ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဧပြီ စာ. ၂၆-၃၀
  • “တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့ကြ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့ကြ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညီအစ်ကို ဝင်စတန်၊ ဘုရားသခင်ကို ဘယ်လို ရှာတွေ့ခဲ့သလဲ။
  • ညီအစ်မ ပမ်လည်း အသက်ငယ်ငယ်နဲ့ ပုလဲကို စရှာခဲ့တယ်။ ဘယ်လို ရှာတွေ့ခဲ့သလဲ။
  • ညီအစ်ကို ဝင်စတန်၊ ယေဟောဝါကို စအမှုဆောင်ခဲ့တဲ့ နှစ်တွေအကြောင်း ပြောပြပါ။
  • ဘာသာပြန်လုပ်ငန်းကို ညီအစ်ကို ဘယ်လို စပြီးစိတ်ဝင်စားလာတာလဲ။
  • ညီအစ်မ ပမ်၊ ကျွန်းတွေမှာ နေရတာနဲ့ သြစတြေးလျမှာ နေရတာ ဘာကွာသလဲ။
  • ညီအစ်မက တစ်ခါတလေ ကိုယ်တိုင် ရေခပ်ပြီး ချက်ပြုတ်ရတယ်ဆိုတော့ ဘယ်လို လုပ်ခဲ့သလဲ။
  • ကျွန်းစုမှာ အမှုဆောင်ရတာကို နှစ်ယောက်စလုံး ကြိုက်ကြတယ်ဆိုတော့ အမှတ်တရဖြစ်ရပ်လေးတွေ ပြောပြပါဦး။
  • နောက်ပိုင်းနှစ်တွေမှာ ညီအစ်မ ကိုယ်ဝန်ပျက်ကျသွားတော့ ဘယ်လို ခံရပ်ခဲ့သလဲ။
  • ညီအစ်ကို ဝင်စတန်၊ တောင်ပစိဖိတ်ကျွန်းစုမှာ ရခဲ့တဲ့ အတွေ့အကြုံက သြစတြေးလျအေးရှား ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်ဖို့ အကူအညီ ဖြစ်သလား။
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မှန်ကန်တဲ့ လမ်းစဉ်ကို ရွေးချယ်လိုက်လို့ ကျေနပ်မိတယ်
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • အကျွန်ုပ်ကို ယေဟောဝါစောင့်ရှောက်မစခဲ့ပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဧပြီ စာ. ၂၆-၃၀
ပင်လယ်ကမ်းနားက ကျောက်ဆောင်ပေါ် လူငယ် ဝင်စတန်နဲ့ ပမ် ပိန်းတို့ ထိုင်နေ

ဘဝအတ္ထုပ္ပတ္တိ

“တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့ကြ

ဝင်စတန်နဲ့ ပမ်မလာ ပိန်း ပြောပြတယ်

ဝင်စတန်နဲ့ ပမ်မလာ ပိန်းဟာ သြစတြေးလျအေးရှား ဌာနခွဲမှာ အမှုဆောင်နေတယ်။ ယဉ်ကျေးမှု မတူတာ၊ ကိုယ်ဝန်ပျက်ကျတာစတဲ့ ဘဝအခက်အခဲတွေကို အတူ ကျော်ဖြတ်ခဲ့ရတယ်။ ဒါတောင် ယေဟောဝါနဲ့ လူတွေကို ချစ်နေမြဲ၊ အမှုဆောင်လုပ်ငန်းမှာ ရွှင်လန်းနေမြဲပဲ။ ဒီလူတွေ့ မေးမြန်းခန်းမှာ သူတို့ရဲ့ အတွေ့အကြုံတွေကို ဖော်ပြထားတယ်။

