သတင်းကောင်းဝေငှခြင်း—နားထောင်ခြင်းအားဖြင့် ပိုမိုထိရောက်စေခြင်း
၁ ကျွန်ုပ်တို့ဓမ္မအမှုတွင်ထိရောက်နိုင်ရန် လူနှစ်ဦးမည်သည့်အခါမျှမတူနိုင်သည်ကို အသိအမှတ်ပြုရကြမည်။ တစ်ဦးစီတွင် ဘဝအတွေ့အကြုံတစ်မျိုးစီနှင့် စိုးရိမ်မှုနှင့်ဆန္ဒတစ်မျိုးစီရှိကြသည်။ စိန်ခေါ်ချက်ကား နိုင်ငံတော်သတင်းတရားကို ကိုယ်ပိုင်ဖြစ်စေရမည်။ ဆိုလိုသည်ကား ကျွန်ုပ်တို့စကားပြောဆိုသူအား ထိုသတင်းသည် သူ့အတွက်မည်မျှအကျိုးရှိကြောင်း သဘောပေါက်စေခြင်းဖြစ်သည်။ ယင်းကိုထိရောက်စွာပြုနိုင်ရန် အာရုံစူးစိုက်နားထောင်ဖို့လိုပါသည်။
၂ ကြေညာသူများစွာသည် နိဒါန်းတွင်မေးခွန်းများအသုံးပြုကြခြင်းဖြင့် အိမ်ရှင်အား အပြန်အလှန်စကားစမြည်ပြောရန် လမ်းစပျိုးပေးသည်။ အိမ်ရှင်အားအရှက်တကွဲမဖြစ်စေသည့် ရှုမြင်ချက်မေးခွန်းများကား အထိရောက်ဆုံးဖြစ်သည်။ သို့သော် အိမ်ရှင်စကားပြောသည့်အခါ ကျွန်ုပ်တို့နားထောင်ဖို့အရေးကြီးသည်။ နားထောင်ခြင်းကား ကိုယ်နှင့်စပ်ဆိုင်သူကိုမေတ္တာရှိပြီး ရိုသေလေးစားကြောင်းတင်ပြရာရောက်သည်။ ဤနည်းဖြင့် ထိုသူ၏စဉ်းစားပုံကို ထိုးထွင်းသိမြင်စေသည်။ လူတစ်ဦး၏အခြေအနေကိုသိရှိခြင်းအားဖြင့် ကိုယ်ချင်းစာနာတတ်မည်။ ထိုနောက် သမ္မာကျမ်းစာပါ စိတ်သက်သာမှုနှင့်မျှော်လင့်ချက်အကြောင်းကို သူ့အားတင်ပြနိုင်မည်။
ပြုပြင်ပြောင်းလဲမှုရှိခြင်း
၃ တမန်တော်ပေါလုဤသို့ဆုံးမထားသည်။ “တွေ့ဆုံသူတိုင်းအား အဘယ်သို့လျောက်ပတ်စွာပြန်လည်ဖြေကြားရမည်ကို သင်တို့လေ့လာထားကြလော့။” (ကော၊ ၄:၆၊ သတင်းကောင်း) တွေ့ဆုံသူသည် အဘယ်စကားများပြောဆိုမည်ကို အတိအကျကြိုတင်မသိထားနိုင်သော်လည်း ယနေ့လူအများကြုံတွေ့ရသည့် ပြဿနာများကိုကြိုသိထားကြပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ “လေ့လာ” ကြည့်နိုင်သည်။ အခြေအနေအသီးသီးကို မည်သို့တုံ့ပြန်သင့်ကြောင်း စိတ်ထဲအသင့်ရှိနေနိုင်သည်။
