ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဒီဇင်ဘာ စာ. ၈-၁၃
  • ယေဟောဝါ သင့်ကို လွတ်မြောက်စေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ သင့်ကို လွတ်မြောက်စေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လွတ်လပ်ခွင့်ရမယ်လို့ ယေရှု ကြေညာ
  • ဦးဆုံးလွတ်လပ်ခွင့်ရမယ့်သူများ
  • လူသန်းပေါင်းများစွာ လွတ်မြောက်ဦးမယ်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ယုဘိလနှစ်နဲ့ အနာဂတ် လွတ်မြောက်မှု
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • လူသား၏ ယုဘိလ မျှော်လင့်ခြင်း
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဒီဇင်ဘာ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၅၀

ယေဟောဝါ သင့်ကို လွတ်မြောက်စေ

“ပြည်သူပြည်သားအားလုံး လွတ်လပ်ခွင့်ရကြောင်း ကြေညာရမယ်။” —ဝတ်. ၂၅:၁၀။

သီချင်း ၂၂ နိုင်ငံတော် ရောက်ရှိပြီ၊ လာပါစေ

အကြိုသုံးသပ်ချက်a

၁-၂။ (က) ယုဘိလဆိုတာ ဘာလဲ။ (“ယုဘိလဆိုတာ ဘာလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။) (ခ) လုကာ ၄:၁၆-၁၈ မှာ ယေရှု ဘာအကြောင်း ပြောခဲ့သလဲ။

နိုင်ငံတချို့မှာ ဘုရင်၊ ဘုရင်မတွေရဲ့ နန်းသက် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ပွဲ ကျင်းပလေ့ရှိတယ်။ နှစ် ၅၀ မြောက်နှစ်ကို ယုဘိလလို့ ခေါ်ကြတယ်။ အဲဒီနှစ်ပတ်လည်ပွဲတွေဟာ တစ်ရက်၊ တစ်ပတ် ဒါမှမဟုတ် ဒီထက်မက ပိုကြာနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ်။

၂ ကျွန်တော်တို့ကတော့ ပိုကောင်းတဲ့ ယုဘိလအကြောင်း လေ့လာကြပါမယ်။ အဲဒါက ရှေးအစ္စရေးပြည်မှာ နှစ် ၅၀ ပြည့်တိုင်း တစ်နှစ်လုံး ကျင်းပတဲ့၊ လွတ်လပ်ခွင့်ရစေတဲ့ ယုဘိလထက် ပိုကောင်းတယ်။ အဲဒါကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ အရာကို အမှတ်ရစေလို့ပဲ။ အဲဒီအရာက ကျွန်တော်တို့ကို ထာဝစဉ် လွတ်လပ်ခွင့် ရစေလိမ့်မယ်။ အဲဒီလွတ်လပ်မှုအကြောင်း ယေရှု ပြောခဲ့တယ်။—လုကာ ၄:၁၆-၁၈ ကိုဖတ်ပါ။

ယုဘိလဆိုတာ ဘာလဲ

ယုဘိလဆိုတာ အထူးနှစ်ပတ်လည်နှစ် ဖြစ်တယ်။ အစ္စရေးတွေဟာ နှစ် ၅၀ ပြည့်တိုင်း ယုဘိလပွဲကို ကျင်းပရတယ်။ အစ္စရေးတွေ ကတိထားရာပြည်ထဲ စဝင်တဲ့ အချိန်ကနေ ခြောက်နှစ်အတွင်း မျိုးကြဲ၊ ထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်းရမယ်။ ခုနစ်နှစ်မြောက်နှစ်ဟာ ဥပုသ်နှစ် ဖြစ်တယ်။ အဲဒီနှစ်မှာ ထွန်ယက်စိုက်ပျိုးတာတွေ မလုပ်ရဘူး။ ခုနစ်နှစ်ကို ခုနစ်ကြိမ် (၇ x ၇ = ၄၉) ရေတွက်ပြီးနောက် နောက်နှစ်ဟာ နှစ် ၅၀ မြောက် ယုဘိလနှစ် ဖြစ်တယ်။ ကတိထားရာပြည်ထဲ ဝင်ချိန်ကနေ ရေတွက်ရင် ဦးဆုံး ယုဘိလနှစ်ဟာ ဘီစီ ၁၄၂၄၊ တိရှရိလမှာ ကျရောက်တယ်။—ဝတ်. ၂၅:၂-၄၊ ၈-၁၀။

