ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၃ စာ. ၄-၈
  • မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြင်းဖြူစီးသူ
  • မြင်းနီစီးသူ
  • မြင်းနက်စီးသူ
  • မြင်းမွဲစီးသူ
  • ကောင်းမွန်တဲ့အနာဂတ် လက်တစ်ကမ်းမှာရှိ
  • ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မြင်းစီးသူရဲလေးဦးနှင့် အသင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • စစ်နဲ့ ဆင်းရဲဒုက္ခနောက်ကွယ်က တရားခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယူကရိန်းစစ်ပွဲက ကမ္ဘာချီ စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုဆိုးစေ
    ထပ်ဆင့် အကြောင်းအရာများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၃ စာ. ၄-၈
ဗျာဒိတ်ကျမ်းမှာပါတဲ့ မြင်းစီးသူရဲလေးဦး၊ သင်္ချိုင်းက နောက်ကနေ ကပ်လိုက်လာ

မျက်နှာဖုံးအကြောင်းအရာ | မြင်းစီးသူရဲလေးဦး—သူတို့ရဲ့စီးနင်းမှုက သင့်ကို အကျိုးသက်ရောက်ပုံ

မြင်းစီးသူရဲလေးဦး သူတို့ဟာ ဘယ်သူတွေလဲ

မြင်းစီးသူရဲလေးဦးဟာ ပဟေဠိဆန်ပြီး ထိတ်လန့်စရာဖြစ်ပုံရတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်စရာမလိုဘူး။ ဘာကြောင့်လဲ။ မြင်းစီးသူရဲတစ်ဦးစီဟာ ဘာကို ပုံဆောင်တယ်ဆိုတာ ကျမ်းစာနဲ့ မျက်မှောက်ခေတ်သမိုင်းဝင် ဖြစ်ရပ်တွေက သိရှိစေလို့ပဲ။ သူတို့ရဲ့စီးနင်းမှုက ကမ္ဘာပေါ်မှာဖြစ်မယ့် ဘေးဆိုးတွေကို အချက်ပြပေမဲ့ သင်နဲ့ သင့်မိသားစုအတွက် သတင်းကောင်းလည်း ဖြစ်နိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဦးဆုံး၊ မြင်းစီးသူရဲတစ်ဦးစီဟာ ဘာကို ပုံဆောင်တယ်ဆိုတာ လေ့လာကြစို့။

မြင်းဖြူစီးသူ

စိတ်အာရုံမှာ ဒီလိုဖော်ပြထားတယ်– “ကျွန်တော် ကြည့်လိုက်တော့ မြင်းဖြူတစ်စီး မြင်တယ်။ မြင်းစီးသူရဲဟာ လေးကို ကိုင်ထားတယ်။ ဘုရားသခင်က သူ့ကို သရဖူပေးတယ်။ သူက ရန်သူတွေကို အောင်ပွဲခံရင်း အပြီးသတ်အောင်ပွဲခံဖို့ ထွက်သွားတယ်။”—ဗျာဒိတ် ၆:၂။

မြင်းဖြူစီးသူဟာ ဘယ်သူလဲ။ သူ ဘယ်သူလဲဆိုတာကို ဗျာဒိတ်ကျမ်းမှာပဲ ဖော်ပြထားတယ်။ ကောင်းကင်ပေါ်က အဲဒီမြင်းစီးသူရဲကို “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်” လို့ခေါ်ထားတယ်။ (ဗျာဒိတ် ၁၉:၁၁-၁၃) နှုတ်ကပတ်တော်ဆိုတဲ့ဘွဲ့ကို ယေရှုခရစ် ရရှိထားတယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လို့ပဲ။ (ယောဟန် ၁:၁၊ ၁၄) သူ့ကို “ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်၊” “သစ္စာရှိသူ၊ အမှန်အတိုင်းပြောတဲ့သူ” လို့လည်း ခေါ်တယ်။ (ဗျာဒိတ် ၁၉:၁၁၊ ၁၆) သူဟာ တိုက်ပွဲဝင်နေတဲ့ဘုရင်အဖြစ် အခွင့်အာဏာ ရထားပေမဲ့ အာဏာကို အလွဲသုံးစား မလုပ်ဘူး။ ဒါပေမဲ့ မေးခွန်းတချို့ ပေါ် လာတယ်။

အောင်ပွဲခံဖို့ အခွင့်အာဏာကို ဘယ်သူ့ဆီက ယေရှု ရထားသလဲ။ (ဗျာဒိတ် ၆:၂) ပရောဖက်ဒံယေလက “လူသားနဲ့တူတဲ့သူ” မေရှိယအကြောင်း စိတ်အာရုံတစ်ခု ရခဲ့တယ်။ ယေရှုကို “အုပ်ချုပ်ခွင့်အာဏာ၊ ဂုဏ်ကျက်သရေနဲ့ နိုင်ငံတစ်ခု” ပေးအပ်သူဟာ “အသက်အကြီးဆုံးအရှင်” ယေဟောဝါဘုရားကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ဘူး။a (ဒံယေလ ၇:၁၃၊ ၁၄) ဒါကြောင့် အုပ်ချုပ်ဖို့၊ တရားစီရင်ဖို့ ယေရှုကို အခွင့်အာဏာပေးအပ်သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ မြင်းဖြူဟာ ဘုရားသခင့်သားတော် တရားသဖြင့်ဆင်နွှဲမယ့် စစ်ပွဲကို ပုံဆောင်တာ သင့်လျော်ပါတယ်။ ကျမ်းစာမှာ အဖြူရောင်ကို ဖြောင့်မတ်ခြင်းရဲ့ သင်္ကေတအဖြစ် အသုံးပြုလေ့ရှိလို့ပဲ။—ဗျာဒိတ် ၃:၄။ ၇:၉၊ ၁၃၊ ၁၄။

မြင်းစီးသူရဲတွေဟာ ဘယ်အချိန်မှာ စပြီးစီးနင်းသလဲ။ ပထမမြင်းစီးသူရဲ ယေရှုဟာ သရဖူရတာနဲ့ စီးနင်းတယ်ဆိုတာ သိရတယ်။ (ဗျာဒိတ် ၆:၂) ကောင်းကင်မှာ ဘုရင်အဖြစ် ဘယ်အချိန်မှာ ယေရှု နန်းတက်သလဲ။ သေဆုံးပြီးနောက် ကောင်းကင် ပြန်တက်သွားချိန်မှာတော့ မဟုတ်ဘူး။ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရမှန်း ကျမ်းစာ ဖော်ပြတယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) ကောင်းကင်မှာ သူ ဘယ်အချိန်ထိ စောင့်ရမလဲ၊ ဘယ်အချိန် စအုပ်ချုပ်မလဲဆိုတာ တပည့်တွေ သိနိုင်တဲ့နည်းကို ပေးခဲ့တယ်။ သူ့အုပ်ချုပ်မှု စတင်တဲ့အခါ ကမ္ဘာ့အခြေအနေတွေ သိသိသာသာ ဆိုးရွားသွားမယ်လို့ ပြောခဲ့တယ်။ စစ်တွေ၊ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ ဖြစ်လိမ့်မယ်။ (မဿဲ ၂၄:၃၊ ၇။ လုကာ ၂၁:၁၀၊ ၁၁) ၁၉၁၄ မှာ ပထမကမ္ဘာစစ်ဖြစ်ပြီး မကြာခင် လူတွေဟာ ဒုက္ခကာလကို စကြုံခဲ့ရမှန်း ထင်ရှားတယ်။ အဲဒါကို ကျမ်းစာမှာ “နောက်ဆုံးကာလ” လို့ ခေါ်ထားတယ်။—၂ တိမောသေ ၃:၁-၅။

