ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဇွန် စာ. ၂၆-၃၁
  • မဟာသွန်သင်ရှင်ဆီက ရတဲ့ သင်ခန်းစာအပြည့်နဲ့ အသက်တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟာသွန်သင်ရှင်ဆီက ရတဲ့ သင်ခန်းစာအပြည့်နဲ့ အသက်တာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘတွေရဲ့ စံနမူနာ
  • အချိန်ပြည့် အမှုဆောင်လုပ်ငန်းအစ
  • သာသနာပြုဘဝ
  • ဥရောပနဲ့ အာဖရိက
  • အရှေ့အလယ်ပိုင်းဒေသသို့
  • အာဖရိကကို ပြန်ရောက်လာ
  • လက်အားမလျှော့ဖို့ စိတ်ပိုင်းဖြတ်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ယေဟောဝါရဲ့ ကောင်းချီးတွေက မျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါက ‘ကျွန်တော့်ရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယေဟောဝါအတွက် အမှုဆောင်ရင်း ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊ သင်ခန်းစာတွေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဇွန် စာ. ၂၆-၃၁
ဖရန်ကို ဒက်ကိုစတီနီ။

ဘဝအတ္ထုပ္ပတ္တိ

မဟာသွန်သင်ရှင်ဆီက ရတဲ့ သင်ခန်းစာအပြည့်နဲ့ အသက်တာ

ဖရန်ကို ဒက်ကိုစတီနီ ပြောပြတယ်

လက်နက်ကိုင် စစ်သားတွေ ရှိတဲ့ စစ်ဆေးရေးဂိတ်တွေ၊ လမ်းပိတ်ဖို့ သုံးတဲ့ အကာအရံကို မီးရှို့ထားတာတွေ၊ လေမုန်တိုင်းတွေ၊ ပြည်တွင်းစစ်တွေ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေ။ ဒါတွေက ရှေ့ဆောင်ဘဝ၊ သာသနာပြုဘဝမှာ ကျွန်တော်တို့ဇနီးမောင်နှံ ကြုံရတာတွေထဲက တချို့ပဲ ရှိသေးတယ်။ ဒါပေမဲ့ ဒီဘဝလမ်းစဉ်ကို ကျွန်တော်တို့ ဘာနဲ့မှ မလဲနိုင်ဘူး။ အသက်တာတစ်လျှောက် ကျွန်တော်တို့ကို ယေဟောဝါဘုရား ထောက်မပေးတယ်၊ ကောင်းချီးပေးတယ်။ မဟာသွန်သင်ရှင်အနေနဲ့ အဖိုးတန် သင်ခန်းစာတွေလည်း သင်ပေးတယ်။—ယောဘ ၃၆:၂၂။ ဟေရှာ. ၃၀:၂၀။

မိဘတွေရဲ့ စံနမူနာ

၁၉၅၇ ခုနှစ်မှာ အီတလီနိုင်ငံကနေ ကနေဒါနိုင်ငံ၊ ဆက်စကက်ချဝန်ပြည်နယ်၊ ကင်ဒါဇလီမြို့ကို မိဘတွေ ပြောင်းရွှေ့လာတယ်။ မကြာခင်မှာပဲ ကျမ်းစာအမှန်တရား သိလာပြီး အမှန်တရားဟာ မိသားစုရဲ့ ဦးစားထားရာ ဖြစ်လာတယ်။ ကျွန်တော် ငယ်ငယ်တုန်းက မိသားစုနဲ့ တစ်နေကုန် အမှုဆောင်လိုက်ထွက်တာ မှတ်မိသေးတယ်။ ဒါကြောင့် အသက် ၈ နှစ်နဲ့ “အရန်ရှေ့ဆောင်” ဖြစ်နေပြီလို့ တစ်ခါတလေ ဟာသပြောရတယ်။

မိဘ၊ မောင်နှမတွေနဲ့အတူ ဖရန်ကို ငယ်ငယ်တုန်းက။

၁၉၆၆ ခုနှစ်လောက်တုန်းက မိသားစုနဲ့အတူ

မိဘတွေက ဆင်းရဲပေမဲ့ ယေဟောဝါအတွက် ပေးဆက်တဲ့နေရာမှာတော့ စံပြပါပဲ။ ၁၉၆၃ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါစာဒီနာမြို့မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး သွားတက်ဖို့ ပိုင်ဆိုင်ရာ တော်တော်များများ ရောင်းလိုက်တယ်။ ၁၉၇၂ ခုနှစ် ရောက်တော့ မိုင် ၆၂၀ (ကီလိုမီတာ ၁,၀၀၀) လောက် ဝေးတဲ့ ကနေဒါနိုင်ငံထဲက ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ထရေးမြို့ကို ကျွန်တော်တို့မိသားစု ပြောင်းရွှေ့ပြီး အီတလီစကားပြောလယ်ကွင်းမှာ ကူညီပေးတယ်။ အဖေက ကုန်စုံဆိုင်ကြီးတစ်ဆိုင်မှာ သန့်ရှင်းရေးအလုပ် လုပ်တယ်။ ဘုရားရေးရာကို ဦးစားမထားနိုင်မှာစိုးလို့ ရာထူးတိုးမယ့် အခွင့်အရေးတွေ အဖေ ငြင်းခဲ့တယ်။

