ယေဟောဝါအား သီချင်းဖြင့်ချီးမွမ်းခြင်း
၁ သင့်သီချင်းစာအုပ်ကို နောက်ဆုံးအဖုံးအတွင်းစာရွက်သို့ဖွင့်လိုက်ပါ။ အဘယ်ပုံတွေ့ရသနည်း။ ယေဟောဝါ၏ဗိမာန်တော်တွင် လေဝိသီချင်းသည်များ အားပါးတရသီချင်းဆိုနေသည့်ပုံဖြစ်သည်။ ယေဟောဝါ၏ဗိမာန်တော်တွင် သီချင်းဆိုခြင်းသည် စစ်မှန်သောဝတ်ပြုမှု၌ အရေးကြီးကဏ္ဍတစ်ခုဖြစ်သည်။ ဒါဝိဒ်မင်းကြီးခေတ်တွင် ဗိမာန်တော်၌အမှုထမ်းသူ ၁၀ ရာနှုန်းမျှမကသည် ယေဟောဝါအား တေးသီချင်းများဖြင့်ချီးမွမ်းကြရန် တာဝန်ခန့်အပ်ခံရသည်။ ထိုဦးရေမှ ၂၈၈ ဦးသည် “သီချင်းကျွမ်းကျင်လေ့ကျက်သူများ” ဖြစ်ကြသည်။ သူတို့သီချင်းဆိုခြင်းကို လေးစားတန်ဖိုးထားကြမည် သေချာသည်။—၅ ရာ၊ ၂၃:၃၊ ၅။ ၂၅:၇။
၂ ခရစ်ယာန်ခေတ်သို့ရောက်ရှိလာသောအခါ သခင့်ညစာအဆုံးတွင် ယေရှုနှင့်တမန်တော်များ သီချင်းဆိုကြကြောင်း သိရှိရ၏။ (မာ၊ ၁၄:၂၆) ဘုရားသခင်အားချီးမွမ်းသီချင်းများဆိုရမည်ဟု တမန်တော်ပေါလုကလည်း ကြိမ်ဖန်များစွာမှာကြားသည်။ ကောလောသဲ ၃:၁၆ တွင်သူဤသို့ရေးသားသည်။ “ခရစ်တော်၏နှုတ်ကပတ်တရားတော်သည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည်ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့် အချင်းချင်းတို့ကိုဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာသီချင်းဆိုကြလော့။”—ဧ၊ ၅:၁၉၊ ၂၀ ကိုလည်းကြည့်ပါ။
၃ ဘုရားသခင်၏နိုင်ငံတော်သီချင်းများဆိုခြင်းဖြင့် ယေဟောဝါကိုချီးမွမ်းထောမနာပြုပါသည်။ ယင်းကြောင့် စိတ်ရောကိုယ်ပါ သီချင်းမဆိုသင့်သလော။ ထိုသို့ပြုလျှင် ယေဟောဝါအားချီးမွမ်းကြသည်။ ကျွန်ုပ်တို့ဆုတောင်းချက်များကို ကိုယ်တော်နားညောင်းတော်မူသကဲ့သို့ ကျွန်ုပ်တို့သီချင်းများကိုလည်း နားညောင်းတော်မူ၏။ အသံကျယ်လောင်စွာ အားရပါးရဆိုလျှင် သူတစ်ပါးအားပျော်ရွှင်မှုအမှန်ပေးသည်။ ကိုယ်တိုင်ကိုလည်း အကျိုးပြုသည်။
၄ ကျွန်ုပ်တို့သီချင်းများ၏ အဓိပ္ပာယ်ရှိလှသောစကားများကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ထိုစကားသားများသည် “အချင်းချင်းတို့ကိုဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု” ရန်အမှန်အထောက်အကူဖြစ်သည်။ သီချင်းစာသားများသည် မွန်မြတ်လှသောဆုံးမစကားပါတကား။ ထိုသြဝါဒကိုလေးစားကြခြင်းဖြင့် ဝိညာဉ်အသီးသီးနိုင်ရန် အကူအညီရရှိကြပေမည်။ သို့ဖြင့်ဝိညာဉ်တော်အကူအညီများစွာရရှိပြီး ဇာတိသဘော၊ လောကီသြဇာများ၏ လွှမ်းမိုးမှုကိုရှောင်ကြဉ်နိုင်မည်။ ‘စိတ်နှလုံး၌သီချင်းဆို’ ခြင်းဖြင့် ယေဟောဝါအမှုတော်ကို ရဲ့ရင့်ရွှင်လန်းစွာထမ်းဆောင်ကြရန် အားပေးတိုက်တွန်းမှုရရှိသည်။
၅ စည်းဝေးများတွင် ကောင်းစွာစတင်သီဆိုနိုင်ကြရန် သဘာပတိသည် သီချင်းနံပါတ်ကြေညာရုံမက ၄င်း၏အဓိကအချက်နှင့်ခေါင်းစဉ်ကို ကြေညာပေးနိုင်သည်။ တစ်ခါတစ်ရံ သီချင်းအခြေခံသည့် ကျမ်းချက်အပြင် တင်ဆက်မည့်အကြောင်းနှင့် မည်သို့သက်ဆိုင်သည်ကိုပါ လိုရင်းတိုရှင်းတင်ပြပြောဆိုနိုင်သည်။
၆ Kingdom Melodies နှင့်သီချင်းများကို စန္ဒရားဖြင့်တီးထားသည့် တေးသံသာကက်စက်ခွေများသည် ကျွန်ုပ်တို့မိသားစုများအား သီချင်းများကိုပိုတတ်မြောက်သိကျွမ်းစေပါလိမ့်မည်။ နောက်ခံသီချင်းအနေနှင့် ယင်းတေးသံများကို နားထောင်ကြခြင်းဖြင့် သီချင်းများကို နားယဉ်လာကြလိမ့်မည်။
၇ ကျွန်ုပ်တို့၏မေတ္တာရှင်ကောင်းကင်ခမည်းတော်အား သီချင်းနှင့်ချီးမွမ်းထောမနာပြုကြရန်တာဝန်ရှိကြောင်း ကျမ်းစာက အကြိမ်ကြိမ်သတိပေးသည်။ ဤအမှုကို လှိုက်လှိုက်လှဲလှဲပြုလုပ်ကြစို့။ ဤနည်းဖြင့် ကျွန်ုပ်တို့အသိုင်းအဝိုင်းအတွင်းရောက်လာသောသူစိမ်းအား လှိုက်လှဲစွာသက်သေခံနိုင်ပါသည်။ ရှေးခေတ်ကဒါဝိဒ်နည်းတူပင် သီချင်းဆို၍ ယေဟောဝါအားထောမနာပြုကြစို့။—ဆာ၊ ၁၀၈:၁-၃။