ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၉/၁၅ စာ. ၁၃-၁၇
  • ယေဟောဝါရဲ့မေတ္တာတော် သာဓကဖြစ်တဲ့ သင်တန်းကျောင်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့မေတ္တာတော် သာဓကဖြစ်တဲ့ သင်တန်းကျောင်းများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လေ့ကျင့်ပေးမှုကနေ အကျိုးရယူပါ
  • နိုင်ငံတော်အမှုဆောင်များကို လေ့ကျင့်ပေးခြင်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ယေဟောဝါသင်ပေးတဲ့အရာတွေကို သင်အတတ်နိုင်ဆုံး သင်ယူနေပါသလား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ယေဟောဝါသက်သေတွေ ကျမ်းစာအကြောင်း ဟောပြောတတ်အောင် လေ့ကျင့်ပေးတဲ့ ဘယ်လိုအစီအစဉ်တွေ ရှိသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • အမှုဆောင်လုပ်ငန်း တိုးချဲ့နိုင်တဲ့ နည်းလမ်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၉/၁၅ စာ. ၁၃-၁၇

ယေဟောဝါရဲ့မေတ္တာတော် သာဓကဖြစ်တဲ့ သင်တန်းကျောင်းများ

ယေဟောဝါက ကျွန်ုပ်တို့ရဲ့ “မဟာသွန်သင်ရှင်” ဖြစ်တယ်။ (ဟေရှာ. ၃၀:၂၀၊ ကဘ) ဘုရားသခင်ဟာ မေတ္တာရဲ့လှုံ့ဆော်မှုကြောင့် တခြားသူတွေကို သွန်သင်၊ လေ့ကျင့်ပေးတယ်။ ဥပမာ၊ ကြီးမားနက်ရှိုင်းလှတဲ့မေတ္တာရဲ့ လှုံ့ဆော်မှုကြောင့် ယေဟောဝါက မိမိ “ပြုသမျှ” ကို ယေရှုကို ပြသခဲ့တယ်။ (ယော. ၅:၂၀) ယေဟောဝါက မိမိရဲ့သက်သေတွေဖြစ်တဲ့ကျွန်ုပ်တို့ကို ချစ်တဲ့အတွက် ကိုယ်တော့်ကိုဂုဏ်တင်ဖို့၊ တခြားသူတွေကို ကူညီပေးဖို့ ကျွန်ုပ်တို့ကြိုးစားအားထုတ်တဲ့အခါ “လူတတ်၏နှုတ်သတ္တိ” ကိုပေးတယ်။—ဟေရှာ. ၅၀:၄။

ယေဟောဝါရဲ့မေတ္တာကို တုပတဲ့အနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သွန်သင်ခြင်းကော်မတီက ဟောပြောသွန်သင်ခြင်းကျောင်း ဆယ်ခုကိုသုံးပြီး အဲဒီသင်တန်းတွေကိုတက်ရောက်လိုတဲ့ ဆန္ဒနဲ့ တက်ရောက်နိုင်တဲ့အခြေအနေရှိသူတွေကို လေ့ကျင့်ပေးပါတယ်။ ဒီကျောင်းတွေကို ယေဟောဝါရဲ့မေတ္တာဖော်ပြချက်အဖြစ် သင် ရှုမြင်ပါသလား။

လက်ရှိကျင်းပနေတဲ့ သွန်သင်ခြင်းကျောင်းတွေကို အကျဉ်းချုပ်သုံးသပ်ပြီး အဲဒီကျောင်းတွေကို တက်ရောက်ခဲ့သူတချို့ရဲ့ ခံစားချက်တွေကို လေ့လာကြည့်ကြရအောင်။ အဲဒီနောက် ‘ဘုရားသခင်သွန်သင်ပေးတဲ့ ပညာရေးကနေ ငါ ဘယ်လိုအကျိုးရနိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

လေ့ကျင့်ပေးမှုကနေ အကျိုးရယူပါ

‘ချစ်ခြင်းမေတ္တာရဲ့ဘုရားသခင်’ ဖြစ်တဲ့ ယေဟောဝါက သင်တန်းတွေအားဖြင့် ကျွန်ုပ်တို့ကို လေ့ကျင့်ပေးတယ်၊ ဒီသင်တန်းတွေက ကျွန်ုပ်တို့ရဲ့ဘဝကို ပိုပြီးအဓိပ္ပာယ်ပြည့်ဝစေဖို့၊ အခက်အခဲတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့နဲ့ အမှုဆောင်ခြင်းမှာ ရွှင်လန်းမှုများစွာခံစားရစေဖို့ ကူညီပေးတယ်။ (၂ ကော. ၁၃:၁၁) ပထမရာစုအချိန်ကတပည့်တွေလိုပဲ ကျွန်ုပ်တို့လည်း တခြားသူတွေကိုကူညီပေးနိုင်ဖို့၊ ကိုယ်တော် “မိန့်မှာသမျှကို စောင့်ရှောက်စေရန် သွန်သင်ပေး” နိုင်ဖို့ ကောင်းစွာပြင်ဆင်ပေးခြင်း ခံရကြတယ်။—မ. ၂၈:၂၀။

