ဘုရားသခင့်နှုတ်ကပတ်တော်ကို ကျွမ်းကျင်စွာ အသုံးပြုသည့် အမှုဆောင်များ
၁ ခရစ်ယာန်ဓမ္မအမှုဆောင်များအား “ဘုရားသခင်ထံ၌ အလုပ်လုပ်သူချင်း” ဟု လျောက်ပတ်စွာ ခေါ်ဆိုထားသည်။ (၁ ကော၊ ၃:၉) “သမ္မာတရားကို မှန်ကန်စွာ” အသုံးပြုတတ်သူများအနေနှင့် ကျွမ်းကျင်လာရန် ပန်းတိုင်ထားသင့်သည်။—၂ တိ၊ ၂:၁၅။
၂ ခရစ်ယာန်ဓမ္မအမှုတွင် ကျွမ်းကျင်တတ်မြောက်လာရန် အသင်းမသည် New World Translation of the Holy Scriptures တွင် ထူးခြားသော အချက်အနည်းငယ်ကို ထည့်သွင်းပေးထားသည်။ ယင်းတို့ကို သင်အကျွမ်းတဝင်ရှိ၏လော။ လယ်ကွင်းလုပ်ငန်းနှင့် ကိုယ်ပိုင်ကျမ်းစာလေ့လာမှု ပြုလုပ်သည့်အခါ ယင်းတို့ကို သင်အသုံးပြုပါသလော။
စွယ်စုံ ပြင်ဆင်ချက်
၃ ၁၉၅၀ ခုနှစ်တွင် New World Translation of the Christian Greek Scriptures ကိုထုတ်ဝေစဉ်က အပြန်အလှန်အညွှန်းများ၊ အောက်ခြေမှတ်ချက်များ၊ နောက်ဆက်တွဲစာ နှင့် ကွင်းဆက်အညွှန်းများသည် ဓမ္မအမှုတွင်လည်းကောင်း၊ အသင်းတော်စည်းဝေးများအတွက် ပြင်ဆင်ရာ၌လည်းကောင်း၊ အထွေထွေအကြောင်းများကို ကိုယ်ပိုင်လေ့လာမှု ပြုလုပ်သည့်အချိန်၌လည်းကောင်း အထူးအကူအညီဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ဘုရားသခင့်နှုတ်ကပတ်တော်ကို မှန်ကန်စွာ အသုံးပြုသူများအနေနှင့် ကျွမ်းကျင်လာနိုင်ရန် တကယ်ထူးခြားသော ပြင်ဆင်ချက် ဖြစ်သည်တကား။ ဤစွယ်စုံရသော ပြင်ဆင်ချက်ကို ဝီရိယစိုက်ထုတ် အသုံးပြုခြင်းအားဖြင့် ကိုယ်ကိုယ်၌လည်းကောင်း၊ သူတစ်ပါး၌လည်းကောင်း ကြေခဲသော ဝိညာဏအရည်အချင်းများ တည်ဆောက်ပေးရန် ယခင်ကထက် လက်နက်သာ၍စုံလေပြီ။—မ၊ ၇:၂၄။ ၁ တိ၊ ၄:၁၆။ ဟေ၊ ၅:၁၄
၄ ဓမ္မအမှုတွင် ပါဝင်စဉ် ပေတရုသည် ကာသိုလိပ်အသင်း တည်ထားရာကျောက်ဖြစ်သည်ဟု ယူမှတ်သော စိတ်ရိုးမှန်သည့် ကာသိုလိပ်တစ်ဦးနှင့် သင်တွေ့ဆုံပေမည်။ယင်းကို ထောက်ခံသည့်အနေနှင့် မဿဲ ၁၆:၁၈ ကို သူတင်ပြပေမည်။ သို့ဖြစ်ပါက သင့် New World Translation ပါ အပြန်အလှန်အညွှန်းသို့ကြည့်၍ “ကျောက်” နှင့်စပ်လျဉ်း၍ ကျမ်းချက် ငါးချက်ညွှန်းထားသည်ကို သတိပြုမိမည်။ (ရော၊ ၈:၃၃။ ၁ ကော၊ ၃:၁၁။ ၁၀:၄။ ဧ၊ ၂:၂၀။ ၁ ပေ၊ ၂:၈)အသင်းတော်၏ အုတ်မြစ်သည် ပေတရုမဟုတ်ဘဲ ခရစ်တော်သာဖြစ်ကြောင်း ထိုကျမ်းချက်များက တင်ပြပါသည်။ မဿဲ ၁၆:၁၈ ကို New World Translation Reference Bible တွင်ကြည့်က “ကျောက်” နှင့်စပ်လျဉ်းသည့် ထပ်ဆင့်သိအပ်သောအကြောင်းကို အောက်ခြေမှတ်ချက်တွင်တွေ့မည်။ ယင်း၏အဓိပ္ပာယ်ကိုလည်း ဂရိမူရင်းစကားအတိုင်းရှင်းပြထားသည်။
