ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဖေဖော်ဝါရီ စာ. ၂၀-၂၅
  • ရှေးအစ္စရေးခေတ်မှာ မေတ္တာနဲ့ တရားမျှတမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေးအစ္စရေးခေတ်မှာ မေတ္တာနဲ့ တရားမျှတမှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေတ္တာပေါ် အခြေခံတဲ့ ပညတ်တရား
  • တရားမျှတမှု ရှိဖို့ တွန်းအားပေးတဲ့ ပညတ်တရား
  • ပညတ်တရားကို ဘယ်လို ကျင့်သုံးရမလဲ
  • ပညတ်တရားက ဘယ်သူတွေကို အထူးကာကွယ်ပေးသလဲ
  • “နောင်လာမယ့် ကောင်းမြတ်တဲ့အရာတွေရဲ့ အရိပ်” ဖြစ်တဲ့ ပညတ်တရား
  • ခရစ်ယာန်အသင်းတော်မှာ မေတ္တာနဲ့ တရားမျှတမှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ‘ယေဟောဝါ၏ပညတ်တရားသည် စုံလင်သည်’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ကျွန်ုပ်တို့သည် ပညတ်တော်ဆယ်ပါးအောက်တွင် ရှိသလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခရစ်တော်မတိုင်မီက ပညတ်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဖေဖော်ဝါရီ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၉

ရှေးအစ္စရေးခေတ်မှာ မေတ္တာနဲ့ တရားမျှတမှု (အပိုင်း ၁)

“ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်းကို ဘုရားမြတ်နိုးတယ်။ ကမ္ဘာမြေဟာ ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာနဲ့ ပြည့်ဝနေတယ်။”—ဆာ. ၃၃:၅။

သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ

အကြိုသုံးသပ်ချက်a

၁-၂။ (က) ကျွန်တော်တို့အားလုံး ဘာလိုချင်ကြသလဲ။ (ခ) ဘာကို စိတ်ချနိုင်သလဲ။

ကျွန်တော်တို့အားလုံး မေတ္တာရချင်ကြတယ်။ မျှမျှတတ ဆက်ဆံခံချင်ကြတယ်။ အဲဒါတွေကို မရတဲ့အခါ အသုံးမကျဘူး၊ မျှော်လင့်ချက် မရှိဘူးလို့ ခံစားရတတ်တယ်။

၂ မေတ္တာနဲ့ တရားမျှတမှုကို ကျွန်တော်တို့ တောင့်တမှန်း ယေဟောဝါ သိတယ်။ (ဆာ. ၃၃:၅) ကျွန်တော်တို့ကို ယေဟောဝါ သိပ်ချစ်ကြောင်း၊ မျှမျှတတ ဆက်ဆံခံစေလိုကြောင်း စိတ်ချနိုင်တယ်။ အဲဒါကို အစ္စရေးလူမျိုးကို ပေးတဲ့ မောရှေပညတ်မှာ တွေ့နိုင်တယ်။ သင်ဟာ မေတ္တာငတ်နေသူ၊ မမျှမတ ဆက်ဆံခံရလို့ စိတ်ကြေကွဲနေသူ ဖြစ်မယ်ဆိုရင် မောရှေပညတ်ကb ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို ပေါ်လွင်စေကြောင်း သုံးသပ်ကြည့်ပါ။

၃။ (က) ရောမ ၁၃:၈-၁၀ အရ မောရှေပညတ်ကို လေ့လာတဲ့အခါ ဘာသိရသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၃ မောရှေပညတ်ကို လေ့လာတဲ့အခါ မေတ္တာရှင် ယေဟောဝါဘုရားရဲ့ ခံစားချက်တွေကို တွေ့ရတယ်။ (ရောမ ၁၃:၈-၁၀ ကိုဖတ်ပါ။) ဒီဆောင်းပါးမှာ အစ္စရေးတွေကို ပေးခဲ့တဲ့ ပညတ်တွေထဲက အနည်းငယ်ကို ဆွေးနွေးပါမယ်။ ဒီမေးခွန်းတွေကိုလည်း ဆွေးနွေးပါမယ်– ပညတ်တရားဟာ မေတ္တာကို အခြေခံတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ ပညတ်တရားက တရားမျှတမှု ရှိဖို့ ဘယ်လို တွန်းအားပေးသလဲ။ အခွင့်အာဏာရှိသူတွေ ပညတ်တရားကို ဘယ်လို ကျင့်သုံးရမလဲ။ ပညတ်တရားက ဘယ်သူတွေကို အထူးကာကွယ်ပေးသလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေတွေက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ရှိစေပြီး မေတ္တာရှင်ဖခင်နဲ့ ရင်းနှီးစေနိုင်တယ်။—တ. ၁၇:၂၇။ ရော. ၁၅:၄။

