ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဩဂုတ် စာ. ၁၃-၁၇
  • လက်အားမလျှော့ဖို့ စိတ်ပိုင်းဖြတ်ထား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်အားမလျှော့ဖို့ စိတ်ပိုင်းဖြတ်ထား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘ မောင်နှမများ
  • အချိန်ပြည့်လုပ်ငန်းမှာ စပါဝင်ခဲ့ပုံ
  • သင်ခန်းစာများ သင်ယူခြင်း
  • ကွီဘက်မြို့တိုက်ပွဲ
  • ညီအစ်ကိုတွေကို မိခင်ဘာသာစကားနဲ့ လေ့ကျင့်ပေးခြင်း
  • ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ တည်ဆောက်ခြင်း
  • ထက်သန်တဲ့အဖော်နဲ့ အိမ်ထောင်သည် ဘဝ
  • တခြားအာဖရိကနိုင်ငံတွေမှာ အမှုဆောင်ခြင်း
  • ယေဟောဝါရဲ့ အမှုတော်မှာ ကျေနပ်ပျော်ရွှင်စရာ အသက်တာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • မဟာသွန်သင်ရှင်ဆီက ရတဲ့ သင်ခန်းစာအပြည့်နဲ့ အသက်တာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ပုံသက်သေကောင်းသူတွေဆီကနေ သင်ယူလို့ ကောင်းချီး ကြွယ်ဝစွာ ရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မှန်ကန်သောရွေးချယ်မှုက အသက်တာတစ်လျှောက် ကောင်းချီးရစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဩဂုတ် စာ. ၁၃-၁၇

ဘဝအတ္ထုပ္ပတ္တိ

လက်အားမလျှော့ဖို့ စိတ်ပိုင်းဖြတ်ထား

မက်စင် ဒန်နီလာကို ပြောပြတယ်

“ဒယ်ဒီ၊” “ပါပါး၊” “အန်ကယ်။” ဗေသလမှာရှိတဲ့ လူငယ်များစွာက ကျွန်တော့်ကို အဲဒီလို ခေါ်ကြတယ်။ အသက် ၈၉ နှစ် ဆိုတော့ အဲဒီလိုခေါ်တာကို ကြိုက်တယ်။ သူတို့ရဲ့ ချစ်မြတ်နိုးမှုဟာ အချိန်ပြည့်လုပ်ငန်းမှာ ၇၂ နှစ် ပါဝင်ခဲ့တဲ့အတွက် ယေဟောဝါဆီက ရတဲ့ ကောင်းချီးပါပဲ။ ကျွန်တော့်ရဲ့ အမှုဆောင်လုပ်ငန်း အတွေ့အကြုံအရ လက်အားမလျှော့ရင် “ခင်ဗျားတို့ရဲ့ လုပ်ရပ်အတွက် အကျိုးခံစားရမှာပါ” လို့ ဒီလူငယ်လေးတွေကို အားပေးချင်ပါတယ်။—၂ ရာ. ၁၅:၇။

မိဘ မောင်နှမများ

မက်စင် ဒန်နီလာကို

မိဘတွေက ယူကရိန်းကနေ ကနေဒါကို ပြောင်းရွှေ့လာသူတွေဖြစ်တယ်။ မနီတိုးဗားပြည်နယ်၊ ရော့စ်ဘန်းမြို့မှာ အခြေချတယ်။ သားသမီး ၁၆ ယောက်ရှိပြီး ယောက်ျားလေး ၈ ယောက်၊ မိန်းကလေး ၈ ယောက်၊ အမြွှာတစ်ယောက်မှ မပါဘူး။ ကျွန်တော်က ၁၄ ယောက်မြောက်ပါ။ အဖေက ကျမ်းစာကို မြတ်နိုးပြီး တနင်္ဂနွေမနက်တိုင်း ကျမ်းစာဖတ်ပြလေ့ရှိတယ်။ ဘာသာရေးကို စီးပွားရေးလုပ်ငန်းလို့မြင်ပြီး “ယေရှုကို တရားဟောခ ဘယ်သူပေးသလဲ မသိဘူးနော်” လို့ ဟာသလုပ်တတ်တယ်။

