ယေဟောဝါရဲ့ အတွေးအခေါ်မျိုး ရှိအောင် ကြိုးစားနေသလား
“ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။”—ရော. ၁၂:၂။
၁၊ ၂။ ယုံကြည်ခြင်း တိုးများလာတဲ့အခါ ဘာသိလာသလဲ။ ဥပမာပေးပါ။
ကလေးငယ်တစ်ယောက် လက်ဆောင်ရတဲ့အခါ “ကျေးဇူးတင်ပါတယ်” လို့ပြောဖို့ မိဘတွေ သင်ပေးတယ်။ ကလေးလည်း သင်ပေးတဲ့အတိုင်း ပြောတယ်။ ကြီးလာတဲ့အခါမှာတော့ မိဘတွေရဲ့ စဉ်းစားပုံနဲ့ တခြားသူတွေရဲ့ ကြင်နာမှုကို ပိုလေးမြတ်လာပြီး သင်ပေးစရာ မလိုတော့ဘဲ အလိုလို ကျေးဇူးတင်တတ်လာတယ်။ အကြောင်းကတော့ ကျေးဇူးသိတဲ့စိတ် ရှိလာလို့ပဲ။
၂ အလားတူ အမှန်တရား သိခါစမှာ ယေဟောဝါရဲ့ အခြေခံတောင်းဆိုချက်တွေကို နာခံဖို့ အရေးကြီးကြောင်း ကျွန်တော်တို့ သိလာတယ်။ ယုံကြည်ခြင်း တိုးများလာတဲ့အခါမှာတော့ ယေဟောဝါ နှစ်သက်တာ၊ မနှစ်သက်တာ၊ ကိစ္စရပ်တွေအပေါ် ရှုမြင်ပုံစတဲ့ ယေဟောဝါရဲ့ အတွေးအခေါ်ကို ပိုသိလာတယ်။ ဘုရားလို တွေးတတ်အောင် သင်ယူခြင်း၊ အဲဒီအတိုင်း ရွေးချယ်လုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့ အတွေးအခေါ်မျိုး ရှိလာအောင် ကြိုးစားကြတယ်။
၃။ ယေဟောဝါရဲ့ အတွေးအခေါ်မျိုး ရှိဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၃ ယေဟောဝါ စဉ်းစားသလို စဉ်းစားတာက ပျော်စရာကောင်းပေမဲ့ ခက်နိုင်တယ်။ တစ်ခါတလေ မစုံလင်တဲ့အတွေးတွေ ဝင်လာတတ်တယ်။ ဥပမာ၊ ကိုယ်ကျင့်တရား စင်ကြယ်ခြင်း၊ ပစ္စည်းဥစ္စာ ဦးစားထားခြင်း၊ ဟောပြောခြင်း၊ သွေးကို တလွဲသုံးခြင်း စတာတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံကို နားလည်ဖို့ ခက်နိုင်တယ်။ အဲဒီအခါ ဘာလုပ်နိုင်သလဲ။ ဘုရားသခင်ရဲ့ အတွေးအခေါ်မျိုး ပိုရှိလာအောင် ဘယ်လိုလုပ်နိုင်မလဲ။ ဒါက လက်ရှိနဲ့ အနာဂတ်လုပ်ရပ်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။
ဘုရားရဲ့ အတွေးအခေါ်မျိုး ရှိနိုင်ပုံ
၄။ “စိတ်သဘောကို ပြုပြင်ပြောင်းလဲ” ခြင်းမှာ ဘာတွေ ပါဝင် သလဲ။
၄ ရောမ ၁၂:၂ ကိုဖတ်ပါ။ ယေဟောဝါလို စဉ်းစားတတ်အောင် သင်ယူခြင်းမှာ ဘာပါဝင်ကြောင်း တမန်တော် ပေါလု ပြောတယ်။ “ဒီလောက စနစ်ရဲ့ ပုံသွင်းမှုကို မခံ” ရအောင် လောကအမြင်၊ သဘောထားတွေကို ရှောင်ဖို့ လိုကြောင်း ရှေ့ဆောင်းပါးမှာ သိခဲ့ရတယ်။ “စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ” လို့လည်း ပေါလု ပြောတယ်။ အဲဒီထဲမှာ ဘုရားအတွေးအခေါ်ကို နားလည်ဖို့ ကျမ်းစာဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ ဘုရားတွေးသလို တွေးခြင်း ပါဝင်တယ်။