ယုဘိလနှစ်မှာ လွတ်လာတဲ့ ကျွန်ယောက်ျားတွေကို မိသားစုက ပြေးကြိုနေ

အစ္စရေးခေတ်က ယုဘိလမှာ ကျွန်တွေ ကိုယ့်မြေ၊ ကိုယ့်မိသားစုဆီ ပြန်နိုင်တဲ့အတွက် ပျော်ရွှင်စရာအချိန် ဖြစ်ခဲ့ (စာပိုဒ် ၃ ကိုကြည့်ပါ)b

၃။ ဝတ်ပြုရာ ၂၅:၈-၁၂ မှာပါတဲ့ ယုဘိလနှစ်ကနေ အစ္စရေးတွေ ဘယ်လို အကျိုးရသလဲ။

၃ ယေရှု ပြောတဲ့ လွတ်လပ်မှုအကြောင်း ပိုနားလည်ဖို့ ရှေးခေတ်လူမျိုးတော်အတွက် ဘုရား စီစဉ်ပေးတဲ့ ယုဘိလအကြောင်း အရင်သုံးသပ်ကြစို့။ “နှစ် ၅၀ မြောက်ကို ဘုရားသခင်ဆီ ဆက်ကပ်ပြီး ပြည်သူပြည်သားအားလုံး လွတ်လပ်ခွင့်ရကြောင်း ကြေညာရမယ်။ အဲဒီနှစ်ဟာ လွတ်လပ်ခွင့်ရတဲ့နှစ် ဖြစ်ပြီး လူတိုင်း ကိုယ့်မြေ၊ ကိုယ့်မိသားစုဆီ ပြန်ရမယ်” လို့ ယေဟောဝါ ပြောတယ်။ (ဝတ်ပြုရာ ၂၅:၈-၁၂ ကိုဖတ်ပါ။) ပတ်စဉ် ဥပုသ်ပညတ်ကနေ အစ္စရေးတွေ ဘယ်လို အကျိုးရခဲ့ကြောင်း ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တယ်။ ယုဘိလကနေရော အစ္စရေးတွေ ဘယ်လို အကျိုးရခဲ့သလဲ။ အစ္စရေးတစ်ယောက်ဟာ အကြွေးနစ်နေလို့ အကြွေးဆပ်ဖို့ မဖြစ်မနေ မြေရောင်းလိုက်ရတယ် ဆိုပါစို့။ ယုဘိလနှစ်မှာ မြေကို သူ ပြန်ပိုင်ရမယ်။ ဒါမှ ‘ကိုယ့်မြေဆီ ပြန်’ နိုင်မယ်။ နောက်ပိုင်း သားသမီးတွေကို အမွေပေးနိုင်မယ်။ နောက်အခြေအနေတစ်ခုမှာ လူတစ်ယောက်ဟာ အကြွေးဆပ်ဖို့ သားသမီးတစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကျွန်အဖြစ် ရောင်းလိုက်ရတယ် ဆိုပါစို့။ ယုဘိလနှစ်မှာ “ကိုယ့်မိသားစုဆီ ပြန်ရမယ်။” ဘယ်သူမှ လွတ်လမ်း မရှိတဲ့ ကျွန်ဘဝကို ရောက်စရာ မလိုဘူး။ ဒီအစီအစဉ်ဟာ လူမျိုးတော်ကို ယေဟောဝါ အလွန်ဂရုစိုက်ကြောင်း ဖော်ပြတယ်။

