ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၆/၁ စာ. ၄-၆
  • ဆင်းရဲမွဲတေမှုပပျောက်အောင် ကြိုးပမ်းနေကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲမွဲတေမှုပပျောက်အောင် ကြိုးပမ်းနေကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတိုင်း ချမ်းသာဝပြောမယ်ဆိုတဲ့ အယူအဆများ
  • မာရှယ်စီမံချက်က ဆင်းရဲမွဲတေမှုကို ပပျောက်စေနိုင်သလား
  • နိုင်ငံခြားအထောက်အပံ့က ထင်သလောက် အရာမရောက်
  • ဆင်းရဲမွဲတေမှုကိုဖြစ်စေတဲ့ အကြောင်းရင်း
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • မကြာမီ မည်သူမျှချို့တဲ့တော့မည်မဟုတ်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်းရဲသားတွေအတွက် သတင်းကောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်းရဲနွမ်းပါးမှု
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၆/၁ စာ. ၄-၆

ဆင်းရဲမွဲတေမှုပပျောက်အောင် ကြိုးပမ်းနေကြ

ချမ်းသာကြွယ်ဝတဲ့သူတွေဟာ သူတို့ကိုယ်သူတို့အတွက်တော့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ လူသားထုတစ်ရပ်လုံး ခံစားနေရတဲ့ ဆင်းရဲမွဲတေမှု ပပျောက်သွားအောင် သူတို့ ကြိုးပမ်းတဲ့အခါ တစ်ခါမှ အောင်မြင်မှုမရခဲ့ဘူး။ ဘာကြောင့် မအောင်မြင်ရတာလဲ။ အများအားဖြင့် ချမ်းသာကြွယ်ဝတဲ့သူတွေဟာ တစ်ယောက်ယောက်ကြောင့် ဒါမှမဟုတ် တစ်ခုခုကြောင့် သူတို့ရဲ့ စည်းစိမ်တွေနဲ့ အခွင့်ထူးတွေ လက်လွတ်ဆုံးရှုံးသွားမှာကို မလိုလားကြလို့ပါ။ ရှေးခေတ်အစ္စရေးဘုရင် ရှောလမုန်က ဒီလိုရေးခဲ့ပါတယ်– “ညှဉ်းဆဲနှိပ်စက်ခြင်းခံရသူများသည် ငိုကြွေးလျက်နေကြ၏။ သူတို့အား ကူညီမစမည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ အဘယ်ကြောင့်ဆိုသော် သူတို့အား နှိပ်စက်ညှဉ်းဆဲသူတို့သည် တန်ခိုးအာဏာရှိသူများ ဖြစ်သောကြောင့်တည်း။”—ဒေ. ၄:၁၊ ခမ။

ဩဇာအာဏာရှိသူတွေဟာ ကမ္ဘာ့ဆင်းရဲမွဲတေမှု ပပျောက်သွားအောင် လူ့အဖွဲ့အစည်းကို ပြောင်းလဲပေးနိုင်ပါသလား။ ဘုရင်ရှောလမုန်က ဒီလိုရေးခဲ့ပါတယ်– “ဤအမှုအရာအပေါင်းတို့သည် အချည်းနှီးဖြစ်ပေသည်။ လေကို လိုက်လံဖမ်းဆီးသကဲ့သို့သာတည်း။ သင်သည် အကောက်ကို အဖြောင့်မဖြစ်စေနိုင်။” (ဒေ. ၁:၁၄၊ ၁၅၊ ခမ) ကနေ့ခေတ်မှာ ဆင်းရဲမွဲတေမှု ပပျောက်သွားအောင် ကြိုးပမ်းအားထုတ်နေတာတွေကို ဆန်းစစ်ကြည့်ရင် အဲဒီကျမ်းစကား မှန်ကန်တယ်ဆိုတာ ဖော်ပြနေပါတယ်။

လူတိုင်း ချမ်းသာဝပြောမယ်ဆိုတဲ့ အယူအဆများ

၁၉ ရာစုမှာ နိုင်ငံတချို့ဟာ ကုန်သွယ်မှုနဲ့ စက်မှုလုပ်ငန်းတွေကြောင့် အကြီးအကျယ် ချမ်းသာကြွယ်ဝလာတဲ့အခါ ဩဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တချို့က ဆင်းရဲမွဲတေမှုဆိုတဲ့ အရေးကိစ္စကို အထူးအာရုံစိုက်လာကြတယ်။ ကမ္ဘာ့သယံဇာတတွေကို မျှမျှတတ ဘယ်လိုဖြန့်ဖြူးပေးရမလဲဆိုတာကို သူတို့ စပြီးစဉ်းစားလာကြတယ်။