ကျွန်တော်တို့ မောင်နှမလေးယောက်ကို စံနမူနာကောင်း ပြလို့ မိဘတွေကို သိပ်ကျေးဇူးတင်တယ်။ သူတို့ရဲ့ စံနမူနာက ကျွန်တော် ရှေ့လျှောက် သင်ယူရမယ့် ဘဝသင်ခန်းစာတွေရဲ့ အုတ်မြစ်ပဲ။ သူတို့ဆီက ရတဲ့ သင်ခန်းစာတစ်ခုကတော့ နိုင်ငံတော်ကို ဦးစားထားရင် ယေဟောဝါ ဂရုစိုက်စောင့်ရှောက်မယ်ဆိုတာပါပဲ။—မ. ၆:၃၃။

အချိန်ပြည့် အမှုဆောင်လုပ်ငန်းအစ

ဘုရားရေးရာ ပန်းတိုင်တွေ ရှိတဲ့ မိန်းမလှလေး ဒက်ဘီနဲ့ ၁၉၈၀ ခုနှစ်မှာ ကျွန်တော် လက်ထပ်တယ်။ ကျွန်တော်တို့ အချိန်ပြည့် အမှုဆောင်ချင်ကြတယ်။ ဒါကြောင့် လက်ထပ်ပြီး သုံးလအကြာမှာ ဒက်ဘီ ရှေ့ဆောင်စလုပ်တယ်။ အိမ်ထောင်သက် တစ်နှစ်ပြည့်တော့ ဟောပြောသူ ပိုလိုအပ်တဲ့ အသင်းတော်ငယ်လေးကို ကျွန်တော်တို့ ပြောင်းကြတယ်။ အဲဒီမှာ ကျွန်တော် ရှေ့ဆောင်စလုပ်တယ်။

ဖရန်ကိုနဲ့ ဒက်ဘီတို့ မင်္ဂလာဆောင်တုန်းက။

၁၉၈၀ ခုနှစ်၊ မင်္ဂလာဆောင်နေ့

အချိန်တစ်ခု ကြာလာတော့ ကျွန်တော်တို့ စိတ်ဓာတ်ကျလာတယ်။ တခြားနေရာ ပြောင်းတော့မယ်လို့ တွေးမိတဲ့အထိပဲ။ ဒါပေမဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ အရင် တိုင်ပင်ကြတယ်။ “ညီအစ်ကိုတို့ကိုယ်တိုင်က ခက်အောင် လုပ်နေမိတာ။ အခက်အခဲတွေကိုပဲ အာရုံစိုက်နေတာကိုး။ အားရှိစရာအချက်တွေ ရှာကြည့်။ ရှာရင် တွေ့ကိုတွေ့တယ်” ဆိုပြီး တိုက်နယ်ကြီးကြပ်မှူးက မေတ္တာပါပါ ပွင့်ပွင့်လင်းလင်း အကြံပေးတယ်။ အဲဒီလိုအကြံပေးချက်မျိုး ကျွန်တော်တို့ လိုနေတာ။ (ဆာ. ၁၄၁:၅) အကြံပေးတဲ့အတိုင်း အားရှိစရာအချက်တွေ ကျွန်တော်တို့ ချက်ချင်းပဲ ရှာကြတယ်။ ရှာကြည့်တော့လည်း အားရှိစရာတွေ မနည်းမနောပဲ။ တစ်ချက်အနေနဲ့ အသင်းတော်က ညီအစ်ကို/မ တော်တော်များများ အမှုတော်မှာ ပိုပါဝင်ချင်ကြတယ်။ အဲဒီထဲမှာ ကလေးတွေ ပါတယ်။ မယုံကြည်သူ အိမ်ထောင်ဖက် ရှိသူတချို့ ပါတယ်။ အားရှိစရာအချက်တွေ ရှာကြည့်တတ်ဖို့၊ ပြဿနာလို့ ထင်ရတဲ့ အခြေအနေကို ယေဟောဝါ တည့်မတ်ပေးချိန်အထိ စောင့်ဆိုင်းတတ်ဖို့ သင်ခန်းစာ ရလိုက်တယ်။ (မိ. ၇:၇) ဒီလိုနဲ့ ကျွန်တော်တို့ ပြန်ပျော်လာတယ်။ အခြေအနေ တိုးတက်ကောင်းမွန်လာတယ်။

