ဝေါရန် ရေနိုလ် | ဘဝအတ္ထုပ္ပတ္တိ
မှန်ကန်တဲ့ လမ်းစဉ်ကို ရွေးချယ်လိုက်လို့ ကျေနပ်မိတယ်
သြစတြေးလျ အနောက်မြောက်ပိုင်းက တောကြီးထဲမှာပေါ့။ တောက်လောင်နေတဲ့ မီးပုံနားမှာ ညီအစ်ကို၊ ညီအစ်မတွေ ဝိုင်းထိုင်ပြီး ယေဟောဝါ ကောင်းချီးပေးခဲ့ပုံအကြောင်း တွေ့ကြုံမှုတွေ ဖလှယ်ကြတယ်။ နိုင်ငံအမျိုးမျိုးမှာ ဘာသာစကား အမျိုးမျိုးပြောသူတွေနဲ့ ဒီလို မီးပုံဘေးမှာထိုင်ပြီး စကားပြောဖူးတယ်။ မီးတောက်တွေရဲ့ တစ်ဖက်မှာ ချစ်ဇနီး ကျေကျေနပ်နပ် ပြုံးနေတာကို လှမ်းတွေ့လိုက်တယ်။ ကျွန်တော်တို့ နှစ်ယောက် ဘုရားအမှုတော်မှာ သိပ်ပျော်ခဲ့ကြတာ။ ရောက်ဖြစ်မယ်လို့ စိတ်ကူးမယဉ်ဖူးတဲ့ နေရာတွေမှာတောင် အမှုဆောင်ခဲ့ကြတယ်။ တကယ်ဆိုရင် လူငယ်ဘဝတုန်းက တခြားလမ်းစဉ်ကို ရွေးမိတော့မလို့ပဲ။ ဘဝဇာတ်ကြောင်း အစကနေ ပြောပြပါရစေ။
ကျွန်တော်က သြစတြေးလျ ကျေးလက်ဒေသမှာ ကြီးပြင်းလာတာပါ။ မိဘ၊ အဘိုးအဘွားတွေက ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အမှန်တရား သိလာတယ်။ ကျွန်တော် အသက် ၆ နှစ်မှာ အမှုဆောင် စထွက်ပြီး ၁၃ နှစ်မှာ နှစ်ခြင်းခံတယ်။ ကျောင်းပိတ်ပြီဆိုရင် အရန်ရှေ့ဆောင် လုပ်ပြီ။ ငယ်ငယ်ကတည်းက ယေဟောဝါကို ချစ်တယ်။ ဘုရားကို ထာဝစဉ် ဝတ်ပြုသွားချင်တယ်။
မိဘ၊ ညီလေး လေးယောက်နဲ့ အတူ
အသက် ၁၅ နှစ်ရောက်တော့ ကျွန်တော် အားကစားမှာ ထူးချွန်နေမှန်း ဆရာတွေ သတိထားမိသွားတယ်။ ဒါနဲ့ ကြေးစားရတ်ဂ်ဘီအသင်းရဲ့ ကိုယ်စားလှယ်တွေက ပညာသင်ဆု ကမ်းလှမ်းလာတော့ ကျွန်တော်လည်း နာမည်ကြီး ရတ်ဂ်ဘီဘောလုံးသမား ဖြစ်ချင်တဲ့စိတ် ပေါ်လာတယ်။ ဒါပေမဲ့ ကိုယ်က ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားသူပါ။ အဖေက ကျွန်တော့်ကို အားကစား လိုက်စားသင့်မသင့် မဆုံးဖြတ်ခင်မှာ ဆက်ကပ်အပ်နှံတုန်းက ဘုရားကို ဘယ်လို ကတိပေးခဲ့သလဲဆိုတာ အရင်စဉ်းစားခိုင်းတယ်။ စဉ်းစားကြည့်လိုက်တော့ ဘုရားအတွက် အမှုဆောင်ရင်း အားကစားမှာ ကျော်ကြားဖို့ဆိုတာ မဖြစ်နိုင်မှန်း သိလာတယ်။ အဲဒီနောက် လပိုင်းလောက်အကြာမှာ ကင်ဘာရာမြို့မှာရှိတဲ့ သြစတြေးလျ အားကစားသိပ္ပံက ပညာသင်ဆု နောက်တစ်ခု ထပ်ကမ်းလှမ်းပြန်တယ်။ ဒီတစ်ခါတော့ ဓနသဟာယအားကစားပွဲ ဒါမှမဟုတ် အိုလံပစ် အားကစားပွဲမှာ မာရသွန် အပြေးသမားအနေနဲ့ သြစတြေးလျ ကိုယ်စားပြုတဲ့ အားကစားသမားဖြစ်ဖို့ အခွင့်အလမ်း ရှိလာတယ်။ ဒီတစ်ခါလည်း ကိုယ်သိပ်ချစ်မြတ်နိုးတဲ့ ဘုရားဆီ သစ္စာပြုခဲ့တဲ့ ဆက်ကပ်အပ်နှံခြင်း ကတိကို တည်ချင်တဲ့စိတ်နဲ့ ပညာသင်ဆုကို ငြင်းလိုက်တယ်။