ဆိုရှယ်လစ်စနစ် ဒါမှမဟုတ် ကွန်မြူနစ်စနစ်က လူတိုင်းကို တန်းတူရည်တူ ချမ်းသာကြွယ်ဝစေမယ်၊ အဆင့်အတန်းမခွဲခြားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်း ဖြစ်စေမယ်လို့ တချို့က ယူဆကြတယ်။ အဲဒီယူဆချက်တွေကို လူချမ်းသာတွေက သဘောမကျခဲ့ကြဘူး။ ဒါပေမဲ့ “တစ်ဦး၏စွမ်းအားကို တစ်ဦး၏လုပ်အားနှင့် တိုင်းဆ၍ပေးရသည်” ဆိုတဲ့ ဆောင်ပုဒ်ကို လူအများက နှစ်သက်ကြတယ်။ ဆိုရှယ်လစ်စနစ်ကို နိုင်ငံတိုင်း ခံယူကျင့်သုံးမယ်ဆိုရင် လူ့အဖွဲ့အစည်းကြီးဟာ ပြည့်စုံလာမယ်ဆိုပြီး လူအများက မျှော်လင့်ခဲ့ကြတယ်။ ချမ်းသာတဲ့ နိုင်ငံတချို့ဟာ ဆိုရှယ်လစ်စနစ်ရဲ့ အယူအဆတွေကို လက်ခံကျင့်သုံးခဲ့ကြတယ်။ ပြည်သူအားလုံးကို “မွေးစကနေ သေဆုံးတဲ့အထိ” စောင့်ရှောက်ဖို့ ကတိပေးပြီး လူမှုဘဝဖူလုံရေးကို တည်ထောင်ခဲ့ကြတယ်။ ဒါကြောင့် ပြည်သူတွေကို အသက်အန္တရာယ်ရှိစေနိုင်တဲ့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင်လုပ်ခဲ့ပြီးပြီလို့ သူတို့ဆိုကြတယ်။

ဆိုရှယ်လစ်စနစ်ဟာ တစ်ကိုယ်ကောင်းမဆန်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ထောင်မယ်ဆိုတဲ့ ပန်းတိုင်ကို တစ်ခါမှ မရောက်ခဲ့ပါဘူး။ ပြည်သူတွေဟာ ကိုယ့်အကျိုးထက် အများအကျိုးအတွက် ဆောင်ရွက်ရမယ်ဆိုတဲ့ ဦးတည်ချက်ကို အကောင်အထည် မဖော်ပေးနိုင်ခဲ့ပါဘူး။ တချို့က ဆင်းရဲသားတွေကို မထောက်ပံ့ပေးချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ရက်ရက်ရောရော ထောက်ပံ့ပေးလိုက်မယ်ဆိုရင် တချို့က အလုပ်မလုပ်တော့ဘဲ ရေသာခို အချောင်လိုက်နေမယ်ဆိုတာကို သတိပြုမိကြလို့ဖြစ်တယ်။ အဲဒါမှန်ကန်တယ်ဆိုတာကို ကျမ်းစာမှာလည်း အခုလိုဖော်ပြထားတယ်– ‘အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ။ ဘုရားသခင်သည် လူကို ဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များပြားသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။’—ဒေ. ၇:၂၀၊ ၂၉။