မောင်နှမတွေထဲမှာ ရှစ်ယောက်က အမှန်တရားကို လက်ခံလာတယ်။ အစ်မ ရို့စ်ဟာ သေဆုံးချိန်အထိ ရှေ့ဆောင်လုပ်ခဲ့တယ်။ သူမသေဆုံးခင် နောက်ဆုံးနေ့တွေမှာ “ကမ္ဘာသစ်မှာ ပြန်တွေ့ချင်တယ်” ဆိုပြီး လူတိုင်းကို အားပေးခဲ့တယ်။ အစ်ကို တဒ်က အစကတော့ ငရဲအကြောင်း ဟောပြောသူပါ။ အပြစ်သားတွေဟာ မငြိမ်းနိုင်တဲ့ ငရဲမီးထဲမှာ ထာဝစဉ် လောင်ကျွမ်းနေမယ်ဆိုပြီး တနင်္ဂနွေနေ့တိုင်း ရေဒီယိုကနေ ဟောပြောလေ့ရှိတယ်။ နောက်ပိုင်း ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်ဖြစ်လာတယ်။

အချိန်ပြည့်လုပ်ငန်းမှာ စပါဝင်ခဲ့ပုံ

၁၉၄၄၊ ဇွန်လ၊ တစ်နေ့မှာ ကျောင်းကနေ အိမ်ပြန်ရောက်တော့ လာမယ့်ကမ္ဘာ့လူမျိုးဆက်a ဆိုတဲ့ စာအုပ်ငယ်တစ်အုပ် ထမင်းစားပွဲပေါ်မှာ တွေ့လိုက်တယ်။ ပထမစာမျက်နှာ ဖတ်ပြီး ဒုတိယစာမျက်နှာ ဆက်ဖတ်တယ်။ ပြီးတော့ လက်က မချနိုင်အောင် ဖြစ်သွားတယ်။ တစ်အုပ်လုံး ဖတ်ပြီးတော့ ယေရှုလိုပဲ ယေဟောဝါရဲ့ အမှုဆောင်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။

စာအုပ်ငယ်လေးက စားပွဲပေါ် ဘယ်လိုရောက်လာတာလဲ။ အစ်ကို စတိဗ်က လူနှစ်ယောက် စာအုပ်ရောင်းနေတာ တွေ့လို့ “တစ်အုပ်ဝယ်လိုက်တယ်။ ငါးပြားပဲ ပေးရတာ” လို့ပြောတယ်။ နောက်တနင်္ဂနွေနေ့မှာ အဲဒီလူတွေ ပြန်လာတယ်။ သူတို့က ယေဟောဝါသက်သေတွေ ဖြစ်ကြောင်း၊ လူတွေမေးတဲ့ မေးခွန်းတွေကို ကျမ်းစာသုံးပြီး ဖြေပေးကြောင်း ပြောတယ်။ ကျမ်းစာကို လေးမြတ်ဖို့ မိဘတွေ သင်ပေးထားလို့ ကျွန်တော်တို့ သဘောကျသွားတယ်။ အစ်မအယ်စီ နေတဲ့ ဝီနီပက်မြို့မှာ သက်သေခံတွေ မကြာခင် အစည်းအဝေးကြီး ကျင်းပမယ်လို့လည်း ပြောတယ်။ ကျွန်တော် သွားတက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မိုင် ၂၀၀ ဝေးတဲ့ ဝီနီပက်မြို့ကို စက်ဘီးနင်းသွားတယ်။ ကျွန်တော်တို့အိမ်ကို လာလည်တဲ့ သက်သေခံနှစ်ယောက် နေတဲ့ ကယ်ဝုမြို့မှာ ခဏဝင်နားတယ်။ အဲဒီမှာနားတုန်း အစည်းအဝေး တက်ဖြစ်ပြီး အသင်းတော်ဆိုတာ ဘာမှန်း သိလာတယ်။ အမျိုးသား/သမီးတိုင်း၊ ကလေးတိုင်း ယေရှုလိုပဲ တစ်အိမ်တက်ဆင်း သွားသင့်ကြောင်းလည်း နားလည်လာတယ်။

