ဘုရားသခင့် မေတ္တာပါဆုကျေးဇူး
‘မဟာကြင်နာမှုသည် ထာဝရအသက်ရစေရန် ဖြောင့်မတ်ခြင်းတရားအားဖြင့် အစိုးရမည်။’ —ရော. ၅:၂၁။
၁၊ ၂။ လူများစွာက ဘယ်အရာတွေကို ဆုကျေးဇူးအဖြစ် ယူမှတ်ကြသလဲ၊ ဘယ်တစ်ခုက ပိုတန်ဖိုးရှိသလဲ။
“ရောမတွေရရှိတဲ့အမွေထဲမှာ အထူးမြတ်ဆုံးအမွေက သူတို့နိုင်ငံရဲ့ဥပဒေဖြစ်တယ်” လို့ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းတက္ကသိုလ်မှ ဒေါက်တာ ဒေးဗစ် ဂျေ. ဝီလျံကပြောခဲ့တယ်။ ဒါပေမဲ့ အဲဒါထက် ပိုတန်ဖိုးရှိတဲ့အမွေ ဒါမှမဟုတ် ဆုကျေးဇူးတစ်ခုရှိတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ ဒီဆုကျေးဇူးက ဘုရားသခင့်မျက်နှာသာ၊ ကိုယ်တော့်ရှေ့ ဖြောင့်မတ်တဲ့အနေအထား ရရှိစေပြီး ကယ်တင်ခြင်းနဲ့ ထာဝရအသက်ရဖို့ ဘုရားသခင်ပြင်ဆင်ပေးတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။
၂ ဒီဆုကျေးဇူးရရှိအောင် ဘုရားသခင်ပြင်ဆင်ပေးပုံက တရားနည်းလမ်းကျတယ်လို့ ပြောရမယ်။ ရောမအခန်းကြီး ၅ မှာ တမန်တော်ပေါလုက ဒီအကြောင်းအရာကို တရားဥပဒေလုပ်ထုံးလုပ်နည်း တသီတတန်းကြီးနဲ့ ငြီးငွေ့ဖွယ် မတင်ဆက်ထားဘူး။ အဲဒီအစား စိတ်နှလုံးနွေးထွေးဖွယ် ဒီအာမခံချက်နဲ့ အစပြုခဲ့တယ်– “ငါတို့သည် ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ ရောက်ပြီဖြစ်[၍] ငါတို့၏သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြစို့။” ဘုရားသခင်ရဲ့ဆုကျေးဇူးကို ခံစားရသူတွေက ကိုယ်တော့်ကိုပြန်ချစ်ဖို့ လှုံ့ဆော်ခံကြရတယ်။ အဲဒီအထဲမှာ ပေါလုလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ သူဒီလိုရေးခဲ့တယ်– “သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့၏စိတ်နှလုံးထဲသို့ သွန်းလောင်းတော်မူ၏။”—ရော. ၅:၁၊ ၅။
၃။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။
၃ ဒီမေတ္တာပါဆုကျေးဇူး ဘာကြောင့်လိုအပ်သလဲ။ တရားနည်းလမ်းကျပြီး လူအားလုံးအကျိုးခံစားရဖို့ ဒီဆုကျေးဇူးကို ဘုရားသခင် ဘယ်လိုနည်းနဲ့ ပေးခဲ့သလဲ။ ဒီဆုကျေးဇူးရဖို့ ကျွန်ုပ်တို့ ဘာလုပ်ဖို့လိုသလဲ။ ဒီမေးခွန်းတွေရဲ့ စိတ်ကျေနပ်ဖွယ်အဖြေရဖို့နဲ့ ဒီအဖြေတွေက ဘုရားသခင့်မေတ္တာတော်ကို ဘယ်လိုပေါ်လွင်စေတယ်ဆိုတာ သုံးသပ်ကြစို့။
ဘုရားသခင့်မေတ္တာနဲ့ အပြစ်တရား
၄၊ ၅။ (က) ယေဟောဝါက မိမိရဲ့ကြီးမားတဲ့မေတ္တာကို ဘယ်နည်းနဲ့ ဖော်ပြခဲ့သလဲ။ (ခ) ဘယ်နောက်ခံအချက်ကို သိထားခြင်းက ရောမ ၅:၁၂ ကို နားလည်စေသလဲ။