မေတ္တာပေါ် အခြေခံတဲ့ ပညတ်တရား

၄။ (က) မောရှေပညတ်ဟာ မေတ္တာကို အခြေခံတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) မဿဲ ၂၂:၃၆-၄၀ အရ ဘယ်ပညတ်တွေကို ယေရှု အလေးပေးခဲ့သလဲ။

၄ ယေဟောဝါ လုပ်ဆောင်သမျှဟာ မေတ္တာကို အခြေခံတဲ့အတွက် မောရှေပညတ်ဟာလည်း မေတ္တာကို အခြေခံတယ်လို့ ပြောနိုင်တယ်။ (၁ ယော. ၄:၈) မောရှေပညတ်ဟာ ဘုရားကို ချစ်ဖို့၊ လူလူချင်းကို ချစ်ဖို့ဆိုတဲ့ ပညတ်ချက်နှစ်ခုအပေါ် အခြေခံတယ်။ (ဝတ်. ၁၉:၁၈။ တရား. ၆:၅။ မဿဲ ၂၂:၃၆-၄၀ ကိုဖတ်ပါ။) ဒါကြောင့် ပညတ်တရားမှာပါတဲ့ ပညတ်ချက် ၆၀၀ ကျော်ဟာ ယေဟောဝါရဲ့ မေတ္တာကို ဖော်ပြမယ်လို့ မျှော်လင့်နိုင်တယ်။ ဥပမာတချို့ကို ကြည့်ရအောင်။

၅-၆။ အိမ်ထောင်သည်တွေကို ယေဟောဝါ ဘယ်လို ဖြစ်စေချင်သလဲ။ ဘာကို ဘုရား သိသလဲ။ ဥပမာပေးပါ။

၅ အိမ်ထောင်ဖက်ကို သစ္စာရှိပြီး သားသမီးတွေကို ဂရုစိုက်ရမယ်။ ယေဟောဝါက အိမ်ထောင်ဖက် အချင်းချင်းကို တစ်သက်လုံး ချစ်သွားစေချင်တယ်။ (က. ၂:၂၄။ မ. ၁၉:၃-၆) အိမ်ထောင်ရေး ဖောက်ပြန်တာဟာ မေတ္တာအမဲ့ဆုံး ပြစ်မှုဖြစ်တယ်။ ဒါကြောင့် ပညတ်တော် ဆယ်ခုထဲက ခုနစ်ခုမြောက် ပညတ်မှာ အိမ်ထောင်ရေး ဖောက်ပြန်တာကို တားမြစ်ထားတယ်။ (တရား. ၅:၁၈) ဒါဟာ “ဘုရားသခင်ကို ပြစ်မှားတဲ့” အပြစ်ဖြစ်ပြီး အိမ်ထောင်ဖက်အပေါ် ရက်စက်ရာရောက်တယ်။ (က. ၃၉:၇-၉) အပြစ်မဲ့တဲ့ အိမ်ထောင်ဖက်ဟာ သစ္စာဖောက်ခံရတဲ့ နာကျင်မှုကို နှစ်နဲ့ချီ ခံစားရနိုင်တယ်။

၆ အိမ်ထောင်ဖက် အချင်းချင်း ဘယ်လို ဆက်ဆံနေတယ်ဆိုတာ ယေဟောဝါ ကောင်းကောင်းသိတယ်။ အထူးသဖြင့် အစ္စရေးခင်ပွန်းတွေဟာ ဇနီးကို ကောင်းကောင်း ဆက်ဆံဖို့ ဘုရား လိုလားတယ်။ ပညတ်တရားကို လေးစားတဲ့ ခင်ပွန်းဟာ ဇနီးကို ချစ်ပြီး အသေးအဖွဲကိစ္စတွေနဲ့ ကွာရှင်းမှာ မဟုတ်ဘူး။ (တရား. ၂၄:၁-၄။ မ. ၁၉:၃၊ ၈) ကြီးလေးတဲ့ ပြဿနာကြောင့် ကွာရှင်းရင်လည်း ကွာရှင်းစာချုပ် ပေးရမယ်။ ဒီစာချုပ်က လိင်အကျင့်ယိုယွင်းသူအဖြစ် စွပ်စွဲမခံရအောင် အမျိုးသမီးကို ကာကွယ်ပေးတယ်။ ခင်ပွန်းက ဇနီးကို ကွာရှင်းစာချုပ် မပေးခင် မြို့ရဲ့ အကြီးအကဲတွေနဲ့ တိုင်ပင်ရတယ်။ ဒါမှ ဇနီးမောင်နှံ ပြန်အဆင်ပြေအောင် အကြီးအကဲတွေ ကူညီပေးနိုင်မယ်။ ခင်ပွန်းဖြစ်သူက အတ္တဆန်ဆန် ကွာရှင်းတဲ့အခါ ယေဟောဝါ အမြဲ ကြားဝင်မှာ မဟုတ်ပေမဲ့ ဇနီးဖြစ်သူရဲ့ မျက်ရည်နဲ့ နာကျင်မှုကို မြင်တယ်။—မာလ. ၂:၁၃-၁၆။