၁၉၁၄ မှာ ယေရှု နန်းတက်ပြီဆိုရင် အခြေအနေတွေ ပိုကောင်းမလာဘဲ ဘာကြောင့် ပိုဆိုးလာသလဲ။ အဲဒီအချိန်မှာ ယေရှုဟာ ဒီကမ္ဘာပေါ်မှာမဟုတ်ဘဲ ကောင်းကင်မှာ စတင်အုပ်ချုပ်နေလို့ပဲ။ ကောင်းကင်မှာ စစ်ဖြစ်တယ်၊ မိက္ခေလလို့ နာမည်ရတဲ့ နန်းတက်စဘုရင် ယေရှုဟာ စာတန်နဲ့ နတ်ဆိုးတွေကို မြေကြီးပေါ် ပစ်ချလိုက်တယ်။ (ဗျာဒိတ် ၁၂:၇-၉၊ ၁၂) နယ်မြေကန့်သတ်ခံထားရတဲ့ စာတန်ဟာ သူနေရမယ့်အချိန် သိပ်မကျန်တော့မှန်းသိလို့ ဒေါသူပုန်ထနေတယ်။ စာတန်ကို ဘုရားသခင် ဖျက်ဆီးပြီး ကမ္ဘာပေါ်မှာ အလိုတော် ပြည့်စုံစေမယ့်အချိန် သိပ်နီးနေပြီ။ (မဿဲ ၆:၁၀) ဒုက္ခများတဲ့ “နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေရမှန်း ကျန်တဲ့ မြင်းစီးသူရဲသုံးဦးက ဘယ်လိုနည်းနဲ့ ပိုသေချာစေတယ်ဆိုတာ ကြည့်ရအောင်။ မြင်းစီးသူရဲသုံးဦးဟာ ပထမမြင်းစီးသူရဲလို လူတစ်ဦးကို အတိအကျ ပုံဆောင်တာ မဟုတ်ဘူး။ သူတို့ဟာ လူ့အဖွဲ့အစည်းကို အကြီးအကျယ် ရိုက်ခတ်သွားတဲ့ ကမ္ဘာ့အခြေအနေတွေကို ပုံဆောင်တယ်။

မြင်းနီစီးသူ

“အဲဒီနောက် မြင်းနီတစ်စီး ထွက်လာတယ်။ မြင်းစီးသူရဲက လူလူချင်း သတ်ဖြတ်စေဖို့ ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့်ရတယ်။ သူက ဓားကြီးတစ်လက်ကို ရတယ်။”—ဗျာဒိတ် ၆:၄။

မြင်းနီစီးသူဟာ စစ်ပွဲကို ပုံဆောင်တယ်။ နိုင်ငံအနည်းငယ်ကမဟုတ်ဘဲ တစ်ကမ္ဘာလုံးက ငြိမ်သက်ခြင်းကို ရုပ်သိမ်းတယ်လို့ ပြောထားတယ်။ လူ့သမိုင်းမှာ ပထမဆုံးအနေနဲ့ ၁၉၁၄ မှာ ကမ္ဘာချီစစ်ပွဲ ဖြစ်ပွားခဲ့တယ်။ အဲဒီနောက် အဖျက်စွမ်းအား ပိုကြီးတဲ့ ဒုတိယကမ္ဘာစစ် လိုက်ပါလာတယ်။ ၁၉၁၄ ကစပြီးဖြစ်တဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ သန်း ၁၀၀ ကျော်သွားပြီလို့ တချို့ ခန့်မှန်းကြတယ်။ အကြီးအကျယ် ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီးရှိတယ်။

လက်ရှိအချိန်မှာ စစ်ပွဲတွေဟာ ဘယ်အတိုင်းအတာအထိ ထူးခြားနေသလဲ။ သမိုင်းတစ်လျှောက် တစ်ခါနဲ့မှမတူအောင် လူ့အသက်အားလုံးကို ခြွေယူနိုင်စွမ်း ရှိပုံပေါက်နေတယ်။ ကုလသမဂ္ဂလို ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့ အဖွဲ့အစည်းတွေတောင် မြင်းနီစီးသူကို မတားဆီးပေးနိုင်ဘူး။