နောက်မျှော်လင့်ချက်တစ်ခုကတော့ အမေရိကန်အိပ်မက်ပါ။ အဲဒါက ဘာလဲဆိုရင် အလုပ်ကို ကြိုးကြိုးစားစား လုပ်ချင်တဲ့သူတွေ ရှိတဲ့နေရာမှာ ချမ်းသာကြွယ်ဝ လာနိုင်တယ်ဆိုတဲ့အိပ်မက် ဖြစ်တယ်။ နိုင်ငံအတော်များများဟာ ဒီမိုကရေစီ၊ လွတ်လပ်တဲ့ စီးပွားရေးစနစ်နဲ့ လွတ်လပ်စွာ ကုန်သွယ်မှုဆိုတဲ့ မူဝါဒတွေကို လက်ခံကျင့်သုံးခဲ့ကြတယ်။ အဲဒီမူဝါဒတွေကြောင့် အမေရိကန်နိုင်ငံက ချမ်းသာကြွယ်ဝလာပုံရတယ်လို့ သူတို့က ယူဆထားကြတယ်။ ဒါပေမဲ့ နိုင်ငံတိုင်းက အဲဒီအမေရိကန်အိပ်မက်ကို ပုံတူကူးချကြတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြောက်အမေရိကမှာ ချမ်းသာလာတာက အဲဒီစနစ်ကိုပဲ ကျင့်သုံးခဲ့လို့မဟုတ်ဘူး။ အဓိကအားဖြင့် သဘာဝသယံဇာတ ပေါများကြွယ်ဝလှတဲ့အပြင် နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ဖွင့်ထားပေးလို့ဖြစ်ပါတယ်။ ဒါ့အပြင် အပြိုင်အဆိုင်လုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးစနစ်ကြောင့်လည်း ဖြစ်တယ်။ အဲဒါကြောင့် တချို့က ကြီးပွားချမ်းသာလာကြပြီး တချို့က ချွတ်ခြုံကျသွားတယ်။ အဲဒီတုန်းက ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီပေးနိုင်ခဲ့လို့လား။

မာရှယ်စီမံချက်က ဆင်းရဲမွဲတေမှုကို ပပျောက်စေနိုင်သလား

ဒုတိယကမ္ဘာစစ်အပြီးမှာ ဥရောပဟာ စစ်ဒဏ်ကို အလူးအလဲခံလိုက်ရတဲ့အတွက် ပြည်သူတွေ အကြီးအကျယ် ငတ်ပြတ်ခဲ့ကြတယ်။ ဥရောပမှာ ဆိုရှယ်လစ်စနစ် ထွန်းကားနေတာကိုကြည့်ပြီး အမေရိကန်အစိုးရက စိုးရိမ်လာတယ်။ ဒါကြောင့် အမေရိကန်မူဝါဒတွေကို လက်ခံကျင့်သုံးမယ့် နိုင်ငံတွေမှာ စက်မှုလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည်တည်ထောင်ဖို့ လေးနှစ်စာ ငွေအမြောက်အမြား ပုံအောပေးခဲ့တယ်။ မာရှယ်စီမံချက်လို့ သိထားကြတဲ့ ဒီဥရောပပြန်လည်ထူထောင်ခြင်း အစီအစဉ်က အောင်မြင်ခဲ့တယ်လို့ ယူဆရတယ်။ အနောက်ဥရောပမှာ အမေရိကန်ရဲ့သြဇာအာဏာ ကြီးထွားလာပြီး အသက်အန္တရာယ်ရှိစေနိုင်တဲ့ ဆင်းရဲမွဲတေမှုက ပပျောက်လုနီးပါး ဖြစ်သွားတယ်။ အဲဒါက ကမ္ဘာချီဆင်းရဲမွဲတေမှုကို ပပျောက်စေတဲ့ နည်းလမ်းလား။

မာရှယ်စီမံချက် အောင်မြင်သွားတဲ့အတွက် အမေရိကန်အစိုးရဟာ ကမ္ဘာတစ်ဝန်းက ဆင်းရဲတဲ့နိုင်ငံတွေမှာ စိုက်ပျိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ သယ်ယူပို့ဆောင်ရေးမှာ တိုးတက်ဖွံ့ဖြိုးအောင် ကူညီပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ အဲလိုကမ်းလှမ်းရတဲ့ ရည်ရွယ်ချက်က အမေရိကန်နိုင်ငံရဲ့အကျိုးအတွက် ဖြစ်တယ်လို့ သူတို့က ပွင့်ပွင့်လင်းလင်း ဝန်ခံတယ်။ တခြားနိုင်ငံတွေကလည်း သူတို့ရဲ့ ဩဇာအာဏာကို ချဲ့ထွင်ဖို့ ကြိုးစားတဲ့အနေနဲ့ အကူအညီပေးမယ်လို့ ကမ်းလှမ်းခဲ့ကြတယ်။ မာရှယ်စီမံချက်အတွက် အကြိမ်ကြိမ် ငွေအမြောက်အမြား သုံးစွဲပြီးတဲ့နောက် အနှစ်ခြောက်ဆယ်အကြာမှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေက စိတ်ပျက်စရာကောင်းလှပါတယ်။ အရင်က ဆင်းရဲတဲ့နိုင်ငံတချို့၊ အထူးသဖြင့် အရှေ့အာရှမှာရှိတဲ့ နိုင်ငံတချို့ဟာ ကျိကျိတက် ချမ်းသာကြွယ်ဝလာခဲ့ကြတယ်။ တချို့နိုင်ငံတွေမှာ နိုင်ငံခြားအထောက်အပံ့တွေကြောင့် ကလေးအသေအပျောက် နည်းသွားပြီး ပညာရေးမှာ တိုးတက်လာကြပေမဲ့ နိုင်ငံအများစုမှာတော့ ဆင်းရဲတွင်းနက်နေတုန်းပါပဲ။