အစ္စရေးမိခင်တစ်ယောက် အစားအစာ ပြင်ဆင်ရင်း သမီးတွေနဲ့ စကားပြောနေ။ ဖခင်က သားကို သိုးထိန်းတတ်ဖို့ သင်ပေးနေ

ယေဟောဝါက သားသမီးတွေကို မိဘတွေရဲ့ မေတ္တာပါပါ ပြုစုပျိုးထောင်မှု၊ သွန်သင်မှုအောက်မှာ ဘေးကင်းလုံခြုံစေလို (အပိုဒ် ၇-၈ ကိုကြည့်ပါ)c

၇-၈။ (က) မိဘတွေကို ဘာလုပ်ဖို့ ယေဟောဝါ မိန့်မှာထားသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။) (ခ) ဘာသင်ခန်းစာတွေ ရသလဲ။

၇ သားသမီးတွေကိုလည်း ယေဟောဝါ ဂရုစိုက်ကြောင်း ပညတ်တရားက ဖော်ပြတယ်။ သားသမီးတွေရဲ့ ရုပ်ပိုင်းသာမက ဘုရားရေးရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ မိဘတွေကို မိန့်မှာထားတယ်။ ယေဟောဝါရဲ့ ပညတ်ကို တန်ဖိုးထားဖို့၊ ဘုရားကို ချစ်ဖို့ အခွင့်အရေးရတိုင်း သားသမီးတွေကို သင်ပေးရမယ်။ (တရား. ၆:၆-၉။ ၇:၁၃) အစ္စရေးတွေကို ယေဟောဝါ အပြစ်ပေးရတဲ့ အကြောင်းရင်းတစ်ခုက သားသမီးတွေကို မညှာမတာ နှိပ်စက်လို့ပဲ။ (ယေ. ၇:၃၁၊ ၃၃) မိဘတွေဟာ သားသမီးတွေကို ပစ်ထားဖို့၊ နှိပ်စက်ဖို့ မဟုတ်ဘဲ ဘုရားဆီက ရတဲ့ အမွေ၊ ဆုလက်ဆောင်အဖြစ် ရှုမြင်ရမယ်။—ဆာ. ၁၂၇:၃။

၈ သင်ခန်းစာများ– အိမ်ထောင်ဖက် အချင်းချင်း ဘယ်လို ဆက်ဆံတယ်ဆိုတာ ယေဟောဝါ သတိထားကြည့်နေတယ်။ သားသမီးတွေကို ချစ်ဖို့ မိဘတွေကို မိန့်မှာထားတယ်။ မညှာမတာ နှိပ်စက်ရင် စာရင်းရှင်းခံရမယ်။

၉-၁၁။ မတပ်မက်ရဆိုတဲ့ ပညတ်ကို ယေဟောဝါ ဘာကြောင့် ပေးတာလဲ။

၉ မတပ်မက်နဲ့။ ပညတ်တော် ဆယ်ခုထဲက နောက်ဆုံးပညတ်မှာ တခြားသူ ပိုင်ဆိုင်ရာကို မတပ်မက်ဖို့ တားမြစ်ထားတယ်။ (တရား. ၅:၂၁။ ရော. ၇:၇) ဒီပညတ်က အဖိုးတန် သင်ခန်းစာ သင်ပေးတယ်။ ယေဟောဝါရဲ့ လူမျိုးဟာ အတွေး၊ ခံစားချက်တွေ ပါဝင်တဲ့ စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ရမယ်။ မကောင်းတဲ့ အတွေး၊ ခံစားချက်ကနေ မကောင်းတဲ့ လုပ်ရပ် အစပြုကြောင်း ဘုရား သိတယ်။ (ပညာ. ၄:၂၃) အစ္စရေးတစ်ယောက်က စိတ်ထဲမှာ မှားယွင်းတဲ့ ဆန္ဒတွေကို ကြီးထွားခွင့်ပြုရင် တခြားသူတွေကို မေတ္တာမဲ့စွာ ဆက်ဆံလာနိုင်တယ်။ ဘုရင် ဒါဝိဒ် အဲဒီလို ဖြစ်ခဲ့တယ်။ သူဟာ လူကောင်းဖြစ်ပေမဲ့ တစ်ကြိမ်မှာ တခြားသူရဲ့ ဇနီးကို တပ်မက်စိတ် ဝင်ခဲ့တယ်။ အဲဒီဆန္ဒက အပြစ်လုပ်မိစေတယ်။ (ယာ. ၁:၁၄၊ ၁၅) ဒါဝိဒ် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တယ်။ အမျိုးသမီးရဲ့ ခင်ပွန်းကို လှည့်စားဖို့ ကြိုးစားပြီး သေစေခဲ့တယ်။—၂ ရှ. ၁၁:၂-၄။ ၁၂:၇-၁၁။