ညီအစ်ကို ဝင်စတန်၊ ဘုရားသခင်ကို ဘယ်လို ရှာတွေ့ခဲ့သလဲ။

သြစတြေးလျနိုင်ငံ၊ ကွင်းစလန် စိုက်ပျိုးရေးခြံမှာ ကျွန်တော် ကြီးပြင်းလာတယ်။ မိသားစုက ဘာသာတရား မကိုင်းရှိုင်းဘူး။ ကျွန်တော်တို့ နေရာက သီးခြားဖြစ်နေတော့ မိသားစုကလွဲလို့ တခြားသူတွေနဲ့ သိပ်မတွေ့ဖြစ်ဘူး။ အသက် ၁၂ နှစ်လောက်မှာ ဘုရားသခင်ကို စရှာတယ်။ အမှန်တရား သိခွင့်ပေးဖို့ ဆုတောင်းတယ်။ နောက်ပိုင်း၊ စိုက်ပျိုးရေးခြံကနေ ထွက်လာပြီး သြစတြေးလျတောင်ပိုင်း၊ အယ်ဒလိတ်မြို့မှာ အလုပ်လုပ်တယ်။ အသက် ၂၁ မှာ ဆစ်ဒနီမြို့ကို အားလပ်ရက်ခရီးထွက်တုန်း ပမ်နဲ့ ဆုံတယ်။ ဗြိတိသျှတွေဟာ အစ္စရေးမျိုးနွယ်တွေကနေ ဆင်းသက်လာတယ်လို့ ပြောတဲ့ ဗြိတိသျှ-အစ္စရေး ဘာသာရေးအဖွဲ့အကြောင်း ပမ် ပြောပြတယ်။ အဲဒီမျိုးနွယ်တွေက ဘီစီ ရှစ်ရာစုမှာ ပြည်နှင်ခံရတဲ့ မြောက်ပိုင်းဆယ်နွယ် ဖြစ်တယ်လို့ သူတို့ပြောကြတယ်။ အယ်ဒလိတ်မြို့ကို ကျွန်တော် ပြန်ရောက်တော့ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေတဲ့ အလုပ်ဖော်ကို အဲဒီအကြောင်း ပြောပြတယ်။ သက်သေခံတွေရဲ့ ယုံကြည်ချက်တွေအကြောင်း နာရီပိုင်းလောက် ဆွေးနွေးပြီးနောက် ငယ်ငယ်တုန်းက ဆုတောင်းချက် အဖြေရပြီဆိုတာ သိလိုက်တယ်။ ဖန်ဆင်းရှင်နဲ့ နိုင်ငံတော်အကြောင်း စသင်ယူတယ်။ ဒီလိုနဲ့ “တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့တယ်။—မ. ၁၃:၄၅၊ ၄၆။

ညီအစ်မ ပမ်လည်း အသက်ငယ်ငယ်နဲ့ ပုလဲကို စရှာခဲ့တယ်။ ဘယ်လို ရှာတွေ့ခဲ့သလဲ။

နယူးဆောက်ဝေး၊ ကော့ဖ်ဟာဗာမြို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုမှာ ကျွန်မ ကြီးပြင်းလာတယ်။ မိဘနဲ့ အဖိုးအဖွားတွေက ဗြိတိသျှ-အစ္စရေး ဘာသာရေးအဖွဲ့ရဲ့ သွန်သင်ချက်တွေကို လက်ခံတယ်။ ဒါကြောင့် ကျွန်မတို့မောင်နှမသုံးယောက်နဲ့ ဝမ်းကွဲတွေက ဗြိတိသျှတွေကို ဘုရား မျက်နှာသာပေးတယ်ဆိုတဲ့ အယူအဆကို လက်ခံကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ သိပ်မယုံဘူး။ ဘုရားအကြောင်း သိချင်နေတုန်းပဲ။ အသက် ၁၄ နှစ်မှာ အင်္ဂလီကန်၊ နှစ်ခြင်း၊ စနေအသင်း အပါအဝင် ချာ့ချ်အတော်များများကို သွားခဲ့တယ်။ ဒါပေမဲ့ ကျေနပ်လောက်တဲ့ အဖြေ မရဘူး။