အဲဒီနောက်ပိုင်း ကျောင်းထွက်ပြီး ကိုယ့်ရဲ့ပန်းတိုင်အတိုင်း ရှေ့ဆောင်စလုပ်တယ်။ ဒါပေမဲ့ မိသားစုရဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ရှေ့ဆောင်နားပြီး လယ်ထွန်စက်မောင်းတဲ့အလုပ် အချိန်ပြည့်လုပ်တယ်။ အဲဒီအချိန်တုန်းက အသက် ၁၈၊ ၁၉ လောက်ပဲရှိသေးတာ။ မိသားစုနဲ့လည်း ခွဲနေတော့ ဝတ်ပြုရေးမှာ စိတ်မပါတော့ဘဲ လုပ်ရိုးလုပ်စဉ်ဆန်လာတယ်။ စိတ်ဓာတ်ကျလာတယ်၊ ယေဟောဝါနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး မရှိတော့ဘူး။ အရက် လွန်လွန်ကျွံကျွံ သောက်ပြီး အကျင့်ပျက်သူတွေနဲ့ အဖွဲ့ကျတော့ သူတို့ရဲ့အကျင့်တွေပါ ကူးလာတယ်။ ခဏတာ ပျော်ရွှင်မှုအတွက် ယေဟောဝါနဲ့ ဆက်ဆံရေးကို လျစ်လျူရှုမိသွားတယ်။
ဒီအတိုင်းဆိုရင် မဖြစ်ဘူး၊ ဘဝဦးစားပေးရာတွေ ပြောင်းလဲမှ ရတော့မယ်။ ဒါကြောင့် အပေါင်းအသင်းတွေနဲ့ ဝေးရာ နောက်တစ်မြို့ဆီ ပြောင်းသွားလိုက်တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် ကြိုးစားပြီး ရှေ့ဆောင် ပြန်လုပ်တယ်။ အဲဒီမှာ ရှက်တတ်တဲ့ ရှေ့ဆောင်ညီအစ်မ လီယန် မက်ရှယ်ရီနဲ့ ဆုံပြီး ရင်းနှီးသွားတယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်တယ်။ သာသနာပြုလုပ်ချင်တဲ့အကြောင်းလည်း ပါတာပေါ့။ ကျွန်တော်တို့နှစ်ယောက် ၁၉၉၃ ခုနှစ်မှာ လက်ထပ်လိုက်တယ်။ နှစ်ယောက်စလုံးက ဘဝကို ယေဟောဝါရဲ့ လမ်းညွှန်မှုအတိုင်း နေထိုင်ချင်ကြတာ။
ပန်းတိုင်တွေကို ကြိုးစားတက်လှမ်းခဲ့ကြ
လက်ထပ်တဲ့ နှစ်မှာပဲ လီယန်လို ကျွန်တော်လည်း မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ အကြွေးမရှိတဲ့ ရိုးရှင်းတဲ့ဘဝနဲ့ နေချင်လို့ နောက်တွဲယဉ်အဟောင်းတစ်စီး ဝယ်ပြီး အဲဒီထဲမှာပဲ လင်မယားနှစ်ယောက် နေကြတယ်။ ခြောက်နှစ်လုံးလုံး ယေဟောဝါအဖွဲ့အစည်း သွားခိုင်းတဲ့နေရာတွေဆီ တစ်နေရာပြီး တစ်နေရာ သွားကြတယ်။ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ဖို့ အလုပ်မရွေးဘဲ ရသမျှအလုပ် လုပ်တယ်။ ကွင်းစလန်ပြည်နယ်ထဲက ဝေးလံခေါင်သီ၊ ကျယ်ပြော၊ ခြောက်သွေ့တဲ့ မြေပြန့်ဒေသတွေမှာ အသင်းတော်ငယ်တွေနဲ့အတူ အမှုဆောင်ထွက်ကြတယ်။ လူသူမရှိတဲ့ တောထဲမှာ စခန်းချရတာ များတယ်။ အစည်းအဝေးတွေကို တောထဲမှာ ဒါမှမဟုတ် ဒေသခံ မြို့တော်ခန်းမတွေမှာ ကျင်းပတယ်။ သိပ်ပျော်ခဲ့ကြတာ။ ဒါပေမဲ့ ‘ယေဟောဝါအတွက် ဒီထက်မက ပေးဆပ် အမှုဆောင်လို့ရနိုင်မယ့် နည်းများ ရှိမလား’ ဆိုပြီး စဉ်းစားမိတာတော့ အမှန်ပဲ။ မကြာပါဘူး၊ အဖြေတစ်ခု ရလာတယ်။