၁၀ ယေဟောဝါဟာ လူတွေရဲ့ စိတ်နှလုံးကို သိတဲ့အတွက် မတပ်မက်ရဆိုတဲ့ ပညတ်ကို အစ္စရေးတစ်ယောက် ချိုးဖောက်တဲ့အခါ သိတယ်။ (၁ ရာ. ၂၈:၉) မကောင်းတာတွေ ပြုကျင့်မိစေတဲ့ အတွေးကို ရှောင်ဖို့ အဲဒီပညတ်က သင်ပေးတယ်။ ယေဟောဝါဟာ တကယ့်ကို ပညာရှိတဲ့ မေတ္တာရှင် ဖခင်ပါပဲ။

၁၁ သင်ခန်းစာများ– ယေဟောဝါဟာ လူတစ်ယောက်ရဲ့ အပြင်ပန်းကိုသာမက စိတ်နှလုံးကိုပါ သိမြင်တယ်။ (၁ ရှ. ၁၆:၇) ဘုရား မမြင်နိုင်တဲ့ အတွေး၊ ခံစားချက်၊ လုပ်ရပ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ကောင်းကွက်ကို ရှာတယ်။ မကောင်းတာ မလုပ်မိအောင် မကောင်းတဲ့အတွေးကို သိပြီး ထိန်းချုပ်စေချင်တယ်။—၂ ရာ. ၁၆:၉။ မ. ၅:၂၇-၃၀။

တရားမျှတမှု ရှိဖို့ တွန်းအားပေးတဲ့ ပညတ်တရား

၁၂။ မောရှေပညတ်က ဘာကို ပေါ်လွင်စေသလဲ။

၁၂ တရားမျှတမှုကို ယေဟောဝါ နှစ်သက်ကြောင်းလည်း မောရှေပညတ်က ပေါ်လွင်စေတယ်။ (ဆာ. ၃၇:၂၈။ ဟေရှာ. ၆၁:၈) တခြားသူကို မျှမျှတတ ဆက်ဆံတာနဲ့ပတ်သက်ပြီး ယေဟောဝါ အကောင်းဆုံး ပုံသက်သေပြခဲ့တယ်။ ယေဟောဝါပေးတဲ့ ပညတ်ကို အစ္စရေးတွေ နာခံတဲ့အခါ ကောင်းချီးရတယ်။ တရားမျှတပြီး ဖြောင့်မတ်တဲ့ စံနှုန်းတွေကို လျစ်လျူရှုရင်တော့ ဒုက္ခရောက်ကြတယ်။ ပညတ်တော် ဆယ်ခုထဲက နောက်ထပ် နှစ်ခုကို သုံးသပ်ကြည့်ကြစို့။

၁၃-၁၄။ ပညတ်တော် ဆယ်ခုထဲက ပထမနှစ်ခုမှာ ဘာတောင်းဆိုထားသလဲ။ အဲဒီပညတ်တွေကို လိုက်နာတဲ့အခါ အစ္စရေးတွေ ဘယ်လို အကျိုးရသလဲ။

၁၃ ယေဟောဝါကိုပဲ အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ရမယ်။ ပညတ်တော်ဆယ်ခုထဲက ပထမနှစ်ခုမှာ ယေဟောဝါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့၊ ရုပ်တု မကိုးကွယ်ဖို့ တောင်းဆိုထားတယ်။ (ထွ. ၂၀:၃-၆) အဲဒီပညတ်တွေက ယေဟောဝါရဲ့ အကျိုးအတွက် မဟုတ်ပါဘူး။ လူမျိုးတော်ရဲ့ အကျိုးအတွက်ပါ။ ဘုရားကို သစ္စာရှိနေသရွေ့ သူတို့ ကောင်းစားခဲ့ကြတယ်။ တခြားဘုရားတွေကို ကိုးကွယ်တဲ့အခါမှာတော့ ဒုက္ခရောက်ကြတယ်။