နိုင်ငံခြားအထောက်အပံ့က ထင်သလောက် အရာမရောက်

ဆင်းရဲတဲ့နိုင်ငံတွေကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကူညီပေးရတာက ချမ်းသာတဲ့နိုင်ငံတွေကို စစ်ဒဏ်ကနေ ပြန်လည်နာလန်ထူလာအောင် ကူညီပေးရတာထက် ပိုခက်တယ်ဆိုတာကို တွေ့ရှိခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဥရောပမှာ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဟာ ထွန်းကားပြီးသားမို့ စီးပွားရေးတစ်ခုပဲ ပြန်လည်ပြုပြင်ဖို့ လိုအပ်ခဲ့တာပါ။ ဆင်းရဲတဲ့နိုင်ငံတွေမှာ နိုင်ငံခြားအထောက်အပံ့နဲ့ လမ်းတွေဖောက်၊ ကျောင်းတွေဆောက်၊ ဆေးပေးခန်းတွေ ဖွင့်ပေမဲ့ လူတွေဟာ ဆင်းရဲတွင်းနက်နေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီနိုင်ငံတွေမှာ စီးပွားရေးလုပ်ငန်းတွေမရှိ၊ သဘာဝသယံဇာတလည်း မရှိ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း မရှိလို့ပါ။

လူတွေဟာ ရှုပ်ထွေးလွန်းတဲ့ ဆင်းရဲမွဲတေမှုသံသရာထဲမှာ တဝဲလည်လည် ဖြစ်နေကြတယ်။ ဥပမာ၊ ရောဂါကြောင့် ဆင်းရဲမွဲတေလာတယ်၊ ဆင်းရဲမွဲတေလို့လည်း ရောဂါရလာကြတယ်။ အာဟာရရှိရှိ မစားခဲ့ရတဲ့ ကလေးငယ်တွေဟာ ကာယရေးနဲ့စိတ္တရေးမှာ အလွန်အားနည်းနေမှာဖြစ်တယ်။ သူတို့ကြီးပြင်းလာပြီး သားသမီးတွေရလာတဲ့အခါ ကလေးတွေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ကြတော့ပါဘူး။ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေမှာ ရောင်းမစွံတော့တဲ့ အစားအစာတွေကို အထောက်အပံ့ဆိုပြီး ဆင်းရဲတဲ့နိုင်ငံတွေဆီ ပို့လိုက်တဲ့အခါ ဒေသခံလယ်သမားတွေနဲ့ လက်လီဖြန့်ချိသူတွေဟာ စီးပွားပျက်သွားကြတဲ့အတွက် ဆင်းရဲသည်ထက် ဆင်းရဲလာတယ်။ ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အစိုးရတွေဆီ ငွေကြေးထောက်ပံ့လိုက်တာက နောက်သံသရာတစ်ခုကို အစပျိုးစေနိုင်ပါတယ်။ အထောက်အပံ့က ခိုးမှုကို အလွယ်တကူ ဖြစ်သွားစေတယ်။ အဲဒါက အကျင့်ပျက်ပြားမှုကို ဖြစ်စေပြီး တစ်ဖန် အကျင့်ပျက်ပြားမှုက ပိုပြီးဆင်းရဲမွဲတေစေနိုင်တယ်။ နိုင်ငံခြားအထောက်အပံ့က ဆင်းရဲမွဲတေမှုကိုဖြစ်စေတဲ့ အခြေခံအကြောင်းရင်းကို မဖြေရှင်းပေးနိုင်တဲ့အတွက် အောင်မြင်မှုမရခဲ့ပါဘူး။

