သင့်ဝိညာဏလိုအပ်ရာကို ဖြည့်စွက်ပေးခြင်း
၁ ‘ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏’ ဟုယေရှုမိန့်မြွက်သည်။ (မ၊ ၅:၃)ကျွန်ုပ်တို့ဝိညာဉ်ရေးဘက်လိုအပ်နေကြောင်း သတိပြုရန် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။ ယင်းကို သတိပြုနေကြောင်း မည်သို့တင်ပြနိုင်သနည်း။ အဘယ်ကျော့ကွင်းများကို ရှောင်ကြဉ်မည်နည်း။ မိမိ၏ဝိညာဉ်ရေးလိုအပ်မှုကို သတိပြုနေခြင်းမှ အဘယ်အကျိုးကျေးဇူးများရရှိမည်နည်း။
၂ သင့်လျော်သောအစာကိုစားသုံးမှ ကျန်းမာနိုင်မည်အကြောင်း ကျွန်ုပ်တို့ကောင်းစွာသိကြသည်။ ကာယလိုအပ်ချက်များကို အမြဲလျစ်လျူရှုနေမည်ဆိုလျှင် နေ့စဉ်ရက်ဆက် အရည်အချင်းပြည့်လုပ်ငန်း ဆောင်ရွက်နိုင်မည်မဟုတ်သည်ကားအမှန်။ ဝိညာဏအစာကိုမစားဘဲနေလျှင် ထပ်တူပင်ဖြစ်လာမည်။—မ၊ ၄:၄။ ယော၊ ၁၇:၃။
စည်းဝေးများသည် လိုအပ်ရာများကို ဖြည့်စွက်ပေး
၃ ကျွန်ုပ်တို့၏ဝိညာဏကျန်းမာမှုနှင့် ဝိညာဏအစာစားသုံးခြင်းအစီအစဉ်သည် ဆက်နွယ်နေသည်ကားအမှန်။ စည်းဝေးများတွင် “သစ္စာသတိပညာရှိကျေးကျွန်” သည် ကျွန်ုပ်တို့လိုအပ်ရာကိုဖြည့်စွက်ပေးရန် ဝိညာဏစားဖွယ်ရာများ ပြင်ဆင်ပေးသည်။ (မ၊ ၂၄:၄၅-၄၇) စည်းဝေးတိုင်း ရည်ရွယ်ချက်တစ်ခုခုရှိပြီး မည်သည့်အစည်းအဝေးကိုမျှ မတက်ဘဲမနေသင့်။ စည်းဝေးတိုင်းအတွက် ပြင်ဆင်ပြီး မှန်မှန်တက်ရောက်ပါသလော။
၄ ပတ်စဉ်စည်းဝေးငါးခုအနက် သုံးခုကိုသာသုံးသပ်ကြစို့။ တိုးတက်နေသော သမ္မာတရားနှင့် ရင်ပေါင်တန်းနေရန် အကူအညီပေးသည့် အဓိကအစည်းအဝေးမှာ ကင်းမျှော်စင်သင်တန်းဖြစ်သည်။ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းကား ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့အား အရည်အချင်းတိုးများလာစေသည်။ အသင်းတော်စာအုပ်ကြီးသင်တန်းမူကား ကျမ်းစာဆိုင်ရာ အကြောင်းအသီးသီးကို အသေအချာလေ့လာသုံးသပ်စေသည်။
၅ အသင်းတော်စည်းဝေးများအတွက် သင်ပြင်ဆင်ပါသလော။ အချို့ လေ့လာမည့်အကြောင်းကို အစောတလျင်ဖတ်ရှုပြီး အဖြေများကို မျဉ်းသားသွားမည်။ ကိုးကားထားသည့် ကျမ်းချက်များကိုမူကား ဖွင့်ဖတ်ခြင်းမပြုဘဲနေမည်။ အဖြေပေးရန် အတော်အသင့်ပြင်ဆင်ထားသော်ငြား ရရှိနိုင်သော ဝိညာဏအာဟာရကို အပြည့်အဝရယူပါသလော။ သင်နှင့်သင်မိသားစု စည်းဝေးများအတွက် ပြင်ဆင်ပုံတွင် တိုးတက်စရာအကြောင်း ရှိသေးသလော။
အချိန်ကိုဝယ်ယူပါ
၆ စည်းဝေးအတွက်ပြင်ဆင်ရန် အချိန်ကန့်သတ်ထားသည့်အခါ တီဗွီသို့မဟုတ် အခြားအရေးမကြီးလှသည့်ကိစ္စများကြောင့် အစီအစဉ်ဖျက်ခွင့်ပြုပါသလော။ အထူးသဖြင့်အိမ်ထောင်ဦးစီးများသည် ကျမ်းစာလေ့လာမှုအစီအစဉ်၊ စည်းဝေးများအတွက်ပြင်ဆင်ခြင်း နှင့် လယ်ကွင်းလုပ်ငန်း၌ ပါဝင်ခြင်းကို မှန်မှန်ပြုလုပ်သွားရန် မိမိအိမ်ထောင်ကို ကြပ်မတ်ပေးသင့်သည်။ ‘အခန့်သင့်အချိန်ကို ရွေးနှုတ်ဝယ်ယူရန်’ တမန်တော်ပေါလု၏သြဝါဒကို အားလုံးအလေးအနက်ထားသင့်သည်။ မိမိဝိညာဉ်ရေးကို ဦးစားပေးသင့်သည်။—ဧ၊ ၅:၁၅-၁၇။
၇ ကျွန်ုပ်တို့၏ဝိညာဏလိုအပ်ချက်များကို သတိပြုခြင်းအားဖြင့် ကိုယ်ကိုယ်ကိုစိတ်ချ ကျေနပ်နေခြင်းကျော့ကွင်းမှ ရှောင်ကြဉ်နိုင်မည်။ တစ်ဦးစီသော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း ကျွန်ုပ်တို့အားလုံး ဝိညာဉ်ရေးဘက်လိုအပ်နေသည့်အရာများ ရှိနေကြသည်။ ကျွန်ုပ်တို့၏ ဝိညာဏလိုအပ်ရာကို ကြိုးစားဖြည့်စွက်ပေးမှသာ ထာဝရပျော်ရွှင်မှုရရှိနိုင်မည်ဖြစ်သည်။