မိဘတို့—သင်တို့ရဲ့သားသမီးတွေကို နို့စို့အရွယ်ကတည်းက လေ့ကျင့်ပေးပါ
“ကြည့်ပါ။ သားတွေဟာ ယေဟောဝါပေးတဲ့အမွေပဲ။ မွေးလာတဲ့ကလေးတွေဟာ ဘုရားသခင်ပေးတဲ့ဆုပဲ” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာ. ၁၂၇:၃၊ ကဘ) ကလေးတစ်ယောက်မွေးလာတဲ့အချိန်ဟာ မိဘတွေ အရမ်းပျော်ရွှင်ရတဲ့အချိန်ပဲ။
မိဘတွေဟာ ဒီပျော်ရွှင်မှုနဲ့အတူ အရေးကြီးတဲ့တာဝန်တွေကိုပါ ရရှိလာကြတယ်။ ကလေးတစ်ယောက် ကျန်းကျန်းမာမာ ကြီးပြင်းလာနိုင်ဖို့ မိဘတွေက သူတို့ကို အာဟာရရှိတဲ့အစားအစာတွေ ပုံမှန်ကျွေးဖို့လိုတယ်။ ကလေးတစ်ယောက် ယေဟောဝါနဲ့ ခိုင်မြဲတဲ့ဆက်ဆံရေးရှိဖို့ဆိုရင် မိဘတွေရဲ့ လေ့ကျင့်ပေးမှုနဲ့ လမ်းညွှန်ပေးမှုလိုတယ်။ ကျမ်းစာမှာပါတဲ့ မူတွေကို သင်ပေးရမယ်။ (သု. ၁:၈) မိဘတွေဟာ သူတို့ရဲ့ကလေးကို ဘယ်အချိန်ကတည်းကစပြီး သွန်သင်ပေးသင့်သလဲ၊ ဘာတွေကို သင်ပေးသင့်သလဲ။
မိဘတွေ လမ်းညွှန်မှုလိုအပ်
ရှေးအစ္စရေးနိုင်ငံ၊ ဇောရာမြို့မှာနေတဲ့ ဒန်အမျိုးသား မာနော် အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါရဲ့ကောင်းကင်တမန်က မာနော်ရဲ့ မြုံနေတဲ့မိန်းမဆီလာပြီး သားတစ်ယောက် မွေးမယ်လို့ ပြောခဲ့တယ်။ (သူကြီး. ၁၃:၂၊ ၃) ဒီသတင်းကိုကြားတဲ့အခါ သစ္စာရှိမာနော်နဲ့ သူ့မိန်းမဟာ အရမ်းပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်လည်း ရှိခဲ့တယ်။ ဒါနဲ့ မာနော် ဒီလို ဆုတောင်းခဲ့တယ်– “ယေဟောဝါ၊ ကျွန်တော်တစ်ခုလောက် ပြောပါရစေ။ အခုလေးတင် ကိုယ်တော်စေလွှတ်လိုက်တဲ့ စစ်မှန်တဲ့ဘုရားသခင့်လူကို ကျွန်တော်တို့ဆီပြန်လွှတ်ပြီး မွေးလာမယ့်ကလေးကို ကျွန်တော်တို့ ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာ သင်ပေးပါ။” (သူကြီး. ၁၃:၈၊ ကဘ) မာနော်နဲ့သူ့မိန်းမဟာ သူတို့ရဲ့ကလေးကို ပြုစုပျိုးထောင်ပေးဖို့နဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့တယ်။ သူတို့ဟာ သားဖြစ်သူ ရှံဆုန်ကို ဘုရားသခင့်ပညတ်တွေအကြောင်း ကောင်းကောင်း သင်ပေးခဲ့မှာ သေချာတယ်၊ သူတို့ရဲ့ကြိုးစားအားထုတ်မှု အောင်မြင်ခဲ့ပုံရတယ်။ ‘အချိန်တန်တော့ ယေဟောဝါရဲ့စွမ်းအားတော်က ရှံဆုန်ကို လှုံ့ဆော်ခဲ့တယ်’ လို့ ကျမ်းစာက ပြောတယ်။ ရလဒ်အနေနဲ့ ရှံဆုန်ဟာ အစ္စရေးတရားသူကြီးတစ်ယောက်အနေနဲ့ အံ့ဖွယ်အမှုများစွာကို လုပ်ဆောင်ခဲ့တယ်။—သူကြီး. ၁၃:၂၅၊ ကဘ; ၁၄:၅၊ ၆; ၁၅:၁၄၊ ၁၅။