ဝီနီပက်မြို့မှာ အွန်တာရီယို မြောက်ပိုင်းကနေ အစည်းအဝေး လာတက်တဲ့ အစ်ကိုကြီး ဂျက်နဲ့ ဆုံတယ်။ အစည်းအဝေးကြီး ပထမနေ့မှာ နှစ်ခြင်းအစီအစဉ် ရှိကြောင်း ကြေညာတော့ ဂျက်နဲ့ ကျွန်တော် နှစ်ခြင်းခံဖို့ ဆုံးဖြတ်လိုက်တယ်။ နှစ်ခြင်းခံပြီးတာနဲ့ အမြန်ဆုံး ရှေ့ဆောင်စလုပ်ဖို့ နှစ်ယောက်စလုံး စိတ်ပိုင်းဖြတ်ထားတယ်။ အစည်းအဝေးကြီး ပြီးတာနဲ့ အချိန်ပြည့်လုပ်ငန်းမှာ ဂျက် စပါဝင်ခဲ့တယ်။ ကျွန်တော်ကတော့ အသက် ၁၆ နှစ်ပဲရှိသေးလို့ ကျောင်းပြန်တက်ရတယ်။ ဒါပေမဲ့ နောက်နှစ်မှာ မှန်မှန်ရှေ့ဆောင် လုပ်ခဲ့တယ်။

သင်ခန်းစာများ သင်ယူခြင်း

မနီတိုးဗားပြည်နယ်၊ ဆူရက်မြို့မှာ စတန် နီကိုစန်နဲ့အတူ ရှေ့ဆောင်စလုပ်ခဲ့တယ်။ ရှေ့ဆောင်လုပ်ရတာ အမြဲမလွယ်မှန်း မကြာခင်မှာပဲ သိလိုက်ရတယ်။ စုထားတာလေးတွေ ကုန်လာပေမဲ့ ဆက်ဟောနေတုန်းပဲ။ တစ်နေ့မှာ တစ်နေကုန် အမှုဆောင်ပြီးနောက် လက်ထဲ ငွေတစ်ပြားမှ မကျန်တော့လို့ ဗိုက်ဆာဆာနဲ့ အိမ်ပြန်လာတယ်။ အိမ်ရှေ့မှာ အစားအစာတစ်ထုပ် တွေ့လိုက်ရလို့ အံ့ဩသွားတယ်။ ဘယ်သူလာထားသွားမှန်း ဒီနေ့ထိ မသိဘူး။ အဲဒီညနေမှာ ကောင်းကောင်း စားလိုက်ရတယ်။ လက်အားမလျှော့လို့ ရတဲ့ ဆုလာဘ်ပါပဲ။ အဲဒီလကုန်မှာ အရင်ကထက် ကိုယ်အလေးချိန် တက်လာတယ်။

လအနည်းငယ်ကြာတော့ ဆူရက်မြို့ မြောက်ဘက် မိုင် ၁၅၀ လောက်မှာရှိတဲ့ ဂီဘတ်ပလိန်းမြို့မှာ တာဝန်ကျတယ်။ အဲဒီတုန်းက အသင်းတော်တိုင်း စင်မြင့်ပေါ်မှာ လစဉ် လယ်ကွင်းလုပ်ငန်း လုပ်ဆောင်မှုပြ ဇယား ကပ်ထားလေ့ရှိတယ်။ တစ်လမှာ တိုးတက်မှု ကျသွားတဲ့အတွက် ပိုလုပ်ဆောင်ဖို့ ကျွန်တော် ဟောပြောချက် ပေးရတယ်။ အစည်းအဝေးပြီးနောက် မယုံကြည်သူ ခင်ပွန်းရှိတဲ့ သက်ကြီးရှေ့ဆောင် ညီအစ်မတစ်ယောက်က “ကျွန်မ ကြိုးစားပေမဲ့ ဒီ့ထက်ပိုပြီး မတတ်နိုင်တော့ဘူး” လို့ မျက်ရည်ဝဲပြီး လာပြောရှာတယ်။ ကျွန်တော်လည်း မျက်ရည်ကျပြီး တောင်းပန်ခဲ့ရတယ်။

ကျွန်တော့်အဖြစ်က ဖော်ပြတဲ့အတိုင်း စိတ်ထက်သန်နေတဲ့ လူငယ် ညီအစ်ကိုတွေဟာ အဲဒီလိုအမှားမျိုး အလွယ်တကူ မှားမိနိုင်ပြီး နောက်မှ စိတ်ပျက်နိုင်တယ်။ ဒါပေမဲ့ လက်အားလျှော့မယ့်အစား အမှားကနေ သင်ခန်းစာယူတာ၊ ရှေ့ဆက်သွားရင်း သင်ခန်းစာကို စိတ်စွဲမှတ်ထားတာ အကောင်းဆုံးဖြစ်တယ်။ သစ္စာရှိရှိ လုပ်ဆောင်ရင် ကောင်းချီးခံစားရပါလိမ့်မယ်။