သြစတြေးလျရဲ့ ဝေးလံခေါင်သီတဲ့ဒေသတစ်ခုမှာ သတင်းကောင်း ဟောပြောဖို့သွားရင်း တောထဲမှာ အစည်းအဝေးကျင်းပနေစဉ်
ယေဟောဝါရဲ့ အဖွဲ့အစည်းက ကျွန်တော်တို့ကို တခြားနိုင်ငံမှာ သာသနာပြုတွေအနေနဲ့ အမှုဆောင်ဖို့ ဖိတ်ခေါ်တယ်။ ဒါပေမဲ့ အရည်အချင်းမပြည့်မီဘူးလို့ ခံစားရတယ်။ ဂိလဒ်သင်တန်းကျောင်းရဲ့ လေ့ကျင့်မှု မခံရတော့ သာသနာပြုတွေအနေနဲ့ ထိရောက်ပါ့မလားလို့ စိုးရိမ်တယ်။ ဟောပြောခြင်းလုပ်ငန်းကို နှစ်သက်ပေမဲ့ ဝေးလံတဲ့ ဒေသတွေမှာ အမှုဆောင်တုန်းက ကျမ်းစာသင်အံမှု အများကြီး မကျင်းပနိုင်ခဲ့ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ထိရောက်တဲ့ ကျမ်းစာသွန်သင်သူတွေလို့ မယူဆဘူး။
ကျွန်တော်တို့ စိုးရိမ်နေတာတွေကို ဌာနခွဲကော်မတီဝင် ညီအစ်ကို မက်ခ်စ် လွိုက်ကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။a အရည်အချင်းမပြည့်မီဘူးလို့ ခံစားရရင်တောင် ဘုရားအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆက်မယ်ဆိုရင် ဘယ်တာဝန်ပဲရရ လုပ်ဆောင်နိုင်အောင် ယေဟောဝါ ကူညီပေးမယ်လို့ ညီအစ်ကို မက်ခ်စ် အားပေးတယ်။ ဖခင်တစ်ယောက်လို အားပေးတဲ့ စကားတွေကြောင့် လင်မယားနှစ်ယောက်သား ပေးတဲ့တာဝန်ကို ပျော်ပျော်ရွှင်ရွှင် လက်ခံပြီး သီရိလင်္ကာကို သွားကြတယ်။
စိန်ခေါ်မှုတွေ များတဲ့ တာဝန်
၁၉၉၉ မှာ သီရိလင်္ကာရဲ့ မြို့တော် ကိုလံဘိုကို ရောက်လာတယ်။ ဆိတ်ငြိမ်အေးချမ်းတဲ့ သြစတြေးလျ ကျေးလက်ဒေသတွေနဲ့ ကွာခြားလိုက်တာ။ ပြည်တွင်းစစ်၊ ဆင်းရဲနွမ်းပါးမှု၊ လူနေထူထပ်မှု၊ တောင်းရမ်းနေသူတွေ၊ ဘာသာစကား အခက်အခဲတွေကို ဒီကိုရောက်မှပဲ ကြုံဖူးတာ။ ဒါပေမဲ့ သီရိလင်္ကာမှာ အဖိုးတန်ရတနာလေးတွေလည်း တွေ့ရတယ်။ ချစ်စရာကောင်းတဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ ယေဟောဝါအကြောင်း မသိသေးတဲ့ စိတ်နှိမ့်ချသူတွေပါ။