ကျွန်ုပ်တို့က အဲဒီသင်တန်းအားလုံးကို တက်ရောက်နိုင်မှာမဟုတ်ပေမဲ့ သင်တန်းတစ်ခု ဒါမှမဟုတ် တစ်ခုထက်မကကို တက်ရောက်ခြင်းကနေ အကျိုးရရှိနိုင်တယ်။ ဒါ့အပြင် အဲဒီကရရှိတဲ့ ကျမ်းစာအခြေပြုညွှန်ကြားချက်ကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးနိုင်တယ်။ ကျွန်ုပ်တို့က ကောင်းကောင်းလေ့ကျင့်မှုရထားတဲ့ ယေဟောဝါရဲ့ကျေးကျွန်တွေနဲ့ တွဲအမှုဆောင်ခြင်းအားဖြင့်လည်း ဟောပြောခြင်းလုပ်ငန်းမှာ ပိုမိုထိရောက်မှု ရှိစေနိုင်ပါတယ်။

‘ဒီသင်တန်းတွေထဲက တစ်ခုခုကို တက်ရောက်နိုင်တဲ့ အခြေအနေမျိုး ငါ့မှာရှိသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

ယေဟောဝါကိုဝတ်ပြုကိုးကွယ်သူတွေက ဒီသင်တန်းတွေကို တက်ရတာ၊ ဒီသင်တန်းတွေကနေ လေ့လာသင်ယူရတာကို အခွင့်ထူးအဖြစ် ယူမှတ်ကြပါတယ်။ သင်ရရှိတဲ့လေ့ကျင့်မှုက သင့်ကို ဘုရားသခင်နဲ့ပိုရင်းနှီးစေပြီး သင်ရရှိတဲ့တာဝန်တွေကို အထူးသဖြင့် အရေးကြီးတဲ့ သတင်းကောင်းဟောပြောခြင်းတာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ဖို့ ကူညီပေးပါစေ။

သင်တန်းကျောင်းတွေကို အကျဉ်းချုပ်သုံးသပ်ခြင်း

ဟောပြောသွန်သင်ခြင်းသင်တန်း

ရည်ရွယ်ချက်– ထိရောက်တဲ့ သတင်းကောင်းဟောပြောသူနဲ့ သွန်သင်သူတွေဖြစ်အောင် ကြေညာသူတွေကို လေ့ကျင့်ပေးရန်။

သင်တန်းကာလ– စဉ်ဆက်မပြတ်။

နေရာ– ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမ။

သတ်မှတ်ချက်– အသင်းတော်နဲ့ တက်ကြွစွာပူးပေါင်းနေသူများ၊ ကျမ်းစာသွန်သင်ချက်တွေကို သဘောတူလက်ခံသူများ၊ ကျမ်းစာမူတွေနဲ့အညီ အသက်ရှင်သူများ။

စာရင်းပေးသွင်းနိုင်ပုံ– ကျောင်းသားအစီအစဉ်မှာ ပါဝင်လိုသူက သင်တန်းမှူးကို ပြောပြသင့်။

ကြွက်သားနှင့်ကျောရိုးအာရုံကြောယိုယွင်းစေတဲ့ရောဂါ (Als) ကြောင့် မလှုပ်ရှားနိုင်တဲ့ ရှာရွန်က “ဟောပြောသွန်သင်ခြင်းသင်တန်းက ကျွန်မကို ဘယ်လိုရှာဖွေလေ့လာရမယ်၊ အကြောင်းအရာတွေကို သဘာဝကျကျ ဘယ်လိုတင်ဆက်ရမယ်ဆိုတာ သင်ပေးတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်နေမယ့်အစား တခြားသူတွေ ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိဖို့အတွက် ကူညီပေးရမယ်ဆိုတဲ့အချက်ကို အာရုံစိုက်ဖို့လည်း သင်ယူသိရှိခဲ့ရတယ်။”

သက်တမ်းကြာ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးဖြစ်တဲ့ အားနီးက ဒီလိုပြောတယ်– “ကျွန်တော်က ငယ်ငယ်ကတည်းက စကားထစ်တယ်၊ ပြီးတော့ တခြားသူတွေနဲ့ မျက်လုံးချင်းဆုံပြီး စကား ပြောဆိုဖို့ဆိုတာ ကျွန်တော့်အတွက် မလွယ်ဘူး။ ဒီကျောင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိဖို့နဲ့ တန်ဖိုးရှိသူအဖြစ်ခံစားရစေဖို့ ကျွန်တော့်ကို ကူညီပေးတယ်။ ဒီသင်တန်းကနေတဆင့် ယေဟောဝါရဲ့ကူညီပေးမှုကြောင့် အသက်ရှူတာကို ဘယ်လိုထိန်းချုပ်ရမယ်၊ အာရုံစူးစိုက်ဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သိလာတယ်။ အသင်းတော်နဲ့ အမှုဆောင်လုပ်ငန်းမှာ ဘုရားသခင်ကိုချီးမွမ်းနိုင်တဲ့ စွမ်းရည်ပေးသနားထားလို့ ကိုယ်တော့်ကို အရမ်းကျေးဇူးတင်တယ်။”