ကျွန်တော်တို့ ပထမဆုံး ရှေ့ဆောင်သင်တန်း တက်တုန်းက သင်တန်းပို့ချသူတွေက တိုင်းတစ်ပါးမှာ အမှုဆောင်ခဲ့ကြတာ။ သူတို့ရဲ့ ဓာတ်ပုံတွေ ကြည့်ရင်း၊ အခက်အခဲတွေ၊ ကောင်းချီးတွေအကြောင်း နားထောင်ရင်း ကျွန်တော်တို့ သာသနာပြု ဖြစ်ချင်လာတယ်။ ဒါနဲ့ သာသနာပြုပန်းတိုင် စထားကြတယ်။

အကြီးအကျယ် နှင်းကျပြီးနောက် အစည်းအဝေးခန်းမ ကားပါကင်မှာ နှင်းတွေ ရှင်းထား။

၁၉၈၃ ခုနှစ်၊ ဗြိတိသျှကိုလံဘီယာ အစည်းအဝေးခန်းမမှာ

သာသနာပြုပန်းတိုင်နဲ့ နီးစပ်လာဖို့ ဗြိတိသျှကိုလံဘီယာကနေ ၂,၄၈၅ မိုင် (ကီလိုမီတာ ၄,၀၀၀) ကျော် ဝေးတဲ့ ပြင်သစ်စကားပြော ကွီဘက်ပြည်နယ်ကို ၁၉၈၄ ခုနှစ်မှာ ကျွန်တော်တို့ ပြောင်းရွှေ့ကြတယ်။ ဘာသာစကားအသစ် သင်ယူရတယ်။ လုံးဝ အစိမ်းသက်သက် ဖြစ်နေတဲ့ ယဉ်ကျေးမှုနဲ့ အသားကျဖို့ ကြိုးစားရတယ်။ အခက်အခဲ နောက်တစ်ခုကတော့ မကြာခဏ ငွေပြတ်တာပဲ။ တစ်ခေါက်ဆိုရင် စိုက်ခင်းထဲက အာလူးတွေ လယ်သမားတစ်ယောက် ဝင်ကောက်ခွင့်ပေးလို့သာ ကျွန်တော်တို့ စားစရာ ရှိသွားတာ။ ဒက်ဘီက အာလူးကို မျိုးစုံလုပ်ကျွေးတယ်။ အခက်အခဲတွေ ရှိပေမဲ့ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင် ခံရပ်ကြတယ်။ ယေဟောဝါရဲ့ ထောက်မပေးမှုကတော့ အဓိကပေါ့။—ဆာ. ၆၄:၁၀။

တစ်ရက်တော့ ဖုန်းဝင်လာတယ်။ ကနေဒါဗေသလမှာ အမှုဆောင်ရမယ်တဲ့။ လုံးဝ မျှော်လင့်မထားဘူး။ ကျွန်တော်တို့ ဂိလဒ်သင်တန်း လျှောက်ထားတာ။ ဒါကြောင့် ဗေသလမှာ အမှုဆောင်ရမယ်ဆိုတော့ ဝမ်းနည်းဝမ်းသာ ဖြစ်သွားတယ်။ ဒါပေမဲ့ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်တယ်။ ဗေသလ ရောက်တော့ “ဂိလဒ်သင်တန်း ဖိတ်ခေါ်ခံရရင် ဘယ်လို လုပ်မလဲ” ဆိုပြီး ဌာနခွဲကော်မတီဝင် ညီအစ်ကို ကဲနက် လစ်တယ်ကို မေးကြတယ်။ “နောက်ကိစ္စ နောက်မှ ရှင်းကြတာပေါ့” ဆိုပြီး ညီအစ်ကို လစ်တယ် ဖြေတယ်။