၄-၅။ ရှေးခေတ် ယုဘိလနှစ်ကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

၄ ယုဘိလရဲ့ နောက်ထပ် အကျိုးကျေးဇူးက ဘာလဲ။ “ယေဟောဝါဘုရား အမွေပေးမယ့် ပြည်မှာ ခင်ဗျားတို့ကို ယေဟောဝါ ကောင်းချီးပေးမှာ သေချာလို့ ခင်ဗျားတို့တစ်ယောက်မှ ဆင်းရဲမှာ မဟုတ်ဘူး” လို့ မောရှေကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (တရား. ၁၅:၄) ချမ်းသာသူတွေ ပိုချမ်းသာပြီး ဆင်းရဲသားတွေ ပိုဆင်းရဲနေတဲ့ ဒီနေ့ခေတ်နဲ့တော့ တခြားစီပဲ။

၅ ခရစ်ယာန်တွေဟာ မောရှေပညတ်အောက်မှာ မရှိတဲ့အတွက် ကျွန်တွေကို လွှတ်ပေးတာ၊ အကြွေးတွေကို လျှော်ပေးတာ၊ အမွေမြေကို ပြန်ပေးတာ စတဲ့ ရှေးခေတ် ယုဘိလအစီအစဉ်ကို လိုက်စရာ မလိုတော့ဘူး။ (ရော. ၇:၄။ ၁၀:၄။ ဧ. ၂:၁၅) ဒါပေမဲ့ ယုဘိလနှစ်ကို စိတ်ဝင်စားသင့်တယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့လည်း လွတ်လပ်မှုကို ရရှိခံစားနိုင်လို့ပဲ။ အဲဒီလွတ်လပ်မှုက အစ္စရေးတွေအတွက် ယေဟောဝါ ပြင်ဆင်ပေးတာကို အမှတ်ရစေတယ်။

လွတ်လပ်ခွင့်ရမယ်လို့ ယေရှု ကြေညာ

၆။ လူတွေ ဘယ်ကနေ လွတ်မြောက်ဖို့ လိုသလဲ။

၆ ကျွန်တော်တို့အားလုံး အပြစ်ရဲ့ ကျွန်ဖြစ်နေလို့ လွတ်လပ်ခွင့် ရဖို့ လိုအပ်တယ်။ အပြစ်သားတွေ ဖြစ်လို့ အိုမင်း၊ ဖျားနာပြီး သေကြရတယ်။ အဲဒီအဖြစ်မှန်ကို ဆရာဝန်ဆီ သွားတဲ့အခါ၊ မှန်ကြည့်တဲ့အခါ ပိုသိလာနိုင်တယ်။ အပြစ်လုပ်မိတဲ့အခါမှာလည်း စိတ်ဓာတ်ကျကြတယ်။ တမန်တော် ပေါလုက “ကိုယ်ခန္ဓာထဲမှာရှိနေတဲ့ အပြစ်တရားရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက် ကျွန်တော် ရောက်သွား” တယ်လို့ ဝန်ခံတယ်။ “ကျွန်တော့်အဖြစ် ဆိုးလိုက်တာ။ ဒီလိုအဖြစ်မျိုးနဲ့ သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ” လို့ သူဆက်ပြောတယ်။—ရော. ၇:၂၃၊ ၂၄။

၇။ လွတ်လပ်မှုအကြောင်း ဟေရှာယ ဘာကြိုဟောသလဲ။

၇ ဝမ်းသာစရာက ကျွန်တော်တို့ကို အပြစ်ကနေ လွတ်မြောက်စေဖို့ ဘုရား စီစဉ်ပေးထားတယ်။ အဲဒီလွတ်မြောက်ရေးမှာ ယေရှု အဓိကကျတယ်။ ယေရှု မြေကြီးပေါ် မလာခင် နှစ်ပေါင်း ၇၀၀ ကျော်လောက်မှာ ပရောဖက် ဟေရှာယက အနာဂတ် လွတ်မြောက်မှုကြီးအကြောင်း ကြိုဟောတယ်။ အဲဒီလွတ်မြောက်မှုဟာ အစ္စရေး ယုဘိလနှစ်ရဲ့ လွတ်မြောက်မှုထက် ပိုသာလွန်ပါလိမ့်မယ်။ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ စွမ်းအားတော်က ငါ့အပေါ်မှာ သက်ရောက်နေတယ်။ နူးညံ့သိမ်မွေ့သူတွေဆီ သတင်းကောင်း ကြေညာဖို့ ငါ့ကို ယေဟောဝါ ဘိသိက်ပေးထားတယ်။ စိတ်ကြေကွဲနေသူတွေရဲ့ ဒဏ်ရာတွေကို စည်းပေးဖို့၊ သုံ့ပန်းတွေကို လွတ်လပ်ခွင့်ရတော့မယ့်အကြောင်း ကြေညာဖို့၊ . . . ငါ့ကို ဘုရားစေလွှတ်တယ်” လို့ ဟေရှာယ ရေးတယ်။ (ဟေရှာ. ၆၁:၁) အဲဒီကြိုဟောချက်က ဘယ်သူနဲ့ သက်ဆိုင်သလဲ။