၄ ဥပမာ၊ ကမ္ဘာ့ငြိမ်းချမ်းရေးအကြောင်းပြောဖို့အသင့်ရှိနေမည်။ သို့သော် အိမ်ရှင်က အလုပ်ပြုတ်သွားကြောင်းပြောဆိုမည်။ ဤထုတ်ဖေါ်ချက်ကို လျစ်လျူရှုသင့်သလော။ သူ၏စိုးရိမ်မှုမှာ အိမ်ထောင်အတွက် မည်သို့လုပ်ကိုင်ကျွေးမွေးရမည်ဖြစ်နေမည်။ သူ၏လိုအပ်ရာကို မည်သို့တုံ့ပြန်မည်နည်း။ စာနာစိတ်တင်ပြကာ သူ့အခြေအနေအတွက် တကယ်စိုးရိမ်ပူပန်ကြောင်း သိစေနိုင်သည်။ ထိုနောက် ဘုရားသခင်၏နိုင်ငံတော်သည် ကျေနပ်မှုရှိစေသောအလုပ်အကိုင်နှင့် ကျွန်ုပ်တို့လိုအပ်ရာများကို မည်သို့ဖြည့်စွက်ပေးမည်နှင့်ဆိုင်သောကျမ်းချက်များကို သူ့အားအာရုံပြုစေပါ။—ဟေရှာယ ၆၅:၁၇၊ ၂၁၊ ၂၂၊ ၂၄။
၅ ထိုအိမ်ရှင် သို့မဟုတ် အိမ်သားတစ်ဦးသည် များမကြာမီက ပြစ်မှုခံခဲ့ရကြောင်း၊ သို့မဟုတ် မတရားမှုတစ်မျိုးမျိုးခံခဲ့ရကြောင်း သိရှိသည်ဆိုပါစို့။ ဤအခြေအနေမျိုးတွင် ကိုယ်ချင်းစာနာစွာစိုးရိမ်၍ စိတ်ဝင်စားမှုပြခြင်းဖြင့် ထိုသူ၏စိတ်ကို ပျော့ပျောင်းစေနိုင်သည်။ ဤစိတ်နာစရာပြဿနာများကို ယေဟောဝါဘုရားသိရှိတော်မူ၍ ဆိုးသွမ်းမှုတို့ကို များမကြာမီဖျက်ဆီးပစ်တော်မူမည့်အကြောင်း ပြောပြနိုင်ခွင့် ရရှိကောင်းရရှိမည်။—Reasoning From the Scriptures စာမျက်နှာ ၁၀၊ ၁၂၊ ၂၂၉-၃၁ ကိုကြည့်ပါ။
၆ လူလူချင်း ပေါင်းသင်းမှုညံ့ဖျင်းရခြင်းမှာ ကောင်းစွာဆက်သွယ်ပြောဆိုမှုမရှိ၍ဖြစ်သည်။ တစ်ဦးစကားပြောသည့်အခါ အခြားတစ်ဦးသည် စိတ်နှင့်နှလုံးဖြင့် အာရုံမပြုသောကြောင့်ဖြစ်မည်။ ဤသို့အာရုံစူးစိုက်နားထောင်မှုမရှိခြင်းကား အထင်မှားမှုများ၊ အကူအညီပေးနိုင်ခွင့်ကို လက်လွတ်ဆုံးရှုံးမှုများ ဖြစ်စေတတ်သည်။ လေးစားစွာနားထောင်ခြင်း အကျင့်ကောင်းကို အကျင့်ဖြစ်စေခြင်းအားဖြင့် သတင်းကောင်းကို ပိုမိုထိရောက်စွာတင်ပြနိုင်မည်။ သူတစ်ပါး၌ ယေဟောဝါ၏အတ္တမပါစိတ်ဝင်စားမှုမျိုးကို အတုယူနိုင်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏မေတ္တာရှင်ဖန်ဆင်းသခင်နှင့်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးနှင့်လည်းကောင်း ကောင်းမွန်သောဆက်ဆံရေးရှိစေရန် အခြားသူများကို ကူညီပေးနိုင်ပေမည်။—ယာ၊ ၁:၁၉။ g ၇၄ ၁၁/၂၂ စာမျက်နှာ ၂၁-၃။ အင်္ဂလိပ်