ရှုခင်းသိပ်လှတဲ့ ကန္ဒီမြို့မှာ တာဝန်ကျတယ်။ လက်ဖက်ခင်းတွေ၊ မိုးသစ်တောတွေနဲ့ ဝန်းရံထားတဲ့ တောင်ပေါ်မြို့လေးပါ။ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေကြောင့် နာမည်ကြီးတယ်။ မြို့ခံအများစုက မေတ္တာရှင် ဖန်ဆင်းရှင်အကြောင်း မကြားဖူးကြဘူး။ ကျွန်တော်တို့ရဲ့ အသင်းတော်မှာ ဆင်ဟာလာနဲ့ တမီလ်စကားပြော ညီအစ်ကို၊ ညီအစ်မတွေ ရောနေတော့ အစည်းအဝေးကို ဘာသာစကားနှစ်မျိုးစလုံးနဲ့ ကျင်းပတယ်။ ဆင်ဟာလာစကား သင်ယူရတာ ခက်လိုက်တာ။ ဒါပေမဲ့ ညီအစ်ကို၊ ညီအစ်မတွေ၊ ကျမ်းစာသင်သားတွေက သူတို့ဘာသာစကားကို ကျွန်တော်တို့ ကြိုးစားသင်ယူတာကို သိပ်တန်ဖိုးထားတယ်။ မတောက်တခေါက်နဲ့ အမှားမှားအယွင်းယွင်း ပြောမိတဲ့အခါတွေဆိုလည်း သဘောကျလို့ ဝိုင်းရယ်တာပေါ့ဗျာ။
သီရိလင်္ကာမှာ ဆင်ဟာလာနဲ့ တမီလ် ဘာသာပြန်တွေရဲ့ အကူအညီနဲ့ ဟောပြောချက်ပေးနေစဉ်
ဒါပေမဲ့ ကျွန်တော်တို့အတွက် အခက်ဆုံးက ဘာသာစကားမဟုတ်ဘူး။ အမှန်တရားကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တာကို ဘဝမှာ ဦးဆုံး ကြုံဖူးတာပါ။ တစ်ခါမှာ လူတစ်စု ဒေါသတကြီးနဲ့ ရောက်လာတယ်။ စာပေတွေကို မီးရှို့တဲ့သူက ရှို့၊ ကျွန်တော်နဲ့ နောက်ညီအစ်ကိုကို ရိုက်နှက်ပြီး ဝိုင်းကန်တဲ့သူက ကန်။ ဒီအဖြစ်ဆိုး ကြုံနေရချိန်မှာ စိတ်တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ ဒီမှာပဲ အသက်ပါသွားခဲ့ရင် အောက်မေ့သတိရပေးဖို့ ယေဟောဝါဆီ ဆုတောင်းတယ်။ ဒီလောက်နဲ့ပဲ ပြီးသွားလို့ တော်သေးတယ်။ ရွာထဲကနေ တုန်တုန်ယင်ယင်နဲ့ ကျွန်တော်တို့ ထွက်လာကြတယ်။ ယေဟောဝါ ကာကွယ်ပေးလို့ ကျေးဇူးတင် မဆုံးဘူး။
နောက်တော့ သီရိလင်္ကာမှာ နေသားကျပြီး ကိုယ့်အိမ်လို ခံစားလာတယ်။ စစ်ကြောင့် နိုင်ငံ တကွဲတပြား ဖြစ်နေပေမဲ့ အမှန်တရား ဆာငတ်သူတွေကို ယေဟောဝါက စည်းလုံးတဲ့ မိသားစုထဲ ဆွဲဆောင်တာကို မြင်ရတာ ပျော်လိုက်တာ။ သိပ်လှတဲ့ ဒီကျွန်းနိုင်ငံမှာ ရလာတဲ့ အမှတ်တရပေါင်း မနည်းဘူး။ ဒါပေမဲ့ အမှုဆောင်တာ နှစ်နှစ်ပဲ ရှိသေးတဲ့အချိန်မှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဖိအားကို အစိုးရက မလွန်ဆန်နိုင်တော့လို့ သာသနာပြုအများစုကို နိုင်ငံကနေ နယ်နှင်လိုက်တယ်။
အဲဒီသတင်းကြားပြီး တစ်ပတ်၊ နှစ်ပတ်လောက်ကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတယ်။ ဘယ်ကိုထွက်သွားရမလဲပေါ့။ အုပ်ချုပ်ရေးအဖွဲ့က ပါပူဝါနယူးဂီနီမှာ အမှုဆောင်ဖို့ တာဝန်ပေးတယ်။ ဒီလိုနဲ့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလမှာ မြို့တော် ပေါ့မော်စဘီမြို့ကို ရောက်လာကြတယ်။