ကွီဘက်မြို့တိုက်ပွဲ

၂၁ နှစ်အရွယ်မှာ ၁၄ ကြိမ်မြောက် ဂိလဒ်သင်တန်းတက်ရတာ အခွင့်ထူးပဲ။ ၁၉၅၀၊ ဖေဖော်ဝါရီလမှာ သင်တန်းဆင်းတယ်။ သင်တန်းသား လေးပုံတစ်ပုံလောက်က ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ်ကို စေလွှတ်ခံရတယ်။ ပြင်သစ်စကားပဲပြောတဲ့ အဲဒီပြည်နယ်မှာ သက်သေခံတွေ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံရတယ်။ ရွှေတွင်းတွေရှိတဲ့ ဗယ်ဒေါမြို့မှာ ကျွန်တော်တာဝန်ကျတယ်။ တစ်နေ့၊ အနီးအနားက ဗယ်စန်ဗေးရွာမှာ အုပ်စုလိုက် အမှုဆောင်နေတုန်း ဒေသခံ ဘုန်းတော်ကြီးက ရွာကနေ ချက်ချင်း မထွက်သွားရင် ဝိုင်းရိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒီကိစ္စ တရားရုံး ရောက်သွားတယ်။ ကျွန်တော်က တရားလို။ ဘုန်းတော်ကြီး ဒဏ်ငွေရိုက်ခံလိုက်ရတယ်။b

အဲဒီဖြစ်ရပ်နဲ့ အလားတူဖြစ်ရပ်တွေက “ကွီဘက်မြို့တိုက်ပွဲ” အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ကွီဘက်ပြည်နယ်ကို ကက်သလစ်ချာ့ချ် ထိန်းချုပ်လာတာ နှစ်ပေါင်း ၃၀၀ ကျော်ပြီ။ ဘုန်းတော်ကြီးတွေနဲ့ သူတို့ရဲ့ နိုင်ငံရေးမဟာမိတ်တွေက ယေဟောဝါသက်သေတွေကို နှိပ်စက်ညှဉ်းပန်းကြတယ်။ ကျွန်တော်တို့က လူနည်းစုလေးဆိုတော့ တော်တော်ခက်တယ်။ ဒါပေမဲ့ လက်အားမလျှော့ခဲ့ကြဘူး။ စိတ်ရိုးဖြောင့်တဲ့ ကွီဘက်ပြည်သားတွေ လက်ခံတုံ့ပြန်ခဲ့ကြတယ်။ အမှန်တရား လက်ခံသူများစွာနဲ့ ကျွန်တော် ကျမ်းစာလေ့လာခွင့် ရခဲ့တယ်။ ကျမ်းစာသင်အံမှုတစ်ခုမှာဆိုရင် မိသားစုဝင် ဆယ်ဦးရှိပြီး တစ်မိသားစုလုံး ယေဟောဝါကို ကိုးကွယ်လာတယ်။ သူတို့ရဲ့ သတ္တိရှိတဲ့ ပုံသက်သေက ကက်သလစ်ချာ့ချ်ကနေ ထွက်ဖို့ တခြားသူတွေကိုလည်း လှုံ့ဆော်ပေးခဲ့တယ်။ ကျွန်တော်တို့ ဆက်ဟောခဲ့ပြီး နောက်ဆုံးမှာ တိုက်ပွဲကို အနိုင်ရခဲ့တယ်။

ညီအစ်ကိုတွေကို မိခင်ဘာသာစကားနဲ့ လေ့ကျင့်ပေးခြင်း

၁၉၅၆ ခုနှစ်၊ ဟေတီနိုင်ငံမှာ တာဝန်ကျတယ်။ သာသနာပြုအသစ် အများစုက ပြင်သစ်စကား ကြိုးစားပြောဆိုကြပြီး လူတွေကလည်း နားထောင်ကြတယ်။ “ပြင်သစ်စကားပြောတတ်အောင် ဒေသခံတွေက အတတ်နိုင်ဆုံး ကူညီပေးကြတယ်” လို့ သာသနာပြု စတန်လီ ဘိုဂက် ပြောတယ်။ ကွီဘက်မှာ ပြင်သစ်စကား တတ်ခဲ့လို့ အစပိုင်းမှာတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ဒေသခံ ညီအစ်ကိုအများစုက ဟေတီကရီအောလ်စကား ပြောကြမှန်း သိလာတယ်။ ထိထိရောက်ရောက် အမှုဆောင်နိုင်ဖို့ ဒေသခံစကားကို သင်ခဲ့ရတယ်။ ကြိုးစားရကျိုး နပ်ပါတယ်။