မြင်းနက်စီးသူ

“ကြည့်လိုက်တော့ မြင်းနက်တစ်စီးကို မြင်တယ်။ မြင်းစီးသူရဲက ချိန်ခွင်တစ်လက် ကိုင်ထားတယ်။ သတ္တဝါလေးပါးရဲ့ အလယ်ကနေ ထွက်လာပုံရတဲ့ အသံတစ်သံက ‘ဂျုံတစ်ခွက်အတွက် ဒေနာရိတစ်ပြား၊ မုယောသုံးခွက်အတွက် ဒေနာရိတစ်ပြား ပေးရတယ်။ သံလွင်ဆီနဲ့ စပျစ်ဝိုင်ကို မပြတ်စေနဲ့’ လို့ပြောတာကို ကျွန်တော်ကြားတယ်။”—ဗျာဒိတ် ၆:၅၊ ၆။

မြင်းနက်စီးသူဟာ အစာခေါင်းပါးမှုကို ပုံဆောင်တယ်။ ဂျုံတစ်ခွက်အတွက် ပထမရာစုရဲ့ တစ်ရက်လုပ်အားခဖြစ်တဲ့ ဒေနာရိတစ်ပြား ပေးရတဲ့အထိ အစာရှားလွန်းတာကို ရုပ်ပုံမှာ တွေ့နိုင်တယ်။ (မဿဲ ၂၀:၂) ဂျုံထက်ညံ့တဲ့ မုယောဆိုရင်တော့ အဲဒီငွေနဲ့ သုံးခွက် ဝယ်နိုင်တယ်။ မိသားစုကြီးဆိုရင် ဘယ်လို စားလို့လောက်မလဲ။ အဲဒီခေတ်အခါက နေ့စဉ် အဓိကစားကုန်ဖြစ်တဲ့ သံလွင်ဆီနဲ့ ဝိုင်ကို ခြိုးခြံချွေတာဖို့ သတိပေးထားတယ်။

မြင်းနက်စီးသူဟာ ၁၉၁၄ ကစပြီး စတင်စီးနင်းနေတဲ့ အထောက်အထားကို ကျွန်တော်တို့ တွေ့နေရပြီလား။ တွေ့နေရပြီ။ ၂၀ ရာစုအတွင်းမှာ အစာခေါင်းပါးမှုကြောင့် သေဆုံးသူ သန်း ၇၀ လောက်ရှိတယ်။ “၂၀၁၂-၂၀၁၄ ခုနှစ်အတွင်းမှာ လူ ၈၀၅ သန်းဟာ အကြီးအကျယ် အာဟာရချို့တဲ့နေတယ်။ အဲဒါဟာ ကမ္ဘာ့လူဦးရေ ကိုးယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်” လို့ သတင်းတစ်ပုဒ်က ခန့်မှန်းတယ်။ “နှစ်စဉ် အေအိုင်ဒီအက်စ်၊ ငှက်ဖျားနဲ့ တီဘီရောဂါကြောင့် သေတာထက် ငတ်ပြီးသေတဲ့သူက ပိုများတယ်” လို့ နောက်သတင်းတစ်ပုဒ်က ဆိုတယ်။ အစာငတ်ပြတ်သူတွေကို ကျွေးမွေးဖို့ ကြိုးစားလုပ်ဆောင်နေတာတောင် မြင်းနက်စီးသူဟာ စီးနင်းနေတုန်းပဲ။

မြင်းမွဲစီးသူ

“ကြည့်လိုက်တော့ မြင်းမွဲတစ်စီးကို မြင်ရတယ်။ မြင်းစီးသူရဲနာမည်က သေမင်းလို့ ခေါ်တယ်။ သင်္ချိုင်းလည်း သူ့နောက်ကနေ ကပ်လိုက်လာတယ်။ သူတို့က ကမ္ဘာမြေရဲ့ လေးပုံတစ်ပုံမှာရှိတဲ့ လူတွေကို ဓားဘေး၊ အစာခေါင်းပါးဘေး၊ ကပ်ရောဂါဘေး၊ မြေသားရဲဘေးတွေနဲ့ သတ်နိုင်တဲ့ အခွင့်အာဏာ ရထားတယ်။”—ဗျာဒိတ် ၆:၈။