၈။ လွတ်လပ်မှုနဲ့ပတ်သက်တဲ့ ဟေရှာယရဲ့ ကြိုဟောချက်က ဘယ်သူနဲ့ သက်ဆိုင်သလဲ။

၈ လွတ်လပ်မှုနဲ့ပတ်သက်တဲ့ အဲဒီကြိုဟောချက်ဟာ ယေရှု အမှုဆောင်လုပ်ငန်း စပြီးနောက်မှာ ပြည့်စုံလာတယ်။ ဇာတိမြို့ နာဇရက်က တရားဇရပ်မှာ စုဝေးနေတဲ့ ဂျူးတွေရှေ့ ဟေရှာယရဲ့ အဲဒီကြိုဟောချက်ကို ယေရှု ဖတ်ပြတယ်– “ယေဟောဝါရဲ့ စွမ်းအားတော်က ငါ့အပေါ်မှာ သက်ရောက်နေတယ်။ နွမ်းပါးသူတွေကို သတင်းကောင်း ကြေညာဖို့ ငါ့ကို ဘိသိက်ပေးထားတယ်။ သုံ့ပန်းတွေကို လွတ်လပ်ခွင့် ရတော့မယ့်အကြောင်း၊ မျက်မမြင်တွေကို ပြန်မြင်တော့မယ့်အကြောင်း၊ ဖိနှိပ်ခံရသူတွေကို လွတ်မြောက်တော့မယ့်အကြောင်း ကြေညာဖို့ ငါ့ကို ဘုရား စေလွှတ်တယ်။ ယေဟောဝါ မျက်နှာသာပေးတဲ့နှစ်အကြောင်း ဟောပြောဖို့လည်း ပါတာပေါ့။” ပြီးနောက် အဲဒီစကားတွေဟာ မိမိနဲ့ သက်ဆိုင်ကြောင်း ပြောခဲ့တယ်။ (လု. ၄:၁၆-၁၉၊ ၂၁) အဲဒီကြိုဟောချက်ကို ယေရှု ဘယ်လို ပြည့်စုံစေခဲ့သလဲ။

ဦးဆုံးလွတ်လပ်ခွင့်ရမယ့်သူများ

နာဇရက်မြို့ တရားဇရပ်မှာ ယေရှု စာလိပ်ကို ဖတ်နေ

လွတ်လပ်မှုအကြောင်း နာဇရက်မြို့ တရားဇရပ်မှာ ယေရှု ကြေညာ (စာပိုဒ် ၈-၉ ကိုကြည့်ပါ)