မာနော်က မွေးလာမယ့်ကလေးကို ဘယ်လို ပြုစုပျိုးထောင်ရမယ် ဆိုတာသိဖို့ ဆုတောင်းခဲ့
ကလေးတွေကို ဘယ်အချိန်ကစပြီး လေ့ကျင့်ပေးသင့်သလဲ။ အမေဖြစ်သူ ဥနိတ်နဲ့ အဘွားလောဣတို့က တိမောသေကို “နို့စို့အရွယ်” ကတည်းကစပြီး “သန့်ရှင်းတဲ့ကျမ်းဂန်” တွေကို သင်ပေးခဲ့တယ်။ (၂ တိ. ၁:၅; ၃:၁၅) ဒါကြောင့် တိမောသေဟာ ကျမ်းစာသွန်သင်ချက်တွေကို ကလေးဘဝကတည်းက ရရှိခဲ့တယ်။
ခရစ်ယာန်မိဘတွေအနေနဲ့ လမ်းညွှန်ချက်တွေရဖို့ ဆုတောင်းပြီး ကြိုတင်ပြင်ဆင်ထားတာက ပညာရှိရာရောက်တယ်၊ အဲဒါမှ မိမိတို့ရဲ့ကလေးငယ်တွေကို “နို့စို့အရွယ်” ကတည်းကစပြီး သွန်သင်နိုင်မှာဖြစ်တယ်။ “လုံ့လဝီရိယရှိသူရဲ့ အစီအစဉ်တွေက ကျိန်းသေအောင်မြင်လိမ့်မယ်” လို့ သုတ္တံ ၂၁:၅ (ကဘ) မှာ ဖော်ပြထားတယ်။ မိဘတွေဟာ ကလေးမမွေးခင်ကတည်းက ဂရုတစိုက်ပြင်ဆင်ကြမှာ သေချာပါတယ်။ သူတို့မှာ ကလေးလိုအပ်မယ့်ပစ္စည်းစာရင်းတောင် ရှိနိုင်တယ်။ ဒါပေမဲ့ ကလေးငယ်တွေကို ယေဟောဝါအကြောင်း ဘယ်လိုသင်ပေးမယ်ဆိုတာကို ပြင်ဆင်တာကလည်း အရေးကြီးတယ်။ ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ ကလေးကို စပြီးသွန်သင်ပေးဖို့ ပန်းတိုင်ထားသင့်တယ်။
ကလေးတွေ အဆင့်ဆင့်ကြီးပြင်းလာပုံအကြောင်း ရှင်းပြတဲ့စာအုပ်မှာ မွေးပြီးပြီးချင်းလတွေမှာ ကလေးငယ်လေးတွေရဲ့ ဦးနှောက်ဆဲလ်တွေကို ဆက်သွယ်ပေးတဲ့ နာဗ်ကြောဆက်တွေဟာ အလျင်အမြန် တိုးပွားလာတယ်လို့ ဖော်ပြထားတယ်။ ဒါကြောင့် အဲဒီအချိန်ဟာ မိဘတွေ မိမိတို့ရဲ့ကလေးငယ်ကို ယေဟောဝါနဲ့ ကိုယ်တော့်စံနှုန်းတွေအကြောင်း သင်ကြားပေးဖို့ အလွန်အရေးကြီးတဲ့အချိန်ဖြစ်တယ်။
မှန်မှန်ရှေ့ဆောင်လုပ်နေတဲ့ မိခင်တစ်ယောက်က သူ့ရဲ့သမီးငယ်လေးအကြောင်း ဒီလိုပြောခဲ့တယ်– “သမီးလေး တစ်လသားအရွယ်ကတည်းက ကျွန်မ သူ့ကို အမှုဆောင်ခေါ်သွားတယ်။ သူ ဘာမှနားမလည်သေးပေမဲ့ သူ ကျွန်မနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ရှိနေတာက သူ့အတွက်အကျိုးရှိခဲ့တယ်လို့ ကျွန်မယုံကြည်တယ်။ သမီးလေး နှစ်နှစ်အရွယ်ရောက်တဲ့အခါ အမှုဆောင်လုပ်ငန်းမှာတွေ့ရတဲ့ လူတွေကို ယုံကြည်မှုအပြည့်နဲ့ ဝေစာတွေကို ဝေငှခဲ့တယ်။”
