ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဩဂုတ် စာ. ၈-၁၂
  • “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူ့ဉာဏ်နဲ့မမီနိုင်”
  • ‘ဘာမှ မစိုးရိမ်နဲ့’
  • မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်တဲ့ ပုံနမူနာများ
  • စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး
  • ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာပါ’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • သိလအားပေးရာရင်းမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ထောင်မှူးတစ်ယောက် အမှန်တရားရ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါ၏တရားတော် လွှမ်းမိုးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဩဂုတ် စာ. ၈-၁၂
ထောင်ထဲ ထိပ်တုံးခတ်ခံထားရတဲ့ ပေါလုနဲ့ သိလ

“လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း”

“လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံး . . . ကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိ. ၄:၇။

သီချင်း– ၁၁၂၊ ၅၈

သင် ဘယ်လို ဖြေမလဲ

  • ဖိလိပ္ပိမြို့က တမန်တော်ပေါလုရဲ့ ဖြစ်ရပ်ကနေ ဘာသင်ခန်းစာတွေ သင်ယူနိုင်သလဲ။

  • မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်နိုင်ကြောင်း ဘယ်ကျမ်းစာ ပုံနမူနာတွေက ဖော်ပြသလဲ။

  • “ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ဘယ်လို ထိန်းသိမ်းနိုင်သလဲ။

၁၊ ၂။ ဖိလိပ္ပိမြို့မှာ ပေါလုနဲ့ သိလတို့ ဘာကြောင့် ထောင်ထဲ ရောက်သွားကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ညသန်းခေါင်လောက်မှာပေါ့။ ဖိလိပ္ပိထောင်ထဲမှာ သာသနာပြု ပေါလုနဲ့ သိလတို့ အကျဉ်းကျနေတယ်။ ခြေထောက်တွေကို ထိပ်တုံး ခတ်ထားတယ်။ ကြိမ်ဒဏ်ကြောင့် ကျောတွေ နာကျင်နေတုန်းပဲ။ (တ. ၁၆:၂၃၊ ၂၄) အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်။ လူအုပ်က သူတို့ကို ဗြုန်းစားကြီး တရားသူကြီးတွေဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ အဝတ်တွေ ဆွဲချွတ်ပြီး ကြိမ်ဒဏ်ပေးတယ်။ (တ. ၁၆:၁၆-၂၂) တကယ့်မတရားမှုပါပဲ။ ရောမနိုင်ငံသား ပေါလုကို တော်မှန်စွာ မေးမြန်းစစ်ဆေးရမှာ။a

၂ ပေါလု အမှောင်ထဲမှာ ထိုင်ရင်း တစ်နေ့တာအကြောင်း ပြန်တွေးနေတယ်။ ဖိလိပ္ပိမြို့သားတွေအကြောင်း စဉ်းစားမိတယ်။ ပေါလု လည်ပတ်ခဲ့တဲ့ တခြားမြို့တွေလို ဖိလိပ္ပိမြို့မှာ ဂျူးတရားဇရပ် မရှိဘူး။ ဂျူးတွေဟာ မြို့ပြင်မြစ်ကမ်းနားမှာ စုဝေးလေ့ရှိကြတယ်။ (တ. ၁၆:၁၃၊ ၁၄) တရားဇရပ် ဆောက်ဖို့ လိုအပ်တဲ့ ဂျူးအမျိုးသား ဆယ်ယောက်တောင် မရှိလို့လား။ ဖိလိပ္ပိမြို့သားတွေဟာ ရောမနိုင်ငံသား ဖြစ်ရတာကို အလွန်ဂုဏ်ယူကြတယ်။ (တ. ၁၆:၂၁) ဒါကြောင့်လည်း ပေါလုနဲ့ သိလတို့ ရောမနိုင်ငံသား ဖြစ်နိုင်တယ်လို့ မစဉ်းစားမိကြတာလား။ ဘာပဲဖြစ်ဖြစ် သူတို့တစ်တွေ မတရားသဖြင့် ထောင်ချခံလိုက်ရတယ်။