၉။ ယေရှုခေတ်က လူများစွာဟာ ဘယ်လွတ်လပ်မှုကို မျှော်လင့်ခဲ့ကြ သလဲ။

၉ ယေရှု ဖတ်ပြတဲ့ ဟေရှာယရဲ့ ကြိုဟောချက်ပါ လွတ်လပ်မှုကို ပထမရာစုမှာ စတင် ရရှိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ “ခင်ဗျားတို့ အခုကြားရတဲ့ ကျမ်းချက်ဟာ ဒီနေ့ ပြည့်စုံပြီ” လို့ ယေရှု ပြောခဲ့လို့ပဲ။ (လု. ၄:၂၁) ယေရှု ဖတ်ပြတာကို ကြားတဲ့ လူများစွာက နိုင်ငံရေး အပြောင်းအလဲ ဖြစ်တော့မယ်၊ ရောမလက်အောက်ကနေ လွတ်တော့မယ်လို့ ထင်နေကြမှာပဲ။ ယေရှုတပည့်တွေလည်း အဲဒီလို ထင်ခဲ့ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ပိုင်းမှာ တပည့်နှစ်ယောက်က “အစ္စရေးလူမျိုးကို ကယ်တင်မယ့်သူအဖြစ် သူ့ကို ကျွန်တော်တို့ မျှော်လင့်ခဲ့တာ” လို့ ပြောခဲ့လို့ပဲ။ (လု. ၂၄:၁၃၊ ၂၁) ဒါပေမဲ့ ရောမကို ဆန့်ကျင်ဖို့ နောက်လိုက်တွေကို ယေရှု အားပေးမယ့်အစား “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေး” ဖို့ ညွှန်ကြားခဲ့တယ်။ (မ. ၂၂:၂၁) ဒါဆိုရင် အဲဒီအချိန်မှာ လူတွေကို ယေရှု ဘယ်လို လွတ်မြောက်စေမှာလဲ။

၁၀။ ယေရှုက လူတွေကို ဘယ်ကနေ လွတ်မြောက်စေသလဲ။

၁၀ ဘုရားသခင့် သားတော်ဟာ လူတွေကို နည်းနှစ်နည်းနဲ့ လွတ်လပ်စေခဲ့တယ်။ ပထမ၊ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဝန်ပိစေတဲ့ အယူဝါဒတွေကနေ လွတ်မြောက်စေတယ်။ အဲဒီခေတ်က ဂျူးများစွာဟာ လူ့ထုံးတမ်းစဉ်လာနဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေရဲ့ ကျွန် ဖြစ်နေကြတယ်။ (မ. ၅:၃၁-၃၇။ ၁၅:၁-၁၁) ဘာသာရေးမှာ ဦးဆောင်လမ်းပြသူတွေကိုယ်တိုင် မျက်ကန်းလို ဖြစ်နေတယ်။ မေရှိယနဲ့ မေရှိယ သွန်သင်ပေးတဲ့ အမှန်တရားကို ငြင်းပယ်တဲ့အတွက် မှောင်မိုက်မှာ အပြစ်သားတွေအဖြစ် ဆက်ရှိနေတယ်။ (ယော. ၉:၁၊ ၁၄-၁၆၊ ၃၅-၄၁) စိတ်နှိမ့်ချသူတွေကတော့ ယေရှု သင်ပေးတဲ့ အမှန်တရားနဲ့ ပုံသက်သေကောင်းကြောင့် မှားယွင်းတဲ့ သွန်သင်ချက်တွေကနေ လွတ်မြောက်ကြတယ်။—မာ. ၁:၂၂။ ၂:၂၃–၃:၅။

၁၁။ လူတွေကို ယေရှု လွတ်မြောက်စေတဲ့ ဒုတိယနည်းက ဘာလဲ။

၁၁ လူတွေကို ယေရှု လွတ်မြောက်စေတဲ့ ဒုတိယနည်းကတော့ အမွေရထားတဲ့ အပြစ်ရဲ့ ကျွန်ဘဝကနေ လွတ်မြောက်စေခြင်း ဖြစ်တယ်။ ယေရှု ရွေးဖိုး ပေးခဲ့လို့ ဘုရားသခင်က ရွေးဖိုးကို အခြေခံပြီး ယုံကြည်ခြင်း တင်ပြသူတွေ၊ ရွေးဖိုးကို လက်ခံသူတွေရဲ့ အပြစ်ကို ခွင့်လွှတ်ပေးတယ်။ (ဟီ. ၁၀:၁၂-၁၈) “သားတော်ကသာ လွှတ်ပေးရင် တကယ် လွတ်မြောက်ကြလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယော. ၈:၃၆) အဲဒီလွတ်မြောက်မှုဟာ အစ္စရေး ယုဘိလရဲ့ လွတ်လပ်မှုထက် ပိုကြီးမြတ်တယ်။ ဥပမာ၊ ယုဘိလနှစ်မှာ လွတ်လပ်ခွင့်ရသူတစ်ယောက်ဟာ ကျွန်ဘဝကို ပြန်ရောက်နိုင်ပြီး နောက်ဆုံးမှာ သေဆုံးရမယ်။ ဒါပေမဲ့ ယေရှု ပေးတဲ့ လွတ်လပ်မှုကတော့ ထာဝစဉ် တည်တယ်။

