လယ်ကွင်းလုပ်ငန်းတွင် သမ္မာကျမ်းစာကိုအသုံးပြု
၁ သမ္မာကျမ်းစာ၏မှုတ်သွင်းခံစကားများသည် လူတို့အပေါ်များစွာသြဇာညောင်းနိုင်သည်။ ယင်းကြောင့် ပထမရာစုခရစ်ယာန်များသည် သတင်းကောင်းဟောပြောရာတွင် ကျမ်းစာကိုကောင်းစွာအသုံးပြုခဲ့သည်။ ကိုးကားချက်များဖြင့်ရှင်းပြ၊ သက်သေပြကာ ‘ကျမ်းစာကိုပေါလုဆွေးနွေးနှီးနှော’ ခဲ့သည်။ (တ၊ ၁၇:၂၊ ၃) ဂျူးတို့အား အာပေါလုသက်သေခံရာတွင် “ယေရှုသည်ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့်ထင်ရှားစွာပြ” သည်။ သင့်ဓမ္မအမှုတွင် ကျမ်းစာကိုအပြည့်အဝ အသုံးပြုပါသလော။—တ၊ ၁၈:၁၆-၁၈။
၂ ယနေ့ယေဟောဝါသက်သေများသည် ဤပုံသက်သေကိုအတုယူကြသည်။ ၁၉၈၆ မတ်လ ၁ ရက်ကင်းမျှော်စင် စာမျက်နှာ ၂၆ တွင်တင်ပြထားသည့်အတိုင်း “လူထုရှေ့သူတို့ဓမ္မအမှုဆောင်ရွက်ကြသောအခါ သူတို့ကြွေးကြော်နေသောသတင်းသည် မိမိအလိုအားဖြင့်မဟုတ်၊ ဘုရားသခင်၏နှုတ်ကပါဌ်တော်မှဖြစ်ကြောင်း လူတို့အားသိစေလိုကြသည်။ ယင်းကြောင့် ကျမ်းစာကိုအသုံးပြုကြ၏။ ဖြစ်နိုင်သည့်အခါတိုင်း ကျမ်းစာကိုကိုးကားဖတ်ပြကြသည်။” သင့်ဓမ္မအမှုတွင် သမ္မာကျမ်းစာကိုအပြည့်အဝအသုံးပြုနေပါသလော။
အဘယ်ကြောင့်ထိရောက်ရ
၃ သမ္မာကျမ်းစာသည် အဘယ်ကြောင့်ဤမျှထိရောက်ရသနည်း။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်၍ “စိတ်နှလုံးအကြံအစည်များကိုသိမြင်တတ်” သောကြောင့်တည်း။ (ဟေ၊ ၄:၁၂) ကျမ်းစာသမ္မာတရားကိုသိရှိလာသည့်အခါ လူ့စိတ်ရင်းပေါ်လွင်လာသည်။ စိတ်နှလုံးရိုးဖြောင့်သူများက ယင်းသို့ချဉ်းကပ်လာသည်။ ဥပမာ၊ ယေဟောဝါအမှုဆောင်ခြင်းတွင် အလျင်အမြန်တိုးတက်လာသော မောင်နှံစုံငယ်တစ်တွဲ သတင်းကောင်းကို အဘယ်ကြောင့်ဤမျှအလျင်အမြန်လက်ခံခဲ့ကြကြောင်းမေးမြန်းခဲ့ရာ သူတို့က “သမ္မာကျမ်းစာကြောင့်” ဟုဖြေဆိုသည်။ သူတို့ထံလည်ပတ်သောကြေညာသူများက ကျမ်းစာကိုအာရုံပြုစေသောအခါ “သိုးထိန်းကောင်း” ၏အသံကိုသူတို့သိကြသည်။—ယော၊ ၁၀:၁၄။ က၇၉ ၆/၁ စာမျက်နှာ ၁၄-၁၆။
