သတင်းကောင်း ဝေငှခြင်း—မဂ္ဂဇင်းများနှင့်
၁ ကင်းမျှော်စင် နှင့် Awake! နည်းတူလူတို့အားအကျိုးပြုသည့် ဂျာနယ်များ ရာဇဝင်တွင်မရှိပါ။ လထုတ်တိုင်းတွင် အသက်ပေးဝိညာဏအစာအပြည့်ပါရှိသည်။ ခိုင်လုံသော ကျမ်းစာထောက်ခံချက်များနှင့် တွဲ၍တင်ပြထားသည့် အတွင်းကျကျသုတေသနပြုထား၍ သိရှိသောအကြောင်းအရာများသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ သမ္မာတရားကိုစွဲမှတ်စေသည်။
၂ ကင်းမျှော်စင်သည် ကျမ်းစာသွန်သင်ချက်များကိုရှင်းပြ၍ ကျမ်းစာပရောဖက်ပြုချက်များ၏ပြည့်စုံချက်ကို အာရုံပြုစေသည်။ ဝိညာဉ်ရေးအရ ဆာမွတ်နေသူများစိတ်နှလုံးပြောင်းလဲ၍ လူသစ်ကိုယူတင်ဝတ်ဆောင်ရန် တိုက်တွန်းပေးသည်။ (ရော၊ ၁၂:၂။ ဧ၊ ၄:၂၂-၂၄) Awake! သည်ဖတ်ရှုသူတို့အား ကမ္ဘာပေါ်ဖြစ်ပျက်နေသည့်အရာများ၏ထူးခြားချက်ကို သတိပြုစေသည်။ ဖန်ဆင်းခြင်းဆိုင်ရာ အံ့ဖွယ်ရာများကိုတင်ပြသည့် ထူးခြားသောရုပ်ပုံများသည် ကမ္ဘာသစ်ကိုစိတ်ဝင်စားပြီး မေတ္တာရှင်ဖန်ဆင်းသခင်ကိုမြတ်နိုးမှု တိုးပွားစေသည်။
လောကီမဂ္ဂဇင်းများနှင့်မတူ
၃ လောကီမဂ္ဂဇင်းများသည် ဤလောကတွင် ကျေနပ်တင်းတိမ်နိုင်သောဘဝ၌ပျော်မွေ့ရန် မသွန်သင်ပေးပါ။ အနာဂတ်အတွက် မျှော်လင့်ချက်လည်းမပေးပါ။ ထာဝရအသက်ရရန် နည်းလမ်းကိုလည်း လူတို့အားမသင်ပြပေးပါ။ ထိုလောကီမဂ္ဂဇင်းများသည် လောကီအရာများကိုသာ မြှောက်ထိုးပင့်ကော်ပြုမူပေးသည်။ ကင်းမျှော်စင်၊ Awake! တို့နှင့်တစ်ခြားစီပါတကား။—၁ ယော၊ ၂:၁၅-၁၇။
၄ “သစ္စာရှိကျေးကျွန်” ထံမှလာသော သမ္မာတရားအရသာစုံလှသည့် ကင်းမျှော်စင် နှင့် Awake! တိုင်းကို သင်တန်ဖိုးထားမည်အမှန်။ (လု၊ ၁၂:၄၂) မဂ္ဂဇင်းတိုး၍ဝေငှနိုင်ခြင်းဖြင့် ကျွန်ုပ်တို့ဂျာနယ်များမှ လူများများအကျိုးခံစားရစေရန် မည်သို့ပြုလုပ်နိုင်မည်နည်း။
ကျွန်ုပ်တို့တာဝန်ကိုဆောင်ရွက်ခြင်း
၅ ကျွန်ုပ်တို့မဂ္ဂဇင်းများကိုဖတ်ရှုရန် စိတ်နှလုံးရိုးဖြောင့်သူတို့အား ကောင်းစွာအကူအညီမပေးမီ လထုတ်တိုင်းတွင် အဘယ်အကြောင်းအရာပါရှိသည်ကို ကိုယ်တိုင်သိထားရန်လိုအပ်သည်။ ထိုကြောင့် ဓမ္မအမှုတွင် မဂ္ဂဇင်းများကိုအသုံးမပြုမီ ယင်းတို့ကိုဖတ်ရှုရန်လိုအပ်ပေသည်။ မဂ္ဂဇင်းများပါအကြောင်းတို့ကို အသေအချာသိထားပြီးလျှင် တစ်အိမ်မှတစ်အိမ်၊ အလွတ်သဘောသက်သေခံချိန်နှင့်အခြားအချိန်များတွင် မဂ္ဂဇင်းများကိုဝေငှနိုင်ပါသည်။
