့အတွက် လူအတော်များများ ကိုယ်တော့်ကို ယုံကြည်လာကြတယ်။ (ယောဟန် ၁၁:၄၅) ယေရှုရဲ့ စံနမူနာကနေ ကလေးတို့ ဘာတွေ သင်ယူနိုင်သလဲ သိလား။—
ကလေးတို့လည်း အချိန်အခါကောင်းကိုရွေးပြီး ဘုရားသခင် လုပ်ပေးခဲ့တဲ့၊ အနာဂတ်မှာ လုပ်ပေးဦးမယ့် အံ့ဖွယ်ရာတွေအကြောင်း သက်သေခံနိုင်ပါတယ်။ ကိုယ့်ရဲ့ အတန်းဖော်တွေ၊ ဆရာဆရာမတွေကို အဲဒီအကြောင်းတွေ ပြောပြနိုင်တယ်။ ကလေးတချို့ဆိုရင် စာသင်ခန်းထဲမှာ အခွင့်အရေးယူပြီး လူတွေအတွက် ဘုရားသခင့်နိုင်ငံတော်က လုပ်ပေးမယ့် ထူးမြတ်လှတဲ့ ကောင်းချီးတွေအကြောင်း ပြောပြခဲ့ကြတယ်လေ။ လူသေတွေကို ကလေးတို့ ရှင်ပြန်ထမြောက်မပေးနိုင်ပေမဲ့ ချစ်မြတ်နိုးတဲ့သူတွေ အသက်ပြန်ရှင်လာအောင် ဘုရားသခင် လုပ်ပေးနိုင်တယ်၊ လုပ်လည်း လုပ်ပေးမယ်ဆိုတာ တခြားသူတွေကို ပြောပြနိုင်ပါတယ်။
a သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။