၃။ ထောင်ကျတာကို ပေါလု ဘာကြောင့် စိတ်ရှုပ်မိနိုင်သလဲ။ ဘယ်သဘောထား တင်ပြခဲ့သလဲ။

၃ ပေါလုဟာ လွန်ခဲ့တဲ့လအနည်းငယ်အတွင်းက ဖြစ်ရပ်တွေကိုလည်း စဉ်းစားနေနိုင်တယ်။ အာရှမိုင်းနား၊ အေဂျီယန်ပင်လယ်တစ်ဖက်ကမ်းမှာ ရှိနေတုန်း ဒေသတချို့မှာ မဟောဖို့ သန့်ရှင်းသော စွမ်းအားတော် အကြိမ်ကြိမ် တားမြစ်ခဲ့တယ်။ တခြားတစ်နေရာကို သွားဖို့ သန့်ရှင်းသော စွမ်းအားတော် တိုက်တွန်းနေသလိုပဲ။ (တ. ၁၆:၆၊ ၇) ဒါပေမဲ့ ဘယ်နေရာလဲ။ တရောမြို့မှာ မြင်ခဲ့တဲ့ စိတ်အာရုံက ဖော်ပြတယ်။ ‘မက်ဆီဒိုးနီးယားပြည်ကို ကူးလာပါ’ လို့ ပေါလုကို ပြောတယ်။ ယေဟောဝါရဲ့ အလိုတော်ကို ရှင်းရှင်းလင်းလင်း သိရပြီမို့ ဖိတ်ခေါ်ချက်ကို ပေါလု ချက်ချင်း လက်ခံခဲ့တယ်။ (တမန်တော် ၁၆:၈-၁၀ ကိုဖတ်ပါ။) ဘာတွေ ဆက်ဖြစ်သလဲ။ မက်ဆီဒိုးနီးယားပြည် ရောက်ပြီး မကြာခင် ထောင်ကျသွားတယ်။ ဘာကြောင့် ယေဟောဝါ ခွင့်ပြုခဲ့သလဲ။ ထောင်ထဲမှာ ဘယ်လောက်ကြာကြာ နေရမလဲ။ အဲဒီမေးခွန်းတွေနဲ့ ပေါလု စိတ်လေးနေရင်တောင် ယုံကြည်ခြင်းနဲ့ ဝမ်းမြောက်ခြင်း လျော့ပါးမခံခဲ့ဘူး။ ပေါလုနဲ့ သိလနှစ်ယောက်စလုံး “ဆုတောင်းပြီး ဘုရားသခင်ကို ချီးမွမ်းသီချင်း ဆို” ခဲ့ကြတယ်။ (တ. ၁၆:၂၅) ဘုရားသခင့် ငြိမ်သက်ခြင်းက သူတို့ကို စိတ်သက်သာရာ ရစေတယ်။

၄၊ ၅။ (က) ကျွန်တော်တို့ရဲ့ အခြေအနေဟာ ပေါလုရဲ့ အခြေအနေနဲ့ ဘယ်လို ဆင်တူနိုင်သလဲ။ (ခ) ပေါလုရဲ့ အခြေအနေ မမျှော်လင့်ဘဲ ဘယ်လို ပြောင်းလဲသွားသလဲ။

၄ ပေါလုလိုပဲ သင်လည်း ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအတိုင်း လိုက်လျှောက်နေပါလျက်နဲ့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါတွေ ရှိနိုင်တယ်။ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်။ အပြောင်းအလဲကြီးတွေ လုပ်ဖို့ လိုအပ်တဲ့ အခြေအနေသစ်တွေ ကြုံရနိုင်တယ်။ (ဒေ. ၉:၁၁) တချို့ကိစ္စတွေကို ယေဟောဝါ ဘာကြောင့် ခွင့်ပြုသလဲလို့ တွေးမိနိုင်တယ်။ ဒါဆိုရင် ယေဟောဝါကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ ဆက်ခံရပ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ အဖြေကို သိဖို့ ပေါလုနဲ့ သိလအကြောင်း ဆက်သုံးသပ်ကြည့်ကြစို့။