ဗေသလဝင်ခွင့်သင်တန်း

ရည်ရွယ်ချက်– ဗေသလမှာ အောင်မြင်စွာအမှုဆောင်နိုင်ဖို့ ဗေသလအိမ်သားအသစ်တွေကို ကူညီပေးရန်။

သင်တန်းကာလ– တစ်ပတ်မှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ ၄၅ မိနစ်ကြာပြီး ၁၆ ပတ်ကြာ။

နေရာ– ဗေသလ။

သတ်မှတ်ချက်– အမြဲတမ်းဗေသလမိသားစုဝင်များ၊ ဗေသလမှာ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်မက အမှုဆောင်မယ့် ယာယီစေတနာ့ဝန်ထမ်းများ။

စာရင်းပေးသွင်းနိုင်ပုံ– ဗေသလအိမ်သားအသစ်များ အလိုအလျောက်စာရင်းဝင်။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ဒီကျောင်းကိုတက်ခဲ့တဲ့ ဒမီးထရီးရပ်စ်က ဒီလိုပြောတယ်– “ဒီသင်တန်းက ကျွန်တော့်ရဲ့လေ့လာမှုအလေ့အထတွေကို တိုးတက်စေပြီး ဗေသလမှာ နှစ်ရှည်လများ အမှုဆောင်နိုင်ဖို့ ပြင်ဆင်ပေးခဲ့တယ်။ သင်တန်းပို့ချသူတွေ၊ သင်ရိုးညွှန်းတမ်းနဲ့ လက်တွေ့ကျသွန်သင်ချက်တွေက ယေဟောဝါရဲ့မေတ္တာပြည့်ဝတဲ့ဂရုစိုက်မှုနဲ့ ကျွန်တော့်ရဲ့ဗေသလလုပ်ငန်းမှာ အောင်မြင်ဖို့ ကူညီပေးလိုတဲ့ ကိုယ်တော်ဆန္ဒကို ယုံကြည်စိတ်ချစေတယ်။”

ကိတ်လင်းက ဒီလိုပြောတယ်– “ယေဟောဝါရဲ့နည်းလမ်းအတိုင်း လုပ်ဆောင်တတ်သူဖြစ်ဖို့ဆိုတဲ့ အရေးကြီးဆုံးအရာအပေါ် အာရုံစိုက်ဖို့ ကူညီပေးတယ်။ ဒီဝင်ခွင့်သင်တန်းက ယေဟောဝါ၊ ဗေသလနဲ့ ကိုယ်တော့်အဖွဲ့အစည်းအပေါ် ကျွန်မရဲ့ကျေးဇူးတင်လေးမြတ်စိတ်ကို တိုးပွားစေတယ်။”

အကြီးအကဲနဲ့ အမှုထမ်းများအတွက်သင်တန်း

ရည်ရွယ်ချက်– နယ်လှည့်ကြီးကြပ်မှူး၊ အကြီးအကဲနဲ့ တစ်ခါတလေ အမှုထမ်းတွေကို သူတို့ရရှိထားတဲ့ အသင်းတော်နဲ့အဖွဲ့အစည်းဆိုင်ရာတာဝန်တွေကို လုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ပေးရန်။ (တ. ၂၀:၂၈) လက်ရှိအခြေအနေတွေ၊ ဖြစ်ပေါ်နေတဲ့အပြောင်းအလဲနဲ့ အသင်းတော်ရဲ့ လတ်တလောလိုအပ်ရာတွေကို ကိုင်တွယ်ဖြေရှင်း နိုင်ဖို့လည်း ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း နှစ်အနည်းငယ်မှာတစ်ကြိမ် ပြုလုပ်။

သင်တန်းကာလ– မကြာသေးခင်နှစ်တွေမှာ ဒီသင်တန်းဟာ နယ်လှည့်ကြီးကြပ်မှူးတွေအတွက် နှစ်ရက်ကနေ နှစ်ရက်ခွဲထိကြာပြီး အကြီးအကဲတွေအတွက် တစ်ရက်ခွဲ၊ အမှုထမ်းတွေအတွက်တော့ တစ်ရက်ဖြစ်။

နေရာ– အများအားဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဒါမှမဟုတ် စည်းဝေးပွဲခန်းမမှာပြုလုပ်။

သတ်မှတ်ချက်– နယ်လှည့်ကြီးကြပ်မှူးများ၊ အကြီးအကဲများ၊ အမှုထမ်းများ။

စာရင်းပေးသွင်းနိုင်ပုံ– အကြီးအကဲနဲ့ အမှုထမ်းတွေကို တိုက်နယ်ကြီးကြပ်မှူးကတစ်ဆင့် ဖိတ်ခေါ်။ နယ်လှည့်ကြီးကြပ်မှူးတွေကိုတော့ ဌာနခွဲရုံးက ဖိတ်ခေါ်။