၁၂။ ယေရှု ကြေညာတဲ့ လွတ်လပ်မှုကနေ ဘယ်သူတွေ ဦးဆုံး အကျိုးရသလဲ။

၁၂ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ တမန်တော်တွေနဲ့ တခြားသစ္စာရှိ အမျိုးသား/သမီးတွေကို သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ယေဟောဝါ ဘိသိက်ပေးခဲ့တယ်။ သူတို့ကို သားတွေအဖြစ် မွေးစားလိုက်တဲ့အတွက် အချိန်တန်တဲ့အခါ ယေရှုနဲ့အတူ အုပ်စိုးဖို့ ကောင်းကင်ကို ထမြောက်ကြလိမ့်မယ်။ (ရော. ၈:၂၊ ၁၅-၁၇) သူတို့ဟာ နာဇရက်မြို့ တရားဇရပ်မှာ ယေရှု ကြေညာတဲ့ လွတ်လပ်မှုကနေ ဦးဆုံး အကျိုးရသူတွေ ဖြစ်တယ်။ ဂျူးဘာသာရေးခေါင်းဆောင်တွေရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ ကျမ်းစာနဲ့ မညီတဲ့ ထုံးတမ်းတွေရဲ့ ကျွန်ဘဝကနေ လွတ်မြောက်လာကြတယ်။ သေစေနိုင်တဲ့ အပြစ်ကနေလည်း သူတို့ လွတ်မြောက်ပြီလို့ ဘုရား သတ်မှတ်တယ်။ ခရစ်တော်ရဲ့ နောက်လိုက်တွေကို ဘိသိက်ပေးတဲ့ အေဒီ ၃၃ မှာ ပုံဆောင် ယုဘိလ အစပြုခဲ့တယ်။ ယေရှုရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု အဆုံးမှာ ပုံဆောင် ယုဘိလ အဆုံးတိုင်မယ်။ အဲဒီအချိန်မှာ ဘာတွေ ပြီးမြောက်နေမလဲ။

ပုံဆောင် ယုဘိလ

  1. အေဒီ ၃၀- နာဇရက်မြို့ တရားဇရပ်မှာ လွတ်လပ်မှုအကြောင်း ယေရှု ကြေညာ (လု. ၄:၂၁)

  2. အေဒီ ၃၃- ခရစ်တော်ရဲ့ နောက်လိုက်တွေကို ဘိသိက်ပေးချိန်မှာ ပုံဆောင် ယုဘိလ စတင် (ရော. ၈:၂၊ ၁၅-၁၇)

  3. ဒီနေ့ခေတ်- ပုံဆောင် ယုဘိလရဲ့ အကျိုးကျေးဇူးတွေကို ဘိသိက်ခံတွေ ရရှိနေ

  4. အနှစ်တစ်ထောင်- ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း လူတွေ အပြစ်နဲ့ မစုံလင်မှုကနေ လွတ်မြောက်မယ်

  5. ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု အဆုံး- ပုံဆောင် ယုဘိလ အဆုံးတိုင်ပြီး လူတွေ အပြစ်နဲ့ သေခြင်း ကနေ အပြည့်အဝ လွတ်မြောက်မယ် (ရော. ၈:၂၁)

လူသန်းပေါင်းများစွာ လွတ်မြောက်ဦးမယ်

၁၃-၁၄။ ယေရှု ကြေညာတဲ့ လွတ်လပ်မှုကို ဘိသိက်ခံတွေအပြင် ဘယ်သူတွေ ရနိုင်သေးသလဲ။

၁၃ ဒီနေ့ခေတ်မှာ လူမျိုးအသီးသီးထဲက ထွက်လာတဲ့ စိတ်ရိုးဖြောင့်သူ သန်းပေါင်းများစွာဟာ “တခြားသိုးတွေ” ဖြစ်တယ်။ (ယော. ၁၀:၁၆) သူတို့ဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ဖို့ ရွေးချယ်မခံရဘူး။ မြေကြီးပေါ်မှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်နေကြတယ်။ သင်ကော အဲဒီလို မျှော်လင့်နေသလား။