ကွဲပြားခြားနားမှုအမျိုးမျိုး ရောပြွမ်းနေတဲ့ ပါပူဝါနယူးဂီနီ
ပါပူဝါနယူးဂီနီဟာ သြစတြေးလျနဲ့ အနီးဆုံးနိုင်ငံဖြစ်ပေမဲ့ လူတွေရဲ့ နေထိုင်မှုဘဝပုံစံနဲ့ ယဉ်ကျေးမှုတွေကတော့ တခြားစီပဲ။ အဲဒီတော့ နေရာသစ်မှာ နေသားကျအောင် ပြန်ကြိုးစားရတာပေါ့။ ပါပူဝါနယူးဂီနီမှာ ဘာသာစကား ၈၀၀ ကျော်တောင် ပြောကြတာ။ အဲဒီထဲက အများစုပြောတဲ့ တော့ခ်ပီဆန် စကားကို ကျွန်တော်တို့ သင်ယူကြတယ်။
ပေါ်ပန်ဒက်တာမြို့မှာ သုံးနှစ် အမှုဆောင်ပြီးနောက် တိုက်နယ်တွေအဖြစ် ခန့်အပ်ခံရတယ်။ ကျွန်တော်တို့ကို တိုက်နယ်တွေအဖြစ် ယေဟောဝါ အသုံးပြုလိမ့်မယ်လို့ လုံးဝ မထင်ထားဘူး။ နယ်လှည့်ကြီးကြပ်မှူးတွေရဲ့ လမ်းညွှန်မှု၊ ရင့်ကျက်မှု၊ သွန်သင်နိုင်စွမ်းကို အမြဲတန်ဖိုးထားလေးစားခဲ့တာ။ ဒါပေမဲ့ ကိုယ်တိုင် တိုက်နယ်လုပ်ရမယ်ဆိုတဲ့အခါမှာတော့ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရတယ်။ သာသနာပြုဖို့ပဲ ပန်းတိုင်ရှိတော့ နယ်လှည့်ကြီးကြပ်မှူး ဖြစ်မယ်လို့ စဉ်းတောင်မစဉ်းစားဖူးဘူး။ ယေဟောဝါ ကျွန်တော့်ကို ဒီအခွင့်ထူးပေးလို့ အံ့သြနေတုန်းပဲ။
ပါပူဝါနယူးဂီနီနိုင်ငံ၊ အနောက် ဆယ်ပစ် ပြည်နယ်က သီးခြားအုပ်စုကို လည်ပတ်နေစဉ်
ပါပူဝါနယူးဂီနီနိုင်ငံရဲ့ သီးခြားအုပ်စုကို လည်ပတ်ပြီးနောက် ဌာနခွဲကို မှတ်တမ်းရေးပို့နေစဉ်
ကျွန်တော်တို့ သွားရတဲ့ မြို့တွေမှာ အများအားဖြင့် ရေ၊ မီး ရတယ်၊ ကုတင်နဲ့လည်း အိပ်ရတယ်။ ကျေးလက်ဒေသတွေမှာတော့ ဒါတွေ မရှိဘူး။ တဲတွေမှာ အိပ်ရတယ်။ ထင်းမီးဖိုနဲ့ ချက်ပြုတ်ရတယ်။ ချောင်းတွေ၊ မြစ်တွေထဲမှာ ရေချိုးရတယ်။ မြစ်ထဲမှာ မိကျောင်းတွေ တွေ့ရင်တော့ ရေပုံးနဲ့ပဲ ရေခပ်ပြီး အိမ်ပြန်ချိုးကြတယ်။
တိုက်နယ်လုပ်ငန်းဟာ ထင်ထားတာထက် ပိုပင်ပန်းလို့ အတော်လေး သက်လုံကောင်းဖို့ လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ “ခွန်အားတွေကို စုစည်းပြီး” လုပ်စရာရှိတာသာ လုပ်မယ်ဆိုရင် ယေဟောဝါ အောင်မြင်စေမယ်ဆိုတာ စိတ်ချတယ်။ (တရားသူကြီး ၆:၁၄) အသင်းတော်၊ အုပ်စု အတော်များများက တောကြီးမျက်မည်းထဲမှာ၊ ကမ်းရိုးတန်းရွှံ့နွံဒေသတွေ၊ သွားလာရခက်တဲ့ တောင်တန်းတွေမှာ ရှိနေတော့ ညီအစ်ကို၊ ညီအစ်မတွေဆီရောက်ဖို့ ခက်ခက်ခဲခဲ သွားရတယ်။ လေးဘီးယက် ထရပ်ကားတွေ၊ လှေတွေ၊ လေယာဉ်တွေနဲ့ သွားရတယ်။ ဒါပေမဲ့ ခြေကျင်နဲ့ သွားရတာ ပိုများတယ်။b