၄ ယေဟောဝါက လူသားတွေကို ကယ်တင်ဖို့ ကိုယ်တော်ရဲ့ကြီးမားတဲ့မေတ္တာ ဖော်ပြချက်တစ်ရပ်အနေနဲ့ တစ်ပါးတည်းသောသားတော်ကို စေလွှတ်ခဲ့တယ်။ ဒါကို ပေါလု ဒီလိုဖော်ပြခဲ့တယ်– “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူကြောင်း ပြတော်မူ၏။” (ရော. ၅:၈) “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်” ဆိုတဲ့ အချက်ကို စဉ်းစားကြည့်ပါ။ လူသားအားလုံး ဘာကြောင့် အပြစ်သားဖြစ်ရတယ်ဆိုတာ နားလည်ဖို့လိုတယ်။
၅ ဒီအကြောင်းကို ပေါလု ဒီလိုအစပြုပြောဆိုခဲ့တယ်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရော. ၅:၁၂) လူ့အသက်ဘယ်လိုစတင်တယ်ဆိုတဲ့အကြောင်း ဘုရားသခင်မှတ်တမ်းတင်စေခဲ့တဲ့အတွက် ဒီအကြောင်းကို ကျွန်ုပ်တို့သိရတယ်။ ယေဟောဝါက လူသားမောင်နှံ အာဒံနဲ့ဧဝကို ဖန်ဆင်းခဲ့တယ်။ ဖန်ဆင်းရှင်က စုံလင်တယ်၊ ကျွန်ုပ်တို့ရဲ့ဘိုးဘေးဖြစ်တဲ့ ပထမလူသားမောင်နှံလည်း စုံလင်ခဲ့တယ်။ ဘုရားသခင်က သူတို့ကို စည်းကမ်းချက်တစ်ခုသတ်မှတ်ပေးခဲ့ပြီး အဲဒါကိုမလိုက်နာဘူးဆိုရင် သေရမယ်လို့ပြောခဲ့တယ်။ (က. ၂:၁၇) ဒါပေမဲ့ သူတို့က ဘုရားသခင်ရဲ့ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်ခြင်းအားဖြင့် ပညတ်ပေးရှင်၊ အကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ကို ငြင်းပယ်ခဲ့တယ်။—တရား. ၃၂:၄၊ ၅။
၆။ (က) အာဒံရဲ့သားစဉ်မြေးဆက်တွေ ဘာကြောင့် သေကြရသလဲ၊ မောရှေပညတ်က ဒီအခြေအနေကို ပြောင်းလဲပေးခဲ့သလား။ (ခ) ဘယ်အရာကို သွေးမတိတ်ရောဂါနဲ့ ဥပမာပေးနိုင်သလဲ။
၆ အာဒံအပြစ်ပြုပြီးနောက်မှ သားသမီးတွေမွေးဖွားလာပြီး သူတို့အားလုံး အပြစ်နဲ့ အပြစ်ရဲ့ဆိုးကျိုးကို အမွေရခဲ့ကြတယ်။ သူတို့တွေက အာဒံလို ဘုရားသခင့်ပညတ်ကို မချိုးဖောက်ခဲ့ဘူး၊ သူတို့ကို ဘာပညတ်မှမပေးထားဘူးဆိုတာတော့ မှန်ပါတယ်။ (က. ၂:၁၇) ဒါပေမဲ့ အာဒံရဲ့သားစဉ်မြေးဆက်တွေက အပြစ်တရားကို အမွေရခဲ့ကြတယ်။ ဒါကြောင့် အပြစ်နဲ့သေခြင်းက အစိုးရခဲ့တယ်။ အစ္စရေးလူမျိုးကို ပညတ်တရားပေးလိုက်တဲ့အခါ သူတို့ဟာ အပြစ်သားတွေဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိလာတယ်။ (ရောမ ၅:၁၃၊ ၁၄ ကိုဖတ်ပါ။) အမွေခံရတဲ့ အပြစ်ရဲ့ဆိုးကျိုးကို မျိုးရိုးလိုက်ရောဂါတွေဖြစ်တဲ့ သွေးမတိတ်ရောဂါ၊ သွေးအားနည်းရောဂါတွေနဲ့ ဥပမာပေးနိုင်တယ်။ ရုရှားဘုရင် နီကိုလပ်စ် ၂ နဲ့ အလက်ဇန္ဒရားတို့ရဲ့သား အဲလက်ဇေမှာ ဒီမျိုးရိုးလိုက် သွေးမတိတ်ရောဂါရှိတယ်ဆိုတာ ဖတ်ဖူးပါလိမ့်မယ်။ ဒီလိုမိသားစုမှာ ကလေးတချို့က ဒီရောဂါရှိနေပေမဲ့ ရောဂါလက္ခဏာမပြဘဲ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ အပြစ်တရားက ဒီလိုမဟုတ်ဘူး။ အာဒံထံကရရှိတဲ့ အပြစ်ရဲ့အကျိုးဆက်ကိုတော့ ရှောင်လွှဲလို့မရဘူး။ အားလုံး မလွဲမသွေ ခံစားကြရတယ်။ အားလုံးသေကြရတယ်။ သားစဉ်မြေးဆက်အားလုံး အမွေခံကြရတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ပါဦးမလား။
ယေရှုခရစ်အားဖြင့် ဘုရားသခင်ပြင်ဆင်ပေးရာ
၇၊ ၈။ စုံလင်တဲ့လူသားနှစ်ဦးရဲ့လုပ်ရပ်က ဘယ်လိုနည်းအားဖြင့် ဆန့်ကျင်ဘက်ရလဒ်တွေ ရရှိစေသလဲ။
၇ လူသားတွေ အမွေခံထားရတဲ့အပြစ်တရားကနေ လွတ်မြောက်ဖို့ ယေဟောဝါက မေတ္တာပါ ပြင်ဆင်ပေးချက်တစ်ခု ပြုလုပ်ပေးခဲ့တယ်။ စုံလင်သူလူသား နောက်တစ်ဦးဖြစ်တဲ့ ဒုတိယအာဒံအားဖြင့် လွတ်မြောက်နိုင်တယ်လို့ ပေါလုရှင်းပြခဲ့တယ်။ (၁ ကော. ၁၅:၄၅) စုံလင်တဲ့အမျိုးသားနှစ်ဦးရဲ့လုပ်ရပ်က ဆန့်ကျင်ဘက်အကျိုးရလဒ် ဖြစ်ပေါ်စေခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။—ရောမ ၅:၁၅၊ ၁၆ ကိုဖတ်ပါ။
၈ “ပြစ်မှားမှုနှင့် ဆုကျေးဇူးတော် တူသည်မဟုတ်” လို့ ပေါလုရေးခဲ့တယ်။ အာဒံက သူပြစ်မှားတဲ့အပြစ်ကြောင့် တရားမျှတစွာ သေဒဏ်စီရင်ခံခဲ့ရတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း သေရတာမဟုတ်ဘူး။ ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– “တစ်ယောက်သောသူ၏အပြစ်ကြောင့် လူအများ သေကြသည်။” အာဒံကိုချမှတ်ခဲ့တဲ့ တရားမျှတတဲ့ တရားစီရင်ချက်က ကျွန်ုပ်တို့အပါအဝင် သူ့ရဲ့မစုံလင်တဲ့ သားစဉ်မြေးဆက်အားလုံးနဲ့ အကျုံးဝင်တယ်။ ဒါပေမဲ့ စုံလင်တဲ့လူသား ယေရှုက ဆန့်ကျင်ဘက်အကျိုးရလဒ် ရရှိစေမယ်ဆိုတာ သိရလို့ ကျွန်ုပ်တို့ စိတ်သက်သာရာရနိုင်တယ်။ ဘာအကျိုးရလဒ်ရသလဲ။ “လူအမျိုးမျိုးတို့သည် အသက်နှင့်ဆိုင်သော ဖြောင့်မတ်ရာသို့ ရောက်ရ၏” ဆိုတဲ့ ပေါလုရဲ့စကားမှာ အဖြေတွေ့နိုင်တယ်။—ရော. ၅:၁၈။
၉။ ရောမ ၅:၁၆၊ ၁၈ မှာဖော်ပြထားတဲ့ “ဖြောင့်မတ်ရာသို့ ရောက်စေ၏” ဆိုတဲ့အသုံးအနှုန်းက ဘာအဓိပ္ပာယ်လဲ။
၉ “ဖြောင့်မတ်ရာသို့ ရောက်စေ၏” ဆိုတဲ့ဂရိအသုံးအနှုန်းက ဘာအဓိပ္ပာယ်လဲ။ ကျမ်းစာဘာသာပြန်သူ ဒေါက်တာ ဒေးဗစ် ဂျေ. ဝီလျံက ဒီလိုရေးခဲ့တယ်– “ဒီဂရိအသုံးအနှုန်းက တရားဥပဒေအသုံးအနှုန်းနဲ့ဆက်စပ်တယ်။ တရားခံကိုယ်နှိုက်က တစ်နည်းနည်းနဲ့ ပြောင်းလဲသွားတာမဟုတ်ဘဲ သူ့အပေါ် ဘုရားသခင် အမြင်ပြောင်းလဲသွားတာဖြစ်တယ်။ မဖြောင့်မတ်ဘူးလို့ စွပ်စွဲခံရတဲ့ တရားခံက ဘုရားသခင်ရဲ့ တရားရုံးကို ရောက်သွားပြီး ဘုရားသခင်က သူ့ကို အမှုကနေ တရားသေလွှတ်ပေးလိုက်တဲ့ အဓိပ္ပာယ်မျိုးဖြစ်တယ်။”