၅ “အပြန်အလှန်စကားအတွက် ကျမ်းစာအကြောင်းများ” ဟူသည့်အပိုင်းသည်လည်း လယ်ကွင်းဓမ္မအမှုတွင် အကူအညီများစွာပေးခဲ့ပေပြီ။ ထပ်တလဲလဲ အမှုဆောင်သည့်ရပ်ကွက်တွင် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု တွင်ပါသည့် အပြန်အလှန်စကားအတွက် အကြောင်းအရာအပြင် အခြားအကြောင်းတစ်ခုကို အသုံးပြုလိုပေမည်။ “ကမ္ဘာမြေကြီး၊” “နိုင်ငံတော်” နှင့် “နောက်ဆုံးကာလ” ခေါင်းစဉ်များပါ အကြောင်းတွင် တစ်အိမ်မှတစ်အိမ် သို့မဟုတ် ပြန်လည်ပတ်မှုတွင် အသုံးပြုနိုင်သော ကျမ်းချက်များ တွေ့ရှိမည်။
မှတ်မိစေရန် အထောက်အကူများ
၆ ကျမ်းစာအကြောင်းတစ်ခုကို ဆွေးနွေးနေစဉ် ကျမ်းချက်တစ်ချက်အဘယ်တွင်ရှိသည်ကို သတိမရနိုင်လျှင် New World Translation နောက်ဖက်တွင်ပါသော “Bible Words Indexed” သို့လှန်ပြီး လိုအပ်သောကျမ်းချက်ကို ရှာယူနိုင်သည်။ ဤထူးခြားသော အပိုင်းကို သင်အသုံးပြု၏လော။
၇ New World Translation သည် ပြောင်မြောက်သော စာပေဖြစ်သည်ကို စာမျက်နှာ ၅ ပါ ကျမ်းဦးစကားတွင် ယုံကြည်နိုင်ဖွယ် သာဓကများပါရှိသည်။ မြင့်မြတ်သော နာမတော်ကို အသုံးပြုရန် အဘယ်ကြောင့် လျောက်ပတ်ကြောင်း နောက်ဆက်တွဲစာတွင် ပြတ်သားစွာ ရှင်းလင်းပေးထားသည်။ ကျမ်းစာအရ “ဂေဟင်္နာ၊” “ဟေးဒီးစ်၊” “ရှီးအိုလ်” နှင့် “စိုးလ်” တို့၏အဓိပ္ပာယ်ကိုလည်းရှင်းပြထားသည်။ ထို့ပြင် စာမျက်နှာ ၁၅၄၆-၇ ပါ “Table of the Books of the Bible” သို့ကြည့်ရာတွင် ကျမ်းစောင်များကို မည်သူရေးသားပြီး၊ အဘယ်နေရာ၊ အဘယ်အချိန်တွင်ရေးကြကာ အချိန်မည်မျှကြာရှည်ခဲ့ကြောင်း သိရှိရမည်။ အင်္ဂလိပ်ကျမ်းစာကို မသုံးသူများ မိမိတို့၏ကျမ်းစာများသို့ ဤအကြောင်းကို ကူးယူထားလျှင် အသုံးဝင်ပေမည်။
၈ ‘ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းငှာ အပြည့်အစုံပြင်ဆင်’ ထားသူများဖြစ်စေရန် ကျွန်ုပ်တို့လိုအပ်ရာများကို ယေဟောဝါအမှန်တကယ် ပြင်ဆင်ထားတော်မူပြီ။ (၂ တိ၊ ၃:၁၇) ကျွန်ုပ်တို့ ဝေငှရမည့် ကျမ်းစာစာပေများနှင့်အတူ New World Translation ကိုအသုံးပြုခြင်းအားဖြင့် တာဝန်အပ်နှင်းခံရသော လုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ကြမည်။ (လု၊ ၆:၄၇၊ ၄၈) ကျွမ်းကျင်သော အမှုဆောင်များဖြစ်ကြောင်း သက်သေထူကာ ဘုရားသခင့်နှုတ်ကပတ်တော်ကို မှန်ကန်စွာအသုံးပြုကြလျှင် သခင်အရှင်က “ကောင်းပေစွ” ဟု ကျွန်ုပ်တို့အား ချီးကျူးသံကို စိတ်ချစွာ စောင့်မျှော်နိုင်ပေသည်။—မ၊ ၂၅:၂၁။