ကလေးတွေကို နို့စို့အရွယ်ကတည်းက လေ့ကျင့်ပေးတာဟာ ရလဒ်ကောင်းတွေ ရရှိစေတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ အမြဲတမ်းတော့ မလွယ်ကူဘူးဆိုတာကိုလည်း မိဘတွေ သိကြတယ်။
‘အခွင့်သာတဲ့အချိန်ကို ဝယ်ယူပါ’
ကလေး ကြာကြာအာရုံမစိုက်နိုင်တာ ဒါမှမဟုတ် ဂနာမငြိမ်တာကလည်း မိဘတွေအတွက် အဓိကပြဿနာပဲ။ ကလေးတစ်ယောက်ရဲ့အာရုံစိုက်မှုက တစ်ခုကနေတစ်ခုကို အလျင်အမြန် ပြောင်းသွားနိုင်တယ်။ ကလေးတွေဟာ စပ်စုတတ်ပြီး သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို သင်ယူဖို့ ကြိုးစားကြတယ်။ မိဘတွေအနေနဲ့ မိမိတို့သင်ပေးနေတဲ့အရာတွေကို ကလေးငယ်တွေ အာရုံစိုက်နိုင်အောင် ဘယ်လို ကူညီပေးနိုင်သလဲ။
မောရှေပြောခဲ့တာကို စဉ်းစားကြည့်ပါ။ တရားဟောရာ ၆:၆၊ ၇ (ကဘ) မှာ ဒီလို ပြောခဲ့တယ်– “အခု သင့်ကို ငါမှာကြားနေတဲ့ ဒီစကားတွေကို သင့်နှလုံးပေါ်မှာ ရေးထွင်းထားရမယ်။ အဲဒါတွေကို သင့်သားသမီးတွေ စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးရမယ်။ အိမ်မှာထိုင်နေတဲ့အခါဖြစ်စေ၊ လမ်းလျှောက်နေတဲ့အခါဖြစ်စေ၊ အိပ်တဲ့အခါဖြစ်စေ၊ ထတဲ့အခါဖြစ်စေ သူတို့ကိုပြောပြရမယ်။” “စိတ်စွဲမှတ်” ဆိုတဲ့စကားလုံးက ထပ်ခါထပ်ခါသွန်သင်ပေးတာကို ဆိုလိုတယ်။ ကလေးငယ်တွေဟာ ရေမှန်မှန်လောင်းပေးဖို့လိုတဲ့ အပင်ပေါက်လေးတွေနဲ့ တူတယ်။ လူကြီးတွေဟာ အရေးကြီးတဲ့အကြောင်းအရာတွေကို ခဏခဏကြားရရင် မှတ်မိသလိုပဲ ကလေးငယ်တွေလည်း ထပ်ခါထပ်ခါ သွန်သင်ပေးခြင်းကနေ အကျိုးရရှိမှာ သေချာပါတယ်။
ကလေးငယ်တွေကို ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း သင်ပေးရာမှာ အချိန်တော့လိုတယ်။ မိဘတွေက အရမ်းအလုပ်များနေတတ်လို့ အချိန်ပေးဖို့ အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ တမန်တော်ပေါလုက အရေးကြီးတဲ့အရာတွေအတွက် “အခွင့်သာသောအချိန်ကို ဝယ်ယူကြ” ဖို့ တိုက်တွန်းခဲ့တယ်။ (ဧ. ၅:၁၅၊ ၁၆) မိဘတွေ ဘယ်လို လုပ်ဆောင်နိုင်သလဲ။ အကြီးအကဲညီအစ်ကိုတစ်ယောက်ဟာ လောကအလုပ်တစ်ဖက်နဲ့ အသင်းတော်တာဝန်တွေကို လုပ်ဆောင်နေရတယ်၊ သူ့ဇနီးကလည်း အလုပ်များတဲ့ မှန်မှန်ရှေ့ဆောင်တစ်ယောက်ဖြစ်တယ်၊ သူတို့နှစ်ဦးဟာ သူတို့ရဲ့သမီးကို အချိန်အလုံအလောက်ပေးပြီး