၁၀။ လူသားတွေ ဖြောင့်မတ်တယ်လို့ ကြေညာခံရဖို့ ယေရှုဘာလုပ်ခဲ့သလဲ။
၁၀ “မြေကြီးလုံးကိုစီရင်တော်မူသော” ဖြောင့်မတ်တဲ့သခင်က ဘယ်အရာအပေါ်အခြေခံပြီး မဖြောင့်မတ်တဲ့သူတစ်ဦးကို အပြစ်ကနေ တရားသေလွှတ်လိုက်တာလဲ။ (က. ၁၈:၂၅) မိမိရဲ့တစ်ဦးတည်းသောသားတော်ကို ဘုရားသခင် မေတ္တာပါစွာစေလွှတ်ခြင်းက အရေးပါတဲ့ အခြေခံအချက်တစ်ချက်ဖြစ်တယ်။ သွေးဆောင်မှု၊ ကဲ့ရဲ့ပြောင်လှောင်မှုနဲ့ မတော်မတရားဆက်ဆံမှုတွေကြားမှာ ယေရှုက ခမည်းတော်ရဲ့အလိုတော်ကို အပြည့်အဝလုပ်ဆောင်ခဲ့တယ်။ ညှဉ်းဆဲရာနှက်တိုင်ပေါ်မှာ အသေခံသွားတဲ့အထိ တည်ကြည်မှုတင်ပြခဲ့တယ်။ (ဟေဗြဲ ၂:၁၀) ယေရှုက မိမိရဲ့စုံလင်တဲ့အသက်ကိုပူဇော်ခြင်းအားဖြင့် အာဒံရဲ့သားစဉ်မြေးဆက်တွေကို အပြစ်နဲ့သေခြင်းကနေ ရွေးနုတ်ခဲ့တယ်။—မ. ၂၀:၂၈; ရော. ၅:၆-၈။
၁၁။ ရွေးနုတ်ဖိုးက ဘယ်ညီမျှမှုအပေါ် အခြေခံသလဲ။
၁၁ နောက်တစ်နေရာမှာ ပေါလုက ဒါကို “ညီမျှသောရွေးနုတ်ဖိုး” လို့ခေါ်ခဲ့တယ်။ (၁ တိ. ၂:၆) ဘာနဲ့ညီမျှတာလဲ။ အာဒံကြောင့် သန်းထောင်နဲ့ချီတဲ့ သူ့ရဲ့သားစဉ်မြေးဆက်တွေဟာ မစုံလင်မှုနဲ့သေခြင်းအောက် ကျရောက်ခဲ့တယ်။ ယေရှုဟာ စုံလင်တဲ့လူသားတစ်ဦးအနေနဲ့ သန်းထောင်နဲ့ချီတဲ့ စုံလင်တဲ့သားစဉ်မြေးဆက်တွေကို ဖြစ်ပေါ်စေနိုင်တာ မှန်ပါတယ်။a ဒါကြောင့် ယေရှုရဲ့အသက်နဲ့ သူ့ရဲ့စုံလင်တဲ့သားစဉ်မြေးဆက်ဖြစ်နိုင်တဲ့သူတွေရဲ့အသက်က အာဒံနဲ့ သူ့ရဲ့မစုံလင်တဲ့သားစဉ်မြေးဆက်တွေရဲ့အသက်နဲ့ ညီမျှတယ်လို့ နားလည်ခဲ့ကြတယ်။ ဒါပေမဲ့ ယေရှုရဲ့သားစဉ်မြေးဆက်ဖြစ်လာမယ့်သူတွေက ယေရှုရဲ့ရွေးနုတ်ဖိုးမှာပါဝင်တယ်လို့ ကျမ်းစာကမပြောဘူး။ ရောမ ၅:၁၅-၁၉ မှာ “တစ်ယောက်သောသူ” ရဲ့သေခြင်းက ရွေးနုတ်ဖိုးဖြစ်တယ်ဆိုတဲ့အချက်ကို ထောက်ပြတယ်။ ယေရှုရဲ့စုံလင်တဲ့အသက်က အာဒံရဲ့စုံလင်တဲ့အသက်နဲ့ အမှန်ပဲညီမျှတယ်။ ဒီကျမ်းချက်မှာ ယေရှုခရစ်တစ်ဦးတည်းကိုပဲ ဖော်ပြထားပြီး အဲဒီလိုပဲဖြစ်သင့်တယ်။ သေသည့်တိုင်အောင် နာခံမှု၊ တည်ကြည်မှုပြခဲ့တဲ့လမ်းစဉ်ဖြစ်တဲ့ “ဖြောင့်မတ်သောအမှုတစ်ခု” က လူအမျိုးမျိုးကို ဖြောင့်မတ်ကြောင်းကြေညာခံရတဲ့ဆုကျေးဇူးနဲ့ အသက်ဆုရရှိစေတယ်။ (၂ ကော. ၅:၁၄၊ ၁၅; ၁ ပေ. ၃:၁၈) ဘယ်လိုနည်းနဲ့ အဲဒီအကျိုး ရခဲ့သလဲ။
ရွေးနုတ်ဖိုးအပေါ်အခြေခံပြီး တရားသေလွှတ်
၁၂၊ ၁၃။ ဖြောင့်မတ်တယ်လို့ကြေညာခံရသူတွေက ဘုရားသခင့်မေတ္တာနဲ့ ကြင်နာမှု ဘာကြောင့်လိုအပ်ရသလဲ။