ညီအစ်ကိုတွေကို ထပ်ဆင့်ကူညီပေးနိုင်ဖို့ ကင်းမျှော်စင်နဲ့ တခြားစာပေတွေကို ဟေတီကရီအောလ်စကားနဲ့ ဘာသာပြန်ဖို့ အုပ်ချုပ်ရေးအဖွဲ့ ခွင့်ပြုလိုက်တယ်။ တစ်နိုင်ငံလုံးမှာ အစည်းအဝေး တက်ရောက်သူနှုန်း သိသိသာသာ တိုးလာတယ်။ ၁၉၅၀ တုန်းက ဟေတီမှာ ကြေညာသူ ၉၉ ယောက်ပဲ ရှိတယ်။ ၁၉၆၀ မှာ ကြေညာသူ ၈၀၀ ကျော် ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ ဌာနခွဲမှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ ၁၉၆၁ မှာ နိုင်ငံတော်ဓမ္မအမှုကျောင်း သွန်သင်ပေးသူအဖြစ် တာဝန်ရတယ်။ အသင်းတော် ကြီးကြပ်မှူးနဲ့ အထူးရှေ့ဆောင် ၄၀ ကို လေ့ကျင့်ပေးနိုင်ခဲ့တယ်။ ၁၉၆၂၊ ဇန်နဝါရီ ခရိုင်အစည်းအဝေးမှာ အမှုဆောင်လုပ်ငန်း တိုးချဲ့ကြဖို့ အရည်အချင်း ပြည့်မီတဲ့ ဒေသခံ ညီအစ်ကိုတွေကို အားပေးခဲ့တယ်။ အထူးရှေ့ဆောင်အဖြစ် တချို့ ခန့်အပ်ခံခဲ့ရတယ်။ ဆန့်ကျင်မှု ကြုံရတော့မှာမို့ အချိန်ကိုက်ပါပဲ။

အစည်းအဝေး ပြီးပြီးချင်း ၁၉၆၂၊ ဇန်နဝါရီ ၂၃ မှာ သာသနာပြု အန်ဒရူးဒမီကိုနဲ့ ကျွန်တော် ဌာနခွဲရုံးမှာ အဖမ်းခံရတယ်။ ၁၉၆၂၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့! (ပြင်သစ်) အားလုံး အသိမ်းခံလိုက်ရတယ်။ ဟေတီမှာ ဗူးဒူးနတ်ဆိုးအတတ် ကျင့်သုံးနေတယ်လို့ ဖော်ပြတဲ့ ပြင်သစ်သတင်းစာကို အဲဒီ နိုးလော့! မှာ ကိုးကားထားတယ်။ အဲဒါကို တချို့ မကြိုက်ကြဘူး။ ဆောင်းပါးကို ဌာနခွဲမှာ ရေးတယ်လို့ စွပ်စွဲကြတယ်။ သီတင်းပတ် အနည်းငယ်ကြာတော့ သာသနာပြုတွေ နယ်နှင်ခံရတယ်။c ဒါပေမဲ့ လေ့ကျင့်ခံထားရတဲ့ ဒေသခံ ညီအစ်ကိုတွေ အရှိန်မပျက် ဆက်လုပ်ခဲ့ကြတယ်။ ဒီနေ့ သူတို့ရဲ့ ခံနိုင်ရည်နဲ့ ဘုရားရေးရာ တိုးတက်မှုတွေကြောင့် သူတို့နဲ့အတူ ဝမ်းသာရပါတယ်။ အခုဆို ဟေတီကရီအောလ်စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းတောင် ရနေပြီ။ အိပ်မက်လေး တကယ်ဖြစ်လာသလိုပါပဲ။

ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ တည်ဆောက်ခြင်း

ဟေတီမှာ အမှုဆောင်ပြီးနောက် ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ သာသနာပြုအဖြစ် တာဝန်ကျတယ်။ နောက်ပိုင်း တိုက်နယ်ကြီးကြပ်မှူး၊ ပြီးနောက် ဌာနခွဲကြီးကြပ်မှူးအဖြစ် အမှုဆောင်ခွင့် ရခဲ့တယ်။