နောက်ပိုင်း ကျွန်မတို့မိသားစု ဆစ်ဒနီကို ပြောင်းသွားတယ်။ ဒီလိုနဲ့ အားလပ်ရက်ခရီးထွက်လာတဲ့ ဝင်စတန်နဲ့ ဆုံဖြစ်တယ်။ ဘာသာရေးအကြောင်း ကျွန်မတို့ ဆွေးနွေးရာက စပြီး သက်သေခံတွေနဲ့ သူ ကျမ်းစာ လေ့လာဖြစ်သွားတယ်လို့ ပြောတယ်။ နောက်ပိုင်း အပြန်အလှန် စာရေးဖြစ်ကြတယ်။ ဒါပေမဲ့ သူ့စာထဲမှာ ကျမ်းချက်တွေ အပြည့်ပဲ။ ပထမတော့ စိတ်ဆိုးမိတယ်။ ဒါပေမဲ့ သူရေးတာတွေက အမှန်တရားဖြစ်မှန်း သဘောပေါက်လာတယ်။

၁၉၆၂ မှာ ဝင်စတန်နဲ့ နီးဖို့ အယ်ဒလိတ်မြို့ကို ကျွန်မ ပြောင်းသွားတယ်။ ပါပူဝါ နယူးဂီနီမှာ သာသနာပြု လုပ်ခဲ့ဖူးတဲ့ သက်သေခံမောင်နှံ သောမတ်နဲ့ ဂျဲနက် စလိုမန်တို့ဆီမှာ နေဖို့ ဝင်စတန် စီစဉ်ပေးတယ်။ ၁၈ နှစ်ပဲ ရှိသေးတဲ့ ကျွန်မကို သူတို့ အရမ်း ဂရုစိုက်ကြတယ်။ ဘုရားအကြောင်း ပိုသိလာအောင် ကူညီပေးကြတယ်။ ကျမ်းစာ စလေ့လာပြီး မကြာခင်မှာပဲ အမှန်တရား တွေ့ပြီဆိုတာ ယုံကြည်သွားတယ်။ ဝင်စတန်နဲ့ လက်ထပ်ပြီးပြီးချင်း အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ကြွယ်ဝတဲ့ အသက်တာပါပဲ။ ကြုံရတဲ့ အခက်အခဲတွေကြောင့် တန်ဖိုးကြီးတဲ့ ပုလဲကို ပိုတန်ဖိုးထားတတ်လာတယ်။

ညီအစ်ကို ဝင်စတန်၊ ယေဟောဝါကို စအမှုဆောင်ခဲ့တဲ့ နှစ်တွေအကြောင်း ပြောပြပါ။

တိုက်နယ်လုပ်စဉ် သွားခဲ့တဲ့ ခရီးမြေပုံ။ ကျွန်းတချို့ရဲ့ တံဆိပ်ခေါင်းများ။ တူဗာလူကျွန်းရဲ့ ဖူနာဖူတီကျွန်း

(က) တိုက်နယ်လုပ်စဉ် သွားခဲ့တဲ့ ခရီးမြေပုံ

(ခ) ကျွန်းတချို့ရဲ့ တံဆိပ်ခေါင်းများ။ ကီရီဘာတီနဲ့ ဗန်ဝါတူကို အရင်က ဂီလ်ဘတ်နဲ့ အဲလစ်ကျွန်းလို့ခေါ်

(ဂ) တူဗာလူကျွန်းရဲ့ လှပတဲ့ ဖူနာဖူတီ သန္တာကျွန်း။ သာသနာပြုတွေ မရောက်ခင် ကျွန်တော်တို့ လည်ပတ်ခဲ့တဲ့ ကျွန်း