၁၂ ယေဟောဝါဘုရားသခင်က သားတော်ဆက်သတဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို လက်ခံခဲ့တယ်။ (ဟေဗြဲ ၉:၂၄; ၁၀:၁၀၊ ၁၂) ဒါပေမဲ့ ယေရှုရဲ့တည်ကြည်တဲ့ တမန်တော်တွေအပါအဝင် မြေကြီးမှာရှိတဲ့ ကိုယ်တော့်တပည့်တွေဟာ မစုံလင်သေးဘူး။ အမှားမလုပ်မိအောင် ကြိုးစားရှောင်ကြပေမဲ့ အမြဲ မအောင်မြင်ဘူး။ အကြောင်းကတော့ သူတို့တွေက အပြစ်ကိုအမွေခံထားရလို့ပဲ။ (ရော. ၇:၁၈-၂၀) ဒါပေမဲ့ ဘုရားသခင်က အဲဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုလုပ်ပေးနိုင်ပြီး လုပ်ပေးခဲ့တယ်။ ကိုယ်တော်က “ညီမျှသောရွေးနုတ်ဖိုး” ကိုလက်ခံခဲ့ပြီး မိမိရဲ့လူသားကျေးကျွန်တွေအတွက် အဲဒါကိုအသုံးပြုဖို့ တလိုတလားရှိခဲ့တယ်။
၁၃ တမန်တော်တွေနဲ့တခြားသူတွေက ကောင်းတဲ့အကျင့်တွေကျင့်လို့ ဘုရားသခင်က သူတို့အတွက် ရွေးနုတ်ဖိုးကို အသုံးပြုခဲ့တာမဟုတ်ဘူး။ ကိုယ်တော်ရဲ့ကြင်နာမှုနဲ့ ကြီးမားလှတဲ့မေတ္တာကြောင့်ဖြစ်တယ်။ ကိုယ်တော်က တမန်တော်တွေနဲ့ တခြားသူတွေကို အမွေခံရတဲ့အပြစ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရသူတွေအဖြစ် ရှုမြင်ပြီး အပြစ်ကနေ တရားသေလွှတ်ပေးခဲ့တယ်။ ပေါလု ဒီလိုရှင်းရှင်းလင်းလင်းပြောခဲ့တယ်– ‘ထိုမဟာကြင်နာမှုကြောင့် သင်တို့သည် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလေပြီ။ ထိုအမှုသည် သင်တို့၏လုပ်ရပ်ကြောင့်မဟုတ်ဘဲ ဘုရားသခင့် ဆုကျေးဇူးတော်ကြောင့်ဖြစ်၏။’—ဧ. ၂:၈။
၁၄၊ ၁၅။ ဖြောင့်မတ်တယ်လို့ ဘုရားသခင်ကြေညာတဲ့သူတွေက ဘာဆုကျေးဇူးရဖို့ အလားအလာရှိသလဲ၊ ဒါပေမဲ့ သူတို့ ဘာလုပ်ဖို့လိုအပ်သလဲ။
၁၄ လူတစ်ဦးအမွေခံရတဲ့အပြစ်နဲ့ သူကျူးလွန်ခဲ့တဲ့အမှားတွေကို ဘုရားသခင်ခွင့်လွှတ်တယ်ဆိုတာ တကယ့်ဆုကျေးဇူးတစ်ခုဖြစ်တယ်။ လူတစ်ဦး ခရစ်ယာန်ဖြစ်မလာခင်က ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ရေတွက်လို့မကုန်နိုင်ဘူး။ ဒါပေမဲ့ ဘုရားသခင်က ရွေးနုတ်ဖိုးအပေါ်အခြေခံပြီး အဲဒီအပြစ်တွေကို ခွင့်လွှတ်နိုင်တယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “များစွာသောအပြစ်အတွက် ဆုကျေးဇူးတော်မူကား လူအများကို ဖြောင့်မတ်ရာသို့ ရောက်စေ၏။” (ရော. ၅:၁၆) တမန်တော်တွေနဲ့ တခြားသူတွေရရှိတဲ့ မေတ္တာပါဆုကျေးဇူး (ဖြောင့်မတ်တယ်လို့ ကြေညာခံရခြင်း) က စစ်မှန်တဲ့ဘုရားသခင်ကို ယုံကြည်ခြင်းနဲ့ဆက်ဝတ်ပြုစေနိုင်တယ်။ အနာဂတ်မှာလည်း ဘယ်ဆုကျေးဇူး