၅ ပေါလုနဲ့ သိလတို့ ချီးမွမ်းသီချင်း ဆိုနေတုန်း မျှော်လင့်မထားတာတွေ ဆက်တိုက် ဖြစ်လာတယ်။ ရုတ်တရက် မြေငလျင် ပြင်းထန်စွာ လှုပ်ပြီး ထောင်တံခါးတွေ ပွင့်ကုန်တယ်။ ထောင်သားအားလုံး အချုပ်အနှောင်ကနေ လွတ်ကုန်တယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ့် ထောင်မှူးကို ပေါလု တားဆီးခဲ့တယ်။ ထောင်မှူးနဲ့ တစ်မိသားစုလုံး နှစ်ခြင်းခံကြတယ်။ နောက်တစ်နေ့မှာ လက်ထောက်တရားသူကြီးတွေက အစောင့်ရဲမက်တွေ လွှတ်ပြီး ပေါလုနဲ့ သိလကို လွှတ်ခိုင်းလိုက်တယ်။ မြို့ထဲကနေ အေးအေးဆေးဆေး ထွက်သွားကြဖို့ ပြောတယ်။ ပေါလုနဲ့ သိလတို့ ရောမနိုင်ငံသားတွေဖြစ်မှန်း၊ မိမိတို့ အမှား လုပ်မိမှန်း တရားသူကြီးတွေ သိသွားတဲ့အတွက် သူတို့ကိုယ်တိုင် မြို့ပြင်အထိ လိုက်ပို့ကြတယ်။ ဒါပေမဲ့ ပေါလုနဲ့ သိလဟာ နှစ်ခြင်းခံပြီးခါစ ညီအစ်မ လုဒိအိမ်ကို အရင်သွားပြီး နှုတ်ဆက်စကား ပြောကြတယ်။ ညီအစ်ကိုတွေကိုလည်း အားပေးခဲ့ကြတယ်။ (တ. ၁၆:၂၆-၄၀) အဖြစ်အပျက်တွေ ပြောင်းလဲသွားတာ မြန်ဆန်လွန်းလှတယ်။

“လူ့ဉာဏ်နဲ့မမီနိုင်”

၆။ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။

၆ ဒီဖြစ်ရပ်တွေကနေ ဘာတွေ သင်ယူရသလဲ။ မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်နိုင်တယ်။ ဒါကြောင့် စမ်းသပ်မှုတွေ ကြုံရတဲ့အခါ စိုးရိမ်ဖို့ မလိုဘူး။ အဲဒီဖြစ်ရပ်ကနေ ပေါလု သင်ခန်းစာ ရသွားတယ်။ ဖိလိပ္ပိမြို့ ညီအစ်ကိုတွေဆီ စိုးရိမ်ပူပန်မှုအကြောင်း၊ ဘုရားသခင့် ငြိမ်သက်ခြင်းအကြောင်း နောက်ပိုင်းမှာ ရေးခဲ့တယ်။ ဖိလိပ္ပိ ၄:၆၊ ၇ (ဖတ်ပါ) မှာပါတဲ့ ပေါလုရဲ့ စကားတွေကို ဦးဆုံး သုံးသပ်ကြည့်ကြစို့။ မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်ခဲ့တဲ့ ကျမ်းစာ ပုံနမူနာတွေကိုလည်း ဆွေးနွေးပါမယ်။ ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှုအပြည့်နဲ့ ခံရပ်နိုင်ဖို့ “ဘုရားသခင့် ငြိမ်သက်ခြင်း” က ဘယ်လို ကူညီပေးနိုင်ကြောင်းလည်း ဆွေးနွေးကြပါမယ်။