“ဒီသင်တန်းက အချိန်တိုအတွင်းမှာ အကြောင်းအရာအများကြီးကို ဆွေးနွေးတာမှန်ပေမဲ့ ယေဟောဝါရဲ့အမှုတော်ကို ရွှင်လန်းစွာနဲ့ ‘ယောက်ျားကဲ့သို့’ လုပ်ဆောင်ဖို့ အကြီးအကဲတွေကို ကူညီပေးတယ်။ သိုးတွေကို ထိထိရောက်ရောက် ထိန်းကျောင်းတတ်ဖို့နဲ့ “စိတ်သဘောထားတစ်မျိုးတည်း” ရှိဖို့ အကြီးအကဲအသစ်တွေရော သက်တမ်းကြာအကြီးအကဲတွေပါ သင်ယူကြရတယ်။”—ကွင်းန်။

“ဒီသင်တန်းက ခရစ်ယာန်ယုံကြည်ချက်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကောင်းစွာနားလည်ဖို့ ကူညီပေးတယ်၊ အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို သတိပေးပြီး သိုးတော်စုကိုထိန်းကျောင်းရာမှာ လက်တွေ့ကျတဲ့အကြံဉာဏ်တွေ ပေးတယ်။ ကျွန်တော်တို့ကို ဒီလိုကူညီပေးတာက ယေဟောဝါရဲ့ကြင်နာမှုပဲ။”—မိုက်ကယ်။

ရှေ့ဆောင်လုပ်ငန်းတော်ကျောင်း

ရည်ရွယ်ချက်– ရှေ့ဆောင်တွေအနေနဲ့ “အမှုတော်ကို အကုန်အစင်ပြီးမြောက်” အောင် ဆောင်ရွက်နိုင်ရန်။—၂ တိ. ၄:၅။

သင်တန်းကာလ– နှစ်ပတ်။

နေရာ– ဌာနခွဲရုံးက ဆုံးဖြတ်၊ များသောအားဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုမှာ ပြုလုပ်။

သတ်မှတ်ချက်– မှန်မှန်ရှေ့ဆောင်အဖြစ် တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်မက အမှုဆောင်နေသူ။a

စာရင်းပေးသွင်းနိုင်ပုံ– အရည်အချင်းပြည့်မီတဲ့ရှေ့ဆောင်တွေဟာ အလိုအလျောက်စာရင်းဝင်ပြီး သက်ဆိုင်ရာတိုက်နယ်ကြီးကြပ်မှူးကတစ်ဆင့် အကြောင်းကြားမှာဖြစ်။

“အမှုဆောင်လုပ်ငန်းနဲ့ ကျွန်မရဲ့ဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒီကျောင်းက ကူညီပေးတယ်” ဆိုပြီး လီလီ ကပြောတယ်။ “ကျမ်းစာလေ့လာတာ၊ ကျမ်းစာသင်ပေးတာနဲ့ ကျမ်းစာအသုံးပြုတာတွေမှာ ကျွန်မအတော့်ကိုတိုးတက်လာတယ်။ တခြားသူတွေကို ကူညီပေးဖို့၊ အကြီးအကဲတွေကို ကူညီထောက်မပေးဖို့နဲ့ အသင်းတော်တိုးတက်အောင် ကူညီပေးဖို့ ဒီသင်တန်းက ကျွန်မကို ကောင်းကောင်းလေ့ကျင့်ပေးတယ်။”

သင်တန်းကို နှစ်ကြိမ်တက်ရောက်ခဲ့တဲ့ ဘရင်ဒါက ဒီလိုပြောတယ်– “ဝတ်ပြုရေးမှာ အပြည့်အဝပါဝင်ဖို့၊ ကိုယ်ကိုယ်ကိုယ်သိတဲ့စိတ် ကောင်းစွာအလုပ်လုပ်ဖို့နဲ့ တခြားသူတွေကို ကူညီပေးဖို့ ကျွန်မကို ဒီသင်တန်းက ကူညီပေးတယ်။ ယေဟောဝါက ရက်ရောတဲ့သူဖြစ်တယ်ဆိုတာ ထင်ရှားတယ်။”

a သင်တန်းတစ်ခုကျင်းပဖို့ လူအရေအတွက် မပြည့်ဘူးဆိုရင် လွန်ခဲ့တဲ့ငါးနှစ်အတွင်း သင်တန်းမတက်ရသေးတဲ့ ရှေ့ဆောင်တွေကို ဖိတ်ခေါ်နိုင်ပါတယ်။

အသင်းတော်အကြီးအကဲများအတွက်သင်တန်း

ရည်ရွယ်ချက်– အကြီးအကဲတွေ အသင်းတော်တာဝန်တွေ ထမ်းဆောင်ရာမှာ အကူအညီဖြစ်စေဖို့နဲ့ ယေဟောဝါကိုဝတ်ပြုကိုးကွယ်ရာမှာ သူတို့ထံကနေ ကိုယ်တော် ဘာတွေတောင်းဆိုတယ်ဆိုတာကို နှိုက်နှိုက်ချွတ်ချွတ်နားလည်ရန်။

သင်တန်းကာလ– ငါးရက်။

နေရာ– ဌာနခွဲရုံးက ဆုံးဖြတ်တယ်၊ များသော အားဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဒါမှမဟုတ် စည်းဝေးပွဲခန်းမမှာ ပြုလုပ်။