ရဦးမလဲ။ ‘မဟာကြင်နာမှုကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်း ဆုကျေးဇူးတော်ကိုလည်းကောင်း ကြွယ်ဝစွာခံရသူတို့သည် တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်ခြင်းတရားသည် သာ၍အစိုးရလိမ့်မည်။’ ဒီဖြောင့်မတ်ခြင်းဆုကျေးဇူးက သေခြင်းရဲ့ဆန့်ကျင်ဘက်အကျိုးရလဒ်ဖြစ်တဲ့ အသက်ကိုရစေတယ်။—ရော. ၅:၁၇; လုကာ ၂၂:၂၈-၃၀ ကိုဖတ်ပါ။
၁၅ ဒီဆုကျေးဇူးကိုရရှိသူတွေက ဖြောင့်မတ်သူတွေအဖြစ် ကြေညာခံရပြီး ဘုရားသခင့်စွမ်းအားတော်သွန်းလောင်းခံရတဲ့သားတွေ ဖြစ်လာတယ်။ သူတို့က ခရစ်တော်ရဲ့အမွေခံဖက်တွေအနေနဲ့ ဘုရင်ယေရှုခရစ်နဲ့အတူ “အစိုးရ” ဖို့ ဝိညာဉ်သားတွေအဖြစ် ကောင်းကင်ကို ထမြောက်သွားကြမှာဖြစ်တယ်။—ရောမ ၈:၁၅-၁၇၊ ၂၃ ကိုဖတ်ပါ။
အခြားသူတွေအပေါ်ပြသတဲ့ ဘုရားသခင့်မေတ္တာ
၁၆။ မြေကြီးမျှော်လင့်ချက်ရှိသူတွေ ဘယ်ဆုကျေးဇူးရကြသလဲ။
၁၆ ဘုရားသခင်ကိုယုံကြည်ကြောင်းတင်ပြပြီး ကိုယ်တော့်ကိုဝတ်ပြုတဲ့ သစ္စာရှိခရစ်ယာန်အားလုံး ကောင်းကင်မှာခရစ်တော်နဲ့အတူ “ဘုရင်များအဖြစ်အုပ်စိုး” ရမှာမဟုတ်ဘူး။ အများစုက ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင့်ကျေးကျွန်တွေမျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်မျိုး ရှိကြတယ်။ သူတို့တွေက မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ကြတယ်။ သူတို့တွေက အခုအချိန်မှာတောင် ဘုရားသခင့်အမြင်မှာ ဖြောင့်မတ်သူတွေဖြစ်ကြောင်း ကြေညာခံရတဲ့ မေတ္တာပါဆုကျေးဇူး ရရှိနိုင်သလား။ ရောမခရစ်ယာန်တွေကို ရေးခဲ့တဲ့ပေါလုရဲ့စကားအရ ရရှိနိုင်တယ်လို့ အခိုင်အမာအဖြေပေးနိုင်ပါတယ်။
၁၇၊ ၁၈။ (က) အာဗြဟံရဲ့ယုံကြည်ခြင်းကြောင့် ဘုရားသခင် သူ့ကို ဘယ်လိုသတ်မှတ်သလဲ။ (ခ) ယေဟောဝါက အာဗြဟံကို ဖြောင့်မတ်သူတစ်ဦးအဖြစ် ဘာကြောင့် ရှုမြင်နိုင်ခဲ့သလဲ။
၁၇ ပေါလုက အထင်ကရပုံနမူနာတစ်ခုဖြစ်တဲ့ အာဗြဟံအကြောင်း ဖော်ပြခဲ့တယ်၊ သူဟာ အစ္စရေးလူမျိုးတွေကို ဘုရားသခင် ပညတ်တရားမပေးခင်၊ ကောင်းကင်အသက်တာအတွက် ခရစ်တော် လမ်းဖွင့်မပေးခင် ကြာမြင့်စွာကတည်းက အသက်ရှင်ခဲ့တဲ့ ယုံကြည်သူတစ်ဦးဖြစ်တယ်။ (ဟေဗြဲ ၁၀:၁၉၊ ၂၀) ကျွန်ုပ်တို့ ဒီလိုဖတ်ရတယ်– “ဤလောကကို အမွေခံစေမည်ဟူသော ကတိတော်ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်သည် ပညတ်တရားအားဖြင့် ရသည်မဟုတ်။ ယုံကြည်ခြင်းတရားကြောင့် ဖြစ်ပေါ်လာသော ဖြောင့်မတ်ခြင်းတရားအားဖြင့်ရ၏။” (ရော. ၄:၁၃; ယာ. ၂:၂၃၊ ၂၄) ဘုရားသခင်က တည်ကြည်တဲ့အာဗြဟံကို ဖြောင့်မတ်သူတစ်ဦးအဖြစ် ယူမှတ်ခဲ့တယ်။—ရောမ ၄:၂၀-၂၂ ကိုဖတ်ပါ။