နောက်မှ ရှင်းကြမယ်ဆိုတဲ့ ကိစ္စက တစ်ပတ်အကြာမှာ ရောက်လာပါလေရော။ ကျွန်တော်တို့ ဂိလဒ်သင်တန်း ဖိတ်ခေါ်ခံရလို့ပါ။ တစ်ခုခု ရွေးချယ်ရတော့မယ်။ “ညီအစ်ကိုတို့ ဘာပဲ ရွေးရွေး ‘တခြားဟာ ရွေးခဲ့ရင် အကောင်းသား’ ဆိုပြီး ခံစားရတဲ့နေ့တွေ ရှိလိမ့်မယ်။ တာဝန်တစ်ခုက နောက်တစ်ခုထက် ပိုကောင်းနေလို့ မဟုတ်ဘူး။ ဘယ်တာဝန်မှာမဆို ယေဟောဝါ ကောင်းချီးပေးနိုင်ပါတယ်” လို့ ညီအစ်ကို လစ်တယ် ပြောတယ်။ ဒါနဲ့ ဂိလဒ်သင်တန်း တက်ဖို့ ကျွန်တော်တို့ ရွေးလိုက်တယ်။ ညီအစ်ကို လစ်တယ်ရဲ့ စကားတွေ သိပ်မှန်တယ်။ တာဝန်နှစ်ခုကြား ဗျာများနေတဲ့ ညီအစ်ကို/မတွေကို တွေ့ရင် ညီအစ်ကို လစ်တယ်ရဲ့ စကားကို ကျွန်တော်တို့ ကိုးကားပြီး အားပေးလေ့ရှိတယ်။

သာသနာပြုဘဝ

(ဘယ်) ညီအစ်ကို ယူလီဇက် ဂလပ်စ်

(ညာ) ညီအစ်ကို ဂျက် ရက်ဖော့ဒ်

၁၉၈၇၊ ဧပြီလ၊ နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင်မှာ ကျင်းပတဲ့ ၈၃ ကြိမ်မြောက် ဂိလဒ်သင်တန်းကို သင်တန်းသား ၂၂ ယောက်နဲ့အတူ တက်ခွင့်ရတယ်။ အဓိက သင်တန်းပို့ချသူတွေက ညီအစ်ကို ယူလီဇက် ဂလပ်စ်နဲ့ ညီအစ်ကို ဂျက် ရက်ဖော့ဒ်။ သင်တန်းငါးလက ခဏလေးလိုပဲ။ ၁၉၈၇၊ စက်တင်ဘာ ၆ ရက်မှာ သင်တန်းဆင်းတယ်။ ဂျွန်နဲ့ မာရီ ဂွတ် မောင်နှံနဲ့အတူ ဟေတီနိုင်ငံမှာ တာဝန်ကျတယ်။

ဟေတီနိုင်ငံက ကမ်းခြေတစ်ခုမှာ ဖရန်ကိုနဲ့ ဒက်ဘီ အမှုဆောင်နေ။

၁၉၈၈ ခုနှစ်၊ ဟေတီနိုင်ငံမှာ

ဟေတီကနေ သာသနာပြု နောက်ဆုံးတစ်သုတ် နယ်နှင်ခံရတဲ့ ၁၉၆၂ ခုနှစ်ကတည်းက ဟေတီကို ဂိလဒ်သင်တန်းဆင်း သာသနာပြုတွေ မလွှတ်တော့တာ။ သင်တန်းဆင်းပြီး သုံးပတ်အကြာမှာတော့ ဟေတီတောင်တန်းဒေသက ဝေးလံခေါင်သီတဲ့ အသင်းတော်ငယ်လေးကို ကျွန်တော်တို့ ရောက်နေပြီ။ အသင်းတော်မှာ ကြေညာသူ ၃၅ ယောက် ရှိတယ်။ ကျွန်တော်တို့က ငယ်လည်းငယ်၊ အတွေ့အကြုံလည်း မရှိနဲ့။ သာသနာပြုအိမ်မှာ နှစ်ယောက်တည်း။ အဲဒီက လူတွေ သိပ်ဆင်းရဲကြတယ်။ အများစုက စာမတတ်ကြဘူး။ ပူပူနွေးနွေး သာသနာပြုဘဝမှာပဲ ပြည်တွင်း မငြိမ်သက်မှု၊ အာဏာသိမ်းမှု၊ ဆူပူအုံကြွမှုနဲ့ လေမုန်တိုင်းဒဏ် ခံလိုက်ရတယ်။

လောကဓံကို အပြုံးမပျက် ကြံ့ကြံ့ခံတဲ့ ညီအစ်ကို/မတွေဆီကနေ အများကြီး သင်ယူရတယ်။ တော်တော်များများက ဘဝကြမ်းပေမဲ့ ယေဟောဝါနဲ့ အမှုဆောင်လုပ်ငန်းကို သိပ်ချစ်မြတ်နိုးတယ်။ သက်ကြီးညီအစ်မတစ်ယောက်ဆိုရင် စာမတတ်ပေမဲ့ ကျမ်းပိုဒ် ၁၅၀ လောက် အလွတ်မှတ်မိတယ်။ တစ်နေ့တစ်နေ့ မြင်တွေ့ရတာတွေကြောင့် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကျွန်တော်တို့ ဟောပြောချင်စိတ် ပိုပြင်းပြလာတယ်။ ဘုရားသခင့်နိုင်ငံတော်ကသာ လူ့ပြဿနာအားလုံးကို ချုပ်ငြိမ်းစေမှာ။ ဦးဆုံး ကျမ်းစာသင်သားတွေထဲက တချို့ မှန်မှန်ရှေ့ဆောင်တွေ၊ အထူးရှေ့ဆောင်တွေ၊ အကြီးအကဲတွေ ဖြစ်လာလို့ ပီတိဖြစ်ရတယ်။