သတ်မှတ်ချက်– ခန့်အပ်ခံအကြီးအကဲများ။

စာရင်းပေးသွင်းနိုင်ပုံ– အကြီးအကဲတွေကို ဌာနခွဲရုံးကဖိတ်ခေါ်။

အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ ၉၂ ကြိမ်မြောက်သင်တန်းကိုတက်ခဲ့တဲ့ သင်တန်းသားတချို့ရဲ့မှတ်ချက်တွေကို ကြည့်ပါ–

“ဒီကျောင်းကနေ အကျိုးအများကြီးရတယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့နဲ့ ယေဟောဝါရဲ့ သိုးတွေကို ငါ ဘယ်လိုထိန်းကျောင်းနိုင်သလဲဆိုတာတွေကို သိမြင်ဖို့ ကူညီပေးတယ်။”

“ကျမ်းချက်တွေမှာပါတဲ့ အဓိကအချက်တွေကို အလေးပေးခြင်းအားဖြင့် လူတွေကို ပိုအားပေးတတ်လာတယ်။”

“ဒီသင်တန်းမှာပို့ချတဲ့အရာတွေကို ကျွန်တော်ရဲ့အသက်တာတစ်ခုလုံးမှာ ဆက်အသုံးပြုသွားမယ်။”

နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးတွေအတွက်သင်တန်း

ရည်ရွယ်ချက်– “ဟောပြောခြင်းနှင့်သွန်သင်ခြင်းအမှုတို့ကို ကြိုးစားလုပ်ဆောင်” နေတဲ့ တိုက်နယ်နဲ့ ခရိုင်ကြီးကြပ်မှူးတွေကို သူတို့လည်ပတ်တဲ့အသင်းတော်တွေမှာ ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်နိုင်အောင် ကူညီပေးရန်။—၁ တိ. ၅:၁၇; ၁ ပေ. ၅:၂၊ ၃။

သင်တန်းကာလ– နှစ်လ။

နေရာ– ဌာနခွဲရုံးက သတ်မှတ်။

သတ်မှတ်ချက်– တိုက်နယ် ဒါမှမဟုတ် ခရိုင်ကြီးကြပ်မှူးများ။

စာရင်းပေးသွင်းနိုင်ပုံ– နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးတွေကို ဌာနခွဲရုံးကဖိတ်ခေါ်။

“အဖွဲ့အစည်းကို ယေရှုဦးဆောင်နေခြင်းအပေါ် ကျွန်တော်တို့ရဲ့ကျေးဇူးတင်လေးမြတ်မှု တိုးများလာတယ်။ ကျွန်တော်တို့ရဲ့ညီအစ်ကို ညီအစ်မတွေကို အားပေးဖို့လိုတယ်၊ အသင်းတော်တစ်ခုစီရဲ့ စည်းလုံးမှုကို ခိုင်ခံ့အောင်လုပ်ဖို့လိုတယ်ဆိုတဲ့ လိုအပ်ချက်တွေကို သိမြင်ခဲ့တယ်။ ဒီသင်တန်းကနေ ကောင်းစွာသင်ယူခဲ့တဲ့အချက်က နယ်လှည့်ကြီးကြပ်မှူးဟာ အကြံပေးတဲ့အခါ၊ လိုအပ်လို့ ပဲ့ပြင်တည့်မတ်ပေးရတဲ့အခါမှာတောင် သူ့ရဲ့ပန်းတိုင်က ညီအစ်ကိုညီအစ်မတွေကို ယေဟောဝါချစ်ကြောင်း သိမြင်အောင် ကူညီပေးဖို့ဖြစ်တယ်ဆိုတဲ့အချက်ပဲ။” —ဂျိုအဲလ်၊ ၁၉၉၉ မှာကျင်းပတဲ့ ဦးဆုံးသင်တန်းမှ။

တစ်ကိုယ်ရေညီကိုများအတွက် ကျမ်းစာသင်တန်း

ရည်ရွယ်ချက်– တစ်ကိုယ်ရေ အကြီးအကဲတွေနဲ့ အမှုထမ်းတွေကို ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ထပ်ဆင့်တာဝန်တွေ ထမ်းဆောင်ဖို့အတွက် ပြင်ဆင်ပေးတယ်။ သင်တန်ဆင်းအများစုဟာ သူတို့နိုင်ငံရဲ့ လိုအပ်တဲ့နေရာတွေမှာ အမှုဆောင်ဖို့ တာဝန်ခန့်အပ်ခံရတယ်။ တချို့သူတွေကတော့ သူတို့ဘက်က လက်ခံနိုင်မယ်ဆိုရင် တခြားနိုင်ငံမှာ အမှုဆောင်ဖို့ တာဝန်ရရှိကြတယ်။ သင်တန်းဆင်းတချို့က ဝေးလံတဲ့ဒေသတွေ၊ သီးခြားဒေသတွေမှာ အသင်းတော်အသစ်တွေဖွင့်ဖို့၊ လုပ်ငန်းတိုးချဲ့ဖို့အတွက် ယာယီအထူးရှေ့ဆောင်တွေအဖြစ် အမှုဆောင်ရနိုင်တယ်။