၅။ အပေါ်ယံဖတ်တာနဲ့ လေ့လာတာ ကွာခြားကြောင်း ရှင်းပြပါ။
၅ လေ့လာခြင်းဆိုတာ အပေါ်ယံ ဖတ်ရုံ၊ အဖြေတွေကို မျဉ်းသားရုံလောက်သာ မဟုတ်ဘူး။ ယေဟောဝါအကြောင်း၊ ကိုယ်တော့်နည်းလမ်းနဲ့ အတွေးအခေါ်တွေအကြောင်း ဘာပြောထားတယ်ဆိုတာ လေ့လာရမယ်။ တစ်ခုခုကို ဘုရား ဘာကြောင့် လုပ်ခိုင်းတယ်၊ မလုပ်ခိုင်းတာလဲဆိုတာ နားလည်ဖို့ ကြိုးစားရမယ်။ ကိုယ့်အသက်တာနဲ့ အတွေးအခေါ်ကို ဘယ်လို ပြုပြင်ပြောင်းလဲရမလဲဆိုတာ စဉ်းစားရမယ်။ လေ့လာတဲ့အခါ ဒီအချက်အားလုံးကို လုပ်နိုင်မှာတော့ မဟုတ်ပေမဲ့ လေ့လာချိန်တစ်ဝက်လောက်ကို သုံးပြီး ဖတ်ခဲ့တာတွေကို ပြန်တွေးသင့်တယ်။—ဆာ. ၁၁၉:၉၇။ ၁ တိ. ၄:၁၅။
၆။ ယေဟောဝါရဲ့ အတွေးအခေါ်ကို တွေးတောဆင်ခြင်တဲ့အခါ ဘာဖြစ်လာသလဲ။
၆ ကျမ်းစာကို ပုံမှန် တွေးတောဆင်ခြင်တဲ့အခါ ယေဟောဝါရဲ့ စဉ်းစားပုံဟာ ပြည့်ဝစုံလင်ကြောင်း “ကောင်းကောင်း သိ” လာတယ်။ ဘုရားရဲ့ ရှုမြင်ပုံကို နားလည်လာပြီး ဘုရားမြင်သလို မြင်တတ်လာတယ်။ ‘စိတ်သဘော ပြောင်းလဲ’ ပြီး တွေးခေါ်ပုံ ပြောင်းလာတယ်။ တဖြည်းဖြည်း ယေဟောဝါရဲ့ အတွေးအခေါ်မျိုး ရှိလာတယ်။ တကယ်ကောင်းတဲ့ ရလဒ်ပါပဲ။
အတွေးက လုပ်ရပ်အပေါ် အကျိုးသက်ရောက်
၇၊ ၈။ (က) ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရှုမြင်ပုံက ဘာလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံတွေကို ကြည့်ပါ။) (ခ) ဘုရားရဲ့ အမြင်မျိုးရှိရင် ဘာကို အမြဲ ဦးစားထားမလဲ။
၇ အတွေးဆိုတာ တွေးရုံလောက်နဲ့ မပြီးဘူး။ လုပ်ရပ်လည်း ဒွန်တွဲပါလာတယ်။ (မာ. ၇:၂၁-၂၃။ ယာ. ၂:၁၇) နမူနာတချို့ သုံးသပ်ကြည့်ရအောင်။ ခရစ်ဝင်ကျမ်းတွေမှာ ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ မိမိသားကို ပြုစုစောင့်ရှောက်ဖို့ မိဘအဖြစ် နွမ်းပါးတဲ့ မောင်နှံကို ဘုရားသခင် ရွေးချယ်ခဲ့တယ်။ (ဝတ်. ၁၂:၈။ လု. ၂:၂၄) မာရိဟာ ယေရှုကို မွေးလာတဲ့အခါ “တည်းခိုမယ့်နေရာ မရှိတော့လို့ ကလေးကို အနှီးနဲ့ပတ်ပြီး နွားစားခွက်ထဲမှာ သိပ်ထားရတယ်။” (လု. ၂:၇) ယေဟောဝါသာ အလိုရှိရင် သားတော် မွေးဖွားဖို့ ပိုကောင်းတဲ့နေရာကို ပြင်ဆင်ပေးလို့ ရတယ်။ ဒါပေမဲ့ ဘုရားအတွက် ပိုအရေးကြီးတာက ယုံကြည်ခြင်းခိုင်မာတဲ့ မိသားစုမှာ ယေရှု ကြီးပြင်းလာဖို့ပဲ။