၇။ ဖိလိပ္ပိမြို့က ညီအစ်ကိုတွေဆီ နောက်ပိုင်း ရေးတဲ့စာမှာ ဘယ်သင်ခန်းစာကို ပေါလု အလေးပေးခဲ့သလဲ။ ပေါလုရဲ့ စကားတွေကနေ ဘာသင်ခန်းစာ ယူနိုင်သလဲ။

၇ ဖိလိပ္ပိမြို့က ညီအစ်ကိုတွေ ပေါလုရဲ့စာကို ဖတ်ရတဲ့အခါ ပေါလု ကြုံခဲ့ရတဲ့ အဖြစ်အပျက်အကြောင်း၊ မျှော်လင့်မထားတာတွေကို ယေဟောဝါ ဘယ်လို လုပ်ဆောင်ခဲ့ကြောင်း အမှတ်ရခဲ့ကြမှာပဲ။ သူတို့ကို ပေါလု ဘာသင်ပေးနေတာလဲ။ မစိုးရိမ်ဖို့ သင်ပေးနေတာပါ။ ဆုတောင်းပါ။ ဒါဆိုရင် ဘုရားသခင့် ငြိမ်သက်ခြင်း ရရှိလိမ့်မယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်းက” “လူ့ဉာဏ်နဲ့ မမီနိုင်” ကြောင်း သတိပြုပါ။ ဘာကို ဆိုလိုသလဲ။ ဘာသာပြန်တချို့က “လူ့စိတ်ကူးနဲ့ မမီနိုင်၊” “လူ့အကြံအစည်တွေထက် သာလွန်” လို့ ပြန်ဆိုကြတယ်။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ဟာ စိတ်ကူးလို့ မရနိုင်လောက်အောင် သာလွန်ကောင်းမွန်တယ်လို့ ပေါလု ပြောနေတာပါ။ ဒါကြောင့် လူ့ရှုထောင့်ကကြည့်ရင် ပြဿနာတွေရဲ့ ဖြေရှင်းနည်းကို မမြင်နိုင်ပေမဲ့ ယေဟောဝါကတော့ မြင်နိုင်ပြီး မျှော်လင့်မထားတာတွေ လုပ်ဆောင်နိုင်တယ်။—၂ ပေတရု ၂:၉ ကိုဖတ်ပါ။

၈၊ ၉။ (က) ဖိလိပ္ပိမြို့မှာ ကြုံခဲ့တဲ့ မတရားမှုကနေ ဘာရလဒ်ကောင်း ရရှိခဲ့သလဲ။ (ခ) ဖိလိပ္ပိမြို့က ညီအစ်ကိုတွေ ပေါလုရဲ့ စကားကို ဘာကြောင့် အလေးအနက် ထားကြသလဲ။

၈ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဖြစ်ရပ်တွေကို ဖိလိပ္ပိမြို့က ညီအစ်ကိုတွေ ပြန်တွေးတဲ့အခါ အားရှိခဲ့မှာပဲ။ ပေါလုရဲ့ စကားတွေ သိပ်မှန်တယ်။ မတရားမှုကို ယေဟောဝါ ခွင့်ပြုခဲ့ပေမဲ့ “သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင် လုပ်” ခွင့် ရခဲ့တယ်။ (ဖိ. ၁:၇) တရားသူကြီးတွေဟာ တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်ကို မဆင်မခြင် မဆန့်ကျင်ရဲတော့ဘူး။ ပေါလုရဲ့ လုပ်ရပ်ကြောင့် ခရီးသွားဖော် ဆရာဝန် လုကာဟာ ပေါလုနဲ့ သိလတို့ ထွက်သွားပြီးနောက် ဖိလိပ္ပိမြို့မှာ ဆက်နေနိုင်ခဲ့တယ်။ ဒါကြောင့် လုကာဟာ ဖိလိပ္ပိမြို့က အသင်းတော်သစ်ကို ကူညီပေးနိုင်ခဲ့တယ်။