စတုတ္ထမြင်းစီးသူဟာ ကပ်ရောဂါနဲ့ တခြားဘေးတွေကြောင့် သေဆုံးရတာကို ပုံဆောင်တယ်။ ၁၉၁၄ နောက်ပိုင်း မကြာခင်မှာ စပိန်တုပ်ကွေးကြောင့် လူတွေ သန်းနဲ့ချီသေဆုံးရတယ်။ သန်း ၅၀၀ လောက်ဟာ ရောဂါကူးစက်ခံရပြီး ၃ ယောက်မှာ ၁ ယောက်ပဲ အသက်ရှင်တယ်။

စပိန်တုပ်ကွေးဟာ အစပဲရှိသေးတယ်။ ၂၀ ရာစုအတွင်း ရေကျောက်ပေါက်လို့ လူသန်း ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြတယ်။ အခုချိန်မှာ ဆေးပညာ အကြီးအကျယ် ထွန်းကားနေတဲ့ကြားက အေအိုင်ဒီအက်စ်၊ ငှက်ဖျားနဲ့ တီဘီရောဂါကြောင့် သန်းနဲ့ချီ သေဆုံးနေရတယ်။

စစ်၊ အငတ်ဘေး၊ ကပ်ရောဂါ ဘာကြောင့်ပဲဖြစ်ပါစေ သေခြင်းမှာ ဇာတ်သိမ်းကြရတယ်။ သင်္ချိုင်းဟာ ဘာမျှော်လင့်ချက်မှ မပေးဘဲ လူ့အသက်တွေကို မနားတမ်း ခြွေယူနေတယ်။

ကောင်းမွန်တဲ့အနာဂတ် လက်တစ်ကမ်းမှာရှိ

လက်ရှိဒုက္ခကာလဟာ ကုန်ဆုံးတော့မယ်။ ယေရှုဟာ ၁၉၁၄ မှာ ‘အောင်ပွဲခံရင်း ထွက်သွားတယ်၊’ စာတန်ကို မြေကြီးပေါ် နှင်ချလိုက်ပေမဲ့ အပြီးသတ်အောင်ပွဲ မခံရသေးဘူးဆိုတာ သတိရပါ။ (ဗျာဒိတ် ၆:၂။ ၁၂:၉၊ ၁၂) မကြာခင် အာမဂေဒုန်မှာ ယေရှုဟာ စာတန်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဖယ်ရှားပစ်မယ်၊ သူ့နောက်လိုက်တွေကို ဖျက်ဆီးပစ်မယ်။ (ဗျာဒိတ် ၂၀:၁-၃) မြင်းစီးသူရဲသုံးဦးရဲ့ စီးနင်းမှုကို အဆုံးသတ်ပစ်ရုံမက သူတို့ရဲ့စီးနင်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တာတွေကို နဂိုအတိုင်း ပြန်ဖြစ်စေမယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာမှာ ဘယ်လို ကတိပေးထားတယ်ဆိုတာ လေ့လာကြည့်ပါ။

စစ်ပွဲတွေ မရှိတော့ဘဲ ငြိမ်သက်အေးချမ်းလာမယ်။ ယေဟောဝါက “မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်းဖြတ်ပစ်တယ်။” (ဆာလံ ၄၆:၉) ငြိမ်သက်ခြင်းကို မြတ်နိုးသူတွေကတော့ “များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၁။

အစာခေါင်းပါးမှု မရှိတော့ဘဲ အစားအစာ ပေါများကြွယ်ဝလာမယ်။ “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၆။