၈ ယေရှု မွေးဖွားခြင်း ကျမ်းမှတ်တမ်းက ပစ္စည်းဥစ္စာအပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို နားလည်စေနိုင်တယ်။ မိဘတချို့က သားသမီးတွေကို ဘုရားရေးရာဘက် ထိခိုက်ရင်တောင် အကောင်းစား ရုပ်ပစ္စည်းတွေ ပိုင်ဆိုင်အောင် လုပ်ဖို့ တိုက်တွန်းတတ်ကြတယ်။ ဒါပေမဲ့ ဘုရားရေးရာကိစ္စက ယေဟောဝါအတွက် အရေးကြီးဆုံးပဲ။ သင့်မှာ ယေဟောဝါရဲ့ အမြင်မျိုးရှိသလား။ သင့်လုပ်ရပ်တွေက ဘာကို ဖော်ပြနေသလဲ။—ဟီဘရူး ၁၃:၅ ကိုဖတ်ပါ။
၉၊ ၁၀။ တခြားသူတွေကို တိုက်မိလဲအောင် လုပ်တာနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ အမြင်မျိုးရှိကြောင်း ဘယ်လို ပြနိုင်သလဲ။
၉ ဒုတိယ နမူနာက တခြားသူကို တိုက်မိလဲအောင် လုပ်တဲ့သူကို ဘုရားရဲ့ ရှုမြင်ပုံ ဖြစ်တယ်။ “ယုံကြည်ခြင်းရှိပြီး ကလေးငယ်နဲ့တူတဲ့ ဟောဒီလူတွေကို လဲကျစေသူဆိုရင်တော့ ကြိတ်ဆုံကျောက်ကြီးကို လည်မှာဆွဲပြီး ပင်လယ်ထဲ ပစ်ချခံလိုက်ရတာက ပိုကောင်းဦးမယ်” လို့ ယေရှု ပြောတယ်။ (မာ. ၉:၄၂) အလွန်ပြင်းထန်တဲ့ စကားတွေပါပဲ။ ယေရှုဟာ ယေဟောဝါနဲ့ တစ်စိတ်တစ်သဘောတည်း ဖြစ်တဲ့အတွက် ယေရှုရဲ့တပည့်တွေကို တိုက်မိလဲအောင် တမင်လုပ်တဲ့သူကို အပြစ်ကြီးတယ်လို့ ယေဟောဝါ ယူဆတယ်။—ယော. ၁၄:၉။
၁၀ သင်ကော ယေဟောဝါနဲ့ ယေရှုလို ရှုမြင်သလား။ သူတို့ရဲ့ အမြင်မျိုး ရှိအောင် ကြိုးစားနေသလား။ ကျွန်တော်တို့ရဲ့ လုပ်ရပ်က ဘာဖော်ပြသလဲ။ ဥပမာ၊ ညီအစ်ကို/မတချို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့၊ လိင်စိတ် နှိုးဆွရာရောက်တဲ့ ဝတ်စားဖြီးလိမ်းပုံ တစ်မျိုးကို ကိုယ်က သဘောကျနေတယ် ဆိုပါစို့။ သူတို့ကို ထည့်စဉ်းစားပြီး ကိုယ့်အကြိုက်ကို စွန့်မလား။—၁ တိ. ၂:၉၊ ၁၀။
၁၁၊ ၁၂။ ချုပ်တည်းခြင်း၊ မကောင်းမှုကို ယေဟောဝါလို ရှုမြင်ခြင်းက ကျွန်တော်တို့ကို ဘယ်လို ကာကွယ်ပေးသလဲ။
၁၁ တတိယ နမူနာကတော့ မဖြောင့်မတ်မှုကို ယေဟောဝါ ရွံမုန်းခြင်း ဖြစ်တယ်။ (ဟေရှာ. ၆၁:၈) မစုံလင်မှုကြောင့် ကျွန်တော်တို့မှာ ဉာဉ်ဆိုးတွေ ရှိမှန်း ဘုရား သိပေမဲ့ မဖြောင့်မတ်မှုကို မုန်းဖို့ တိုက်တွန်းတယ်။ (ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။) မကောင်းမှုကို ယေဟောဝါ ဘာကြောင့် ရွံမုန်းတယ်ဆိုတာကို တွေးတောဆင်ခြင်တာက ဘုရားလို ရှုမြင်တတ်အောင်၊ မကောင်းမှုကို တွန်းလှန်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