သင်တန်းကာလ– နှစ်လ။

နေရာ– ဌာနခွဲရုံးက ဆုံးဖြတ်တယ်၊ အများ အားဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမ ဒါမှမဟုတ် စည်းဝေးပွဲခန်းမတစ်ခု။

သတ်မှတ်ချက်– အသက် ၂၃ နှစ်ကနေ ၆၂ နှစ်ကြားရှိ တစ်ကိုယ်ရေညီကိုဖြစ်ရမယ်။ ကျန်းမာရေးကောင်းပြီး သာ၍လိုအပ်တဲ့ ဘယ်နေရာမှာမဆို အမှုဆောင်လိုသူဖြစ်ရမယ်။ (မာ. ၁၀:၂၉၊ ၃၀) မှန်မှန်ရှေ့ဆောင်အဖြစ် အနည်းဆုံးနှစ်နှစ် အမှုဆောင်ပြီး အမှုထမ်း ဒါမှမဟုတ် အကြီးအကဲ အနေနဲ့ အနည်းဆုံး နှစ်နှစ်ဆက်တိုက် အမှုထမ်းဆောင်နေသူများဖြစ်ရမယ်။

စာရင်းပေးသွင်းနိုင်ပုံ– တိုက်နယ်စည်းဝေးပွဲမှာ သင်တန်းကို စိတ်ပါဝင်စားသူတွေအတွက် စည်းဝေးတစ်ခု ရှိပါမယ်။

“ဒီသင်တန်းမှာ လုံးလုံးစိတ်နှစ်ထားတဲ့အတွက် ကျွန်တော်ပြုပြင်ပြောင်းလဲရမယ့်အချက်တွေကို ပြုပြင်နိုင်ဖို့ ယေဟောဝါရဲ့စွမ်းအားတော်က ကူညီပေးတယ်” လို့ အမေရိကန်နိုင်ငံမှာကျင်းပတဲ့ ၂၃ ကြိမ်မြောက်သင်တန်းရဲ့ သင်တန်းသားတစ်ဦးဖြစ်တဲ့ ရစ်ခ် ပြောခဲ့တယ်။ “ယေဟောဝါက သင့်ကို တာဝန်တစ်ခုပေးတဲ့အခါ အဲဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ ကိုယ်တော်ကူညီတယ်။ မိမိကိုယ်ကိုမဟုတ်ဘဲ ဘုရားသခင်ရဲ့အလိုတော်ကိုသာ အာရုံစိုက်မယ်ဆိုရင် ကျွန်တော့်ကို ကိုယ်တော်ခွန်အားပေးမယ်ဆိုတာ နားလည် လာတယ်။”

“မျက်မှောက်ခေတ် ဘုရားသခင့်အဖွဲ့အစည်း လုပ်ဆောင်နေတာတွေက အံ့ဖွယ်အမှုလိုပဲဆိုတာကို ကျွန်တော်နားလည်လာတယ်” ဆိုပြီး ဂျာမနီနိုင်ငံမှာ အမှုဆောင်နေတဲ့ အန်ဒရေးယပ်စ်က ပြောတယ်။ “’ဒီလေ့ကျင့်ပေးမှုက ရှေ့ဆက်လုပ်ရမယ့်အလုပ်အတွက် ကျွန်တော့်ကို ပြင်ဆင်ပေးတယ်။ ညီအစ်ကိုညီအစ်မတွေနဲ့ ယေဟောဝါအတွက် အမှုဆောင်ခြင်းက စစ်မှန်တဲ့ပျော်ရွှင်မှုကို ခံစားရစေတယ်ဆိုတဲ့ အခြေခံအမှန်တရားကို ကျမ်းစာနမူနာတွေကနေလည်း သိခဲ့ရတယ်။”

ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်း

ရည်ရွယ်ချက်– ယေဟောဝါနဲ့ ကိုယ်တော့် အဖွဲ့အစည်းအတွက် ပိုပြီးအမှုဆောင်နိုင်သူတွေ ဖြစ်ဖို့ ဇနီးမောင်နှံတွေကို အထူးသင်တန်းပေးခြင်းဖြစ်တယ်။ သင်တန်းဆင်းအများစုဟာ သူတို့နိုင်ငံမှာရှိတဲ့ သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ တာဝန်ခန့်အပ်ခံရမှာဖြစ်တယ်။ တချို့ကတော့ လက်ခံနိုင်တယ်ဆိုရင် တခြားနိုင်ငံမှာ အမှုဆောင်ဖို့ ခန့်အပ်ခံရနိုင်တယ်။ သင်တန်းဆင်းတွေက ဝေးလံတဲ့ဒေသတွေ၊ သီးခြားဒေသတွေမှာ အသင်းတော်အသစ်တွေဖွင့်ဖို့၊ လုပ်ငန်းတိုးချဲ့ဖို့အတွက် ယာယီအထူးရှေ့ဆောင်တွေအဖြစ် အမှုဆောင်ရနိုင်တယ်။