၉ ဖိလိပ္ပိမြို့က ညီအစ်ကိုတွေ ပေါလုရဲ့စာကို ဖတ်ရတဲ့အခါ ရုံးခန်းမှာ ထိုင်ရေးတဲ့စာပဲ မဟုတ်ဘူးဆိုတာကို သိကြတယ်။ ပေါလုကိုယ်တိုင် အခက်ခဲဆုံး အခြေအနေတွေ ကြုံခဲ့ရတယ်။ ဒါပေမဲ့ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရှိကြောင်း ဖော်ပြခဲ့တယ်။ တကယ်တော့ ဒီစာ ရေးတဲ့အချိန်မှာ ပေါလု ရောမမြို့မှာ အကျယ်ချုပ်ကျနေတယ်။ ဒါတောင် “ဘုရားသခင့် ငြိမ်သက်ခြင်း” ရှိကြောင်း ပြနေတုန်းပဲ။—ဖိ. ၁:၁၂-၁၄။ ၄:၇၊ ၁၁၊ ၂၂။

‘ဘာမှ မစိုးရိမ်နဲ့’

၁၀၊ ၁၁။ ပြဿနာအတွက် အစိုးရိမ်လွန်နေတဲ့အခါ ဘာလုပ်ရမလဲ။ ဘာမျှော်လင့်နိုင်သလဲ။

၁၀ ဘာမှ မစိုးရိမ်ဘဲ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။ စိုးရိမ်စိတ်ရဲ့ ဖြေဆေးက ဆုတောင်းခြင်းပဲဆိုတာ ဖိလိပ္ပိအသင်းတော်ကို ရေးတဲ့ ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။ စိုးရိမ်ပူပန်တဲ့အခါ ရင်ဖွင့် ဆုတောင်းလိုက်ပါ။ (၁ ပေတရု ၅:၆၊ ၇ ကိုဖတ်ပါ။) ယေဟောဝါ ဂရုစိုက်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ ဆုတောင်းပါ။ ကိုယ်ခံစားရတဲ့ ကောင်းချီးတွေကို သတိရပြီး “ကျေးဇူးတော်ကို ချီးမွမ်း” ပါ။ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန် လုပ်ဆောင်နိုင်” တယ်ဆိုတာ အမှတ်ရမယ်ဆိုရင် ဘုရားအပေါ် ယုံကြည်စိတ်ချမှု တိုးများလာပါလိမ့်မယ်။—ဧ. ၃:၂၀။

၁၁ ဖိလိပ္ပိမြို့က ပေါလုနဲ့ သိလတို့ အဖြစ်လိုပဲ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးခဲ့တာတွေကို အံ့ဩမိနိုင်တယ်။ ထူးထူးခြားခြား မဟုတ်ရင်တောင်မှ လိုအပ်တာကိုတော့ အမြဲ လုပ်ဆောင်ပေးပါလိမ့်မယ်။ (၁ ကော. ၁၀:၁၃) ယေဟောဝါ တည့်မတ်ပေးမယ့်အချိန်၊ ပြဿနာ ဖြေရှင်းပေးမယ့်အချိန်ကို ဘာမှ မလုပ်ဘဲ ထိုင်စောင့်နေပါလို့ မဆိုလိုပါဘူး။ ဆုတောင်းချက်နဲ့အညီ လုပ်ဆောင်ရမယ်။ (ရော. ၁၂:၁၁) ကျွန်တော်တို့ရဲ့ လုပ်ရပ်က စိတ်ရင်းမှန်မှုကို ဖော်ပြပြီး ယေဟောဝါရဲ့ ကောင်းချီး ရရှိစေတယ်။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်၊ ကြံစည်ချက်၊ မျှော်လင့်ချက်တွေထက် ယေဟောဝါ ပိုလုပ်ဆောင်နိုင်ကြောင်း သိထားရမယ်။ တစ်ခါတလေ မျှော်လင့်မထားတာတွေ လုပ်ဆောင်ပြီး အံ့ဩသွားစေတယ်။ ကျွန်တော်တို့အတွက် မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်ပေးနိုင်စွမ်းရှိကြောင်း ပိုယုံကြည်စိတ်ချစေတဲ့ ကျမ်းစာမှတ်တမ်းတချို့ကို သုံးသပ်ကြည့်ရအောင်။

မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်တဲ့ ပုံနမူနာများ

၁၂။ (က) အဆီးရီးယားဘုရင် သနာခရိပ် ခြိမ်းခြောက်တဲ့အခါ ဘုရင်ဟေဇကိ ဘာလုပ်ခဲ့သလဲ။ (ခ) ပြဿနာကို ယေဟောဝါ ဖြေရှင်းပုံကနေ ဘာသင်ယူရသလဲ။

၁၂ မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်တဲ့ ပုံနမူနာတွေ ကျမ်းစာမှာ မကြာခဏ တွေ့ရတယ်။ ဘုရင်ဟေဇကိခေတ်မှာ အဆီးရီးယားဘုရင် သနာခရိပ်က ယုဒပြည်ကို ကျူးကျော်ပြီး ဂျေရုဆလင်မြို့ကလွဲလို့ တခြားမြို့တွေကို သိမ်းပိုက်ခဲ့တယ်။ (၂ ဘု. ၁၈:၁-၃၊ ၁၃) နောက်တော့ ဂျေရုဆလင်မြို့ဘက် အာရုံလှည့်လာတယ်။ ဘုရင်ဟေဇကိ ဘာလုပ်ခဲ့သလဲ။ ယေဟောဝါဆီ ဆုတောင်းပြီး ယေဟောဝါရဲ့ ပရောဖက် ဟေရှာယဆီ အကြံတောင်းခဲ့တယ်။ (၂ ဘု. ၁၉:၅၊ ၁၅-၂၀) သနာခရိပ် တောင်းတဲ့ အခွန်ငွေ ပေးဆောင်ခြင်းအားဖြင့် အကျိုးသင့်အကြောင်းသင့်သဘော တင်ပြတယ်။ (၂ ဘု. ၁၈:၁၄၊ ၁၅) ရေရှည်ဝိုင်းရံပိတ်ဆို့မှုအတွက် ကြိုတင်ပြင်ဆင်တယ်။ (၂ ရာ. ၃၂:၂-၄) ဒါပေမဲ့ ပြဿနာ ဘယ်လို ပြေလည်သွားသလဲ။ ကောင်းကင်တမန်တစ်ပါးကို ယေဟောဝါ စေလွှတ်ပြီး သနာခရိပ်ရဲ့ စစ်သား ၁၈၅,၀၀၀ ကို တစ်ညတည်းမှာ ကွပ်မျက်ခဲ့တယ်။ ဒီလိုဖြစ်ဖို့ ဟေဇကိ မျှော်လင့်ခဲ့မှာ မဟုတ်ဘူး။—၂ ဘု. ၁၉:၃၅။

မိမိရဲ့တံဆိပ်လက်စွပ်ကို ယောသပ်ကို ဖာရောပေး

ယောသပ်အဖြစ်ကနေ ဘာသင်ယူရသလဲ။—က. ၄၁:၄၂ (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ (က) ယောသပ်အဖြစ်ကနေ ဘာသင်ယူရသလဲ။ (ခ) အာဗြဟံရဲ့ ဇနီး စာရာ့ဘဝမှာ မျှော်လင့်မထားတာတစ်ခု ဘယ်လို ဖြစ်ခဲ့သလဲ။