အဲဒီခေတ်တုန်းက နိုင်ငံတော်ခန်းမတွေဟာ သိပ်ရိုးရှင်းတယ်။ တောထဲမှာ သက်ကယ်ရိတ်ပြီး အမိုး မိုးတတ်လာတယ်။ လမ်းသွားလမ်းလာတွေက ကျွန်တော် ခက်ခက်ခဲခဲ အမိုးမိုးနေတာ တွေ့တော့ အံ့ဩကြတယ်။ အဲဒါက ညီအစ်ကိုတွေကို နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ပိုပါဝင်ဖို့ အားပေးမှုဖြစ်စေတယ်။ ချာ့ချ်တွေက သွပ်မိုးနဲ့ဆိုတော့ ဘာသာရေးခေါင်းဆောင်တွေ လှောင်ပြောင်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ မမှုဘဲ နိုင်ငံတော်ခန်းမတွေကို ဆက်မိုးကြတယ်။ မြို့တော်ဘန်ဂီကို မုန်တိုင်း ဝင်တိုက်တော့ လှောင်ပြောင်တာတွေ ရပ်သွားတယ်။ ချာ့ချ်ရဲ့ သွပ်မိုးတွေ လမ်းပေါ် လွင့်ကုန်တယ်။ နိုင်ငံတော်ခန်းမတွေရဲ့ သက်ကယ်အမိုးတွေကတော့ ပုံမပျက်ဘူး။ နိုင်ငံတော်လုပ်ငန်းကို ပိုထိရောက်စွာ ကြီးကြပ်နိုင်ဖို့ ဌာနခွဲရုံးနဲ့ သာသနာပြုအိမ်အသစ်ကို ငါးလအတွင်း ဆောက်ခဲ့တယ်။d

ထက်သန်တဲ့အဖော်နဲ့ အိမ်ထောင်သည် ဘဝ

မက်စင်နဲ့ ဟက်ပီး ဒန်နီလာကို မင်္ဂလာဆောင်တဲ့နေ့

မင်္ဂလာဆောင်တဲ့နေ့

၁၉၇၆၊ ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ နိုင်ငံတော်လုပ်ငန်းကို ပိတ်ပင်လိုက်လို့ အိမ်နီးချင်း ချဒ်နိုင်ငံ၊ မြို့တော်အင်ဂျမီနာမှာ တာဝန်ကျတယ်။ အဲဒီမှာ ကင်မရွန်းနိုင်ငံက ထက်သန်တဲ့ အထူးရှေ့ဆောင် ညီအစ်မဟက်ပီးနဲ့ ဆုံခဲ့တယ်။ ၁၉၇၈၊ ဧပြီ ၁ ရက်မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ အဲဒီလမှာပဲ ပြည်တွင်းစစ်ဖြစ်လို့ တခြားသူတွေနဲ့အတူ နိုင်ငံတောင်ပိုင်းကို ထွက်ပြေးရတယ်။ စစ်ပြီးနောက် ပြန်သွားတော့ ကျွန်တော်တို့အိမ်က လက်နက်ကိုင်အုပ်စုရဲ့ ဌာနချုပ် ဖြစ်ခဲ့မှန်း သိလိုက်ရတယ်။ စာပေတွေသာမက ဟက်ပီးရဲ့ လက်ထပ်ဝတ်စုံနဲ့ လက်ဖွဲ့ပစ္စည်းတွေလည်း တစ်ခုမှ မရှိတော့ဘူး။ ဒါပေမဲ့ လက်အားမလျှော့ပါဘူး။ ကျွန်တော်တို့ အချင်းချင်း ဖေးမပြီး လုပ်စရာရှိတာ ဆက်လုပ်ကြတယ်။

နှစ်နှစ်ကြာပြီးနောက် ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ပိတ်ပင်မှု ရုပ်သိမ်းလိုက်တယ်။ ဒါကြောင့် အဲဒီကို ပြန်သွားပြီး တိုက်နယ်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ခေါက်ခုတင်၊ ရေ ၅၃ ဂါလံ ဆံ့တဲ့ စည်ပိုင်း၊ ပရိုပိန်းဓာတ်ငွေ့သုံး ရေခဲသေတ္တာ၊ ဂက်စ်မီးဖိုတစ်လုံး ပါတဲ့ ဗန်ကားလေးကတော့ ကျွန်တော်တို့ရဲ့ အိမ်ပါပဲ။ ခရီးသွားရတာ ခက်ခဲတယ်။ ခရီးစဉ်တစ်ခုမှာဆိုရင် စစ်ဆေးရေးဂိတ် ၁၁၇ ခုထက်မနည်း ဖြတ်ခဲ့ရတယ်။