၁၂ မဖြောင့်မတ်မှုကို ယေဟောဝါလို ရှုမြင်ခြင်းက ကျမ်းစာမှာ အတိအကျ ဖော်ပြမထားတဲ့ အမူအကျင့်တချို့ မှားနေမှန်း သဘောပေါက်ဖို့ ကူညီပေးတယ်။ ဥပမာ၊ လောကမှာ ညစ်ညမ်းတဲ့အကတစ်မျိုး ခေတ်စားနေတယ်။a ဒါဟာ လိင်ဆက်ဆံတာ မဟုတ်တဲ့အတွက် ကလို့ရပါတယ်ဆိုပြီး တချို့ ဆင်ခြေပေးကြတယ်။ ဒါပေမဲ့ ဒီလိုကတာဟာ မကောင်းမှုအမျိုးမျိုးကို ရွံမုန်းတဲ့ ဘုရားရဲ့ ရှုမြင်ပုံမျိုးရှိကြောင်း ဖော်ပြရာရောက်သလား။ ချုပ်တည်းခြင်း၊ ယေဟောဝါ ရွံမုန်းရာကို ရွံမုန်းခြင်းအားဖြင့် မကောင်းမှုကို ဝေးဝေးရှောင်ကြပါစို့။—ရော. ၁၂:၉။
အနာဂတ်အတွက် ကြိုစဉ်းစား
၁၃။ အနာဂတ်မှာ ကိုယ်ကြုံရနိုင်တဲ့ ကိစ္စတွေကို ယေဟောဝါ ဘယ်လို ရှုမြင်ကြောင်း ဘာကြောင့် ကြိုစဉ်းစားထားသင့်သလဲ။
၁၃ အနာဂတ်မှာ ကိုယ်ကြုံရနိုင်တဲ့ ကိစ္စတွေကို ယေဟောဝါ ဘယ်လို ရှုမြင်ကြောင်း ကျမ်းစာဖတ်တဲ့အခါ ကြိုစဉ်းစားထားသင့်တယ်။ ဒါမှ ကြုံလာတဲ့အခါ အငိုက်မိသွားမှာ မဟုတ်ဘဲ ချက်ချင်း ဆုံးဖြတ်နိုင်မယ်။ (ပညာ. ၂၂:၃) ကျမ်းစာပုံနမူနာတချို့ကို သုံးသပ်ကြည့်ပါ။
၁၄။ ပေါတိဖာဇနီးရဲ့ သွေးဆောင်မှုကို တွန်းလှန်ခဲ့တဲ့ ယောသပ်ဆီကနေ ဘာသင်ယူနိုင်သလဲ။
၁၄ ပေါတိဖာရဲ့ဇနီး မြှူဆွယ်တဲ့အခါ ယောသပ် ချက်ချင်း ငြင်းပယ်တာက အိမ်ထောင်ဖက်အပေါ် သစ္စာရှိခြင်းနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ယောသပ် ကြိုစဉ်းစားထားကြောင်း ဖော်ပြတယ်။ (ကမ္ဘာဦး ၃၉:၈၊ ၉ ကိုဖတ်ပါ။) “ဒီလိုကြီးလေးတဲ့အပြစ် ကျူးလွန်ပြီး ဘုရားသခင်ကို ပြစ်မှားတဲ့အဖြစ်မျိုး ကျွန်တော် အရောက်မခံနိုင်ဘူး” ဆိုပြီး ပေါတိဖာရဲ့ဇနီးကို ပြန်ပြောတယ်။ ကျွန်တော်တို့ကော။ အလုပ်ဖော်က ပရောပရည်လုပ်လာတယ်၊ လိင်အသားပေး မက်ဆေ့ခ်ျတွေ၊ ပုံတွေကို ဖုန်းကနေ ပို့ပေးတယ် ဆိုပါစို့။b ဒီကိစ္စကို ယေဟောဝါ ဘယ်လို ရှုမြင်တယ်၊ ကိုယ်ဘာလုပ်မယ်ဆိုတာ ကြိုဆုံးဖြတ်ထားမယ်ဆိုရင် သစ္စာစောင့်သိဖို့ ပိုလွယ်ကူမယ်။
၁၅။ ယေဟောဝါကို ဟီဘရူးလူငယ် သုံးယောက်လို ဘယ်လို ဆက်သစ္စာစောင့်သိနိုင်မလဲ။