၁၈ ယေဟောဝါကို ဆယ်စုနှစ်များစွာ ဝတ်ပြုကိုးကွယ်ခဲ့တဲ့ အာဗြဟံက အပြစ်ကင်းတယ်လို့ ပြောတာမဟုတ်ဘူး။ သူ ဒီလိုသဘောမျိုးနဲ့ ဖြောင့်မတ်တာမဟုတ်ဘူး။ (ရော. ၃:၁၀၊ ၂၃) ဒါပေမဲ့ ကိုယ်တော်ရဲ့အတိုင်းအဆမဲ့ဉာဏ်ပညာကြောင့် အာဗြဟံရဲ့ထူးခြားတဲ့ယုံကြည်ခြင်းနဲ့ ယုံကြည်ခြင်းလုပ်ရပ်တွေကို သိမြင်ခဲ့တယ်။ အထူးသဖြင့် အာဗြဟံက သူ့ထံကနေဆင်းသက်လာမယ့် ကတိထားရာ “အမျိုးအနွယ်” ကို ယုံကြည်ကြောင်းတင်ပြခဲ့တယ်။ ဒီအမျိုးအနွယ်က မေရှိယ၊ ခရစ်တော်ဖြစ်တယ်ဆိုတာ ထင်ရှားလာတယ်။ (က. ၁၅:၆; ၂၂:၁၅-၁၈) တရားသူကြီးဖြစ်တဲ့ ဘုရားသခင်က “ခရစ်တော်ယေရှု၏ရွေးနုတ်ဖိုး” ကို အခြေခံပြီး အတိတ်ကလုပ်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်ပေးနိုင်တယ်။ ဒါကြောင့် အာဗြဟံနဲ့ ခရစ်ယာန်ခေတ်မတိုင်မီက အသက်ရှင်ခဲ့တဲ့ယုံကြည်သူတွေ ရှင်ပြန်ထမြောက်လာကြမှာဖြစ်တယ်။—ရောမ ၃:၂၄၊ ၂၅ ကိုဖတ်ပါ; ဆာ. ၃၂:၁၊ ၂။
ဖြောင့်မတ်တဲ့အနေအထားမှာ ရွှင်လန်းပါ
၁၉။ အာဗြဟံအပေါ် ဘုရားသခင်ရဲ့ရှုမြင်ပုံက ယနေ့များစွာသောသူတွေအတွက် ဘာကြောင့် အားရှိစရာဖြစ်သင့်သလဲ။
၁၉ ဘုရားသခင်ရဲ့မေတ္တာက အာဗြဟံကို ဖြောင့်မတ်သူအဖြစ် ရှုမြင်တယ်ဆိုတဲ့အချက်ကြောင့် ယနေ့စစ်မှန်တဲ့ခရစ်ယာန်တွေ အားရှိသင့်တယ်။ စွမ်းအားတော်သွန်းလောင်းခံရတဲ့ “ခရစ်တော်၏အမွေခံဖက်” တွေကို ဖြောင့်မတ်တယ်လို့ ကြေညာတဲ့နည်းနဲ့တော့ အာဗြဟံကြေညာခံရတာမဟုတ်ဘူး။ အရေအတွက်ကန့်သတ်ထားတဲ့ ဒီအုပ်စုက “သန့်ရှင်းသူများဟု ခေါ်ဆိုခြင်းခံရ” ပြီး “ဘုရားသခင်၏သားများ” အဖြစ် လက်ခံခြင်းခံရကြတယ်။ (ရော. ၁:၇; ၈:၁၄၊ ၁၇၊ ၃၃) ဒါပေမဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်မပေးခင်ကတည်းက အာဗြဟံဟာ ‘ယေဟောဝါ၏မိတ်ဆွေ’ ဖြစ်နှင့်ပြီးသားဖြစ်တယ်။ (ယာ. ၂:၂၃; ဟေရှာ. ၄၁:၈) ဒါဆိုရင် မြေကြီးပရဒိသုမှာ အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိတဲ့စစ်မှန်တဲ့ ခရစ်ယာန်တွေကော။
၂၀။ အာဗြဟံကိုသတ်မှတ်ခဲ့သလို ယနေ့ ဖြောင့်မတ်တယ်လို့ ဘုရားသခင်သတ်မှတ်သူတွေထံကနေ ကိုယ်တော် ဘာမျှော်လင့်သလဲ။