ပမ်နဲ့ လက်ထပ်ပြီး မကြာခင်မှာပဲ အမှုဆောင်ဖို့ ဦးဆုံး “အခွင့်အရေးတံခါးကြီး” ကို ယေဟောဝါ ဖွင့်ပေးတယ်။ (၁ ကော. ၁၆:၉) ကျွန်တော်တို့အသင်းတော်ရဲ့ တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို ဂျက် ပေါ်တာက အဲဒီတံခါးအကြောင်း ကျွန်တော်တို့ကို ပြောပြတယ်။ (အခု သူဟာ သြစတြေးလျအေးရှား ဌာနခွဲကော်မတီဝင်အဖြစ် ကျွန်တော်နဲ့အတူ အမှုဆောင်နေတယ်။) ဂျက်နဲ့ ဇနီး ရိုစလင်းရဲ့ အားပေးမှုကြောင့် မှန်မှန်ရှေ့ဆောင် ငါးနှစ် လုပ်ခဲ့တယ်။ အသက် ၂၉ နှစ်ရောက်တော့ ဖီဂျီဌာနခွဲ လက်အောက်က တောင်ပစိဖိတ်ကျွန်းစုမှာ တိုက်နယ်လုပ်ဖို့ ကမ်းလှမ်းခံရတယ်။ ကျွန်းစုထဲမှာ အမေရိကန် ဆာမိုအာ၊ ဆာမိုအာ၊ ကီရီဘာတီ၊ နော်ရူ၊ နျူဝေး၊ တိုကေလော၊ တွန်ဂါ၊ တူဗာလူ၊ ဗန်ဝါတူတို့ ပါဝင်တယ်။

အဲဒီတုန်းက ကျွန်းသားတချို့ဟာ သက်သေခံတွေကို မယုံသင်္ကာဖြစ်လို့ သတိရှိရှိနဲ့ ပါးပါးနပ်နပ် နေရတယ်။ (မ. ၁၀:၁၆) အသင်းတော်တွေက သေးတော့ တချို့က တည်းခိုဖို့နေရာ မစီစဉ်ပေးနိုင်ဘူး။ ဒါကြောင့် ရွာခံတွေဆီမှာ တည်းခဲ့ရတယ်။ သူတို့အားလုံး သဘောကောင်းကြပါတယ်။

ဘာသာပြန်လုပ်ငန်းကို ညီအစ်ကို ဘယ်လို စပြီးစိတ်ဝင်စားလာတာလဲ။

ဆာမိုအာမှာ ဝင်စတန် ပိန်း အကြီးအကဲသင်တန်း ပေးနေ

ဆာမိုအာကျွန်းမှာ အကြီးအကဲသင်တန်း ပေးနေစဉ်

တွန်ဂါကျွန်းနိုင်ငံက ညီအစ်ကိုတွေဆီမှာ တွန်ဂါစကားနဲ့ ဝေစာနည်းနည်း၊ စာအုပ်ငယ်နည်းနည်းပဲ ရှိလို့ အင်္ဂလိပ်လို ထုတ်ထားတဲ့ သမ္မာတရား စာအုပ်ကို အမှုဆောင်မှာ သုံးကြတယ်။ ဒါကြောင့် အင်္ဂလိပ်စကား နည်းနည်းတတ်တဲ့ ဒေသခံ အကြီးအကဲ သုံးယောက်က လေးပတ်ကြာ အကြီးအကဲသင်တန်းအတွင်း အဲဒီစာအုပ်ကို တွန်ဂါစကားနဲ့ ဘာသာပြန်ပေးဖို့ သဘောတူကြတယ်။ စာမူတွေကို ပမ်က လက်နှိပ်စက်နဲ့ ရိုက်ပြီးနောက် ပုံနှိပ်ဖို့ အမေရိကန်ဌာနခွဲကို ပို့လိုက်တယ်။ အစအဆုံး ရှစ်ပတ်နဲ့ ပြီးသွားတယ်။ ဘာသာပြန် အရည်အသွေး သိပ်မကောင်းပေမဲ့ စာအုပ်က အမှန်တရား သင်ယူဖို့ တွန်ဂါစကားပြောတဲ့ လူများစွာကို ကူညီပေးတယ်။ ပမ်နဲ့ ကျွန်တော်ဟာ ဘာသာပြန်တွေ မဟုတ်ပေမဲ့ ဒီဖြစ်ရပ်ကြောင့် ဘာသာပြန်လုပ်ငန်းကို စိတ်ဝင်စားလာတယ်။

