မျက်နှာဖုံးဆောင်းပါး | ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားချိန်ဝယ်
ဝမ်းနည်းပူဆွေးတာ မှားသလား
ရက်ပိုင်းလောက်ပဲ ဖျားနာတာမျိုး သင် ဖြစ်ဖူးလား။ မြန်မြန်ဆန်ဆန် နေကောင်းသွားလို့ အဲဒီအကြောင်း မေ့မေ့ပျောက်ပျောက်တောင် ဖြစ်နေလောက်ပြီ။ ဝမ်းနည်းပူဆွေးမှုကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ “ဝမ်းနည်းပူဆွေးမှုကို ‘လုံးဝပြေပျောက်’ စေတဲ့အရာ မရှိဘူး” ဆိုပြီး ဒေါက်တာ အယ်လန် ဝုလ်ဖဲလ်ရေးသားတဲ့ (Healing a Spouse’s Grieving Heart) စာအုပ်မှာ ဖော်ပြထားတယ်။ ဒါပေမဲ့ “အချိန်ကာလနဲ့ တခြားသူတွေရဲ့ ဝိုင်းဝန်းဖေးမမှုတွေက ဝမ်းနည်းပူဆွေးမှုကို လျော့ပါးသက်သာစေနိုင်တယ်” လို့ သူထပ်ဖော်ပြတယ်။
ဥပမာ၊ ဇနီးဖြစ်သူဆုံးပါးသွားချိန်မှာ ကျမ်းစာပါအမျိုးသား ဘိုးဘေးအာဗြဟံရဲ့တုံ့ပြန်ပုံကို သုံးသပ်ကြည့်ပါ။ “အာဗြဟံသည် သူ့ [စာရာ] အတွက် ငိုကြွေးမြည်တမ်းလေသည်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ “လေသည်” ဆိုတဲ့ အသုံးအနှုန်းက လက်လွှတ်ဆုံးရှုံးမှုကို ရင်ဆိုင်ဖြေရှင်းရာမှာ အချိန်အတိုင်းအတာတစ်ခု ကြာတယ်ဆိုတာ ဖော်ပြတယ်။a နောက်အဖြစ်အပျက်တစ်ခုက သားဖြစ်သူယောသပ် သားရိုင်းတိရစ္ဆာန်အကိုက်ခံရလို့ သေသွားပြီဆိုပြီး အယုံသွင်းခံခဲ့ရတဲ့ ယာကုပ်အကြောင်းဖြစ်တယ်။ သူဟာ “ကာလအတန်ကြာ” ဝမ်းနည်းပူဆွေးခဲ့ပြီး မိသားစုဝင်တွေနှစ်သိမ့်ပေးတဲ့ကြားက ဖြေမဆည်နိုင်ဖြစ်ခဲ့တယ်။ နှစ်အတော်ကြာပြီးတာတောင်မှ ယောသပ်သေဆုံးတာအတွက် သူ ဝမ်းနည်းပူဆွေးနေတုန်းပဲ။—ကမ္ဘာဦး ၂၃:၂; ၃၇:၃၄၊ ၃၅; ၄၂:၃၆; ၄၅:၂၈၊ ခမ။
ချစ်ဇနီးစာရာ ဆုံးပါးသွားလို့ အာဗြဟံ ငိုကြွေးနေ
ဆွေမျိုးသားချင်းတစ်ဦး ဆုံးပါးသွားတဲ့အခါ လူများစွာဟာ အဲဒီလိုပဲ ဝမ်းနည်းပူဆွေးကြတယ်။ အောက်ပါ အဖြစ်အပျက်နှစ်ခုကို သုံးသပ်ကြည့်ပါ။
“၂၀၀၈၊ ဇူလိုင် ၉ ရက်မှာ ကျွန်မခင်ပွန်း ရောဘတ် ဆုံးပါးသွားတယ်။ မတော်တဆမှုကြောင့် သူဆုံးတဲ့ အဲဒီနေ့မနက်ကလည်း တခြားနေ့တွေလိုပါပဲ။ မနက်စာစားပြီးလို့ သူအလုပ်မသွားခင်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်၊ အကြင်နာအနမ်းပေးပြီး ‘ကိုယ် မင်းကိုချစ်တယ်’ လို့ ပြောနေကျအတိုင်း သူ နှုတ်ဆက်ခဲ့တာ။ ခြောက်နှစ်ကြာပြီဖြစ်ပေမဲ့ ခုထိ နှလုံးသားထဲမှာ တဆစ်ဆစ်နာကျင်နေတုန်းပဲ။ ရောဘတ်ကိုဆုံးရှုံးလိုက်ရလို့ ကျွန်မ အရင်လို နေသားတကျဖြစ်နိုင်တော့မှာ မဟုတ်ဘူး။”—အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဂယ်လ်။
“ကျွန်တော့်ချစ်ဇနီး ဆုံးပါးသွားတာ ၁၈ နှစ်ကျော်ကြာပြီဖြစ်ပေမဲ့ ခုထက်ထိ သူ့ကို တသသလွမ်းဆွတ်ပြီး ကြေကွဲနေတုန်းပါပဲ။ သဘာဝတရားရဲ့ အလှအပတွေမြင်တိုင်း သူ့ကို သတိရမိတယ်။ ကျွန်တော်မြင်တွေ့နေတာတွေကို နှစ်ယောက်အတူမြင်တွေ့ခွင့်ရရင် သူ ဘယ်လောက်တောင် ပျော်ရွှင်ကြည်နူးလိုက်မလဲဆိုပြီး စဉ်းစားမိတယ်။”—အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အေတီယန်။
နာကျင်ကြေကွဲရတာ၊ တမြည့်မြည့်ပူဆွေးရတာတွေက သဘာဝပါပဲ။ တစ်ဦးနဲ့တစ်ဦး ဝမ်းနည်းပူဆွေးပုံချင်းမတူတဲ့အတွက် တခြားသူတစ်ဦးရဲ့ဝမ်းနည်းပုံကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်သင့်ဘူး။ တစ်ချိန်တည်းမှာ ဆုံးရှုံးမှုကြောင့် လွန်လွန်ကဲကဲခံစားနေရတယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်မိဖို့လိုတယ်။ ဒါဆို ဝမ်းနည်းပူဆွေးမှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ။
a အာဗြဟံရဲ့သား ဣဇာက်လည်း အချိန်အတော်ကြာ ဝမ်းနည်းပူဆွေးခဲ့ဖူးတယ်။ ဒီစာစောင်ထဲက “သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ” ဆိုတဲ့ ဆောင်းပါးမှာဖော်ပြထားတဲ့အတိုင်း ဣဇာက်ဟာ မိခင်ဖြစ်သူ စာရာသေဆုံးသွားတဲ့အတွက် သုံးနှစ်လောက်အထိ ဝမ်းနည်းပူဆွေးခဲ့တယ်။—ကမ္ဘာဦး ၂၄:၆၇။