၁၄ ခါနန်လူမျိုးအကြောင်း စဉ်းစားကြည့်ပါ။ အသက်ရှင်ပြီး စစ်မှန်တဲ့ ဘုရားအစား သက်မဲ့ရုပ်တုတွေကို သူတို့ ကိုးကွယ်ကြတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် နိမ့်ကျစေတယ်။ (ဆာ. ၁၁၅:၄-၈) သူတို့ရဲ့ ဝတ်ပြုရေးမှာ ညစ်ညမ်းတဲ့ လိင်အကျင့်တွေ၊ ကလေးကို ပူဇော်တာတွေ ပါဝင်တယ်။ အစ္စရေးတွေလည်း ယေဟောဝါကို လျစ်လျူရှုပြီး ရုပ်တုကိုးကွယ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျစေပြီး မိသားစုကို ဒုက္ခရောက်စေတယ်။ (၂ ရာ. ၂၈:၁-၄) အခွင့်အာဏာရှိသူတွေက ယေဟောဝါရဲ့ တရားမျှတတဲ့ စံနှုန်းတွေကို စွန့်ပြီး အာဏာ အလွဲသုံးစား လုပ်ကြတယ်။ အားနည်းသူ၊ အကာအကွယ်မဲ့သူတွေကို ဖိနှိပ်ကြတယ်။ (ယေဇ. ၃၄:၁-၄) အကာအကွယ်မဲ့တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ် ဖိနှိပ်သူတွေကို ယေဟောဝါ တရားစီရင်မယ်လို့ သတိပေးတယ်။ (တရား. ၁၀:၁၇၊ ၁၈။ ၂၇:၁၉) ဒါပေမဲ့ ဘုရားကို သစ္စာရှိပြီး အချင်းချင်း မျှမျှတတ ဆက်ဆံတဲ့အခါမှာတော့ အစ္စရေးတွေကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။—၁ ဘု. ၁၀:၄-၉။

မတရားဆက်ဆံရလို့ ညီအစ်မတစ်ယောက် ဝမ်းနည်းနေ

ကျွန်တော်တို့ကို ယေဟောဝါ ချစ်တယ်။ မတရားခံရတဲ့အခါ သိတယ် (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ယေဟောဝါနဲ့ပတ်သက်ပြီး ဘာသိရသလဲ။

၁၅ သင်ခန်းစာများ– ဘုရားကို ကိုးကွယ်ပါတယ်လို့ ပြောတဲ့သူတွေ ဘုရား စံနှုန်းတွေကို လျစ်လျူရှုပြီး အချင်းချင်း ဒုက္ခပေးတဲ့အခါ ယေဟောဝါကို ကျွန်တော်တို့ အပြစ်တင်လို့ မရဘူး။ ယေဟောဝါက ကျွန်တော်တို့ကို ချစ်တယ်။ မတရားခံရတဲ့အခါလည်း သိတယ်။ ကလေးရဲ့ ဝေဒနာကို မိခင်တစ်ဦး သိတာထက် ကျွန်တော်တို့ရဲ့ နာကျင်မှုကို ဘုရား ပိုသိတယ်။ (ဟေရှာ. ၄၉:၁၅) ချက်ချင်း ကြားဝင်မှာ မဟုတ်ပေမဲ့ နောင်တမယူသူတွေကို အချိန်တန်တဲ့အခါ စာရင်းရှင်းပါလိမ့်မယ်။

ပညတ်တရားကို ဘယ်လို ကျင့်သုံးရမလဲ

၁၆-၁၈။ မောရှေပညတ်က ဘယ်ဘဝကဏ္ဍတွေနဲ့ သက်ဆိုင်သလဲ။ ဘာသင်ခန်းစာတွေ ရသလဲ။

၁၆ မောရှေပညတ်ဟာ ဘဝကဏ္ဍများစွာနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ခန့်အပ်ခံ အသက်ကြီးသူတွေဟာ ယေဟောဝါရဲ့ လူမျိုးကို ဖြောင့်မတ်စွာ စီရင်ရမယ်။ ဘုရားရေးရာ ကိစ္စတွေကိုသာမက အငြင်းပွားမှုတွေ၊ ရာဇဝတ်မှုတွေကိုပါ ကိုင်တွယ်ရမယ်။ ဥပမာတချို့ကို ကြည့်ပါ။