လေ့ကျင့်သွန်သင်ပေးဖို့နဲ့ အသင်းတော်ကို ကူညီထောက်မရာမှာ အချိန်ပေးနိုင်ဖို့ သေချာ အစီအစဉ်ဆွဲထားကြတယ်။ သူတို့ရဲ့သမီးလေးကို သွန်သင်ပေးဖို့ အချိန်ရအောင် ဘယ်လိုလုပ်ကြသလဲ။ ဖခင်ဖြစ်သူက ဒီလိုပြောပြတယ်– “ကျွန်တော် အလုပ်မသွားခင် မနက်တိုင်း ကျွန်တော်နဲ့ ကျွန်တော့်မိန်းမက ကလေးအတွက် ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ် ဒါမှမဟုတ် ကျမ်းစာကိုနေ့စဉ်ဆန်းစစ်ပါ စာအုပ်တွေထဲက ဖတ်ပြတယ်။ ညနေပိုင်းတော့ ကလေး အိပ်ရာမဝင်ခင် စာဖတ်ပြတယ်၊ အမှုဆောင်သွားတဲ့အခါမှာလည်း ကျွန်တော်တို့ သူ့ကို ခေါ်သွားတယ်။ ငယ်ငယ်လေးကတည်းက သူ့ကို သွန်သင်ပေးရတဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ လက်လွှတ်မခံချင်ဘူး။”
သားသမီးတွေက မြားတွေနဲ့တူတယ်
ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ သားသမီးတွေကို တာဝန်ယူတတ်တဲ့သူအနေနဲ့ ကြီးပြင်းလာစေချင်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ သူတို့ကိုလေ့ကျင့်ပေးတဲ့ အဓိကရည်ရွယ်ချက်က ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်တတ်ဖို့ပဲ။—မာ. ၁၂:၂၈-၃၀။
ဆာလံ ၁၂၇:၄ (ကဘ) မှာ “ငယ်ရွယ်ချိန်မှာရတဲ့ သားတွေဟာ ခွန်အားကြီးသူလက်ထဲက မြားတွေနဲ့ တူတယ်” လို့ ဖော်ပြထားတယ်။ သမ္မာကျမ်းစာမှာ ကလေးတွေကို ပန်းတိုင်ကို အသေအချာချိန်ရွယ်ထားတဲ့ မြားတွေနဲ့ နှိုင်းယှဉ်ထားတယ်။ လေးသမားတွေဟာ သူတို့ ပစ်လွှတ်လိုက်တဲ့မြားကို ဘယ်တော့မှ ပြန်ရုပ်သိမ်းလို့ မရဘူး။ မြားတွေနဲ့တူတဲ့ ကလေးတွေဟာလည်း အရွယ်မရောက်ခင် မိဘတွေနဲ့အတူနေတဲ့အချိန်က ခဏလေးပဲ။ ဒါကြောင့် အဲဒီအချိန်ခဏလေးကို အသုံးပြုပြီး ကလေးတွေ ကျမ်းစာမူကို ချစ်မြတ်နိုးတတ်၊ လိုက်နာတတ်အောင် သင်ပေးဖို့ သိပ်အရေးကြီးတယ်။
ယေဟောဝါကို ဝတ်ပြုသူတွေဖြစ်လာအောင် သူကူညီပေးခဲ့သူတွေနဲ့ပတ်သက်ပြီး တမန်တော်ယောဟန်က “ငါ၏သားသမီးတို့သည် အမှန်တရားတွင် လိုက်လျှောက်နေကြောင်း ကြားသိရခြင်းထက် သာ၍ ဝမ်းမြောက်စရာအကြောင်းမရှိ” ဆိုပြီး ရေးခဲ့တယ်။ (၃ ယော. ၄) ခရစ်ယာန်မိဘတွေအနေနဲ့ သူတို့ရဲ့သားသမီးတွေ ‘အမှန်တရားမှာ လိုက်လျှောက်နေ’ တာကို မြင်တွေ့ရတဲ့အခါ အလားတူ ကျေးဇူးတင်တဲ့စိတ်ကို ဖော်ပြနိုင်ပါတယ်။