၁၅ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါဆိုတဲ့ ဟီဘရူးလူငယ်သုံးဦးရဲ့ ပုံနမူနာကိုလည်း သုံးသပ်ကြည့်ပါ။ ဘုရင်နေဗုခဒ်နေဇာ တည်ထားတဲ့ ရွှေရုပ်တုကို ဦးမချတာ၊ ဘုရင်ကို ပြတ်ပြတ်သားသား ပြန်ဖြေတာက ယေဟောဝါကို ဆက်သစ္စာရှိခြင်းမှာ ဘာပါဝင်မှန်း ကြိုစဉ်းစားထားကြောင်း ဖော်ပြတယ်။ (ထွ. ၂၀:၄၊ ၅။ ဒံ. ၃:၄-၆၊ ၁၂၊ ၁၆-၁၈) အလုပ်ရှင်က မှားယွင်းတဲ့ဘာသာရေးပွဲအတွက် အလှူငွေထည့်ဖို့ ပြောလာခဲ့ရင် သင် ဘာလုပ်မလဲ။ ဒီလိုအခြေအနေ ကြုံတဲ့အထိ စောင့်မယ့်အစား အခုကတည်းက ယေဟောဝါရဲ့ ရှုမြင်ပုံကို ကြိုစဉ်းစားထားပါ။ ဒါဆိုရင် ဟီဘရူးလူငယ် သုံးယောက်လိုပဲ မှန်ရာကို ပြောဖို့၊ လုပ်ဖို့ ပိုလွယ်ကူပါလိမ့်မယ်။
သင် ရှာဖွေလေ့လာပြီးပြီလား။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာ စတဲ့ ဆေးဘက်ဆိုင်ရာ တရားဝင် စာရွက်စာတမ်းကို ဖြည့်ပြီးပြီလား။ ဆရာဝန်နဲ့ ဆွေးနွေးပြီးပြီလား (အပိုဒ် ၁၆ ကိုကြည့်ပါ)
၁၆။ ယေဟောဝါရဲ့ အတွေးအခေါ်ကို ရှင်းလင်းစွာ နားလည်ထားခြင်းက အရေးပေါ် ကျန်းမာရေးပြဿနာအတွက် ပြင်ဆင်ဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၆ သစ္စာစောင့်သိဖို့ ကြိုစဉ်းစားထားတာက အရေးပေါ် ကျန်းမာရေးပြဿနာ ကြုံတဲ့အခါမှာလည်း ကူညီပေးနိုင်တယ်။ ပကတိသွေးကိုဖြစ်စေ၊ သွေးအစိတ်အပိုင်း လေးမျိုးကိုဖြစ်စေ မသွင်းဖို့ အခိုင်အမာ ဆုံးဖြတ်ထားပေမဲ့ သွေးပါဝင်တဲ့ ကုထုံးတချို့ကိုတော့ ကျမ်းစာမူတွေကို အခြေခံပြီး ကိုယ်ပိုင် ဆုံးဖြတ်ရမယ်။ (တ. ၁၅:၂၈၊ ၂၉) ဆုံးဖြတ်ချက်ချဖို့ အကောင်းဆုံးအချိန်က ဘယ်အချိန်လဲ။ ဆေးရုံ ရောက်ပြီး နာကျင်နေတဲ့အချိန်၊ ချက်ချင်း ဆုံးဖြတ်ဖို့ ဖိအားပေးခံရတဲ့အချိန်မှလား။ မဟုတ်ပါဘူး။ အခုကတည်းက ရှာဖွေလေ့လာထားရမယ်။ ကိုယ့်ဆန္ဒကို ဖော်ပြထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာ စတဲ့ ဆေးဘက်ဆိုင်ရာ တရားဝင် စာရွက်စာတမ်းတွေကို ဖြည့်စွက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးထားရမယ်။c
၁၇-၁၉။ ယေဟောဝါ စဉ်းစားပုံကို အခုကတည်းက သိအောင်လုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အခြေအနေတစ်ခုကို ဥပမာပေးပါ။