၁၄ ဘိသိက်ခံတွေ ရနေတဲ့ ကောင်းချီးတချို့ကို သင်လည်း ခံစားနေရပါတယ်။ ယေရှု သွန်းလောင်းတဲ့ သွေးကို ယုံကြည်တဲ့အတွက် အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ဆုတောင်းနိုင်တယ်။ အပြစ်ခွင့်လွှတ်ခံရတဲ့အခါ ကြည်လင်တဲ့ သိစိတ်ရှိပြီး ဘုရားရဲ့ မျက်နှာသာ ရနိုင်တယ်။ (ဧ. ၁:၇။ ဗျာ. ၇:၁၄၊ ၁၅) ကျမ်းစာနဲ့ မညီတဲ့ ယုံကြည်ချက်တွေကနေ လွတ်မြောက်ရတဲ့ ကောင်းချီးတွေကိုလည်း စဉ်းစားကြည့်ပါ။ ‘အမှန်တရားကို သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (ယော. ၈:၃၂) အဲဒီလို လွတ်လပ်မှုကို ရထားတဲ့အတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။

၁၅။ အနာဂတ်မှာ ဘယ်လွတ်လပ်မှုနဲ့ ကောင်းချီးတွေကို မျှော်လင့်နိုင်သလဲ။

၁၅ ပိုကြီးမြတ်တဲ့ လွတ်လပ်မှုကို သင် မျှော်လင့်နိုင်တယ်။ မကြာခင် မှားယွင်းတဲ့ ဘာသာတရားနဲ့ အကျင့်ပျက်ခြစားတဲ့ လူ့အုပ်ချုပ်မှုကို ယေရှု ဖျက်ဆီးပါတော့မယ်။ ဘုရားသခင်က မိမိကို ဝတ်ပြုတဲ့ “လူအုပ်ကြီး” ကို ကာကွယ်ပြီး မြေကြီးပရဒိသုမှာ ကောင်းချီးတွေ ပေးပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၄) လူများစွာ ထမြောက်လာပြီး အာဒံ့အပြစ်ရဲ့ ဆိုးကျိုးတွေကနေ လွတ်မြောက်ခွင့် ရကြပါလိမ့်မယ်။—တ. ၂၄:၁၅။

၁၆။ လူသားတွေအတွက် ပိုကြီးမြတ်တဲ့ ဘယ်လွတ်လပ်မှု စောင့်ကြိုနေသလဲ။

၁၆ အနှစ်တစ်ထောင်အတွင်း ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေဟာ လူသားတွေကို ပြီးပြည့်စုံတဲ့ ကျန်းမာရေး ရစေဖို့၊ ဘုရားရဲ့ သားတွေ ပြန်ဖြစ်လာစေဖို့ ကူညီပေးပါလိမ့်မယ်။ အဲဒီအချိန်ဟာ အစ္စရေးခေတ်က ယုဘိလနဲ့ ဆင်တူပါလိမ့်မယ်။ မြေကြီးပေါ်မှာ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေသူအားလုံး ပြည့်ဝစုံလင်လာပြီး အပြစ်ကနေ လွတ်မြောက်ကြပါလိမ့်မယ်။

လူမျိုးနောက်ခံ အသီးသီးက မိသားစုတွေ ကမ္ဘာသစ်မှာ ပျော်ရွှင်စွာ စပျစ်သီး ဆွတ်ခူးနေကြ