ဆင်းရဲမွဲတေမှုကိုဖြစ်စေတဲ့ အကြောင်းရင်း

နိုင်ငံတွေရော အစိုးရတွေအပြင် တစ်ဦးချင်းစီကပါ ကိုယ့်အကျိုးစီးပွား တိုးတက်ဖို့နဲ့ ကာကွယ်ဖို့အတွက်ပဲ လုပ်ဆောင်နေကြလို့ ဆင်းရဲမွဲတေလွန်းရတာပါ။ ဥပမာ၊ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေရဲ့ အစိုးရတွေဟာ ကမ္ဘာချီဆင်းရဲမွဲတေမှု ပပျောက်သွားအောင် ဦးစားပေးပြီး မလုပ်ဆောင်နိုင်ကြပါဘူး။ သူတို့ကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတာဖြစ်လို့ မဲဆန္ဒရှင်တွေရဲ့အလိုကိုပဲ ဖြည့်ပေးနေရပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံတွေက လယ်သမားတွေကို ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေဆီ လယ်ယာထွက်ကုန်တွေ မရောင်းဖို့ ပိတ်ပင်ထားကြတယ်။ ရည်ရွယ်ချက်က ချမ်းသာကြွယ်ဝတဲ့နိုင်ငံက လယ်သမားတွေ စီးပွားမပျက်သွားအောင် ကာကွယ်ပေးဖို့ပါ။ ဒါ့အပြင် ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေက အုပ်စိုးရှင်တွေဟာ သူတို့ရဲ့လယ်သမားတွေကို ဆင်းရဲတဲ့နိုင်ငံတွေက လယ်သမားတွေထက် ပိုပြီးရောင်းရအောင် ထောက်ပံ့ကြေးကို လိုတာထက်ပိုပြီး ပေးကြတယ်။

ဆင်းရဲမွဲတေရတဲ့ အကြောင်းရင်းက ကိုယ့်အကျိုးစီးပွားကို ကာကွယ်တဲ့လူတွေနဲ့ အုပ်ချုပ်သူတွေရဲ့ သဘောထားကြောင့်ဖြစ်တယ်။ ဒီအချက်ကို ကျမ်းရေးသူ ဘုရင်ရှောလမုန်က ဒီလိုပေါ်လွင်စေခဲ့တယ်– ‘လူတစ်ဦးသည် တစ်ဦးအပေါ်တွင် အုပ်စိုးလျက် သူ၏အကျိုးကို ဖျက်ဆီးပြီ။’—ဒေ. ၈:၉၊ သမ္မာ။

ဒါဆိုရင် ဆင်းရဲမွဲတေမှု ပပျောက်သွားဖို့ မျှော်လင့်နိုင်ပါဦးမလား။ လူတွေရဲ့ ကိုယ်ကျိုးရှာတဲ့သဘောထားကို အုပ်ချုပ်မှုတစ်ခုခုက ပြောင်းလဲပေးနိုင်ပါ့မလား။

[စာမျက်နှာ ၆ ပါလေးထောင့်ကွက်]

ဆင်းရဲမွဲတေမှုကို ဖြေရှင်းပေးတဲ့ပညတ်

ရှေးခေတ် အစ္စရေးလူတွေဟာ ဘုရားသခင်ဆီကနေ ပညတ်တွေ လက်ခံရရှိခဲ့တယ်။ အဲဒီပညတ်တွေကို သူတို့ကျင့်သုံးမယ်ဆိုရင် အလွန်အမင်းဆင်းရဲမွဲတေတာမျိုး ရှိတော့မှာမဟုတ်ဘူး။ ပညတ်အရ ယဇ်ပုရောဟိတ်အနွယ် လေဝိသားတွေကလွဲရင် မိသားစုတိုင်း အမွေမြေရရှိခဲ့ကြတယ်။ အမွေရထားတဲ့မြေကို အပြီးအပိုင် ရောင်းစားပိုင်ခွင့်မရှိတဲ့အတွက် မိသားစုပိုင်အမွေအနှစ်က တည်မြဲတယ်။ အနှစ် ၅၀ ပြည့်တိုင်း အမွေမြေအားလုံးကို မူလပိုင်ရှင် ဒါမှမဟုတ် သူ့ရဲ့မိသားစုကို ပြန်ပေးရမှာဖြစ်တယ်။ (ဝတ်ပြုရာ ၂၅:၁၀၊ ၂၃) တကယ်လို့ နာမကျန်းတဲ့သူ၊ အခက်အခဲရောက်နေတဲ့သူ ဒါမှမဟုတ် ပျင်းရိတဲ့သူက သူ့ပိုင်မြေကို ရောင်းလိုက်မယ်ဆိုရင်လည်း ယုဘိလနှစ်ဖြစ်တဲ့ အနှစ်ငါးဆယ်ပြည့်မြောက်မှာ ဘာမှပေးစရာမလိုဘဲ ပြန်ရမှာဖြစ်တယ်။ ဒါကြောင့် မိသားစုအစဉ်အဆက်က ဆင်းရဲမွဲတေမှုနွံထဲ မနစ်တော့ဘူး။