ဟေတီမှာ ရှိနေတုန်း မော်မန်ဘာသာရေးအသင်းက ထရက်ဗာလို့ ခေါ်တဲ့ သာသနာပြုလူငယ်လေးနဲ့ ဆုံတယ်။ ကျွန်တော်တို့ မကြာခဏ ကျမ်းစာဆွေးနွေးဖြစ်တယ်။ နှစ်အတော်ကြာတော့ သူ့ဆီက စာရောက်လာလို့ အံ့ဩသွားတာပဲ။ “လာမယ့် တိုက်နယ်အစည်းအဝေးမှာ နှစ်ခြင်းခံမယ်။ ပြီးရင် ဟေတီ ပြန်ပြီး ကျွန်တော် မော်မန်သာသနာပြု လုပ်ခဲ့တဲ့နေရာမှာ အထူးရှေ့ဆောင် သွားလုပ်ချင်တယ်” တဲ့။ တကယ်လည်း သူတို့ဇနီးမောင်နှံ ဟေတီမှာ နှစ်အကြာကြီး သွားအမှုဆောင်တယ်။

ဥရောပနဲ့ အာဖရိက

ဖရန်ကို အလုပ်စားပွဲမှာ အလုပ်လုပ်နေ။

၁၉၉၄ ခုနှစ်၊ ဆလိုဗေးနီးယားနိုင်ငံမှာ

အဖွဲ့အစည်းလုပ်ငန်း ကန့်သတ်ထားတာ တဖြည်းဖြည်း ပြေလျော့လာတဲ့ ဥရောပဒေသတစ်ခုမှာ အမှုဆောင်ဖို့ ကျွန်တော်တို့ တာဝန်ရတယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ်မှာ ဆလိုဗေးနီးယားနိုင်ငံ၊ လူဘလီယားနားမြို့ကို ရောက်လာတယ်။ အဲဒီနေရာက ကျွန်တော့်မိဘတွေ အီတလီကို ပြောင်းမလာခင် နေခဲ့တဲ့ နေရာနဲ့ နီးတယ်။ အရင်က ယူဂိုဆလားဗီးယားလို့ ခေါ်တဲ့ ဒေသမှာ စစ်ဖြစ်နေတုန်းပဲ။ အဲဒီက ဟောပြောခြင်းလုပ်ငန်းကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၊ ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့နဲ့ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့က ရုံးတွေက ကြီးကြပ်ပေးနေတာ။ အခုတော့ ယူဂိုဆလားဗီးယားကနေ ခွဲထွက်လာတဲ့ သမ္မတနိုင်ငံတိုင်းမှာ ကိုယ်ပိုင် ဗေသလ ရှိတော့မယ်။

ဘာသာစကားအသစ် သင်ယူရပြန်တယ်။ ယဉ်ကျေးမှုအသစ်နဲ့ အသားကျဖို့ ကြိုးစားရပြန်တယ်။ ဒေသခံတွေက “ယဲဇစ်ခ် ယဲ တယ်ဇစ်ခ်” လို့ ပြောတတ်တယ်။ အဓိပ္ပာယ်က “ဘာသာစကား ခက်တယ်” တဲ့။ အဟုတ်ကို ခက်တာဗျာ။ ဒါပေမဲ့ အဖွဲ့အစည်း အပြောင်းအလဲတွေကို ညီအစ်ကို/မတွေ သစ္စာရှိရှိ စိတ်လိုလက်ရ နာခံတာ၊ သူတို့ကို ယေဟောဝါ ကောင်းချီးပေးတာ မြင်ရတယ်။ အခြေအနေတွေကို သူ့အချိန်နဲ့သူ ယေဟောဝါ မေတ္တာပါပါ တည့်မတ်ပေးတာလည်း မြင်ရပြန်တယ်။ အရင်က ရတဲ့ သင်ခန်းစာတွေက ဆလိုဗေးနီးယားမှာ အမှုဆောင်တဲ့ နှစ်တွေအတွင်း အများကြီး ထောက်ကူပေးတယ်။ သင်ခန်းစာအသစ်တွေလည်း ရတယ်။