ကမ္ဘာသစ်မှာ အကျိုးရှိပြီး ကျေနပ်မှုဖြစ်စေတဲ့ အလုပ်တွေကို လုပ်ရမယ် (စာပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ ဟေရှာယ ၆၅:၂၁-၂၃ မှာ ဘုရားလူမျိုးအတွက် ဘာကြိုဟောထားသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၇ မြေကြီးအသက်တာနဲ့ပတ်သက်တဲ့ ကြိုဟောချက်ကို ဟေရှာယ ၆၅:၂၁-၂၃ မှာ တွေ့ရတယ်။ (ဖတ်ပါ။) အလုပ်အကိုင် မရှိဘဲ ပျင်းရိငြီးငွေ့စရာ ဘဝမျိုး မဟုတ်ဘူး။ အဲဒီအချိန်မှာ ဘုရားလူမျိုးဟာ အကျိုးရှိတဲ့ ကျေနပ်စရာ အလုပ်တွေ လုပ်ကြမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အနှစ်တစ်ထောင် ကုန်တဲ့အခါ “ဖန်ဆင်းရာတွေဟာ ဖောက်ပြန်ပျက်စီးခြင်းရဲ့ ကျွန်ဘဝကနေ လွတ်မြောက်ပြီး ဘုရားသခင့် သားသမီးတွေရဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစားရမယ်။”—ရော. ၈:၂၁။

၁၈။ ကျွန်တော်တို့အတွက် တောက်ပတဲ့ အနာဂတ် စောင့်ကြိုနေတယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။

၁၈ ယေဟောဝါက အစ္စရေးခေတ်မှာလိုပဲ လာမယ့် ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုမှာလည်း အလုပ်လုပ်တာနဲ့ အနားယူတာကို မျှမျှတတ ရှိအောင် စီစဉ်ပေးပါလိမ့်မယ်။ ဝတ်ပြုရေးအတွက်လည်း အချိန်ရှိမှာ သေချာတယ်။ ဝတ်ပြုရေးဟာ အခုချိန်မှာ ကျွန်တော်တို့ကို ပျော်ရွှင်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်သလို ကမ္ဘာသစ်မှာလည်း ဖြစ်ပါလိမ့်မယ်။ ယုံကြည်ခြင်းရှိသူအားလုံးဟာ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း ဘုရားကို ဝတ်ပြုရင်း၊ ကျေနပ်စရာအလုပ်တွေ လုပ်ဆောင်ရင်း ပျော်ရွှင်ကြပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • အစ္စရေးခေတ်က ယုဘိလဆိုတာ ဘာလဲ။ အစ္စရေးတွေ ဘယ်လို အကျိုးရသလဲ။

  • ယေဟောဝါက ဘိသိက်ခံတွေကို ဘယ်လို လွတ်မြောက်စေသလဲ။

  • ယေဟောဝါက “တခြားသိုးတွေ” ကို ဘယ်လိုနည်းနဲ့ အပြည့်အဝ လွတ်မြောက်စေမလဲ။

သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

a ရှေးအစ္စရေးပြည်မှာ လွတ်လပ်ခွင့် ရကြောင်း ကြေညာဖို့ အထူးအစီအစဉ်တစ်ခုကို ယေဟောဝါ ပြုလုပ်ခဲ့တယ်။ အဲဒါကတော့ ယုဘိလ၊ တစ်နည်းအားဖြင့် လွတ်လပ်ခွင့်ရတဲ့နှစ် ဖြစ်တယ်။ ခရစ်ယာန်တွေဟာ မောရှေပညတ်အောက်မှာ မရှိပေမဲ့ ယုဘိလဟာ ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိတယ်။ ရှေးယုဘိလ နှစ်ဟာ ကျွန်တော်တို့အတွက် ယေဟောဝါရဲ့ ပြင်ဆင်ပေးချက်တစ်ခုကို ဘယ်လို အမှတ်ရစေကြောင်း၊ အဲဒီပြင်ဆင်ပေးချက်ကနေ ဘယ်လို အကျိုးရနိုင်ကြောင်း ဒီဆောင်းပါးမှာ လေ့လာပါမယ်။

b ပုံအညွှန်း– ယုဘိလနှစ်အတွင်း ကျွန်တွေ လွတ်လပ်ခွင့်ရပြီး ကိုယ့်မြေ၊ ကိုယ့်မိသားစုဆီ ပြန်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