၄ လယ်ကွင်းလုပ်ငန်း၌ ကျမ်းစာအသုံးပြုရာတွင် အရည်အချင်းမပြည့်စုံဟူ၍ ကိုယ့်ကိုယ်ကိုထင်ဖူးသလော။ အသင်းတော်စည်းဝေးအားလုံးအတွက် ပြင်ဆင်၍တက်ရောက်ခြင်းအပါအဝင် ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကောင်းသည် ကောင်းသောအမှုအမျိုးမျိုးအတွက်အသင့်ရှိပြီး ကိုယ့်ကိုယ်ကိုတိုး၍စိတ်ချစေသည်။ (၂ တိ၊ ၃:၁၆၊ ၁၇) လုပ်ငန်းတော်အဖေါ်အဖက်များ၊ မိသားစုများအနေနှင့် အပြန်အလှန်စကားအတွက်အကြောင်းအရာကို အချင်းချင်းနှင့်လေ့ကျင့်ကြည့်နိုင်သည်။ ထို့ပြင် Reasoning စာအုပ်၊ စာမျက်နှာ ၉-၁၅ ပါနိဒါန်းအများသည် စကားစတင်ပြောကတည်းက ကျမ်းချက်ဖတ်ပြခြင်းအကြောင်းဖေါ်ပြသည်။ ယင်းတို့အနက်အချို့ကိုလေ့ကျင့်ကြည့်ပါ။ လက်တွေ့ကျပြီး သင့်ရပ်ကွက်သားတို့စိတ်ဝင်စားရာဖြစ်မည့်အရာကို အသုံးပြုပါ။
ကောင်းစွာချင့်ချိန်ပါ
၅ အိမ်ရှင်အားသူ၏ကျမ်းစာကိုယူစေပြီး ကျမ်းချက်ဖွင့်ဖတ်ရန်ကောင်းသည့်အခါများရှိသည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် ကောင်းစွာချင့်ချိန်ပြုမူပါ။ (Reasoning စာအုပ်၊ စာမျက်နှာ ၆၇ အပိုဒ် ၃၊ နှင့် စာမျက်နှာ ၂၇၉ အပိုဒ် ၂) လိုရင်းတင်ပြစေလိုသည့်အခါ အပြန်အလှန်စကားအတွက်အကြောင်းအရာမှ ကျမ်းချက်တစ်ချက်သာဖတ်လိုပေမည်။ သို့မဟုတ်အိမ်ရှင်အလုပ်များနေသည်ထင်ရှားပါက သင့်လျော်သောဝါကျတစ်ခုကိုကိုးကားရုံဖြင့်လုံလောက်ပေမည်။ ယင်းသည် ကျမ်းချက်တစ်ချက်ဖြစ်သည်ကို အိမ်ရှင်အားသိစေပါ။ ယေရှုနှင့်တမန်တော်များသည် ဟောပြောခြင်းလုပ်ငန်းတွင် ကိုယ်ပိုင်ဟေဗြဲကျမ်းစောင်များယူသွားစရာမရှိခဲ့ပါ။ သို့သော်လည်း ယင်းမှအများအပြားကိုးကားခဲ့သည်။ ကျွန်ုပ်တို့လည်း ဓမ္မအမှုတွင်အသုံးပြုနိုင်သော ကျမ်းချက်များကိုနှုတ်တိုက်ရွတ်ဆိုတတ်ရန် ကျက်ထားသင့်သည်။
၆ “သမ္မာတရားကိုမှန်ကန်စွာပိုင်းခြား” တတ်ရန်ကြိုးစားဖို့ တိမောသေအားပေါလုမှာကြားခဲ့သည်။ (၂ တိ၊ ၂:၁၅) ထိုသြဝါဒသည် ကျွန်ုပ်တို့နှင့်လည်းသက်ဆိုင်သည်။ ဓမ္မအမှုတွင် ကျမ်းစာကိုများစွာအသုံးပြုခြင်းအားဖြင့် ယေရှုနှင့်တမန်တော်များ၏ပုံသက်သေကို ကျွန်ုပ်တို့အတုယူလိုကြပါသည်။ ဖြစ်နိုင်သည့်အခါတိုင်း ၄င်းကိုဖွင့်ဖတ်ပါ။ သို့မဟုတ်လိုအပ်လာလျှင် နှုတ်တိုက်ရွတ်ဆိုပြပါ။ ဤသို့ထိရောက်စွာပြုလုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်ဘုရားသခင့်ဓမ္မအမှုဆောင်များဖြစ်၍ ကျွန်ုပ်တို့ဟောသောသတင်းသည် ကိုယ်တော်၏နှုတ်ကပါဌ်တော်အပေါ်အခြေခံကြောင်း ထင်ရှားစေမည်။