၁၇ အစ္စရေးတစ်ယောက် လူသတ်မိရင် ချက်ချင်း သေဒဏ် မခံရဘူး။ မြို့ရဲ့ အကြီးအကဲတွေက အခြေအနေကို ဦးဆုံး စစ်ဆေးရမယ်။ (တရား. ၁၉:၂-၇၊ ၁၁-၁၃) ပိုင်ဆိုင်ခွင့် အငြင်းပွားမှုတွေကအစ အိမ်ထောင်ရေး ပြဿနာတွေအထိ နေ့စဉ်ဘဝရဲ့ ပြဿနာများစွာကို ဖြေရှင်းပေးရတယ်။ (ထွ. ၂၁:၃၅။ တရား. ၂၂:၁၃-၁၉) အကြီးအကဲတွေ မျှမျှတတ စီရင်တဲ့အခါ၊ ပညတ်တရားကို အစ္စရေးတွေ နာခံတဲ့အခါ လူတိုင်း အကျိုးရပြီး ယေဟောဝါကို ဘုန်းထင်ရှားစေတယ်။—ဝတ်. ၂၀:၇၊ ၈။ ဟေရှာ. ၄၈:၁၇၊ ၁၈။

၁၈ သင်ခန်းစာများ– ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းဟာ ယေဟောဝါအတွက် အရေးပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ တရားမျှတပြီး မေတ္တာရှိစေချင်တယ်။ ကိုယ့်အိမ်မှာ ပြောတာ၊ လုပ်တာတွေကိုတောင် ဘုရား သတိထားကြည့်နေတယ်။—ဟီ. ၄:၁၃။

၁၉-၂၁။ (က) အကြီးအကဲတွေ၊ တရားသူကြီးတွေက ဘုရားလူမျိုးကို ဘယ်လို ဆက်ဆံရမလဲ။ (ခ) ယေဟောဝါ ဘယ်လို ကာကွယ်ပေးသလဲ။ ဘာသင်ခန်းစာတွေ ရသလဲ။

၁၉ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ မကောင်းတဲ့ ဩဇာလွှမ်းမိုးမှုကနေ လူမျိုးတော်ကို ယေဟောဝါ ကာကွယ်ပေးချင်တယ်။ ဒါကြောင့် ပညတ်တရားကို မျက်နှာမလိုက်ဘဲ ကျင့်သုံးဖို့ အကြီးအကဲတွေ၊ တရားသူကြီးတွေကို တောင်းဆိုတယ်။ သူတို့က လူတွေကို ကြမ်းကြမ်းတမ်းတမ်း၊ လှေနံဓားထစ် မဆက်ဆံရဘူး။ တရားမျှတမှုကို ချစ်မြတ်နိုးရမယ်။—တရား. ၁:၁၃-၁၇။ ၁၆:၁၈-၂၀။

၂၀ ယေဟောဝါက မိမိလူမျိုးကို ထောက်ထားစာနာတဲ့အတွက် မမျှမတ ဆက်ဆံမခံရအောင် ကာကွယ်ပေးတယ်။ ဥပမာ၊ လွယ်လွယ်နဲ့ မတရား စွပ်စွဲလို့ မရအောင် ပညတ်တရားက ကာကွယ်ပေးထားတယ်။ စွပ်စွဲခံရသူဟာ စွပ်စွဲသူကို သိခွင့်ရှိတယ်။ (တရား. ၁၉:၁၆-၁၉။ ၂၅:၁) အပြစ်ရှိတယ်လို့ သတ်မှတ်နိုင်ဖို့ အနည်းဆုံး သက်သေနှစ်ယောက် ရှိရမယ်။ (တရား. ၁၇:၆။ ၁၉:၁၅) သက်သေတစ်ယောက်ပဲ မြင်တဲ့ ရာဇဝတ်မှု ဆိုရင်ကော။ ပြစ်ဒဏ်ကနေ လွတ်ပြီလို့ မယူဆသင့်ဘူး။ သူလုပ်ခဲ့တာကို ယေဟောဝါ မြင်တယ်။ မိသားစုမှာ ဖခင်ဟာ အခွင့်အာဏာ ရှိပေမဲ့ မိသားစုပြဿနာ တချို့ကိုတော့ မြို့ရဲ့ အကြီးအကဲတွေ ကိုင်တွယ်စီရင်ဖို့ တာဝန်ရှိတယ်။—တရား. ၂၁:၁၈-၂၁။