ကြုံရတဲ့ အပြောင်းအလဲတွေ မကုန်သေးဘူး။ ၂၀၀၀ ပြည့်နှစ်မှာ အနောက်အာဖရိကမှာ ရှိတဲ့ ကို့ဒီဗွားနိုင်ငံမှာ တာဝန်ကျတယ်။ ၂၀၀၂၊ နိုဝင်ဘာလ ရောက်တော့ ပြည်တွင်းစစ် ဖြစ်လို့ ဆီရာလီယွန်နိုင်ငံ ထွက်ပြေးရတယ်။ ဆီရာလီယွန်မှာလည်း ၁၁ နှစ်ကြာ ပြည်တွင်းစစ် ပြီးခါစ။ ကို့ဒီဗွားကနေ ရုတ်တရက် ထွက်လာရတာ တော်တော်တော့ မလွယ်ဘူး။ ဒါပေမဲ့ အရင်က ရထားတဲ့ သင်ခန်းစာတွေကြောင့် ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်နိုင်ခဲ့တယ်။

အမှန်တရား စိတ်ဝင်စားသူတွေ၊ စစ်ဒဏ်ကို နှစ်ရှည်လများ ခံရပ်ခဲ့တဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ အာရုံစိုက်တယ်။ ညီအစ်ကို/မတွေက ဆင်းရဲပေမဲ့ ရှိတာလေးတွေ သိပ်ပေးချင်ကမ်းချင်ကြတာ။ ညီအစ်မတစ်ယောက်ဆိုရင် ဒက်ဘီ့ကို အဝတ်အစားတချို့ လာပေးတယ်။ ဒက်ဘီ ယူရမှာ အားနာနေတော့ “စစ်ဖြစ်တုန်းက ကျွန်မတို့ကို တခြားနိုင်ငံက ညီအစ်ကို/မတွေ ကူညီပေးကြတယ်။ အခု ကျွန်မတို့အလှည့်” ဆိုပြီး အဲဒီညီအစ်မ ပြောတယ်။ အတုယူစရာ စံနမူနာရှင်တွေပါပဲ။

နောက်တော့ ကို့ဒီဗွားကို ကျွန်တော်တို့ ပြန်သွားတယ်။ ဒါပေမဲ့ ငွေ့ငွေ့လေး ကျန်နေသေးတဲ့ စစ်မီး ဟုန်းခနဲ ထတောက်လာလို့ ၂၀၀၄၊ နိုဝင်ဘာလမှာ ရဟတ်ယာဉ်နဲ့ ထွက်ပြေးရပြန်တယ်။ ၂၂ ပေါင် (၁၀ ကီလိုဂရမ်) လေးတဲ့ အိတ်တစ်အိတ်စီပဲ ဆွဲလာနိုင်တယ်။ ပြင်သစ် စစ်အခြေစိုက်စခန်း ကြမ်းပြင်မှာ ညအိပ်ပြီး နောက်တစ်နေ့ ဆွစ်ဇာလန်နိုင်ငံကို သွားကြတယ်။ ညသန်းခေါင်လောက် ဌာနခွဲကို ရောက်သွားတော့ ဌာနခွဲကော်မတီဝင်တွေ၊ ဓမ္မအမှုသင်တန်း ပို့ချသူတွေနဲ့ သူတို့ရဲ့ ဇနီးတွေ ကျွန်တော်တို့ကို ပွေ့ဖက်ကြိုဆိုကြတယ်။ ပူပူနွေးနွေး စားစရာတွေ၊ ဆွစ်ဇာလန် ချောကလက်တွေနဲ့ စောင့်နေကြတာ။ တကယ် စိတ်ထိမိသွားတာပဲ။

ကို့ဒီဗွားနိုင်ငံက အစည်းအဝေးခန်းမတစ်ခုမှာ စင်မြင့်ပေါ်ကနေ ဖရန်ကို ဟောပြောချက် ပေးနေ။

၂၀၀၅ ခုနှစ်၊ ကို့ဒီဗွားနိုင်ငံမှာ ဒုက္ခသည် ညီအစ်ကို/မတွေကို ဟောပြောချက် ပေးနေ

ဒီလိုနဲ့ ဂါနာနိုင်ငံမှာ ယာယီတာဝန်ရတယ်။ ကို့ဒီဗွားမှာ ပြည်တွင်းစစ် နည်းနည်း ငြိမ်သွားတော့ ပြန်သွားရတယ်။ ခဏနေ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ တာဝန် ခဏခဏ ပြောင်းပေမဲ့ ညီအစ်ကို/မတွေရဲ့ မေတ္တာကြောင့် ခံရပ်နိုင်ခဲ့တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ ဒီလိုညီရင်းအစ်ကိုမေတ္တာမျိုး မြင်တွေ့နေကျ ဖြစ်ပေမဲ့ ရိုးသွားတယ်လို့ မရှိဘူးဆိုပြီး ဒက်ဘီနဲ့ ကျွန်တော် ပြောရတယ်။ တကယ်တော့ အခက်အခဲတွေကပဲ လေ့ကျင့်မှုလို ဖြစ်သွားတာ။