၆ ထို့ပြင် ဈေးဝယ်စဉ်၊ ခရီးသွားလာစဉ်၊ ကျောင်းတွင်၊ အလုပ်ခွင်တွင်မက သွားလေရာတွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို မိမိနှင့်အတူဆောင်ထားမည်ဆိုလျှင် သက်သေခံခွင့်ကောင်းများကို ယူနိုင်ပေမည်။ Reasoning စာအုပ်မှသင့်တော်သောနိဒါန်းနှင့်အတူ ဆောင်းပါးတစ်ခုမှ အချက်တစ်ချက်နှင့်တွဲတင်ပြခြင်းဖြင့် ကျွန်ုပ်တို့မဂ္ဂဇင်းများကိုဖတ်ရှုရန်ဆန္ဒ နှိုးဆော်ပေးပါလိမ့်မည်။
၇ မဂ္ဂဇင်းများဝေငှရာတွင် ကျွန်ုပ်တို့တိုတိုတုတ်တုတ်ပြောဆိုရမည်ဖြစ်သော်လည်း တစ်မိနစ်နှစ်မိနစ်သာ ပြောစရာမလိုပါ။ အိမ်ရှင်သည် သတင်းတရားကိုစိတ်ဝင်စား၊ မဝင်စား၊ မဂ္ဂဇင်းကိုဖတ်မဖတ်သိရန် အချိန်ယူသုံးသပ်လိုပေမည်။ မေးခွန်းများပေါ်လာလျှင် ကျမ်းစာ သို့မဟုတ် Reasoning စာအုပ်ကို အသုံးပြုခြင်းအားဖြင့် ဖြေဆိုပေးရန်ကြိုးစားသင့်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်းကိုတင်ပြရန်အသင့်ရှိခြင်းအားဖြင့် ထူးခြားသောကောင်းချီးများကို အမှန်ရိတ်သိမ်းရမည်။—၁ ပေ၊ ၃:၁၅။
၈ အိမ်ရှင်သည်မဂ္ဂဇင်းများကိုဖတ်ရှုလိုလျှင် ကျွန်ုပ်တို့လုပ်ငန်းသဘောကိုတင်ပြနိုင်သည်။ ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းဖြစ်၍ ဤမဂ္ဂဇင်းများကို တစ်လနှစ်ကြိမ်ထုတ်ဝေကြောင်းပြောပြနိုင်သည်။ ကင်းမျှော်စင် ၏စာမျက်နှာ ၂ နှင့် Awake! စာမျက်နှာ ၄ ပါအကြောင်းများသည် ယင်းကိုကောင်းမွန်စွာရှင်းပြပေးသည်။ နောက်လထုတ်စာစောင်တွင်ပါမည့်အကြောင်းများကို အမြဲဖေါ်ပြလေ့ရှိသောကြောင့် ဆက်စပ်သောမေးခွန်းများကို တင်ပြနိုင်သည်။ သို့မဟုတ် နောက်လထုတ်များတွင်ဖတ်ရမည့် အကြောင်းများကို အာရုံပြုစေနိုင်သည်။ ဤသို့ပြုခြင်းဖြင့် အိမ်ရှင်၌ဖတ်ရှုချင်စိတ်ပေါ်စေပြီး မဂ္ဂဇင်းထွက်လာသည့်အခါ ထိုလထုတ်ကိုလိုချင်လာမည်။ ဤသို့အားဖြင့် မဂ္ဂဇင်းလမ်းကြောင်းစဖွင့်ပေးနိုင်မည်။
၉ ဤအစီစဉ်စနစ်၏အဆုံးနီးကပ်လာလေ မဟာဗာဗုလုန်မှ နှလုံးရိုးဖြောင့်သူများ လွတ်မြောက်လာပြီး သမ္မာတရားအတွင်းရောက်ရှိလာရန်များများကူညီပေးကြစို့။ (ဗျာ၊ ၁၈:၄) ကင်းမျှော်စင် နှင့် Awake! သည်ကျွန်ုပ်တို့၏ကျမ်းစာပညာပေးလုပ်ငန်းတွင် တန်ခိုးပါသည့်မဂ္ဂဇင်းများဖြစ်သည်။ ဓမ္မအမှုတွင် ယင်းတို့ကိုအသုံးပြုရန် ယေဟောဝါဘုရားသခင် ပြင်ဆင်ပေးထားတော်မူသည့်အတွက် ကျေးဇူးတင်ပါသည်။ ဤဂျာနယ်များကို အသေအချာနှင့် များစွာအသုံးပြုရာတွင် ယေဟောဝါဆက်ကောင်းချီးပေးပါလေစေ။