၂၁ သင်ခန်းစာများ– ယေဟောဝါ လုပ်ဆောင်သမျှဟာ တရားမျှတတဲ့အတွက် အကောင်းဆုံး ပုံသက်သေပါပဲ။ (ဆာ. ၉:၇) ဘုရားက မိမိစံနှုန်းအတိုင်း သစ္စာရှိရှိ နာခံသူတွေကို ဆုချပြီး အခွင့်အာဏာ အလွဲသုံးစားလုပ်သူတွေကို အပြစ်ပေးတယ်။ (၂ ရှ. ၂၂:၂၁-၂၃။ ယေဇ. ၉:၉၊ ၁၀) ဆိုးညစ်သူတချို့ အပြစ်ပေးမခံရပုံ ပေါက်နေပေမဲ့ အချိန်တန်တဲ့အခါ စီရင်ဖို့ ယေဟောဝါ ဆုံးဖြတ်ထားတယ်။ (ပညာ. ၂၈:၁၃) သူတို့ နောင်တမယူရင် “အသက်ရှင်တဲ့ ဘုရားသခင်ဆီက ပြစ်ဒဏ်ကို ခံရတာဟာ သိပ်ကြောက်စရာ ကောင်း” မှန်း မကြာခင် သိလာပါလိမ့်မယ်။—ဟီ. ၁၀:၃၀၊ ၃၁။

ပညတ်တရားက ဘယ်သူတွေကို အထူးကာကွယ်ပေးသလဲ

မြို့ဂိတ်တံခါးမှာ အကြီးအကဲတွေက ကုန်သည်တစ်ယောက်ရဲ့ ဖိနှိပ်မှုခံရတဲ့ မုဆိုးမ သားအမိကို မေတ္တာနဲ့ ကူညီပေးနေ

အငြင်းပွားမှုတွေကို ဖြေရှင်းတဲ့အခါ ယေဟောဝါရဲ့ မေတ္တာနဲ့ တရားမျှတမှုကို အကြီးအကဲတွေ တုပဖို့ လိုတယ် (အပိုဒ် ၂၂ ကိုကြည့်ပါ)d

၂၂-၂၄။ (က) ပညတ်တရားက ဘယ်သူတွေကို အထူးကာကွယ်ပေးသလဲ။ ယေဟောဝါအကြောင်း ဘာသိရသလဲ။ (ခ) ထွက်မြောက်ရာ ၂၂:၂၂-၂၄ မှာ ဘယ်သတိပေးချက် ပါသလဲ။

၂၂ မိဘမဲ့၊ မုဆိုးမ၊ တိုင်းတစ်ပါးသား စတဲ့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်သူတွေကို ပညတ်တရားက အထူးကာကွယ်ပေးတယ်။ “တိုင်းတစ်ပါးသားကိုဖြစ်စေ၊ မိဘမဲ့ကလေးကိုဖြစ်စေ တရားစီရင်တဲ့အခါ အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မလုပ်ရဘူး။ မုဆိုးမရဲ့ အဝတ်ကို အပေါင်ပစ္စည်းအဖြစ် မယူရဘူး” လို့ အစ္စရေး တရားသူကြီးတွေကို ပြောထားတယ်။ (တရား. ၂၄:၁၇) အကာအကွယ်မဲ့သူတွေကို ယေဟောဝါ အထူးစိတ်ဝင်စားတယ်။ သူတို့အပေါ် ဖိနှိပ်သူတွေကို အပြစ်ပေးတယ်။—ထွက်မြောက်ရာ ၂၂:၂၂-၂၄ ကိုဖတ်ပါ။

၂၃ ပညတ်တရားက သွေးရင်းသားရင်း စပ်ယှက်မှု ပုံစံအားလုံးကို တားမြစ်ထားတဲ့အတွက် လိင်ဆိုင်ရာပြစ်မှုတွေကနေ မိသားစုဝင်တွေကို ကာကွယ်ပေးတယ်။ (ဝတ်. ၁၈:၆-၃၀) အဲဒါတွေကို ပတ်ဝန်းကျင်လူမျိုးတွေ သည်းခံခွင့်ပြုထားပေမဲ့ ယေဟောဝါရဲ့ လူမျိုးကတော့ စက်ဆုပ်ရွံရှာစရာ ပြစ်မှုလို့ ရှုမြင်ရမယ်။

၂၄ သင်ခန်းစာများ– တာဝန်ရှိ အနေအထား ခန့်အပ်ခံရသူတွေဟာ တခြားသူတွေကို မေတ္တာပါပါ စိတ်ဝင်စားဖို့ ယေဟောဝါ မျှော်လင့်တယ်။ လိင်ဆိုင်ရာပြစ်မှုတွေကို ယေဟောဝါ မုန်းတယ်။ အထူးသဖြင့် အကာအကွယ်မဲ့သူတွေကို ကာကွယ်မှုနဲ့ တရားမျှတမှု ရစေချင်တယ်။