၁၃ ယာကုပ်ရဲ့သား လူငယ် ယောသပ်အကြောင်း သုံးသပ်ကြည့်ပါ။ အီဂျစ်ပြည်မှာ ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်လာမယ်၊ အငတ်ဘေးကနေ မိသားစုကို ကယ်ဖို့ ယေဟောဝါ အသုံးပြုမယ်လို့ ထောင်ကျနေတုန်း တစ်ခါမှ တွေးခဲ့မှာ မဟုတ်ဘူး။ (က. ၄၀:၁၅။ ၄၁:၃၉-၄၃။ ၅၀:၂၀) ယောသပ် မျှော်လင့်မထားတာတွေကို ယေဟောဝါ လုပ်ဆောင်ခဲ့တယ်။ ယောသပ်ရဲ့ အဘွား စာရာအကြောင်းလည်း သုံးသပ်ကြည့်ပါ။ ကျွန်မ,မွေးတဲ့သားအပြင် ကိုယ်တိုင် သားလေးမွေးမယ်လို့ အသက်ကြီးနေတဲ့ စာရာ မျှော်လင့်ခဲ့သလား။ အိဇက် မွေးလာမယ်လို့ စာရာ လုံးဝ တွေးမထားခဲ့ဘူး။—က. ၂၁:၁-၃၊ ၆၊ ၇။

၁၄။ ယေဟောဝါကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၄ ကမ္ဘာသစ် မရောက်ခင် ပြဿနာအားလုံးကို အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ဖယ်ရှားပေးမယ်လို့ ကျွန်တော်တို့ မမျှော်လင့်ပါဘူး။ ထူးခြားတာ တစ်ခုခု လုပ်ပေးဖို့လည်း မတောင်းဆိုပါဘူး။ ဒါပေမဲ့ ယေဟောဝါဘုရားက မိမိကျေးကျွန်တွေကို အံ့ဖွယ်နည်းတွေနဲ့ ကူညီပေးတဲ့ဘုရား ဖြစ်မှန်း ကျွန်တော်တို့ သိတယ်။ (ဟေရှာယ ၄၃:၁၀-၁၃ ကိုဖတ်ပါ။) ဒါက ဘုရားအပေါ် ယုံကြည်စိတ်ချမှု တိုးများစေတယ်။ အလိုတော်ကို အပြည့်အဝ ထမ်းဆောင်နိုင်စွမ်းပေးဖို့ ဘာမဆို လုပ်ပေးနိုင်မှန်း သိကြတယ်။ (၂ ကော. ၄:၇-၉) ဒီကျမ်းစာမှတ်တမ်းတွေကနေ ဘာသင်ခန်းစာတွေ ရသလဲ။ ဟေဇကိ၊ ယောသပ်၊ စာရာတို့ရဲ့ အဖြစ်တွေက ဖော်ပြတဲ့အတိုင်း ဘုရားအပေါ် သစ္စာရှိမယ်ဆိုရင် မတတ်စွမ်းနိုင်ပုံရတဲ့အရာတွေကို တတ်စွမ်းနိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။

ဘုရားအပေါ် သစ္စာရှိမယ်ဆိုရင် မတတ်စွမ်းနိုင်ပုံရတဲ့အရာ တွေကို တတ်စွမ်းနိုင်အောင် ယေဟောဝါ ကူညီပေးနိုင်

၁၅။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ဘယ်လို ဆက်ထိန်းသိမ်းနိုင်သလဲ။