၁၇ “သခင်၊ ကိုယ့်ကိုယ်ကိုယ် သက်ညှာပါဦး” လို့ ပေတရု တလွဲအကြံပေးတဲ့အခါ ယေရှု ချက်ချင်း ဘယ်လို တုံ့ပြန်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ မိမိနဲ့ပတ်သက်တဲ့ ဘုရားအလိုတော်၊ မိမိရဲ့ မြေကြီးအသက်တာနဲ့ သေဆုံးခြင်းအကြောင်း ကျမ်းစာကြိုဟောချက်တွေကို ကြိုစဉ်းစားထားမှာ သေချာတယ်။ ဒါက မယိမ်းမယိုင် သစ္စာရှိပြီး ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေတယ်။—မဿဲ ၁၆:၂၁-၂၃ ကိုဖတ်ပါ။
၁၈ ဒီနေ့ လူတွေ မိမိနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့၊ အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်ဖို့ ဘုရား အလိုရှိတယ်။ (မ. ၆:၃၃။ ၂၈:၁၉၊ ၂၀။ ယာ. ၄:၈) ပေတရုလိုပဲ စိတ်ရင်းမှန်သူတချို့က ကျွန်တော်တို့ အဲဒီလို မလုပ်အောင် တားဆီးနိုင်တယ်။ ဥပမာ၊ အလုပ်ရှင်က ရာထူးနဲ့ လစာ တိုးပေးတယ်ဆိုပါစို့။ ဒါပေမဲ့ လက်ခံလိုက်ရင် ဘုရားရေးရာအတွက် အချိန်သိပ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ သင်ဟာ ကျောင်းသားဆိုရင် အိမ်နဲ့ဝေးတဲ့နေရာမှာ ထပ်ဆင့်ပညာသင်ဖို့ အခွင့်အရေး ရလာတယ်ဆိုပါစို့။ အဲဒီလိုအချိန်ကျမှ ဆုတောင်း၊ ရှာဖွေလေ့လာ၊ မိသားစုဝင်တွေ၊ အကြီးအကဲတွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ရမလား။ အခုကတည်းက ယေဟောဝါ ဘယ်လို တွေးတယ်ဆိုတာ သင်ယူပြီး ဘုရားအတွေးအခေါ်မျိုး ရှိအောင် ကြိုးစားပါ။ ဒါဆို အခွင့်အရေးတွေ ကမ်းလှမ်းခံရတဲ့အခါ စမ်းသပ်မှုလို့ ယူဆတော့မှာ မဟုတ်ဘူး။ ဘုရားရေးရာပန်းတိုင် ချမှတ်ပြီးသား၊ စိတ်ဆုံးဖြတ်ပြီးသားဖြစ်လို့ အဲဒီအတိုင်း လုပ်ဆောင်ဖို့ပဲ လိုတယ်။
၁၉ မမျှော်လင့်ဘဲ ရုတ်တရက် ပေါ်လာနိုင်တဲ့ အခြေအနေတွေ ရှိသေးတယ်။ အခြေအနေတိုင်းအတွက် ကြိုပြင်ဆင်နိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ပိုင်လေ့လာမှုလုပ်ချိန်မှာ ယေဟောဝါရဲ့ အတွေးအခေါ်ကို တွေးတောဆင်ခြင်မယ်ဆိုရင် အခြေအနေတစ်ခုခု ကြုံလာတဲ့အခါ လေ့လာထားတာတွေကို ပြန်မှတ်မိပြီး လက်တွေ့ကျင့်သုံးနိုင်ပါလိမ့်မယ်။ ဘုရားရဲ့ အတွေးအခေါ်ကို သိဖို့၊ ဘုရားရဲ့အတွေးအခေါ်မျိုး ရှိဖို့ ကြိုးစားကြပါစို့။ ဘုရားရဲ့အမြင်မျိုး ရှိခြင်းက လက်ရှိနဲ့ အနာဂတ်အပေါ် ဘယ်လို အကျိုးသက်ရောက်ကြောင်း စဉ်းစားကြပါစို့။
ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ သင့်အနာဂတ်
