သတင်းကောင်း ဝေငှခြင်း—မိသားစုအနေနှင့်
၁ မိဘနှင့်သားသမီး စိုးလ်အပြည့် ဘုရားအမှုတော်ဆောင်ကာ အိမ်ထောင်စုလိုက် မြင့်မြတ်သောလုပ်ငန်းတော်ကို ထမ်းဆောင်ရန် လုံးလုံးလျားလျားဆက်ကပ်အပ်နှံထားခြင်းသည် ယေဟောဝါ၏နာမတော်မြတ် ဘုန်းထင်ရှားရာဖြစ်သည်။ ကမ္ဘာတစ်ဝှန်း ယေဟောဝါလူမျိုး၏အသင်းတော်များတွင် ဤကဲ့သို့သော အိမ်ထောင်စုများကို တွေ့ရှိရသဖြင့် ဝမ်းသာစရာပင်။
၂ မိသားစု၏ဝိညာဏလိုအပ်ရာများကို ပြုစုပေးရန် ဖခင်၌အဓိကတာဝန်ရှိသည်။ (၁ ကော၊ ၁၁:၃) ဇနီးသည်နှင့် သားသမီးတို့၏ဝိုင်းဝန်းကူညီမှုဖြင့် သူ၏အိမ်ထောင်သည် အခြားသူများအပေါ် များစွာသြဇာလွှမ်းနိုင်သည်။ (မ၊ ၅:၁၆) ဤဝိုင်းဝန်းကူညီမှုကိုတင်ပြနိုင်သည့် နေရာအချို့ကားအဘယ်နည်း။
မိဘများ ဦးစီးဦးဆောင်
၃ များသောအားဖြင့် ဖခင်သည် အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးဖြစ်မည်။ ယင်းကြောင့် မိသားစုရေးရာများအပြင် အသင်းတော်ကိစ္စများအတွက်လည်း သူအချိန်ပေး အာရုံစိုက်ရပေမည်။ မိမိရရှိသည့်အချိန်ကို ခန့်ခွဲပေးခြင်းဖြင့် မိသားစုကိုလျစ်လျူရှုမထားရန် ဂရုစိုက်ဖို့ ဖခင်တာဝန်ရှိသည်။ အချိန်အနည်းငယ်အတွင်း ပြုလုပ်စရာများလှသဖြင့် အမြဲလွယ်ကူမည့်ကိစ္စမဟုတ်နိုင်ပါ။ သို့သော် မိမိအိမ်ထောင်သည် သူ၏အဓိကတာဝန်ဖြစ်နေသဖြင့် လေ့လာရာ၌၊ လယ်ကွင်းလုပ်ငန်း၌၊ စည်းဝေး၌ဖြစ်စေ၊ အပန်းဖြေရာ၌ဖြစ်စေ မိသားစုနှင့်အတူပါဝင်လုပ်ကိုင်ရန် ဇယားဆွဲထားရမည်။ အခြေအနေနှင့် အခြားတာဝန်များသည် တစ်ခါတစ်ရံ ဖခင်၏အစီအစဉ်ကို အနည်းငယ်ပြောင်းပစ်နိုင်သည်။ သို့သော် မိသားစုနှင့်အတူ လစဉ်လယ်ကွင်းလုပ်ငန်း၌ပါဝင်ခြင်းသည် မည်မျှအကျိုးရှိသည်တကား။
၄ ဇနီးဖြစ်သူ၏ ဝိုင်းဝန်းကူညီမှုသည် အလွန်အရေးကြီးသည်။ ဓမ္မအမှုတွင် သားသမီးများကိုလေ့ကျင့်ပေးခြင်းဖြင့် လင်သားအတွက် အရေးကြီးသည့်ကဏ္ဍတွင် အထောက်အမဖြစ်ပေမည်။ သူမ၏စံတင်လောက်သောဇွဲလုံ့လနှင့် ဘုရားကိုမြတ်နိုးမှုသည် ဓမ္မအမှုကိုသားသမီးများတန်ဖိုးထားစိတ် တိုးပွားစေရန် များစွာသြဇာလွှမ်းမိုးမည်။—၂ တိ၊ ၃:၁၄၊ ၁၅။
၅ အမေသို့မဟုတ်အဖေတစ်ဦးတည်း ဝိညာဏတာဝန်ကိုထမ်းဆောင်၍ ဓမ္မအမှုတွင် သားသမီးများကို အောင်မြင်စွာလေ့ကျင့်ပေးခဲ့သည့် ပုံသက်သေထူပြစရာကိစ္စများစွာရှိပါသည်။ မိခင်သို့မဟုတ်ဖခင်၏ အလွန်ချီးမွမ်းစရာကောင်းသောပုံသက်သေကြောင့် လူငယ်များစွာသည် သမ္မာတရားဘက် မြဲမြံကာ အချို့မှာ အချိန်ပြည့်ဓမ္မအမှုကိုပင် ထမ်းဆောင်ယူနေကြသည်။
သားသမီးများတာဝန်
၆ သားသမီးများတာဝန်ကော။ ဘုရားသခင်၏ စုံလင်သောသားတော်ပင်လျှင် ငယ်စဉ်က မိဘများညွှန်ကြားပို့ချမှုကို ခံယူခဲ့ရသည်။ (လု၊ ၂:၅၁) ထိုကြောင့် ဓမ္မအမှုတွင် မိသားစုလိုက်ပါဝင်ရန် မိခင်၊ ဖခင်တို့စီစဉ်လျှင် မိဘကိုထောက်ခံပေးခြင်းဖြင့် ဘုရားဝတ်၌မွေ့လျော်ကြောင်း သားသမီးများ သက်သေထူရန်တာဝန်ရှိသည်။—ဧဖက်၊ ၆:၁-၃။
၇ မိသားစုလိုက် အတူတူလေ့လာခြင်း၊ လယ်ကွင်းဓမ္မအမှု၌ ပါဝင်ခြင်း၊ စည်းဝေးများတက်ခြင်းဖြင့် ကိုးကွယ်ဝတ်ပြုခြင်းသည် မိသားစုကို မေတ္တာနှောင်ကြိုးဖြင့် စည်းလုံးစေသည်။ ဤကိစ္စတွင် မိဘနှင့်သားသမီးများ ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိသည်။