၁၅ အခက်အခဲတွေကို ရင်ဆိုင်ပြီး “ဘုရားသခင့် ငြိမ်သက်ခြင်း” ကို ဘယ်လို ဆက်ထိန်းသိမ်းနိုင်သလဲ။ ယေဟောဝါဘုရားနဲ့ ဆက်ဆံရေးကောင်း ထိန်းသိမ်းထားခြင်းအားဖြင့်ပါပဲ။ အဲဒီဆက်ဆံရေးက ရွေးဖိုးအဖြစ် အသက်ပေးခဲ့တဲ့ “ခရစ်တော်ယေရှုကတစ်ဆင့်” ပဲ ရနိုင်တယ်။ ဒီရွေးဖိုးဟာ အဖဘုရားရဲ့ အံ့ဖွယ်လုပ်ရပ် နောက်တစ်ခုဖြစ်တယ်။ ယေဟောဝါက ရွေးဖိုးကို အသုံးပြုပြီး ကျွန်တော်တို့အပြစ်ကို ဖုံးအုပ်ပေးတယ်။ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရရှိစေတယ်။ ဘုရားနဲ့ ရင်းနှီးစေတယ်။—ယော. ၁၄:၆။ ယာ. ၄:၈။ ၁ ပေ. ၃:၂၁။

စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး

၁၆။ “ဘုရားသခင့် ငြိမ်သက်ခြင်း” ရှိရင် ဘာအကျိုး ရမလဲ။ ဥပမာ ပေးပါ။

၁၆ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ရရှိတဲ့အခါ ဘာအကျိုးတွေ ခံစားရသလဲ။ ‘ခရစ်တော်ယေရှုကတစ်ဆင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်’ လို့ ကျမ်းစာ အဖြေပေးတယ်။ (ဖိ. ၄:၇) “စောင့်ရှောက်” ဆိုတဲ့ မူရင်းစကားလုံးဟာ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်းဖြစ်တယ်။ ရှေးခေတ်တုန်းက မြို့တွေကို စောင့်ဖို့ တာဝန်ကျတဲ့ တပ်ဖွဲ့ကို ရည်ညွှန်းတယ်။ ဖိလိပ္ပိမြို့ဟာ အဲဒီလိုမြို့မျိုး ဖြစ်တယ်။ မြို့တံခါးတွေကို စစ်သားတွေ စောင့်ကြပ်နေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ဖိလိပ္ပိမြို့သားတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်တယ်။ အလားတူပဲ “ဘုရားသခင့် ငြိမ်သက်ခြင်း” က ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ငြိမ်းအေးစေတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်ကြောင်း၊ အောင်မြင်စေချင်ကြောင်း သိထားကြတယ်။ (၁ ပေ. ၅:၁၀) အဲဒီအသိက စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုကြောင့် ဖိစီးမနေဖို့ ကာကွယ်ပေးတယ်။

၁၇။ အနာဂတ်ကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ ရင်ဆိုင်ဖို့ ဘာက ကူညီပေးမလဲ။

၁၇ မကြာခင် ကမ္ဘာပေါ် ဖြစ်ခဲ့သမျှမှာ အကြီးမားဆုံး ဘေးဒုက္ခ ကျရောက်ပါတော့မယ်။ (မ. ၂၄:၂၁၊ ၂၂) ကျွန်တော်တို့တစ်ယောက်စီ ဘာကြုံတွေ့ရမလဲဆိုတာ အသေးစိတ် မသိကြဘူး။ ဒါပေမဲ့ စိုးရိမ်ပူပန်ဖို့ မလိုပါဘူး။ ယေဟောဝါ လုပ်ဆောင်မယ့်အရာ မှန်သမျှကို မသိပေမဲ့ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်ကိုတော့ သိကြတယ်။ ဘာပဲဖြစ်ဖြစ် မိမိရည်ရွယ်ချက်ကို အမြဲပြည့်စုံစေမယ်၊ တစ်ခါတလေ မျှော်လင့်မထားတာတွေကို လုပ်ဆောင်မယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေကနေ သိထားကြတယ်။ ယေဟောဝါ အဲဒီလို လုပ်ဆောင်ပေးတိုင်း “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့် ငြိမ်သက်ခြင်း” ကို နည်းလမ်းအသစ်နဲ့ ခံစားရနိုင်ပါတယ်။

a သိလလည်း ရောမနိုင်ငံသား ဖြစ်ပုံရတယ်။—တ. ၁၆:၃၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