သင်တန်းကာလ– နှစ်လ။

နေရာ– ဒီသင်တန်းကို အမေရိကန်နိုင်ငံမှာ ကျင်းပပြီး ၂၀၁၂၊ စက်တင်ဘာကစပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရွေးချယ်ထားတဲ့ ဌာနခွဲရုံးတွေမှာလည်း ကျင်းပမှာဖြစ်တယ်၊ အများအားဖြင့် ဝတ်ပြုရာခန်းမ ဒါမှမဟုတ် စည်းဝေးပွဲခန်းမမှာဖြစ်တယ်။

သတ်မှတ်ချက်– အသက် ၂၅ နှစ်ကနေ ၅၀ ကြားရှိတဲ့ ဇနီးမောင်နှံတွေ ဖြစ်ရမယ်။ ကျန်းမာရေးကောင်းပြီး သာ၍လိုအပ်တဲ့နေရာမှာ အမှုဆောင်နိုင်သူ၊ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဆိုတဲ့ စိတ်သဘောထားရှိသူ ဖြစ်ရမယ်။ (ဟေရှာ. ၆:၈) အိမ်ထောင်သက်တမ်း အနည်းဆုံးနှစ်နှစ်ရှိရမှာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အချိန်ပြည့်လုပ်ငန်းမှာပါဝင်နေတာ အနည်းဆုံးသက်တမ်း နှစ်နှစ်ဆက်တိုက်ရှိသူတွေဖြစ်ရမယ်။ ခင်ပွန်းက အကြီးအကဲ ဒါမှမဟုတ် အမှုထမ်းအဖြစ် အနည်းဆုံးနှစ်နှစ်ဆက်တိုက် အမှုဆောင်ပြီးသားဖြစ်ရမယ်။

စာရင်းပေးသွင်းနိုင်ပုံ– ခရိုင်စည်းဝေးကြီးမှာ သင်တန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စိတ်ပါဝင်စားသူတွေအတွက် စည်းဝေးတစ်ခုရှိပါမယ်။ သင့်နိုင်ငံမှာကျင်းပတဲ့ စည်းဝေးကြီးတွေမှာ အဲဒီအစည်းအဝေးမရှိဘူး၊ သင်က အဲဒီသင်တန်းအတွက် လျှောက်ထားချင်တယ်ဆိုရင် ထပ်ဆင့်အချက်အလက်တွေအတွက် ဌာနခွဲရုံးကို စာရေး မေးမြန်းနိုင်ပါတယ်။

“ရှစ်ပတ်ကြာသင်တန်းကာလက ဘဝတစ်ခုလုံးကို အကြီးအကျယ်ပြောင်းလဲစေပြီး ဇနီးမောင်နှံတွေကို ယေဟောဝါရဲ့အမှုတော်မှာ ပိုပြီးတက်လှမ်းဖို့ အခွင့်အရေးရစေတယ်။ ဟန်ချက်ညီတဲ့ဘဝကို ဆက်ထိန်းထားနိုင်ဖို့ ကျွန်တော်တို့ရဲ့အချိန်ကို ပညာရှိရှိအသုံးပြုသွားဖို့ ဆုံးဖြတ်ချက်ချထားတယ်။”—အဲရစ်ခ်နဲ့ ကော်ရေးနာ၊ ဦးဆုံးသင်တန်း၊ ၂၀၁၁။

ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း

ရည်ရွယ်ချက်– လူနေထူထပ်တဲ့ဒေသတွေမှာ ခရစ်ယာန်သာသနာပြုတွေအဖြစ် အမှုဆောင်ဖို့၊ နယ်လှည့်ကြီးကြပ်မှူးတွေ ဒါမှမဟုတ် ဗေသလ အိမ်သားတွေအဖြစ် အမှုဆောင်ဖို့ လေ့ကျင့်ပေးတယ်။ ရည်ရွယ်ချက်က လယ်ကွင်းနဲ့ ဌာနခွဲစီစဉ် ဖွဲ့စည်းမှုကို အခိုင်အမာအားဖြည့်ပေးတယ်။

သင်တန်းကာလ– ငါးလ။

နေရာ– အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ပက်တာစင်ရှိ ကင်းမျှော်စင်ပညာပေးဌာန။

သတ်မှတ်ချက်– ဇနီးမောင်နှံတွေဟာ အထူး အချိန်ပြည့်လုပ်ငန်းတစ်မျိုးမျိုးမှာ ပါဝင်နေသူတွေဖြစ်ရမယ်၊ ဆိုလိုတာက ဂိလဒ်ကျောင်း မတက်ရသေးတဲ့ လယ်ကွင်းမှာအမှုဆောင်နေတဲ့ ခရစ်ယာန်သာသနာပြုတွေ၊ အထူးရှေ့ဆောင်တွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ ဒါမှမဟုတ် ဗေသလအိမ်သားတွေဖြစ်ရမယ်။ သူတို့တွေက အချိန်ပြည့်လုပ်ငန်းမှာ နှစ်ယောက်အတူ အနည်းဆုံးသုံးနှစ်ဆက်တိုက် အမှုဆောင်သူတွေဖြစ်ရမယ်။ အင်္ဂလိပ်ဘာသာစကားကို ကောင်းစွာ ပြောတတ်၊ ဖတ်တတ်၊ ရေးတတ်ဖို့လိုတယ်။