အမှုဆောင်လုပ်ငန်းမှာ ဘယ်လောက်ပဲ ခက်ခဲပါစေ လီယန် အမြဲ အသင့်ရှိ
ဥပမာ၊ အင်ဒိုနီးရှားနယ်စပ်က အသင်းတော်တစ်ခုဆီ ရောက်ဖို့ မြေသားလမ်းပေါ်မှာ မိုင် ၂၀၀ လောက် ကားမောင်းပြီး သွားရတယ်။ အဲဒီလမ်းခရီးမှာ တံတား သိပ်မရှိတော့ စမ်းချောင်းတွေ၊ မြစ်တွေကို အကြိမ် ၂၀၀ လောက် ဒီအတိုင်း ဖြတ်ကူးပြီး မောင်းသွားရတယ်။ ရွှံ့ဗွက်ထဲ နှစ်ဝင်သွားတဲ့ ကားကို ဆင်းတွန်းရတာလည်း အခါခါပဲ။ ညီအစ်ကို၊ ညီအစ်မတွေဆီ ရောက်သွားတဲ့အခါမှာတော့ အားလုံးက အပြုံးမျက်နှာတွေနဲ့ စောင့်ကြိုနေကြတယ်။ စားစရာတွေလည်း အိုးထဲမှာ အဆင်သင့်ပဲ။
ပါပူဝါနယူးဂီနီရဲ့ ကားလမ်းအခြေအနေ
တောင်ပေါ်ဒေသတွေကို လေယာဉ်ငယ်လေးတွေနဲ့ သွားရတုန်းကဆိုရင် လေယာဉ်မှူးက တိမ်တွေကြား လေယာဉ်ပြေးလမ်းကို မနည်းရှာရတာ။ တွေ့ရင် လေယာဉ် ချက်ချင်းမဆင်းဘဲ ပြေးလမ်းပေါ်မှာ ကလေးတွေ၊ တိရစ္ဆာန်တွေ ရှိမရှိ ကပ်မောင်းပြီး အရင်စစ်တယ်။ ပြီးရင်တော့ ကျွန်တော်တို့ ရင်တထိတ်ထိတ် ဖြစ်ရပြီ။ ပေ ၇၀၀၀ ကျော်မြင့်တဲ့ တောင်ပေါ်မှာ မညီမညာ၊ ရွှံ့မြေ ပြေးလမ်းပေါ်ကို ခက်ခက်ခဲခဲ ဆင်းရတော့မှာလေ။ တစ်ခါတလေ ရွာကနေ လေယာဉ် ပြန်တက်ဖို့ဆိုရင် ချောက်ကမ်းပါးစွန်း ဆုံးတဲ့အထိ အရှိန်နဲ့ မောင်းသွားလိုက်ရုံက လွဲပြီး တခြားနည်းလမ်း မရှိဘူး။c
အခြေခံလိုအပ်ရာတွေ၊ စာအုပ်တွေ အပြည့်ထည့်ထားတဲ့ ကျောပိုးအိတ်ကိုယ်စီနဲ့ မတ်စောက်တဲ့ လမ်းတွေကနေ တောင်တက်ရတဲ့အခါတွေ ရှိသလို ပူအိုက်တဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဗွက်တွေနင်းပြီး သွားရတဲ့အခါတွေလည်း ရှိတယ်။ သစ္စာရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေနဲ့ အဖော်ရတော့ အားရှိစရာတွေပြောပြီး တစ်လမ်းလုံး ရယ်ရယ်မောမောနဲ့ပေါ့။
ပါပူဝါနယူးဂီနီ၊ ခါရမ် မြစ်နားမှာ အမှုဆောင်ထွက်ဖို့ သွားနေစဉ်
၁ သက်သာလောနိတ် ၂:၈ မှာ ပေါလုက “ခင်ဗျားတို့ကို ချစ်ခင်မြတ်နိုးလွန်းလို့ . . . အသက်ကိုပေးဖို့တောင် အသင့်ပါပဲ။ ခင်ဗျားတို့ဟာ ကျွန်တော်တို့ ချစ်မြတ်နိုးရသူတွေ ဖြစ်လာလို့ပါ” လို့ ဆိုထားတယ်။ ညီအစ်ကို၊ ညီအစ်မတွေကလည်း အဲဒီအတိုင်းပဲ အသင့်ရှိကြတယ်။ အသက်ကို မနှမြောဘဲ ကျွန်တော်တို့ကို လက်နက်ကိုင် လူဆိုးဂိုဏ်း ရန်ကနေတောင် ကာကွယ်ပေးခဲ့ကြတာ။ တစ်ခါကဆို လူတစ်ယောက် တောခုတ်ဓားကိုင်ပြီး လီယန်ကို ဒေါသတကြီး ခြိမ်းခြောက်တယ်။ ဖြစ်ချင်တော့ ကျွန်တော်က တခြားရွာကို ရောက်နေတယ်။ ညီအစ်ကိုတစ်ယောက် ချက်ချင်းပဲ လီယန်ရဲ့ အရှေ့မှာ ဝင်ရပ်ပြီး ကာပေးလိုက်တယ်။ အနားမှာရှိတဲ့ တခြားသူတွေလည်း အဲဒီလူကို ဝိုင်းဆွဲပေးလို့ ညီအစ်ကို ဒဏ်ရာနည်းနည်းပဲရပြီး လွတ်သွားတယ်။ အကြမ်းဖက်မှု ပိုပိုဆိုးရွားလာတဲ့ နိုင်ငံမှာ ညီအစ်ကို၊ ညီအစ်မတွေကို ဆက်ပြီး အားပေးထောက်မနိုင်အောင် ကျွန်တော်တို့ လိုအပ်တဲ့ခွန်အားကို ယေဟောဝါ နေ့တိုင်း ပေးတယ်။
ပါပူဝါနယူးဂီနီမှာ အဆင့်မီတဲ့ ဆေးရုံတွေ သိပ်မရှိတော့ ကျန်းမာရေးအတွက် ဆေးကုသဖို့ မလွယ်ဘူး။ ၂၀၁၀ မှာ လီယန်က ဗက်တီးရီးယား ကူးစက်ရောဂါကြောင့် အသည်းအသန် နေမကောင်း ဖြစ်သွားတယ်။ ဒါကြောင့် ကုသမှုခံယူဖို့ သြစတြေးလျကို အရေးပေါ် ပြန်ခဲ့ရတယ်။ ယေဟောဝါပေးတဲ့ ခွန်အားနဲ့သာ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားနိုင်တာ။ နောက်ဆုံးတော့ လီယန်အတွက် ပိုးသတ်ဆေး တွေ့သွားတယ်။ ဆရာဝန်တစ်ယောက်က “ခင်ဗျားတို့ ဘုရားကို ပေးဆက်ခဲ့ကြလို့ အခု ဘုရား ပြန်ကြည့်ပေးနေတာ” လို့ ပြောခဲ့တယ်။ လအတော်ကြာပြီးနောက်မှာတော့ ပါပူဝါနယူးဂီနီကို ပြန်သွားတယ်။
သြစတြေးလျမှာ အလုပ်များခဲ့ကြ
လီယန်က မကြာခဏ ဆေးစစ်ရတော့ တစ်နှစ်ကျော်ကျော်လောက်က သြစတြေးလျကို သွားလိုက်ပြန်လိုက်ပဲ။ နောက်ဆုံးတော့ ၂၀၁၂ မှာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် သြစတြေးလျမှာပဲ ပြန်နေဖို့ ဌာနခွဲက ညွှန်ကြားတယ်။ နှစ်ပေါင်းအကြာကြီး တခြားနိုင်ငံတွေမှာ အမှုဆောင်ခဲ့ကြသူတွေဆိုတော့ ကျန်းမာရေးပြန်ကောင်းဖို့ထက် စိတ်ပိုင်းထိခိုက်တာကို နာလန်ထူဖို့ ပိုကြိုးစားခဲ့ရတယ်။ ကိုယ်သိပ်ကြိုက်တဲ့ တာဝန်၊ မိသားစုလို ချစ်ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ထားခဲ့ရတော့ ဝမ်းနည်းလိုက်တာ။ ယေဟောဝါအတွက် အသုံးမဝင်တော့တဲ့ အရှုံးသမားတွေလို့လည်း ခံစားရတယ်။ သြစတြေးလျမှာ မနေတာကြာတော့ ကိုယ့်နေရပ်လို့ မခံစားရတော့ဘဲ စိမ်းနေတယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အားပေးထောက်မမှု သိပ်လိုအပ်ခဲ့တဲ့ အချိန်ကာလတစ်ခုပေါ့။