အပူချိန်က ၁၂၂ ဒီဂရီ ဖာရင်ဟိုက် (၅၀ ဒီဂရီ ဆဲလ်စီယပ်စ်) လောက် ရှိတယ်။ အစည်းအဝေးပွဲတွေမှာ တစ်ခါတလေ နှစ်ခြင်းအတွက် ရေအလုံအလောက် ရဖို့ ခက်တယ်။ ဒါကြောင့် ညီအစ်ကိုတွေက ခြောက်သွေ့နေတဲ့ မြစ်ကြမ်းပြင်ကို တူးပြီး စည်ပိုင်းထဲ နည်းနည်းစီ ခပ်ထည့်ရတယ်။

တခြားအာဖရိကနိုင်ငံတွေမှာ အမှုဆောင်ခြင်း

၁၉၈၀ မှာ နိုင်ဂျီးရီးယားကို ပြောင်းရတယ်။ ဌာနခွဲသစ်ဆောက်ဖို့ ပြင်ဆင်ရာမှာ နှစ်နှစ်ခွဲလောက် ကူညီပေးခဲ့တယ်။ ညီအစ်ကိုတွေက နှစ်ထပ်ဂိုဒေါင်တစ်လုံးကို ဝယ်၊ တစ်စစီဖျက်ပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်မှာ ပြန်တပ်ဆင်ကြတယ်။ တစ်မနက် အပေါ်တက်ပြီး ဝိုင်းဖျက်ပေးတယ်။ အောက်ပိုင်းကို ဖျက်ထားမှန်း မသိလိုက်ဘဲ နေ့လယ်ပိုင်းလောက်မှာ တက်ခဲ့တဲ့အတိုင်း ပြန်ဆင်းလာတော့ ကျွန်တော်ပြုတ်ကျပါလေရော။ အခြေအနေ တော်တော် ဆိုးတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ဓာတ်မှန်ရိုက် စစ်ဆေးပြီးနောက် ဆရာဝန်က ဟက်ပီးကို “မစိုးရိမ်ပါနဲ့။ အရွတ်တချို့ ပြဲသွားရုံပါ။ တစ်ပတ်လောက်ဆို ကောင်းသွားမှာပါ” လို့ ပြောတယ်။

မက်စင်နဲ့ ဟက်ပီး ဒန်နီလာကို အစည်းအဝေးပွဲ သွားတက်စဉ် လမ်းမှာ

“အများသုံး ပို့ဆောင်ဆက်သွယ်ရေးယာဉ်” နဲ့ အစည်းအဝေးပွဲ သွားတက်စဉ်

၁၉၈၆ မှာ ကုတ်ဒီအဗွားကို ပြောင်းပြီး နယ်လှည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ အိမ်နီးချင်း ဘာကီးနားဖားဆိုနိုင်ငံကိုလည်း လည်ပတ်ရတယ်။ နှစ်အတော်ကြာပြီးနောက် ဘာကီးနားမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။

နယ်လှည့်လုပ်ငန်းမှာ အိမ်အဖြစ် ဗန်ကားကို မက်စင်နဲ့ ဟက်ပီး ဒန်နီလာကို အသုံးပြုခဲ့

နယ်လှည့်လုပ်ငန်းမှာ ပါဝင်တုန်းက ကျွန်တော်တို့ရဲ့အိမ် ဗန်ကား

၁၉၅၆ မှာ ကနေဒါကနေ ထွက်လာခဲ့ပြီး နိုင်ငံရပ်ခြားမှာ ၄၇ နှစ်လောက် နေပြီးနောက် ၂၀၀၃ မှာ ကနေဒါဗေသလကို ပြန်ရောက်တယ်။ ဒီတစ်ခါတော့ ဟက်ပီးနဲ့အတူပါ။ စာရွက်ပေါ်မှာတော့ ကနေဒါနိုင်ငံသား၊ စိတ်ထဲမှာတော့ အာဖရိကသားပါ။

မက်စင်နဲ့ ဟက်ပီး ဒန်နီလာကို ကျမ်းစာသင်အံမှု လုပ်နေ

ဘာကီးနားဖားဆိုမှာ ကျမ်းစာသင်အံမှု လုပ်နေ

၂၀၀၇၊ အသက် ၇၉ မှာ အာဖရိကကို ပြန်ပြောင်းရတယ်။ ဘာကီးနားဖားဆိုမှာ တာဝန်ကျပြီး ကော်မတီဝင်အဖြစ် ကူညီပေးရတယ်။ နောက်ပိုင်း ဘီနင်ဌာနခွဲရဲ့ ကြီးကြပ်မှုအောက်မှာ ဘာသာပြန်ရုံးခွဲ ဖြစ်လာတယ်။ ၂၀၁၃၊ ဩဂုတ်မှာ ဘီနင်ဗေသလမှာ တာဝန်ကျတယ်။