အရှေ့အလယ်ပိုင်းဒေသသို့

အရှေ့အလယ်ပိုင်းဒေသက ရှေးဟောင်း အပျက်အယွင်းတွေ ရှိတဲ့နေရာကို ဖရန်ကိုနဲ့ ဒက်ဘီ သွားလည်တုန်းက။

၂၀၀၇ ခုနှစ်၊ အရှေ့အလယ်ပိုင်းဒေသမှာ

အရှေ့အလယ်ပိုင်းဒေသကို သွားအမှုဆောင်ဖို့ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာ့ဌာနချုပ်ကနေ စာရတယ်။ အခက်အခဲအသစ်၊ ဘာသာစကားအသစ်၊ ယဉ်ကျေးမှုအသစ်နဲ့ သည်းထိတ်ရင်ဖိုစရာ အခြေအနေအသစ်တွေ ကြုံရပြန်တာပေါ့။ နိုင်ငံရေး၊ ဘာသာရေး ခံယူချက် ပြင်းထန်တဲ့ အဲဒီဒေသမှာ အမှုဆောင်ရင်း အများကြီး သင်ယူရတယ်။ အသင်းတော်မှာ ဘာသာစကား တော်တော်စုံပေမဲ့ အဖွဲ့အစည်းလမ်းညွှန်ချက် လိုက်နာလို့ ညီအစ်ကို/မတွေ စည်းလုံးနေကြတာ ကြည်နူးစရာပဲ။ မိသားစုဝင်၊ အတန်းဖော်၊ အလုပ်ဖော်၊ အိမ်နီးချင်းတွေ ဆန့်ကျင်ပေမဲ့ သတ္တိရှိရှိ ခံရပ်နေကြတာကလည်း လေးစားစရာပါပဲ။

၂၀၁၂ ခုနှစ်၊ အစ္စရေးနိုင်ငံ၊ တယ်လ်အဗီမြို့မှာ ကျွန်တော်တို့ အထူးအစည်းအဝေးကြီး တက်ကြတယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲ ပြီးကတည်းက အဲဒီဒေသက ယေဟောဝါရဲ့ ကျေးကျွန်တွေ အရေအတွက် ဒီလောက်များများနဲ့ စည်းဝေးတာ ဒါ ဦးဆုံးအကြိမ်ပဲ။ တကယ့်အမှတ်ရစရာ အစည်းအဝေးကြီးပါပဲ။

အဲဒီနှစ်တွေအတွင်း အဖွဲ့အစည်းလုပ်ငန်း ကန့်သတ်ခံထားရတဲ့ နိုင်ငံတစ်နိုင်ငံကို သွားလည်ပတ်ဖို့ ကျွန်တော်တို့ တာဝန်ရတယ်။ စာပေတချို့ ယူသွားတယ်။ အမှုဆောင်ထွက်တယ်။ လူနည်းစုနဲ့ ကျင်းပတဲ့ တိုက်နယ်အစည်းအဝေးတွေ တက်ကြတယ်။ နေရာတကာမှာ လက်နက်ကိုင် စစ်သားတွေ၊ စစ်ဆေးရေးဂိတ်တွေချည်းပဲ။ ဒါပေမဲ့ ညီအစ်ကို/မ နည်းနည်းလောက်နဲ့ သတိရှိရှိ သွားလာတာဆိုတော့ ဘေးကင်းတယ်လို့ ခံစားရပါတယ်။