လီယန် ကျန်းမာရေး ပြန်ကောင်းလာတော့ ကျွန်တော်တို့နှစ်ယောက် အထူးရှေ့ဆောင်တွေအဖြစ် ခန့်အပ်ခံရတယ်။ နယူးဆောက်ဝေးလ်ပြည်နယ်၊ ဆစ်ဒနီ တောင်ဘက်မှာ ရှိတဲ့ ဝေါလန်ဂေါင်မြို့မှာပါ။ တစ်နှစ်လောက် ကြာပြီးနောက် (သတင်းကောင်းဟောပြောသူများအတွက် သင်တန်းလို့ အခု ခေါ်တဲ့) ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်း တက်ရောက်ဖို့ ဖိတ်ခေါ်ခံရလို့ ဝမ်းသာလိုက်တာ။ သင်တန်းဆင်းပြီးနောက် တိုက်နယ်တွေအဖြစ် ခန့်အပ်ခံရတယ်။ မြို့ကြီးပြကြီးတွေ၊ ဝေးလံတဲ့ သဲကန္တာရမြို့တွေ၊ ငါးဖမ်းရွာတွေလို နေရာတွေမှာ နှစ်နဲ့ချီ တိုက်နယ်ပတ်ခဲ့ရတယ်။ အခုတော့ သြစတြေးလျ အနောက်မြောက်ဘက်ခြမ်းက ခြောက်သွေ့တဲ့ ဒေသမှာရော တီမောလက်စတီနိုင်ငံမှာပါ တိုက်နယ်ပတ်နေပါတယ်။
တီမောလက်စတီမှာ ဟောပြောနေစဉ်
ကျွန်တော့်အနားမှာ အမြဲထောက်မပေးတတ်တဲ့၊ ဘုရားရေးရာစိတ် အပြည့်ရှိတဲ့ ဇနီးကောင်း ရှိတယ်။ သူဟာ ကျွန်တော့်အတွက် ယေဟောဝါပေးသမျှထဲမှာ အကောင်းဆုံး ဆုလက်ဆောင်ပါ။ ဘာတာဝန်ပဲရရ၊ ဘယ်လောက်ပဲ ခက်ခဲပါစေ ဘယ်တော့မှ မညည်းညူဘူး။ အခက်အခဲတွေကို ဘယ်လိုများ ရင်ဆိုင်ခံရပ်ခဲ့သလဲလို့ အမေးခံရတိုင်း “ယေဟောဝါကို အကုန် ပြောပြတယ်” လို့ သူဖြေတတ်တယ်။ ကျမ်းစာဖတ်ပြီး ယေဟောဝါ လမ်းညွှန်ပေးတဲ့အတိုင်း အတတ်နိုင်ဆုံး စဉ်းစား၊ လုပ်ကိုင်တတ်သူပါ။
အားကစားလောကထဲ မဝင်ဘဲ ကျွန်တော့်ဘဝကို ယေဟောဝါ လမ်းညွှန်တဲ့အတိုင်းနေထိုင်ဖို့ ရွေးချယ်ခဲ့လို့ နည်းနည်းမှ နောင်တမရဘူး။ ဘုရားပေးလာတဲ့ တာဝန်ကိုသာ လိုလိုလားလား လက်ခံမယ်ဆိုရင် ယေဟောဝါက ကျွန်တော်တို့ကို ဘယ်အရာအတွက်မဆို လေ့ကျင့်ပေးနိုင်တယ်။ အခက်အခဲ ကြုံရတိုင်း၊ ဆုံးဖြတ်ချက် ချရတော့မယ့်အချိန်တိုင်း အရင်ဆုတောင်းတတ်ဖို့ သင်ယူခဲ့ပြီ။ ဉာဏ်ပညာနဲ့ စွမ်းအားတော် ပေးသနားဖို့ နေ့တိုင်း တောင်းခံတယ်။ မေတ္တာရှင်အဖ ယေဟောဝါက ကျွန်တော်တို့ကို ကျေနပ်စရာကောင်းတဲ့၊ အဓိပ္ပာယ်ရှိတဲ့ ဘဝ ပေးထားတယ်။ ကျွန်တော်တို့လို “မြေအိုးတွေ” ကို ယေဟောဝါ ဘယ်နည်းနဲ့ ဆက်အသုံးပြုသွားမလဲဆိုတာ စိတ်ဝင်တစား စောင့်မျှော်နေပါတယ်။
a ညီအစ်ကို မက်ခ်စ် လွိုက်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၁၂၊ ဇူလိုင်လ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၇-၂၁ မှာ ဖတ်နိုင်ပါတယ်။
b လှေနဲ့ တိုက်နယ်ပတ်တဲ့ မှတ်တမ်းတစ်ခုအကြောင်း ၂၀၁၁ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ် (အင်္ဂလိပ်) မှာ ဖတ်နိုင်ပါတယ်။
c ၂၀၁၀၊ မတ်လ ၁ ရက်ထုတ် ကင်းမျှော်စင်၊ “တိမ်တိုက်ထဲက သန္တာကျောက်တန်း” ဆောင်းပါးကို ဖတ်ပါ။