ဘီနင်ဌာနခွဲမှာ မက်စင်နဲ့ ဟက်ပီး ဒန်နီလာကို

ဘီနင်ဌာနခွဲမှာ ဟက်ပီးနဲ့အတူ အမှုဆောင်စဉ်

ကျန်းမာရေး ကန့်သတ်ချက်တွေ ရှိပေမဲ့ အမှုဆောင်လုပ်ငန်းကတော့ နှလုံးသားထဲ ရှိနေဆဲပါ။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း အကြီးအကဲတွေနဲ့ ချစ်ဇနီးရဲ့ ထောက်မမှုကြောင့် ဇာဒါအိုနဲ့ ဖရာဇီလို့ခေါ်တဲ့ ကျမ်းစာသင်သားနှစ်ဦး နှစ်ခြင်းခံတာကို မြင်ခွင့်ရခဲ့တယ်။ အခု သူတို့ ယေဟောဝါကို ထက်သန်စွာ အမှုဆောင်နေကြပြီ။

ဒီအတောအတွင်း တောင်အာဖရိက ဌာနခွဲကို ပြောင်းရွှေ့ခဲ့ရတယ်။ ဗေသလမိသားစုက ကျွန်တော့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးကြတယ်။ တောင်အာဖရိကနိုင်ငံဟာ အာဖရိကမှာ အမှုဆောင်ခွင့်ရတဲ့ ခုနစ်ခုမြောက်နိုင်ငံပါ။ ၂၀၁၇၊ အောက်တိုဘာမှာ ထူးခြားတဲ့ကောင်းချီးတစ်ခု ရတယ်။ နယူးယောက်၊ ဝေါဝစ်မှာ ကမ္ဘာ့ဌာနချုပ် ဆက်ကပ်အပ်နှံပွဲ တက်ခွင့်ရတယ်။ မမေ့နိုင်စရာပါပဲ။

၁၉၉၄ နှစ်ချုပ်စာအုပ် (အင်္ဂလိပ်) စာမျက်နှာ ၂၅၅ မှာ ဒီလို ဖော်ပြထားတယ်– “နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိခဲ့သူတွေကို ‘သတ္တိရှိကြပါ။ စိတ်မပျက်ပါနဲ့။ ခင်ဗျားတို့ရဲ့ လုပ်ရပ်အတွက် အကျိုးခံစားရမှာပါ’ လို့ ကျွန်တော်တို့ အားပေးပါတယ်။—၂ ရာ. ၁၅:၇။” အဲဒီအားပေးချက်အတိုင်း လုပ်ဆောင်ဖို့၊ တခြားသူတွေကိုလည်း အဲဒီလို အားပေးဖို့ ဟက်ပီးနဲ့ ကျွန်တော် စိတ်ပိုင်းဖြတ်ထားပါတယ်။

a ၁၉၄၄ ခုနှစ်မှာ ယေဟောဝါသက်သေတွေ ထုတ်ဝေတယ်။ အခု မထုတ်ဝေတော့ပါ။

b ၁၉၅၃၊ နိုဝင်ဘာ ၈ ရက်ထုတ် နိုးလော့! [အင်္ဂလိပ်] စာမျက်နှာ ၃-၅ မှာပါတဲ့ “ယေဟောဝါသက်သေတွေကို တိုက်ခိုက်မှုကြောင့် ကွီဘက် ဘုန်းတော်ကြီး ပြစ်ဒဏ်ချမှတ်ခံရ” ဆောင်းပါးကို ကြည့်ပါ။

c အသေးစိတ်ကို ၁၉၉၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ် [အင်္ဂလိပ်] စာမျက်နှာ ၁၄၈-၁၅၀ မှာ ဖော်ပြထားတယ်။

d ၁၉၆၆၊ မေ ၈ ရက်ထုတ် နိုးလော့! [အင်္ဂလိပ်] စာမျက်နှာ ၂၇ ပါ “ခိုင်မာတဲ့ အုတ်မြစ်အပေါ် တည်ဆောက်ခြင်း” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