နှုတ်ဆိတ်နေတဲ့ အဖော်တစ်ယောက် မဖြစ်ပါနဲ့
၁။ တခြားသူ တစ်ယောက်ယောက်နဲ့ အတူအမှုဆောင်တဲ့အခါ တမန်တော်ပေါလုကို ဘယ်လိုတုပနိုင်မလဲ။
၁ တမန်တော်ပေါလုဟာ ယုံကြည်သူချင်းတွေနဲ့ အတူတူအမှုဆောင်ခွင့်ရတဲ့အချိန်ကို “အပြန်အလှန် အားပေးခွင့်” ရတဲ့ အခွင့်အရေးအဖြစ် ရှုမြင်ခဲ့တယ်။ (ရော. ၁:၁၂) တခြားသူတစ်ယောက်ယောက်နဲ့ အမှုဆောင်လုပ်ငန်းမှာ အတူအမှုဆောင်တဲ့အခါ အချင်းချင်း အားပေးတည်ဆောက်ဖို့ အခွင့်အရေးရှာနေသလား။ ဒီအတိုင်း နှုတ်ဆိတ်နေမယ့်အစား အမှုဆောင်လုပ်ငန်းမှာ အောင်မြင်မှုရစေတဲ့ အချက်တွေကို ဝေမျှပါ။
၂။ အတူတူတွဲအမှုဆောင်တဲ့သူတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိလာအောင် ဘယ်လိုကူညီပေးနိုင်မလဲ။ အဲဒီလိုလုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၂ ယုံကြည်စိတ်ချမှု တိုးပွားစေပါ– တချို့ကြေညာသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုတာကို သူတို့ရဲ့မျက်နှာအမူအရာ၊ အသံနေအသံထားမှာ ပေါ်လွင်နေနိုင်တယ်။ စိတ်ရင်းမှန်နဲ့ သူတို့ကိုချီးမွမ်းခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့ အကူအညီ ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေတဲ့ နောက်ထပ်နည်းလမ်းတွေလည်း ရှိပါတယ်။ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်က သူ့ရဲ့ကြောက်စိတ်ကို ကျော်လွှားဖို့ ဘယ်လိုဆုတောင်းခဲ့တယ် ဆိုတဲ့အကြောင်း အတူတွဲအမှုဆောင်တဲ့သူကို ပြောပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိဖို့ အကူအညီဖြစ်စေတဲ့အရာကို ညီအစ်ကိုတစ်ဦးက ဒီလိုပြောပါတယ်– “အပြုံးလေးနဲ့ စပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့တောင် တစ်ခါတလေ ဆုတောင်းရတယ်။” အမှုဆောင်လုပ်ငန်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိအောင် အကူအညီပေးခဲ့တဲ့ အချက်တွေရှိပါသလား။ ကိုယ်နဲ့အတူအမှုဆောင်တဲ့သူကို ဝေမျှပေးပါ။
၃။ ကိုယ်နဲ့အတူတူအမှုဆောင်တဲ့သူ အမှုဆောင်လုပ်ငန်းမှာ ပိုပြီးတိုးတက်လာဖို့ ဘယ်အချက်တွေကို ဝေမျှပေးလို့ရသလဲ။
၃ ဟောပြောပုံဟောပြောနည်းကို ဝေမျှပေးပါ– စကားစမြည်ပြောနိုင်အောင် အစပျိုးပေးတဲ့ မေးခွန်းတစ်ခု ဒါမှမဟုတ် စကားလေးတစ်ခွန်း သိထားတာများ ရှိသလား။ ဒေသအတွင်း အဖြစ်အပျက်တစ်ခုခု ဖြစ်နိုင်တယ်။ နမူနာတင်ဆက်နည်းကို ကိုယ်ပိုင်စကားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကောင်းတဲ့ရလဒ်တွေ ရလာတာမျိုး ကြုံဖူးသလား။ အတူတူအမှုဆောင်တဲ့သူကို ဝေမျှပေးပါ။ (သု. ၂၇:၁၇) လည်ပတ်မှုသွားနေတဲ့အခါ အခုသွားမယ့်လည်ပတ်မှုမှာ ဘာအကြောင်းတွေပြောဖို့ စဉ်းစားထားတယ် ဆိုတာကို ဝေမျှပေးနိုင်ပါတယ်။ ကျမ်းစာသင်အံမှုတစ်ခုပြီးလို့ ပြန်တဲ့အခါမှာလည်း သင်သားရဲ့လိုအပ်ရာပေါ်မူတည်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာ၊ ကျမ်းချက် ဒါမှမဟုတ် သွန်သင်နည်းကို ဘာကြောင့်ရွေးချယ်ခဲ့တယ် ဆိုတာကို ရှင်းပြပါ။
၄။ ယုံကြည်သူချင်းတွေကို အမှုဆောင်လုပ်ငန်းမှာ ဘာကြောင့် ကူညီပေးသင့်သလဲ။
၄ ပထမရာစုက သတင်းကောင်းဟောပြောသူတွေဟာ မယုံကြည်သူတွေကို ဟောပြောရုံလောက်ပဲမဟုတ်ဘူး။ အချင်းချင်းအားပေးတည်ဆောက်ဖို့ အရေးကြီးတယ်ဆိုတာ သူတို့ သဘောပေါက်ကြတယ်။ (တ. ၁၁:၂၃; ၁၅:၃၂) တမန်တော်ပေါလုဟာ လူငယ်တိမောသေကို လေ့ကျင့်ပေးခဲ့ပြီး သိရှိခဲ့တာတွေကို တခြားသူတွေကို ပြန်ဝေမျှပေးဖို့ အားပေးခဲ့တယ်။ (၂ တိ. ၂:၂) အမှုဆောင်ချိန်မှာ ယုံကြည်သူချင်းတွေကို အားပေးတာက သူတို့ကို ပျော်ရွှင်ဖို့၊ အမှုတော်မြတ်မှာ တိုးတက်လာဖို့လောက်ပဲ အကူအညီပေးတာမဟုတ်ပါဘူး။ ယေဟောဝါဘုရားသခင်ရဲ့ စိတ်တော်ကိုပါ ရွှင်လန်းစေပါတယ်။—ဟေဗြဲ ၁၃:၁၅၊ ၁၆။