ညီအစ်မ ပမ်၊ ကျွန်းတွေမှာ နေရတာနဲ့ သြစတြေးလျမှာ နေရတာ ဘာကွာသလဲ။

တိုက်နယ်လုပ်ငန်းမှာ နေခဲ့ရတဲ့ နေရာတစ်ခုဖြစ်တဲ့ ကားရဲ့ဘေးမှာ ဝင်စတန်နဲ့ ပမ် ပိန်း ရပ်နေ

တိုက်နယ်လုပ်ငန်းမှာ ကျွန်တော်တို့ နေခဲ့တဲ့ နေရာတစ်ခု

သိပ်ကွာတာပေါ့။ နေရာဒေသပေါ် မူတည်ပြီး ခြင်၊ ကြွက်၊ ပူနွေးစိုစွတ်မှု၊ ဖျားနာမှု၊ အစားအစာ ရှားပါးမှုတွေကို ကြုံခဲ့ရတယ်။ ဒါပေမဲ့ ညနေခင်းရောက်တိုင်း အကာမရှိတဲ့ ရိုးရာသက်ငယ်အိမ်ကနေ ပင်လယ်ကြီးကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ။ လသာတဲ့ညတွေဆို အုန်းပင်တွေကို အတိုင်းသား မြင်နေရတယ်။ လမင်းရဲ့ ပုံရိပ်ဟာ ရေပြင်ပေါ်မှာ အထင်းသားပဲ။ အဲဒီလိုအချိန်တွေမှာ ကျွန်မတို့ တွေးတောဆင်ခြင်ပြီး ဆုတောင်းတယ်။ အဲဒါက အကောင်းမြင်စိတ် ဝင်လာဖို့ ကူညီပေးတယ်။

ကလေးတွေကိုလည်း ချစ်လာတယ်။ သူတို့ဟာ ချစ်စရာကောင်းပြီး ကျွန်မတို့လို လူဖြူတွေကို တွေ့တဲ့အခါ စပ်စုတတ်ကြတယ်။ နျူဝေးကျွန်းကို လည်ပတ်တုန်းက ကောင်လေးတစ်ယောက်က ဝင်စတန်ရဲ့ အမွေးထူတဲ့ လက်ကို ပွတ်ပြီး “ငှက်မွေးတွေ ကျနေတာပဲ။ ကြိုက်လိုက်တာ” လို့ ပြောတယ်။ အမွေးထူတဲ့ လက်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြဘူး။

လူတွေရဲ့ နွမ်းပါးတဲ့ဘဝကို မြင်ရတဲ့အခါ စိတ်မကောင်းဘူး။ ဝန်းကျင်ရှုခင်း လှသလောက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတယ်။ သောက်ရေ ရှားတယ်။ ညီအစ်ကိုတွေကတော့ နေသားကျနေပြီ ဖြစ်လို့ မစိုးရိမ်ကြဘူး။ ဝတ်ပြုရာခန်းမ ရှိထားတာ၊ မိသားစုနဲ့အတူ ယေဟောဝါကို ချီးမွမ်းခွင့်ရတာကိုပဲ ပျော်နေကြတယ်။ သူတို့ရဲ့ ပုံသက်သေက ပိုအရေးကြီးတာကို ဦးစားထားဖို့၊ ဘဝကို ရိုးရိုးရှင်းရှင်း ထားဖို့ ကူညီပေးတယ်။