ဘုရားသခင့်ပညတ်တွေထဲမှာ မေတ္တာပါတဲ့ နောက်အစီအစဉ်တစ်ခုအရ အရမ်းဆင်းရဲနေတဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ကျွန်အဖြစ် ရောင်းစားခွင့်ရှိပါတယ်။ သူ အကြွေးဆပ်နိုင်ဖို့ ရောင်းရငွေကို ကြိုတင်ထုတ်ယူလို့ရပါတယ်။ ခုနစ်နှစ်မြောက်တဲ့နှစ်မှာ သူ့ကိုယ်သူ ပြန်မဝယ်နိုင်ခဲ့ရင်တောင် သူ့ကို ကျွန်ဘဝကနေ လွတ်မြောက်ခွင့်ပေးပြီး သူ ပြန်လည်စိုက်ပျိုးစားသောက်နိုင်အောင် မျိုးစေ့တွေ၊ တိရစ္ဆာန်တွေပါ ပေးလိုက်ရတယ်။ ဆင်းရဲတဲ့ လူတစ်ယောက်ဟာ ငွေ ချေးခဲ့မယ်ဆိုရင် သူ့ရဲ့အစ္စရေးအမျိုးသားချင်းက အတိုး မယူရဘူးလို့ ပညတ်က တားမြစ်ထားတယ်။ သီးနှံရိတ်သိမ်းချိန်မှာ လယ်ထောင့်တွေကို ချန်ပြီး ရိတ်သိမ်းဖို့လည်း ပညတ်တရားက တောင်းဆိုထားတယ်။ ဒါမှသာ ဆင်းရဲသားတွေက ကောက်သင်းကောက်နိုင်မှာဖြစ်တယ်။ အဲဒီလိုနဲ့ အစ္စရေးလူမျိုးမှာ တောင်းစားရတဲ့သူဆိုလို့ တစ်ယောက်မှမရှိခဲ့ပါဘူး။—တရားဟောရာ ၁၅:၁-၁၄; ဝတ်ပြုရာ ၂၃:၂၂။

ဒါပေမဲ့ အစ္စရေးလူတချို့ဟာ ဆင်းရဲမွဲတေခဲ့ကြတယ်လို့ သမိုင်းက ဖော်ပြတယ်။ ဘာကြောင့် အဲလိုဖြစ်ခဲ့ရသလဲ။ ယေဟောဝါဘုရားသခင်ရဲ့ ပညတ်တွေကို သူတို့ မလိုက်နာခဲ့ကြလို့ အဲလိုဆင်းရဲရတာပါ။ ဒါကြောင့် နိုင်ငံအများစုမှာ တွေ့ရှိရတဲ့အတိုင်း လူတချို့က ချမ်းသာကြွယ်ဝတဲ့ မြေပိုင်ရှင်တွေ ဖြစ်လာကြပြီး တချို့ကျတော့ မြေပိုင်ယာပိုင်မရှိတဲ့ ဆင်းရဲသားတွေ ဖြစ်သွားကြတယ်။ အစ္စရေးလူတချို့ဟာ ဘုရားသခင့်ပညတ်တွေကို လျစ်လျူရှုပြီး သူများအကျိုးထက် ကိုယ့်အကျိုးကို ရှေ့တန်းတင်တဲ့အတွက် ဆင်းရဲမွဲတေမှု ဖြစ်ပေါ်လာခဲ့ရတာပါ။—မဿဲ ၂၂:၃၇-၄၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