လယ်ကွင်းလုပ်ငန်း၌ပါဝင်စဉ် သူတစ်ပါးကိုကူညီပေးခြင်း
၁ အစအဦးကပင်ခရစ်ယာန်အသင်းတော်သည် ဧဝံဂေလိသတင်းဟောသူများအဖွဲ့ဖြစ်ခဲ့ပြီ။ ဟောပြောခြင်းလုပ်ငန်းအတွက် ယေရှုကိုယ်တိုင် တပည့်များကိုလေ့ကျင့်ပေးပြီး “နှစ်ယောက်စီနှစ်ယောက်စီစေလွှတ်” တော်မူသည်။ (မာ၊ ၆:၇။ လု၊ ၈:၁) ဖိလိပ္ပိအသင်းတော်ရှိ ‘သတင်းကောင်းဟောခြင်း၌ ကြိုးစားအားထုတ်’ သော “လုပ်ဖော်ဆောင်ဖက်” များအကြောင်းပေါလုပြောခဲ့ဖူးသည်။ (ဖိ၊ ၄:၃) ဓမ္မအမှုတွင် လုပ်ဖော်ဆောင်ဖက်အမြဲမရှိသော်လည်း သူတစ်ပါးနှင့်တွဲလုပ်ကိုင်ခြင်းကို အများတန်ဖိုးထားကြသည်။ (ဒေ၊ ၄:၉) သို့ဖြစ်လျှင် ဟောပြောရာတွင် တစ်ဦးကိုတစ်ဦး မည်သို့အားပေးကူညီနိုင်မည်နည်း။
၂ လယ်ကွင်းလုပ်ငန်းအတွက်တွေ့ဆုံရခြင်းရည်ရွယ်ချက်များအနက်တစ်ခုကား ကြေညာသူလူသစ်များနှင့်အတွေ့အကြုံနည်းသူများကိုကူညီပေးခြင်းငှာဖြစ်သည်။ (အဖွဲ့အစည်း၊ ၉၇-၉၈၊ ၁၂၂) ရှေ့ဆောင်အဖြစ်ခန့်အပ်ခံခါစဖြစ်သူများပင် အတွေ့အကြုံများသူ၊ အကြီးအကဲသို့မဟုတ်ဓမ္မအမှုထမ်းနှင့်အတူ တွဲအမှုဆောင်လိုမည်။ “အပြန်အလှန်အားပေးမှု” အတွက်အလွန်ကောင်းသောအခွင့်အရေးပါတကား။—ရော၊ ၁:၁၂။
၃ အချို့ရပ်ကွက်များတွင် လုံခြုံမှုအတွက် ကြေညာသူများတွဲအမှုဆောင်လျှင်ကောင်းမည်။ သို့မဟုတ် တစ်ဦးဦးနှင့်တွဲအမှုဆောင်ရန်အစီအစဉ်ရှိထားဦးတော့ လယ်ကွင်းလုပ်ငန်းအတွက်တွေ့ဆုံချိန်တွင် အတွေ့အကြုံနည်းသူနှင့်ပြောင်း၍တွဲစရာအကြောင်း ပေါ်လာပေမည်။ ထိုသို့ပြုရန်တောင်းဆိုခံရလျှင် “အားနည်းသောသူကိုမစ” ရန်လိုအပ်သ၍ဆောင်ရွက်ပေးခြင်းသည် မေတ္တာလမ်းစဉ်ဖြစ်မည်။—တ၊ ၂၀:၃၅။
ပြေလည်စွာအမှုဆောင်ကြ
၄ လယ်ကွင်းလုပ်ငန်း၌တစ်ဦးတစ်ယောက်နှင့်အတူတွဲ၍အမှုဆောင်လျှင် အတွဲညီညီလုပ်ကိုင်လိုကြမည်။ (၁ ကော၊ ၃:၆၊ ၉ နှင့်နှိုင်းယှဉ်) နှစ်ဦးစလုံးအလှည့်ကျ သက်သေခံနိုင်ပါမည်။ မိမိ၏တွဲဖက်ဟောပြောနေစဉ် ယဉ်ကျေးရည်မွန်သူအနေနှင့် အာရုံပြုနားထောင်နေသင့်ပေသည်။
၅ မိမိ၏တွဲဖက်က ဦးစီး၍ဟောပြောသည့်အခါ တစ်ခါတလေပါဝင်ပြောဆိုရန် သင့်တော်သော်လည်း ယင်းသို့ပြုရန်ကောင်းစွာဆင်ခြင်စဉ်းစားသင့်သည်။ အိမ်ရှင်အားအကျိုးပြုနေသည့် ဦးတည်ချက်စကားများကို ကျွန်ုပ်တို့ကြားဖြတ်မဖျက်ဆီးလိုပါ။ သို့သော်မရင့်ကျက်သေးသောကြေညာသူတစ်ဦး ဖြေရှင်းပေးရန်အခက်အခဲကြုံနေလျှင် အကူအညီပေးပါက ကျေးဇူးတင်လိမ့်မည်။—ဒေ၊ ၄:၁၂။
၆ ကျွန်ုပ်တို့တင်ဆက်ပြောဆိုပုံတိုးတက်စေရန်နည်းများကို တစ်အိမ်မှတစ်အိမ်ကြားတွင် ဆွေးနွေးနိုင်သည်။ Reasoning စာအုပ်သို့မဟုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင်ပါသောအကြံပြုချက်တစ်ခုခုကိုအသုံးပြုခြင်းက ပိုမိုထိရောက်ပေမည်။ အဖော်နှင့်တွဲအမှုဆောင်ခြင်းဖြင့်လည်း တစ်ဦးကိုတစ်ဦးပိုမိုသိကျွမ်းလာပြီး ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုများအသင်းအပင်း၏နှောင်ကြိုးကို ပိုခိုင်မြဲစေသည်။
၇ ကျွန်ုပ်တို့၏ဓမ္မအမှုသည် တန်ဖိုးဖြတ်မရသောဘဏ္ဍာအမှန်ဖြစ်သည်။ (၂ ကော၊ ၄:၁၊ ၇) လယ်ကွင်းလုပ်ငန်းတွင် သူတစ်ပါးနှင့်အတူတွဲအမှုဆောင်စဉ် မြင့်မြတ်သောလုပ်ငန်းတော်ကို ပိုတန်ဖိုးထားလာရန် တစ်ဦးကိုတစ်ဦးတည်ဆောက်ပေးနိုင်သည်။ တစ်ကြိမ်တည်းတွင် အားပေးမှုရရှိပြီး တစ်ဦးမှတစ်ဦးသင်ယူစရာများရရှိမည်။ ရလဒ်ကား ပို၍ပျော်ရွှင်ခြင်း၊ သက်သေခံခြင်းလုပ်ငန်း၌ တိုး၍ထိရောက်လာခြင်း၊ ညီအစ်ကိုညီအစ်မများနှင့်စည်းလုံးသဖြင့် ကျေနပ်မှုရှိခြင်းတည်း။—ဆာ၊ ၁၃၃:၁။