ညီအစ်မက တစ်ခါတလေ ကိုယ်တိုင် ရေခပ်ပြီး ချက်ပြုတ်ရတယ်ဆိုတော့ ဘယ်လို လုပ်ခဲ့သလဲ။

တွန်ဂါမှာ ဇလုံနဲ့ ရေပုံး သုံးပြီး ပမ် အဝတ်လျှော်နေ

တွန်ဂါကျွန်းမှာ ပမ် အဝတ်လျှော်နေ

အဖေ့ကို ကျေးဇူးတင်ရမယ်။ မီးမွေးတတ်ဖို့၊ ချက်ပြုတ်တတ်ဖို့၊ ရှိတာလေးနဲ့ ဖြစ်အောင် လုပ်တတ်ဖို့ အဖေ သင်ပေးခဲ့တယ်။ တစ်ခေါက်၊ ကီရီဘာတီကို လည်ပတ်တုန်းက သက်ငယ်မိုး၊ ဝါးထရံကာ သန္တာကျောက်ခင်းအိမ်လေးမှာ နေခဲ့ရတယ်။ ထမင်းဟင်းချက်ဖို့ တွင်းတူးပြီး မီးဖိုရတယ်။ အုန်းခွံတွေကို မီးဆိုက်ရတယ်။ ရေရဖို့ နယ်ခံအမျိုးသမီးတွေနဲ့အတူ ရေတွင်းမှာ တန်းစီရတယ်။ ခြောက်ပေ ရှည်တဲ့ တုတ်တံမှာ ကြိုးချည်ထားတယ်။ ငါးမျှားတံနဲ့ တူတယ်။ ကြိုးရဲ့ ထိပ်မှာ ချိတ်အစား ရေပုံး တပ်ထားတယ်။ ကြိုးကို ရေထဲ ဆတ်ခနဲ ပစ်ပြီး ခပ်ရတာ လွယ်လွယ်လေးလို့ ထင်ရတယ်။ ကျွန်မအလှည့် ရောက်တော့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ ရေပုံးထဲ ရေမဝင်ဘဲ ပေါလောပေါ်နေတယ်။ ဝိုင်းရယ်ကြပေမဲ့ အမျိုးသမီးတစ်ယောက် လာကူပေးတယ်။ သူတို့တွေက သဘောကောင်းကြပါတယ်။

ကျွန်းစုမှာ အမှုဆောင်ရတာကို နှစ်ယောက်စလုံး ကြိုက်ကြတယ်ဆိုတော့ အမှတ်တရဖြစ်ရပ်လေးတွေ ပြောပြပါဦး။

ဝင်စတန်– တချို့ထုံးစံတွေကို သဘောပေါက်ဖို့ အချိန်ယူခဲ့ရတယ်။ ဥပမာ၊ ညီအစ်ကိုတွေ ထမင်းဖိတ်ကျွေးတဲ့အခါ ရှိတာအကုန် ချကျွေးတတ်တယ်။ အိမ်ရှင်တွေအတွက် ချန်ရမယ်ဆိုတာ မသိလို့ အကုန်စားမိတဲ့အခါတွေ ရှိတယ်။ အကြောင်းသိတော့မှ ချန်ထားပေးတယ်။ ညီအစ်ကိုတွေကတော့ နားလည်ပေးကြတယ်။ ခြောက်လတစ်ခါ တိုက်နယ်လည်ပတ်ချိန်မှာ ပြန်တွေ့ရဖို့ မျှော်နေတတ်တယ်။ နယ်ခံတွေကလွဲရင် တွေ့စရာ တခြားသက်သေခံဆိုလို့ ကျွန်တော်တို့ပဲ ရှိတာကိုး။

နျူဝေးကျွန်းမှာ အမှုဆောင်အုပ်စုကို ဝင်စတန် ဦးဆောင်နေစဉ်။ အားလုံး ဆိုင်ကယ် ကိုယ်စီနဲ့