၂၀၊ ၂၁။ (က) ကမ္ဘာသစ်မှာ ဘယ်လွတ်လပ်မှု ရှိမလဲ။ (ခ) ဒီအတောအတွင်း ပျော်ရွှင်မှု ဘယ်လို ရနိုင်သလဲ။
၂၀ ကမ္ဘာသစ်ကို ကျွန်တော်တို့ စောင့်မျှော်နေတယ်။ အများစုက မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်နေကြတယ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ လူတွေဟာ ဒီစနစ်ရဲ့ ဝမ်းနည်းမှုတွေနဲ့ လွတ်ကင်းကြပါလိမ့်မယ်။ လူတိုင်း ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်လည်း ရရှိကြပါမယ်။
၂၁ အဲဒီလွတ်လပ်မှုက အကန့်အသတ်မဲ့တော့ မဟုတ်ဘူး။ အမှားအမှန်ကိစ္စတွေကို ယေဟောဝါရဲ့ ပညတ်နဲ့ စဉ်းစားပုံအတိုင်း ဆုံးဖြတ်ကြရမယ်။ ဒီကနေ ငြိမ်သက်ပျော်ရွှင်မှုများစွာ ရရှိကြပါလိမ့်မယ်။ (ဆာ. ၃၇:၁၁) ဒီအတောအတွင်း ယေဟောဝါရဲ့ အတွေးအခေါ်မျိုး ရှိအောင် ကြိုးစားခြင်းကနေ အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်မှု ရနိုင်ပါတယ်။
a မလုံ့တလုံဝတ်ထားတဲ့ ဖျော်ဖြေသူက ဖောက်သည်ရဲ့ ပေါင်ပေါ် ထိုင်ပြီး လိင်စိတ်ကြွအောင် ကတဲ့ အကမျိုး ဖြစ်တယ်။ အခြေအနေပေါ်မူတည်ပြီး ဒါကို အကျင့်ပျက်မှုအနေနဲ့ တရားရေး ကိုင်တွယ်နိုင်တယ်။ အဲဒီလိုအကမှာ ပါဝင်ခဲ့တဲ့ ခရစ်ယာန်တစ်ဦးဟာ အကြီးအကဲတွေရဲ့ အကူအညီ ရယူသင့်တယ်။—ယာ. ၅:၁၄၊ ၁၅။
b “ဆက်စ်တင်” (sexting) ဆိုတာ လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း ရေးထားတဲ့စာ၊ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ဖုန်းကတစ်ဆင့် ပို့ပေးတာကို ဆိုလိုတယ်။ အခြေအနေအရ တရားရေးကိုင်တွယ်ဖို့ လိုအပ်နိုင်တယ်။ အဲဒီလိုလုပ်တဲ့ ဆယ်ကျော်သက်တွေကို လိင်ဆိုင်ရာနှောင့်ယှက်သူအဖြစ် အစိုးရက တရားစွဲနိုင်တယ်။ jw.org ဝက်ဘ်ဆိုက်ထဲက “လူငယ်များအမေး—ဆက်စ်တင်နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ” ဆောင်းပါးကို ဖတ်ပါ။ (သမ္မာကျမ်းစာ သွန်သင်ချက်များ > ဆယ်ကျော်သက် မှာကြည့်ပါ။) ၂၀၁၃၊ နိုဝင်ဘာလထုတ် နိုးလော့! စာမျက်နှာ ၄-၅ ပါ “ဖုန်းနဲ့ မဖွယ်မရာပုံတွေ၊ စာတွေပို့ခြင်းအကြောင်း သင့်ကလေးနဲ့ ပြောဆိုနိုင်ပုံ” ဆောင်းပါးကိုလည်း ကြည့်ပါ။
c အဖွဲ့အစည်းထုတ် စာပေတွေမှာ သက်ဆိုင်ရာ ကျမ်းစာမူတွေအကြောင်း ဆွေးနွေးထားတယ်။ ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ စာမျက်နှာ ၂၄၆-၂၄၉ ကိုကြည့်ပါ။