လျှောက်ထားနိုင်ပုံ– ဌာနခွဲကော်မတီက လျှောက်ထားနိုင်တဲ့ ဇနီးမောင်နှံတွေကို ဖိတ်ခေါ်တယ်။

အမေရိကန်နိုင်ငံက လာဒေးနဲ့ မော်နစ်တို့ဟာ အခု အာဖရိကမှာ အမှုဆောင်နေတယ်။ လာဒေးက ဒီလိုပြောတယ်– “ဂိလဒ်ကျောင်းက ကျွန်တော်တို့ကို ကမ္ဘာ့ဘယ်နေရာကိုမဆိုသွားပြီး ကျွန်တော်တို့ချစ်ရတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ထက်ထက်သန်သန် အမှုဆောင်ဖို့ ပြင်ဆင်ပေးတယ်။”

မော်နစ် ဒီလိုထပ်ပြောသေးတယ်– “ဘုရားသခင့်စကားတော်ကနေ သင်ယူသိရှိရာတွေကို လက်တွေ့ကျင့်သုံးတဲ့အခါ ကျွန်မရဲ့တာဝန်မှာ ပိုပျော်လာတယ်။ အဲဒီပျော်ရွှင်မှုကို ယေဟောဝါရဲ့မေတ္တာဖော်ပြချက် နောက်တစ်ခုအဖြစ် ကျွန်မရှုမြင်တယ်။”

ဌာနခွဲကော်မတီဝင်တွေနဲ့ သူတို့ရဲ့ဇနီးတွေအတွက် သင်တန်း

ရည်ရွယ်ချက်– ဗေသလအိမ်တွေကို ကြီးကြပ်ရာမှာ၊ အသင်းတော်တွေနဲ့ဆက်နွှယ်နေတဲ့ လုပ်ငန်းတော်ကိစ္စတွေကို အာရုံစိုက်ရာမှာ၊ တိုက်နယ်တွေနဲ့ ခရိုင်တွေကို ကြီးကြပ်ရာမှာ ဌာနခွဲကော်မတီဝင်တွေကို ကူညီပေးဖို့ဖြစ်တယ်။ ဘာသာပြန်ခြင်း၊ ပုံနှိပ်ခြင်း၊ စာအုပ်စာပေတွေ ထုပ်ပိုးခြင်းကိုလည်း လေ့လာသင်ယူကြတယ်။

သင်တန်းကာလ– နှစ်လ။

နေရာ– အမေရိကန်၊ နယူးယောက်၊ ပက်တာစင်ရှိ ကင်းမျှော်စင်ပညာပေးဌာန။

သတ်မှတ်ချက်– ဌာနခွဲကော်မတီဝင် ဒါမှမဟုတ် တိုင်းပြည်ကော်မတီဝင်၊ ဒါမှမဟုတ် လောလောဆယ် ကော်မတီဝင်တွေမဟုတ်ပေမဲ့ သင်တန်းပြီးနောက် ခန့်အပ်ခံရမယ့်သူများ။

စာရင်းပေးသွင်းနိုင်ပုံ– ညီအစ်ကိုတွေနဲ့ သူတို့ရဲ့ဇနီးသည်တွေကို အုပ်ချုပ်ရေးအဖွဲ့က ဖိတ်ခေါ်။

၂၅ ကြိမ်မြောက်သင်တန်းကို တက်ခဲ့တဲ့ လိုဝယ်လ်နဲ့ ခါရာတို့ဟာ နိုင်ဂျီးရီးယားမှာ အမှုဆောင်နေကြတယ်။ “ကျွန်တော် ဘယ်လောက်ပဲအလုပ်များနေပါစေ၊ ဘယ်တာဝန်ပဲရထားပါစေ၊ ကိစ္စရပ်တွေကို ယေဟောဝါနှစ်သက်တဲ့နည်းအတိုင်းလုပ်ရမယ်ဆိုတဲ့အချက်ကို အမှတ်ရတယ်” လို့ လိုဝယ်လ် ပြောတယ်။ “မိမိရဲ့ကျေးကျွန်တွေအပေါ် ယေဟောဝါပြသခဲ့တဲ့ မေတ္တာကိုတုပဖို့ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာကိုလည်း ဒီသင်တန်းက သင်ပေးတယ်။”

ခါရာက ဒီလိုပြောတယ်– “ကျွန်မ အတွေးထဲမှာအမြဲရှိနေတဲ့ မှတ်ချက်တစ်ခုကတော့ အကြောင်းအရာတစ်ခုကို တစ်ဖက်သား အလွယ်တကူနားလည်နိုင်အောင် မရှင်းပြနိုင်ဘူးဆိုရင် တခြားသူတွေကိုမသင်ပေးခင် အဲဒီအကြောင်းအရာကို ကိုယ်အရင် လေ့လာရမယ်ဆိုတာပဲ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