နျူဝေးကျွန်းမှာ အုပ်စုလိုက် အမှုဆောင်သွားနေစဉ်

ကျွန်တော်တို့ရဲ့ လည်ပတ်မှုက ရပ်ကွက်အတွက်လည်း သက်သေခံချက်ကောင်း ဖြစ်စေတယ်။ ရွာသားတွေက ညီအစ်ကိုတွေရဲ့ ဘာသာကို ကိုယ့်ဟာကိုယ် ထွင်ထားတဲ့ဘာသာလို့ ထင်နေကြတာ။ နိုင်ငံရပ်ခြားက လာတဲ့ ကျွန်တော်နဲ့ ပမ်ကို တွေ့တော့မှ အဖွဲ့အစည်းကို အထင်ကြီး လေးစားလာကြတယ်။

ပမ်– အမှတ်ရဆုံး ဖြစ်ရပ်တစ်ခုကတော့ ကီရီဘာတီမှာပဲ။ အဲဒီမှာ ညီအစ်ကို/မ နည်းနည်းပဲ ရှိတဲ့ အသင်းတော်တစ်ခု ရှိတယ်။ တစ်ဦးတည်းသော အကြီးအကဲ ညီအစ်ကို စီနာကီ မာတီရာက ကျွန်မတို့ကို အတတ်နိုင်ဆုံး ဂရုစိုက်တယ်။ တစ်နေ့၊ တောင်းလေးထဲမှာ ကြက်ဥတစ်လုံး ထည့်လာပြီး “ညီမတို့အတွက်” တဲ့။ အဲဒီတုန်းက ကြက်ဥဆိုတာ အထူးလက်ဆောင်ပဲ။ သေးငယ်ပေမဲ့ ရက်ရောတဲ့ အဲဒီလက်ဆောင်ကြောင့် စိတ်ထိမိခဲ့ရတယ်။

နောက်ပိုင်းနှစ်တွေမှာ ညီအစ်မ ကိုယ်ဝန်ပျက်ကျသွားတော့ ဘယ်လို ခံရပ်ခဲ့သလဲ။

တောင်ပစိဖိတ်မှာ အမှုဆောင်နေချိန် ၁၉၇၃ မှာ ကျွန်မ ကိုယ်ဝန်ရှိလာတယ်။ ဒါနဲ့ သြစတြေးလျကို ပြန်သွားတယ်။ လေးလအကြာမှာ ကိုယ်ဝန်ပျက်ကျသွားတယ်။ ကျွန်မတို့ နှစ်ယောက် သိပ်စိတ်ထိခိုက်တယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်ဒဏ်ရာ သက်သာလာပေမဲ့ လုံးဝ ပျောက်သွားတာတော့ မဟုတ်ဘူး။ ၂၀၀၉၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် ရတဲ့အချိန်ထိပဲ။ “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ “မိခင်၏ ဝမ်းထဲတွင် သေဆုံးသွားသော ကလေးတစ်ဦးသည် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် ရှိပါသလော” လို့ မေးထားတယ်။ ဖြောင့်မှန်ရာကို အမြဲ လုပ်ဆောင်တဲ့ ယေဟောဝါလက်ထဲ ဒီကိစ္စကို အပ်ထားဖို့ ဆောင်းပါးမှာ အားပေးထားတယ်။ ဒီစနစ်ဆိုးမှာ ရတဲ့ ဒဏ်ရာမှန်သမျှကို ဘုရား ကုစားပေးမယ်။ “မာရ်နတ်လုပ်သမျှကို ချေဖျက်ဖို့” သားတော်ကို ညွှန်ကြားမယ်။ (၁ ယော. ၃:၈) ယေဟောဝါလူမျိုးအဖြစ် ကျွန်မတို့ ပိုင်ဆိုင်ထားတဲ့ “ပုလဲ” ကို ပိုတန်ဖိုးထားဖို့ အဲဒီဆောင်းပါးက ကူညီပေးတယ်။ နိုင်ငံတော် မျှော်လင့်ချက်သာ မရှိရင် ကျွန်မတို့ဘဝ ဘယ်လို ဖြစ်နေမလဲ မသိဘူး။