ပရဒိသုမှာရောက်နေတဲ့ လူတွေ

ယေရှုဟာ မြင်းစီးသူရဲသုံးဦးရဲ့ စီးနင်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တာတွေကို နဂိုအတိုင်း ပြန်ဖြစ်စေတော့မယ်

ကပ်ရောဂါနဲ့ သေခြင်းမရှိတော့ဘဲ လူအားလုံး ဒေါင်ဒေါင်မြည် ကျန်းမာပြီး ထာဝစဉ် အသက်ရှင်ရမယ်။ “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄။

မြေကြီးပေါ် ရှိခဲ့စဉ်က ယေရှုဟာ အနာဂတ်မှာ သူအုပ်ချုပ်တဲ့အခါ ဘယ်လိုအခြေအနေမျိုးရှိမယ်ဆိုတာ ကြိုတင်ဖော်ပြခဲ့တယ်။ ငြိမ်သက်မှုရှိအောင် လုပ်ဆောင်ခဲ့တယ်။ ထောင်နဲ့ချီတဲ့လူတွေကို အံ့ဖွယ်နည်းနဲ့ ကျွေးမွေးခဲ့တယ်။ ဖျားနာသူတွေကို ကုသပေးတယ်။ သေလွန်သူတွေကိုတောင် အသက် ပြန်ရှင်စေခဲ့တယ်။—မဿဲ ၁၂:၁၅။ ၁၄:၁၉-၂၁။ ၂၆:၅၂။ ယောဟန် ၁၁:၄၃၊ ၄၄။

အဲဒီမြင်းစီးသူရဲတွေရဲ့ စီးနင်းမှု ပြီးဆုံးတဲ့အခါ ဘယ်လို အသင့်ရှိနေနိုင်တယ်ဆိုတဲ့အကြောင်း ယေဟောဝါသက်သေတွေက သင့်ကို ကျမ်းစာထဲကနေ ပြပေးချင်ပါတယ်။ ဒီထက်မက လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်တယ်။

မြင်းစီးသူရဲလေးဦးရဲ့ ဖွင့်ပြချက်

မြင်းဖြူစီးသူယေရှုရဲ့ အောင်ပွဲကြောင့် ပရဒိသု ဖြစ်ပေါ်လာတယ်

ဗျာဒိတ် ၆:၁၊ ၂

မြင်းဖြူ

စီးနင်းသူဟာ ယေရှုခရစ်ဖြစ်တယ်။ ၁၉၁၄ မှာ စတင်အုပ်ချုပ်ပြီး မကြာခင် အပြီးသတ် အောင်ပွဲခံမယ်၊ ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်စေမယ်။

မြင်းနီစီးသူဟာ စစ်ပွဲကို ပုံဆောင်တယ်

ဗျာဒိတ် ၆:၃၊ ၄

မြင်းနီ

စီးနင်းသူဟာ စစ်ပွဲကို ပုံဆောင်တယ်။ ၁၉၁၄ ကစပြီး ကမ္ဘာစစ်ကြီးတွေ၊ ပဋိပက္ခတွေကြောင့် လူသန်းပေါင်း များစွာ သေဆုံးခဲ့ရတယ်။

မြင်းနက်စီးသူဟာ အစာခေါင်းပါးမှုကို ပုံဆောင်တယ်

ဗျာဒိတ် ၆:၅၊ ၆

မြင်းနက်

စီးနင်းသူဟာ အစာခေါင်းပါးမှုကို ဆိုလိုတယ်။ အစာရှားပါးမှုကြောင့် လူသန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတယ်။

မြင်းမွဲစီးသူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရတာကို ပုံဆောင်တယ်။ သင်္ချိုင်းဟာ လူ့အသက်တွေကို မနားတမ်း ခြွေယူနေတယ်

ဗျာဒိတ် ၆:၇၊ ၈

မြင်းမွဲ

ရောဂါနဲ့ တခြားအကြောင်းရင်းတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရတာကို ပုံဆောင်တယ်။ သင်္ချိုင်းဟာ လူ့အသက်တွေကို ခြွေယူနေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