၂၀ သူတို့က “ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးအားဖြင့်” ကောင်းကင်အသက်တာမျှော်လင့်ချက်ရှိတဲ့ “ဖြောင့်မတ်ခြင်း ဆုကျေးဇူး” ရကြတာမဟုတ်ဘူး။ (ရော. ၃:၂၄; ၅:၁၅၊ ၁၇) ဒါပေမဲ့ သူတို့က ဘုရားသခင်နဲ့ ကိုယ်တော်ပြင်ဆင်ပေးတဲ့ ရွေးနုတ်ဖိုးကို နက်နက်နဲနဲယုံကြည်ပြီး သူတို့ရဲ့ယုံကြည်ခြင်းကို အကျင့်ကောင်းတွေအားဖြင့် ပြသကြတယ်။ အဲဒီအကျင့်ထဲမှာ ‘ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းတို့ကို ဟောပြောသွန်သင်’ ခြင်းပါဝင်တယ်။ (တ. ၂၈:၃၁) ဒါကြောင့် ယေဟောဝါက အာဗြဟံကိုမြင်သလို သူတို့ကို ဖြောင့်မတ်သူတွေအဖြစ် ရှုမြင်နိုင်တယ်။ ဘုရားသခင်နဲ့မိတ်ဆွေဖြစ်ခွင့်ဆိုတဲ့ သူတို့ရတဲ့ဆုကျေးဇူးက ကောင်းကင်အတန်းအစားတွေရတဲ့ “ဆုကျေးဇူး” နဲ့မတူဘူး။ ဒါပေမဲ့ ဒါကလည်း ဆုကျေးဇူးတစ်ခုဖြစ်ပြီး သူတို့က ဒါကို တကယ်ကျေးဇူးတင်လေးမြတ်စိတ်နဲ့ လက်ခံကြတယ်။
၂၁။ ယေဟောဝါရဲ့မေတ္တာနဲ့ တရားမျှတမှုကြောင့် ဘာအကျိုးကျေးဇူး ခံစားရသလဲ။
၂၁ သင်ဟာ မြေကြီးပေါ်မှာထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်တယ်ဆိုရင် ဒီမျှော်လင့်ချက်က လူ့အုပ်စိုးရှင်တွေရဲ့ စိတ်ကူးပေါက်ရာပေးတဲ့ကတိတွေကြောင့် ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သိသင့်တယ်။ ဒါက စကြဝဠာပိုင်သအုပ်စိုးရှင်ရဲ့ ဉာဏ်ပညာရှိရည်ရွယ်ချက် လက်တွေ့အကောင်အထည်ဖြစ်တယ်။ ယေဟောဝါက မိမိရဲ့ရည်ရွယ်ချက်အကောင်အထည်ပေါ်ဖို့ အဆင့်ဆင့်လုပ်ဆောင်ခဲ့တယ်။ အဲဒီလုပ်ဆောင်မှုတွေက တကယ်ပဲ တရားနဲ့ညီတယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ကြီးမားလှတဲ့ မေတ္တာတော်ကိုလည်း ဖော်ပြတယ်။ ဒါကြောင့် ပေါလု ဒီလိုပြောနိုင်ခဲ့တယ်– “ငါတို့သည် အပြစ်သားဖြစ်နေသေးစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူကြောင်း ပြတော်မူ၏။”—ရော. ၅:၈။
[အောက်ခြေမှတ်ချက်]
a ဥပမာ၊ သားစဉ်မြေးဆက်နဲ့ပတ်သက်တဲ့ အဲဒီရှုမြင်ချက်ကို သမ္မာကျမ်းစာအပေါ်ထိုးထွင်းအမြင် (Insight on the Scriptures) အတွဲ ၂၊ စာမျက်နှာ ၇၃၆၊ အပိုဒ် ၄ နဲ့ ၅ [အင်္ဂလိပ်] နဲ့ ကင်းမျှော်စင်၊ မတ် ၁၅၊ ၂၀၀၀၊ စာမျက်နှာ ၄၊ အပိုဒ် ၄ မှာ ဖော်ပြခဲ့တယ်။
သင်မှတ်မိသလား
• အာဒံရဲ့သားမြေးတွေ ဘာကိုအမွေခံခဲ့ရသလဲ၊ ဘာအကျိုးဆက် ခံစားရသလဲ။
• ညီမျှတဲ့ရွေးနုတ်ဖိုးကို ဘယ်လိုပေးခဲ့သလဲ၊ ဘယ်လိုသဘောနဲ့ ညီမျှသလဲ။
• ဖြောင့်မတ်ကြောင်းကြေညာခံရသူတွေ ဘာကောင်းချီး ခံစားရမလဲ။
[စာမျက်နှာ ၁၃ ပါရုပ်ပုံ]
စုံလင်တဲ့လူသားအာဒံ အပြစ်ပြုခဲ့၊ စုံလင်တဲ့လူသားယေရှုက “ညီမျှသောရွေးနုတ်ဖိုး” ပေးခဲ့
[စာမျက်နှာ ၁၅ ပါရုပ်ပုံ]
ယေရှုအားဖြင့် ဖြောင့်မတ်ကြောင်းကြေညာခံရခြင်းက တကယ့်သတင်းကောင်းဖြစ်