ကိုယ်ဝန်ပျက်ကျပြီးနောက် အချိန်ပြည့်လုပ်ငန်းမှာ ပြန် ပါဝင်ခဲ့တယ်။ သြစတြေးလျဗေသလမှာ လအနည်းငယ် အမှုဆောင်ပြီး တိုက်နယ်ပြန်လုပ်တယ်။ နယူးဆောက်ဝေးနဲ့ ဆစ်ဒနီမှာ လေးနှစ်ကြာ အမှုဆောင်ပြီးနောက် ၁၉၈၁ မှာ သြစတြေးလျဌာနခွဲကို ဖိတ်ခေါ်ခံရတယ်။ အဲဒီမှာ အခုအချိန်ထိ အမှုဆောင်နေတယ်။

ညီအစ်ကို ဝင်စတန်၊ တောင်ပစိဖိတ်ကျွန်းစုမှာ ရခဲ့တဲ့ အတွေ့အကြုံက သြစတြေးလျအေးရှား ဌာနခွဲကော်မတီဝင်အဖြစ် အမှုဆောင်ဖို့ အကူအညီ ဖြစ်သလား။

နည်းအမျိုးမျိုးနဲ့ အကူအညီဖြစ်တာပေါ့။ အစက အမေရိကန် ဆာမိုအာနဲ့ ဆာမိုအာကျွန်းကို သြစတြေးလျက ကြီးကြပ်ရတယ်။ နောက်ပိုင်း နယူးဇီလန်ဌာနခွဲကို သြစတြေးလျနဲ့ ပေါင်းလိုက်တယ်။ အခု သြစတြေးလျအေးရှားဌာနခွဲ လက်အောက်မှာ သြစတြေးလျ၊ အမေရိကန် ဆာမိုအာ၊ ဆာမိုအာ၊ ကွတ်ကျွန်းစု၊ နယူးဇီလန်၊ နျူဝေး၊ တီမောလက်စတီ၊ တိုကေလော၊ တွန်ဂါကျွန်းတွေ ပါဝင်တယ်။ အဲဒီကျွန်းအများစုကို ဌာနခွဲကိုယ်စားလှယ်အဖြစ် လည်ပတ်ခွင့် ရတယ်။ အဲဒီသစ္စာရှိ ညီအစ်ကို/မတွေနဲ့ တွဲလုပ်ခြင်းက အခု ဌာနခွဲရုံးမှာ အမှုဆောင်ဖို့ သိပ်အထောက်အကူပြုတယ်။

ဩစတြေးလျအေးရှား ဌာနခွဲမှာ ဝင်စတန်နဲ့ ပမ် ပိန်း

သြစတြေးလျအေးရှား ဌာနခွဲမှာ ဝင်စတန်နဲ့ ပမ်မလာ

ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ လူကြီးတွေပဲ ဘုရားကို ရှာကြတာ မဟုတ်မှန်း သိလာတယ်။ မိသားစုဝင်တွေ စိတ်မဝင်စားရင်တောင် လူငယ်လေးတွေလည်း “တန်ဖိုးကြီးတဲ့ ပုလဲ” ကို လိုချင်ကြတယ်။ (၂ ဘု. ၅:၂၊ ၃။ ၂ ရာ. ၃၄:၁-၃) ယေဟောဝါဟာ လူကြီးလူငယ်အားလုံးကို အသက်ရစေချင်တဲ့ မေတ္တာရှင်ဘုရား ဖြစ်တာ သေချာတယ်။

ဘုရားကို စရှာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်တုန်းက ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိခဲ့ဘူး။ နိုင်ငံတော်အမှန်တရားဟာ တကယ်ပဲ အဖိုးထိုက်တဲ့ ပုလဲပါ။ ဒီပုလဲကို အစွမ်းကုန် ဆုပ်ကိုင်ထားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