“နောင်လာမယ့် ကောင်းမြတ်တဲ့အရာတွေရဲ့ အရိပ်” ဖြစ်တဲ့ ပညတ်တရား

၂၅-၂၆။ (က) မေတ္တာနဲ့ တရားမျှတမှု အနီးကပ် ဆက်စပ်နေတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) ဒီဆောင်းပါးတွဲရဲ့ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၂၅ မေတ္တာနဲ့ တရားမျှတမှုဟာ အနီးကပ် ဆက်စပ်နေတယ်။ ကျွန်တော်တို့ကို ယေဟောဝါ မျှမျှတတ ဆက်ဆံကြောင်း ယုံကြည်စိတ်ချရင် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာမယ်။ ဘုရားနဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ချစ်မြတ်နိုးရင် တခြားသူတွေကို ချစ်ဖို့၊ မျှမျှတတ ဆက်ဆံဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။

၂၆ ပညတ်တရားက ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိဖို့ အစ္စရေးတွေကို ကူညီပေးတယ်။ ဒါပေမဲ့ ပညတ်တရားကို ယေရှု ပြည့်စုံစေပြီးနောက်မှာ ပညတ်တရား အဆုံးတိုင်သွားပြီး ပိုကောင်းတဲ့အရာနဲ့ အစားထိုးခံရတယ်။ (ရော. ၁၀:၄) တမန်တော် ပေါလုက ပညတ်တရားကို “နောင်လာမယ့် ကောင်းမြတ်တဲ့အရာတွေရဲ့ အရိပ်” လို့ ပြောတယ်။ (ဟီ. ၁၀:၁) ဒီဆောင်းပါးတွဲရဲ့ နောက်ဆောင်းပါးမှာ အဲဒီကောင်းမြတ်ရာတချို့နဲ့ ခရစ်ယာန်အသင်းတော်မှာ မေတ္တာ၊ တရားမျှတမှုရဲ့ ကဏ္ဍကို ဆွေးနွေးပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • မောရှေပညတ်က လူမျိုးတော်အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကို ဘယ်လို ပေါ်လွင်စေသလဲ။

  • မောရှေပညတ်က တရားမျှတမှုကို ယေဟောဝါ ချစ်မြတ်နိုးကြောင်း ဘယ်လို ပေါ်လွင်စေသလဲ။

  • မောရှေပညတ်က အကာအကွယ်မဲ့သူတွေအပေါ် ယေဟောဝါရဲ့ ရှုမြင်ပုံကို ဘယ်လို ပေါ်လွင်စေသလဲ။

သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ

a ဒီဆောင်းပါးက ကျွန်တော်တို့ကို ယေဟောဝါ ဂရုစိုက်ကြောင်း စိတ်ချစေတဲ့ ဆောင်းပါးတွဲ လေးခုထဲက ဦးဆုံး ဆောင်းပါးဖြစ်တယ်။ ကျန်ဆောင်းပါး သုံးခုက ၂၀၁၉၊ မေလထုတ် ကင်းမျှော်စင် မှာ ပါမယ်။ ခေါင်းစဉ်တွေက “ခရစ်ယာန်အသင်းတော်မှာ မေတ္တာနဲ့ တရားမျှတမှု၊” “ဆိုးညစ်မှုတွေ ရင်ဆိုင်ရချိန်မှာ မေတ္တာနဲ့ တရားမျှတမှု၊” “မတော်မတရားပြုခံရသူတွေအတွက် နှစ်သိမ့်မှု” တို့ဖြစ်တယ်။

b စကားလုံး ရှင်းလင်းချက်– မောရှေကတစ်ဆင့် အစ္စရေးတွေကို ပေးတဲ့ ပညတ် ၆၀၀ ကျော်ကို “ပညတ်တရား၊” “မောရှေပညတ်၊” “ပညတ်ချက်များ” လို့ ခေါ်တယ်။ ကျမ်းစာရဲ့ ပထမကျမ်းငါးစောင် (ကမ္ဘာဦးကနေ တရားဟောရာ) ကို ပညတ်ကျမ်းလို့ ခေါ်လေ့ရှိတယ်။ အဲဒီစကားလုံးက တစ်ခါတလေ ဟီဘရူးကျမ်းစောင် အားလုံးကိုလည်း ရည်ညွှန်းလေ့ရှိတယ်။

c ပုံအညွှန်း– အစ္စရေးမိခင်တစ်ယောက် အစားအစာ ပြင်ဆင်ရင်း သမီးတွေနဲ့ စကားပြောနေ။ အနောက်ဘက်မှာ ဖခင်က သားကို သိုးထိန်းတတ်ဖို့ သင်ပေးနေ။

d ပုံအညွှန်း– မြို့ဂိတ်တံခါးမှာ အကြီးအကဲတွေက ကုန်သည်တစ်ယောက်ရဲ့ ဖိနှိပ်မှုခံရတဲ့ မုဆိုးမ သားအမိကို မေတ္တာနဲ့ ကူညီပေးနေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