အာဖရိကကို ပြန်ရောက်လာ

ဖရန်ကို လက်တော့ပ်မှာ စာရိုက်နေ။

၂၀၁၄ ခုနှစ်၊ ကွန်ဂိုနိုင်ငံမှာ ဟောပြောချက် ပြင်ဆင်နေ

၂၀၁၃ ခုနှစ်မှာ ရတဲ့ တာဝန်ကတော့ တကယ့်အပြောင်းအလဲပါပဲ။ ကွန်ဂိုနိုင်ငံ၊ ကင်ရှာဆာမြို့က ဌာနခွဲမှာ အမှုဆောင်ရမှာ။ ကွန်ဂိုဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝပေမဲ့ ဆင်းရဲတဲ့ဒဏ်၊ စစ်ဒဏ်ကို ခံထားရတဲ့ နိုင်ငံ။ “အာဖရိကအကြောင်း နောကျေပြီးသား။ သွားဖို့ အဆင်သင့်ပဲ” လို့ ထင်နေတာ။ တကယ်တမ်း ရောက်သွားတော့ ထပ်သင်ယူစရာ အများကြီးပဲ။ အထူးသဖြင့် လမ်းမရှိ၊ တံတားမရှိတဲ့ ဒေသတွေကို ခရီးသွားရတဲ့အချိန်တွေမှာပေါ့။ ဒါပေမဲ့ အားရှိစရာအချက်တွေ အများကြီးပဲ။ ညီအစ်ကို/မတွေ စားဝတ်နေရေး မပြေလည်ပေမဲ့ ပျော်ပျော်ရွှင်ရွှင် ခံရပ်တာ၊ အမှုဆောင်လုပ်ငန်းကို မြတ်နိုးတာ၊ အသင်းတော်အစည်းအဝေးတွေ၊ တိုက်နယ်အစည်းအဝေးတွေ ကြိုးကြိုးစားစား တက်တာ မြင်ရတော့ အားရှိရတယ်။ အမှန်တရား စိတ်ဝင်စားသူတွေလည်း အများကြီးပဲ။ ယေဟောဝါ ထောက်မနေတယ်၊ ကောင်းချီးပေးနေတယ်ဆိုတဲ့ သက်သေပါပဲ။ ကွန်ဂိုမှာ အချိန်ပြည့် အမှုဆောင်ရင်း သင်ခန်းစာ အများကြီး ရသလို မိသားစုနဲ့ တူတဲ့ မိတ်ဆွေတွေ ရလာတယ်။

ညီအစ်ကို/မတစ်စုနဲ့အတူ ရွာတစ်ရွာမှာ အမှုဆောင်ဖို့ ဖရန်ကို လမ်းလျှောက်သွားနေ။

၂၀၂၃ ခုနှစ်၊ တောင်အာဖရိကမှာ အမှုဆောင်နေ

၂၀၁၇ နှစ်ကုန်ပိုင်းမှာ တာဝန်အသစ်နဲ့ တောင်အာဖရိကကို ရောက်လာတယ်။ ဒါ ကျွန်တော်တို့ အမှုဆောင်ခဲ့သမျှမှာ အကြီးဆုံး ဌာနခွဲပဲ။ ဗေသလမှာ ရတဲ့ တာဝန်ကလည်း ကျွန်တော်တို့ မလုပ်ဖူးတဲ့ တာဝန်တွေ။ သင်ယူစရာတွေ များပေမဲ့ အရင်က ရထားတဲ့ သင်ခန်းစာတွေက အများကြီး ထောက်ကူပေးတယ်။ ဆယ်စုနှစ်များစွာ သစ္စာရှိရှိ ခံရပ်နေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ သိပ်ချစ်တယ်။ လူမျိုးစု၊ ယဉ်ကျေးမှု ပေါင်းစုံပေမဲ့ ဗေသလမိသားစု စည်းလုံးနေတာလည်း အံ့ဩစရာပါပဲ။ စရိုက်သစ် ဝတ်ဆင်ပြီး ကျမ်းစာမူတွေ လိုက်နာတဲ့ ကျေးကျွန်တွေကို ယေဟောဝါ ကောင်းချီးပေးတာ ထင်ရှားတယ်။

နှစ်တွေတစ်လျှောက် ကျွန်တော်တို့ စိတ်လှုပ်ရှားစရာ တာဝန်တွေ ရတယ်။ ယဉ်ကျေးမှုမျိုးစုံနဲ့ အသားကျအောင် နေရတယ်။ ဘာသာစကားအသစ်တွေ သင်ယူရတယ်။ အမြဲတော့ မလွယ်ဘူး။ ဒါပေမဲ့ အဖွဲ့အစည်းနဲ့ ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို အမြဲ ခံစားရတယ်။ (ဆာ. ၁၄၄:၂) အချိန်ပြည့် အမှုဆောင်ရင်း ရလာတဲ့ သင်ခန်းစာတွေကြောင့်သာ ယေဟောဝါအတွက် ကျွန်တော်တို့ ပိုအသုံးဝင်လာတာပါ။

မိဘတွေရဲ့ သွန်သင်ဆုံးမမှု၊ ချစ်ဇနီး ဒက်ဘီရဲ့ ထောက်မမှုနဲ့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေရဲ့ စံနမူနာကောင်းကို ကျွန်တော် သိပ်တန်ဖိုးထားတယ်။ ရှေ့လျှောက်လည်း မဟာသွန်သင်ရှင်ဆီကနေ ဆက်သင်ယူနေဖို့ ကျွန်တော်နဲ့ ဒက်ဘီ ဆုံးဖြတ်ထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